← Chapters

ဉာဏ်ရည်ကို အင်အားဖြင့် အနိုင်ယူခြင်း

Vol. 70 Ch. 974

ဉာဏ်ရည်ကို အင်အားဖြင့် အနိုင်ယူခြင်း

Vol. 70 Ch. 974

“ဘာတွေ ဖြစ်နေတာလဲ”

ဝူကျူးနှင့် အခြားသူများ၏ နောက်ဆုံးအော်သံများထဲတွင် ပရမ်းပတာအတွင်းအား ပါဝင်သဖြင့် မိုင်ပေါင်းရာချီအထိ အလွန်လျင်မြန်စွာ ပဲ့တင်ထပ်သွားလေသည်။ ဓားပြစခန်းထဲတွင် ပုန်းအောင်းနေသော ဝူနီနှင့် ကျီထင်ယွီတို့က ထိုအော်သံများကို ကြားလိုက်ရလေသည်။

ဝှစ်...

ဝူနီနှင့် ကျီထင်ယွီတို့ တုန်လှုပ်နေစဉ်မှာပင် အပြင်မှနေ၍ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး သုတ်သီးသုတ်ပြာ ဝင်လာလေသည်။ သူသည် အထဲသို့ မရောက်ခင်မှာပင် အော်ပြောလိုက်၏။

“သခင်လေး... မြန်မြန် ထွက်ပြေးပါတော့။ ကျန်းရီက အကြီးအကဲငါးယောက်နဲ့ ဓားပြသောင်းကျော်ကို သတ်ပစ်လိုက်ပြီ။ မြန်မြန်ပြေးပါတော့။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”

“ဘာ...”

ဝူနီသည် ကြောက်ရွံ့တကြီး ဖြူဖျော့သွား၏။ အမြဲတည်ငြိမ်ခဲ့သော ကျီထင်ယွီသည်ပင် မျက်နှာဖြူသွားသည်။ ဝူနီသည် ရောက်လာသူ၏ အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ကာ အော်ပြောလိုက်သည်။

“မင်း ဘာတွေ ပြောနေတာလဲ။ ဦးလေးဝူကျူးနဲ့ တခြားသူတွေကို ကျန်းရီက သတ်ပစ်လိုက်ပြီလား။ မင်း အမှတ်မမှားတာ သေချာရဲ့လား။ ကျန်းရီက ဘယ်လိုလုပ် သူတို့နဲ့ ယှဉ်နိုင်မှာလဲ”

ကျီထင်ယွီက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အော်ပြောလိုက်သည်။

“အားလုံးပဲ အမိန့်ကို နားထောင်ကြ။ လူခွဲပြီး ထွက်ပြေးကြပါ။ အခုချက်ချင်း အမြန်ဆုံး ထွက်ပြေးကြ။ သခင်လေးနီ... ရှင့်ရဲ့အဖေ ပေးလိုက်တဲ့ ကျောက်စိမ်းအဆောင်ကို မြန်မြန် ခွဲလိုက်ပါ”

ဝူနီ၏ မျက်ဝန်းများထဲတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်သွား၏။ သို့သော် သူ ချက်ချင်း တုံ့ပြန်လိုက်သည်။ ဝူကျူးနှင့် အခြားသူများ၏ အော်သံများကို သူတို့ နားကြားမှားခြင်း မဟုတ်ပေ။ ကျန်းရီက မည်သို့လုပ်ခဲ့ခြင်းက အရေးမပါပေ။ ဝူကျူးနှင့် အခြားသူများက အမှန်ပင် အသတ်ခံလိုက်ရပေပြီ။ ထို့ကြောင့် ယခု သူလုပ်ရမည့်အရာမှာ ချက်ချင်း ထွက်ပြေးရန် ဖြစ်သည်။ မဟုတ်လျှင် ကျန်းရီက သူ့ကို ရက်ရက်စက်စက် သတ်ပစ်ပေလိမ့်မည်။

ဝူနီက တစ်ချက်ကြည့်လိုက်ရာ မည်သူကမှ မလှုပ်ရှားကြသည်ကို မြင်၍ ချက်ချင်း အော်ပြောလိုက်သည်။

“မင်းတို့က ဘာလုပ်နေကြတာလဲ။ ထင်ယွီ‌ ပြောတဲ့အတိုင်း လုပ်ကြ”

ဝူနီသည် အမိန့်ပေးပြီးနောက် အနက်ရောင် ကျောက်စိမ်းအဆောင်ကို ထုတ်ကာ ခွဲပစ်လိုက်၏။ ယင်းက သူ့အဖေ သူ့ကိုပေးထားသော သက်ကယ်ကျောက်စိမ်းအဆောင်ပင်။ ၎င်းကို ခွဲလိုက်သည်နှင့် မြောက်ဘက်ဘုရင်က ချက်ချင်း သိသွားမည်ဖြစ်ပြီး စစ်ကူများ စေလွှတ်လိုက်မည်ဖြစ်သည်။

ဝူနီသည် လူရာကျော် ခေါ်လာခဲ့၏။ ထို့ကြောင့် ကျီထင်ယွီက ယခင်ကအတိုင်း ထိုလူများအား ထွက်ပြေးစေကာ ကျန်းရီကို မျှားခေါ်သွားစေပြီး သူတို့က လာကယ်မည်ကို စောင့်နေရန် ကြံစဉ်ထားခြင်းဟု ဝူနီ ယူဆလိုက်သည်။

ဝှစ်...ဝှစ်...

လူရာကျော်သည် အလွန်နာခံစွာဖြင့် စတင်လူခွဲကာ ထွက်ပြေးကြလေသည်။ ဝူနီက လေဟာနယ်အသုံးအဆောင်တစ်ခုကို ထုတ်လိုက်ပြီး ကျီထင်ယွီကိုခေါ်ကာ အထဲသို့ ဝင်ရန် လုပ်လိုက်၏။ ထိုစဉ် ကျီထင်ယွီက ခေါင်းခါကာ ပြောလိုက်သည်။

“သခင်လေး... သခင်လေးပဲ ဝင်နေလိုက်ပါ။ ကျွန်မတို့ ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ကလောက် ကံကောင်းမှာ မဟုတ်ဘူး။ ကျန်းရီက အရမ်းဉာဏ်ကောင်းပါတယ်။ ဒီနေရာက တိုက်ပွဲပြင်နဲ့ နီးတယ်။ သူက ကျွန်မတို့ ဒီမှာပုန်းနေတယ်ဆိုတာကို ခန့်မှန်းပြီးလောက်ပြီ။ ကျွန်မတို့နှစ်ယောက်စလုံး အထဲမှာ ပုန်းနေရင် သူက ကျွန်မတို့ကို ရှာတွေ့သွားလိမ့်မယ်။ ရှင့်အဖေရဲ့ လူတွေ ရောက်လာလို့ နှစ်နာရီလောက်တော့ လိုလိမ့်မယ်”

“အာ...”

ဝူနီက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ငါတို့ ဘာလုပ်သင့်လဲ။ ငါ့ရဲ့ အမြန်နှုန်းက လုံလောက်အောင် မမြန်ဘူး။ တခြားသူတွေကလည်း ထွက်ပြေးသွားပြီဆိုတော့ ငါတို့ကို သယ်ပေးသွားဖို့ ပြောစရာ လူမရှိတော့ဘူး။ ငါတို့ ဒီပုံအတိုင်း ထွက်ပြေးရင် ကျန်းရီက သေချာပေါက် ငါတို့ကို မီလာမှာပဲ”

“ဟင်းဟင်း...”

ကျီထင်ယွီက ဝူနီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး စိုးရိမ်ဖို့ မလိုပါဘူး။ ထင်ယွီရှိနေရင် သခင်လေး ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ လေဟာနယ်အသုံးအဆောင်ထဲကို ဝင်လိုက်ပါ။ ကျွန်မ ကျန်းရီကို အဝေးဆီ မျှားခေါ်သွားပါမယ်။ သူ ကျွန်မနောက်လိုက်လာရင် ရှင့်ကို ရှာတွေ့တော့မှာ မဟုတ်ပါဘူး။ ရှင့်အဖေရဲ့ လူတွေ ရောက်လာရင် ရှင် လုံခြုံမှာပါ”

“မဟုတ်ဘူး... အဲ့လိုမလုပ်ရဘူး”

ဝူနီက အလွန်စိတ်ခံစားချက်များသွားပြီး ငိုမလိုပင် ဖြစ်သွားသည်။ မည်သည့်မိန်းမကမှ သူ့ကို ထိုသို့ မဆက်ဆံခဲ့ချေ။ သူသည် ကျီထင်ယွီ၏လက်ကို ဆွဲကိုင်လိုက်ပြီး ရှိုက်သံဖြင့် ပြောလိုက်၏။

“ထင်ယွီ... ငါ အဲ့လို မလုပ်နိုင်ဘူး။ သေရမယ်ဆိုရင်လည်း ငါတို့ အတူတူသေမယ်။ မင်းသာ ကျန်းရီလက်ထဲကို ရောက်သွားရင် သေချာပေါက် သေရမှာပဲ”

“သခင်လေး မှားနေပါပြီ”

ကျီထင်ယွီက သူမ၏လက်ကို ဝူနီ၏လက်ထဲမှ ပြန်ရုန်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ကျန်းရီက စုလောရွှယ်က ကျွန်မတို့လက်ထဲမှာ ရှိနေသေးတယ်လို့ ထင်နေတာလေ။ ဒီတော့ သူက ကျွန်မကို သတ်ရဲမှာ မဟုတ်ပါဘူး။ မပူပါနဲ့... ကျွန်မမှာ လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ကျွန်မက ကျန်းရီကို အနားလည်ဆုံးပဲ... သူ ကျွန်မကို သတ်မှာ မဟုတ်ပါဘူး”

ဝှစ်...

ကျီထင်ယွီသည် စကားပြောပြီးနောက် အဝေးသို့ တိမ်ဝါတစ်အုပ်ကဲ့သို့ ပျံသန်းသွားလိုက်လေသည်။

“ထင်ယွီ...”

ကျီထင်ယွီ ထွက်သွားသောအခါ ဝူနီက ဝမ်းနည်းတကြီးဖြင့် အော်ခေါ်လိုက်၏။ အကယ်၍ ကျီထင်ယွီသာ မြောက်ဘက်ဧကရာဇ်မြို့သို့ ဘေးကင်းကင်ဖြင့် ပြန်ရောက်လာနိုင်လျှင် သူ သေချာပေါက် သူမကို ချက်ချင်းလက်ထပ်မည်ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်လေသည်။

“အဟင်း...”

ကျီထင်ယွီသည် ဝူနီ၏အသံကို ကြားသောအခါ အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။ သူမထိုသို့စွန့်စားခြင်းမှာ အကြောင်းအရင်းများရှိ၍ဖြစ်သည်။ ပထမအကြောင်းမှာ သူမအစောက ရှင်းပြခဲ့သော အကြောင်းပင်။ သူမတို့နှစ်ယောက် အတူပုန်းနေလျှင် အလွန်အန္တရာယ်များပေသည်။ ကျန်းရီသာ သူမတို့နှစ်ယောက်ကို တွေ့သွားလျှင် သူမတို့ သူ့ကို လှည့်စားနိုင်ရန် အခွင့်အရေးပင် ရမည်မဟုတ်ဘဲ သူ၏ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံလိုက်ရမည်ဖြစ်သည်။ အကယ်၍ သူမတစ်ယောက်တည်း ထွက်သွားလျှင် သူမက ကျန်းရီကို လှည့်စားနိုင်လောက်ပေသည်။

ဒုတိယအကြောင်းမှာမူ ဝူနီကို သူမအပေါ် လုံးဝတန်းတန်းစွဲဖြစ်သွားအောင် လုပ်ရန်ပင်။ ဤကိစ္စပြီးသွားလျှင် ဝူနီက သူမကို သေချာပေါက် လက်ထပ်ပေလိမ့်မည်။

ကျီထင်ယွီက ပြိုင်ဘက်ကင်း မဟုတ်သလို အမြန်နှုန်းကလည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များလောက် မမြန်ပေ။ သို့သော် သူမက အလျင်မလိုပေ။ သူမသည် အရှေ့ဘက်သို့ အေးအေး‌ဆေးဆေး ပျံသန်းနေ၏။ သူမက တောင်ထွတ်များကို ခြေဖြင့် ထောက်ကန်ကာ အရှိန်ယူ၍ အဝေးသို့ နတ်မိမယ်လေးတစ်ပါးအလား ပျံသန်းနေပေသည်။

ဝှစ်...

လေးဆယ့်ငါးမိနစ်ကြာပြီးနောက် ကျန်းရီက ပြင်းထန်စွာ ပျံသန်းရောက်ရှိလာသည်။ ကျီထင်ယွီ၏ ခန့်မှန့်ချက်က မှန်ခဲ့သည်။ ကျန်းရီသည် ကျီထင်ယွီနှင့် ဝူနီတို့က တောင်အနီးတွင် ပုန်းနေခြင်းဖြစ်ရမည်ဟု သံသယဖြစ်ခဲ့၏။ ထို့ကြောင့် သူက တောင်၏ မြောက်ဘက်သို့သွားက ပုန်းအောင်းစရာနေရာများကို ချက်ချင်း ရှာဖွေလိုက်လေသည်။

ကျန်းရီသည် ဓားပြစခန်းတစ်ဒါဇင်ကျော်ကို ရှာတွေ့လိုက်ပြီး လူပေါင်းများစွာက အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးနေကြကြောင်းကို  သိလိုက်သည်။ သူသည် ထိုလူများကို အရေးမစိုက်ဘဲ စတင်မစုံစမ်းခင် ဓားပြစခန်းများအားလုံးကို ဖျက်ဆီးပစ်ရန် ဟန်ပြင်လိုက်သည်။ ထိုလူများက ဤပတ်ဝန်းကျင်မှ ထွက်ပြေးသွားကြခြင်းပင်။ ထို့ကြောင့် ဝူနီနှင့် ကျီထင်ယွီတို့ကလည်း ဤပတ်ဝန်းကျင်တစ်နေရာရာတွင် ပုန်းအောင်းနေလောက်ပေသည်။

“အန်...”

ကျန်းရီသည် အရှေ့ဘက်သို့ အာရုံခံလိုက်ရာ မိုင်ရာကျော်အကွာရှိ လူတစ်ယောက်ကို သတိပြုလိုက်မိ၍ ရုတ်တရက် ခန္ဓာကိုယ်တုန်ယင်သွား၏။ ထိုလူကို သူ အတော်လေးရင်းနှီးပေသည်။

“ကျီထင်ယွီလား... အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျန်းရီ မျက်လုံးပြူးသွားသည်။ သူ မျက်လုံးများကို ပွတ်ကာ ထပ်မံ၍ အာရုံခံလိုက်သည်။ ရလဒ်က ထိုလူမှာ ကျီထင်ယွီဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။ ထို့ပြင် သူမဘေးတွင် မည်သည့်ကိုယ်ရံတော်မှ ရှိမနေပေ။

“သတ်မယ်...”

ကျန်းရီသည် များစွာတွေးတောမနေတော့ပေ။ ချုံခိုတိုက်ခိုက်ရန် စောင့်နေသူများ ရှိနေနိုင်သလောဟုလည်း စဉ်းစားမနေတော့ချေ။ သူသည် ချက်ချင်း ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ကျီထင်ယွီဆီသို့ သွားလိုက်လေသည်။ တစ်ခဏအတွင်းမှာပင် သူက ကျီထင်ယွီ၏အရှေ့ ဆယ်မိုင်အကွာတွင် ထွက်ပေါ်လာသည်။

“ဟင်းဟင်း...”

ကျီထင်ယွီသည် အရှေ့ရှိ လေထဲတွင် ထွက်ပေါ်လာသော ခပ်ရေးရေးပုံရိပ်တစ်ခုကို မြင်လိုက်သောအခါ သူမ ဆက်၍မပြေးနိုင်တော့ကြောင်းကို သလိုက်ပြီး တောင်ထွတ်လေးတစ်ခုပေါ်တွင် ရပ်တန့်လိုက်လေသည်။ ကျန်းရီက ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းလာသည်ကို သူမ တိတ်တဆိတ် ကြည့်နေလိုက်သည်။

“တကယ်ပဲ မင်းလား”

ကျန်းရီ၏ ရဲရဲနီနေသော မျက်ဝန်းများက အဝေးရှိ တောင်ထွတ်လေးတစ်ခုပေါ်တွင် ရပ်နေသော ကျီထင်ယွီကို စိုက်ကြည့်နေလေသည်။ သူသည် သူမ၏စိတ်ဝိညာဉ်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီး သူမက ကျီထင်ယွီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူသည် မျက်လုံးများမှိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

“ကျန်ရီ... စစ်ဆေးမနေပါနဲ့တော့။ ဒီနေရာမှာ ချုံခိုတိုက်ခိုက်မယ့်သူတွေ မရှိပါဘူး”

ကျီထင်ယွီက တည်ငြိမ်စွာ ရယ်လိုက်၏။ လေပြေတစ်ချက်က သူမ၏ အဝါရောင်ဝတ်စုံလေးကို တဖျပ်ဖျပ်ခတ်သွားစေသည်။ သူမ၏ ပိတုန်းရောင်ဆံကေသာကလည်း လေထဲတွင် ဝဲလွင့်သွားသည်။ သူမသည် မှင်တက်ဖွယ်အပြုံးကို ပြုံး၍ သိမ်မွေ့စွာ ပြောလိုက်၏။

“ဒီတစ်ခေါက် ကျွန်မက နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ်ယောက် ခေါ်လာချင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဝူကျူးအရူးက သူ့ကိုယ်သူ တော်တော်စွမ်းအားကြီးတယ် ထင်နေတာလေ။ အဲ့ဒါကြောင့် ကျွန်မတို့ ငါးယောက်ပဲ ခေါ်လာခဲ့တာ။ ကျွန်မ ရှင့်ကို အလစ်ဝင်တိုက်ချင်တယ်ဆိုရင်တောင် ကျွန်မမှာ သုံးစရာလူ တစ်ယောက်မှ မရှိတော့ပါဘူး”

“ဟွန်း...”

ကျန်းရီ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်များ ပြည့်နှက်နေပေသည်။ သူက ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် ဝိညာဉ်လေဓားဆယ်ချောင်းကို ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ကျီထင်ယွီအနီးသို့ ပျံသွားလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“ကျီထင်ယွီ... မင်းက ဉာဏ်အရမ်းကောင်းတယ် မဟုတ်ဘူးလား။ ဘာလို့ ဒီတစ်ခေါက် အဲ့လောက်တုံးအနေရတာလဲ။ ဘာလို့ မင်းက အသက်ကို စွန့်လွှတ်ချင်နေရတာလဲ”

“ဟင်းဟင်း...”

ကျီထင်ယွီက ခပ်သဲ့သဲ့ရယ်လိုက်ပြီး ဆံပင်များကိုသပ်ကာ နူးညံ့စွာ ပြောလိုက်သည်။

“ကျန်းရီ... ရှင် ကျွန်မကို သတ်ရဲမှာ မဟုတ်ပါဘူး။ လောရွှယ်က မြောက်ဘက်ဧကရာဇ်မြို့မှာပဲ ရှိနေသေးတယ်။ ရှင် ကျွန်မကို သတ်လိုက်ရင် လောရွှယ် ဘာဖြစ်သွားမလဲ။ ကျွန်မ ဒီနေရာကို တစ်ယောက်တည်းထွက်လာတာ တုံးအတာဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မက ရှင်နဲ့တွေ့ချင်လို့ ဒီကို လာခဲ့တာပဲ။ ကျွန်မ အချစ်ရဆုံး... ယောက်ျားကိုပေါ့”

“ဟားဟားဟား...”

ကျန်းရီက အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။ သူ၏ဆံပင်နီများကလည်း လေထဲတွင် မျောလွင့်သွားသည်။ သူသည် လောကထဲရှိ အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အချိန်အတော်ကြာ ရယ်လိုက်၏။ ပြီးနောက်မှ သူ လှောင်ပြုံးပြုံးကာ ကျီထင်ယွီကို ကြည့်လိုက်သည်။

“ဆက်လိမ်ပါဦး”

“ကျွန်မ ရှင့်ကို မလိမ်ပါဘူး”

ကျီထင်ယွီက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး အဝေးကို ငေးကြည့်ကာ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မ တကယ်ပဲ အတော်လေးနောင်တရတယ်။ အရင်တုန်းက ကျွန်မက ကျန်းရီလျှိုကို ရွေးချယ်ခဲ့ပြီး ရှင့်ကို ဆန့်ကျင်ခဲ့တယ်။ အဲ့ဒါက ကျွန်မဘဝမှာ လုပ်မိခဲ့တဲ့ အကြီးမားဆုံးအမှားပဲ။ ကောင်းကင်တောင်ပံမြို့က မျိုးနွယ်ငယ်လေးတစ်ခုရဲ့ လူငယ်လေးတစ်ယောက်က အခုလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။ တစ်ချက်မှားမိရင် ဆက်တိုက်မှားတော့တာပဲ။ ကျန်ရီ... ကျွန်မ ရှင့်နောက်ကို နှလုံးသားတစ်ခုလုံးရင်းပြီး လိုက်ခဲ့ချင်ပါတယ်၊ လောရွှယ်ကို ကယ်တင်ဖို့လည်း ကူညီပေးမယ်၊ ဝူမျိုးနွယ်ကို ဖျက်ဆီးပစ်ဖို့လည်း ကူညီပေးမယ်၊ အရှေ့ဘက် တော်ဝင်နယ်မြေကို စုစည်းဖို့အတွက်လည်း ကူညီပေးမယ်... ရှင် ကျွန်မကို လက်ခံမှာလား”

ကျန်းရီ၏မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိပေ။ သူက ကျီထင်ယွီကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“မင်းမှာ တခြားပြောစရာ ရှိသေးလား”

“မရှိတော့ပါဘူး”

ကျီထင်ယွီက ပြုံးလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အေးအေးဆေးဆေးရပ်နေ၍ ပြောလိုက်သည်။

“ကျန်းရီ... ရှင် ကျွန်မကို သတ်ချင်တယ်ဆိုရင် အခု လုပ်လိုက်ပါ။ ရှင့်လက်ထဲမှာ သေရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ”

“ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ကျန်းရီသည် လျင်မြန်စွာ ပျံသန်းသွားပြီး ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဖယ်ရှားကာ သူ့လက်များကို ထက်ရှသော လက်သည်းများအဖြစ် ပြောင်းလဲလိုက်ပြီး ကျီထင်ယွီ၏ ရင်ဘတ်အား ထိုးစိုက်လိုက်သည်။ ကျီထင်ယွီက ကောင်းကင်ဧကရာဇ်အဆင့်တွင် မဟုတ်သဖြင့် မည်သည့်နတ်ဘုရားဒိုင်းကိုမှ မဖန်တီးနိုင်ပေ။ ထို့ကြောင့် ကျန်းရီက သူမ၏ နှလုံးသားကို တိုက်ရိုက်ဆွဲညှစ်ရန် လုပ်လိုက်ခြင်းပင်။

ကျီထင်ယွီ၏ မျက်ဝန်းများက ပြူးကျယ်သွား၏။ ၎င်းတို့ထဲတွင် မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။ သူမ၏ တုန်ယင်နေသော နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျလာ၏။ သူမ စကားအနည်းငယ် ပြောလိုက်သည်။

“ရှင်... ရှင်က တကယ်ပဲ ကျွန်မကို သတ်တယ်ပေါ့။ လောရွှယ်အတွက်... မစိုးရိမ်..ဘူးလား”

ကျန်းရီသည် လက်ကို ခပ်ပြင်းပြင်း ပြန်ဆွဲ၍ ကျီထင်ယွီ၏ နှလုံးသားကို အရှင်လတ်လတ် ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။

“ကျီထင်ယွီ... မင်းက ဉာဏ်ကောင်းလွန်းတယ်။ အရင်ကတည်းက  အခွင့်အရေးရရင် မင်းကို သေချာပေါက် သတ်ပစ်မယ်လို့ ငါ ကျိန်ဆိုထားခဲ့တာ။ စိတ်မကောင်းပါဘူး... အစောတုန်းက မင်းပြောခဲ့တဲ့ စကားတွေ ငါ တစ်ခွန်းမှ မကြားခဲ့ဘူး”

ဝုန်း...

ကျန်းရီက သူ့လက်များကို လှုပ်ယမ်းလိုက်ရာ ကျီထင်ယွီ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။

ကျီထင်ယွီက ဉာဏ်ကောင်းလွန်းလှပေသည်။ ကျန်းရီသည် ထိုမိန်းမကို အမှန်ပင်ကြောက်၏။ ထို့ကြောင့် သူ သူမ၏စကားများကို ရင်ထဲမထည့်ဝံ့သလို၊ အရေးလည်းမစိုက်ဝံ့ပေ။ သူမတွင် မည်သည့်အကြံအစည်ရှိထားသည်ဖြစ်စေ သူက အင်အားကိုသုံးကာ ဉာဏ်ရည်ကို အနိုင်ယူခဲ့ပေပြီ။ သူ သူမကို ချက်ချင်း သတ်ပစ်လိုက်ပေပြီ။

ကျီထင်ယွီ၊ သေပြီ။

***

All Chapters