နှင်းကြမ်းဒေသ
Vol. 70 Ch. 975
ကျန်းရီ၏ ကျီထင်ယွီအပေါ်ထားသည့် အမြင်က အတော်လေးရှုပ်ထွေး၏။ သူ ငယ်စဉ်က ထိုမိန်းမသည် သူတစ်ဖက်သက်ကြိုက်ရသူ ဖြစ်ခဲ့သည်။ အတိတ်တွင် သူက ကောင်းကင်တောင်ပံမြို့မှ မျိုးနွယ်ငယ်လေးတစ်ခု၏ အညတရလူငယ်လေးတစ်ယောက် ဖြစ်ခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက အမြဲ အနိုင်ကျင့်ခံ၊ အရိုက်အပုတ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့ရင်ထဲတွင် သိမ်ငယ်စိတ်တစ်ခု ရှိခဲ့သည်။ ကျီထင်ယွီက သူ့ကို ပထမဆုံး လေးစားခဲ့သူဖြစ်သည်။ ထို့ကြောင် သူ သူမကို များစွာကျေးဇူးတင်ခဲ့သည်။ သူက သူမကဲ့သို့ လှပသူတစ်ယောက်အပေါ် ချစ်ခင်စိတ် တစ်ခါမှ မရှိခဲ့ဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော် သူသည် ထိုစိတ်ကို နှလုံးသား၏ နက်ရှိုင်းသောနေရာတွင် မြှုပ်နှံထားခဲ့သည်။ ထိုစဉ်က သူ့အတွက် ကျီထင်ယွီက ကောင်းကင်ကိုးဘုံအထက်မှ နတ်မိမယ်တစ်ပါးဖြစ်ခဲ့သည်။ သို့သော် သူကတော့ သေမျိုးများကြားမှ သူတောင်းစားတစ်ယောက်သာသာပင်။ ထို့ကြောင့် သူက သူမနှင့် မတန်ဟု တွေးခဲ့သည်။
နောက်ပိုင်းတွင် ကျန်းရီ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ကျီထင်ယွီကလည်း သူ့ကို စတင်တန်ဖိုးထားလာခဲ့သည်။ ထို့ပြင် ကျီမျိုးနွယ်ကလည်း သူ့ကို ကူညီခဲ့သည်။ ထို့ကြောင့် သူ့ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်တန်းလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုမိန်းမ၏ စိတ်ဝင်စားမှုကို ရယူနိုင်ကာ လှပ၍ ဉာဏ်ထက်သော မိန်းမတစ်ယောက်ကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် နှမြောစရာပင်။
ဝိညာဉ်သားရဲတောင်ကျောင်းတော်တွင် ကျီထင်ယွီက ကျန်းရီလျှိုကို ရွေးချယ်ခဲ့သည်။ ကျန်းရီနှင့် ကျန်းရီလျှိုတို့က ကမ္ဘာ့ရန်ဘက်များဖြစ်သည်။ ထိုအချိန်မှစ၍ သူ့ရင်ထဲမှ မျှော်လင့်ချက်တန်းလေးကလည်း ပျောက်ဆုံးသွားခဲ့သည်။ သို့သော် သူသည် တစ်ချိန်က ချစ်ခင်ခဲ့မှုကို ထောက်ထား၍ ကောင်းကင်ဧကရာဇ်ဂူသင်္ချိုင်းမှ ထွက်လာသောအခါ သူမကို မသတ်ခဲ့ပေ။
ကျန်းရီက ကျီထင်ယွီကို အလွှတ်ပေးခဲ့သည်။ သို့သော် ကျီထင်ယွီကမူ ကျန်းရီကို အလွှတ်ပေးရန် စိတ်ကူးမရှိခဲ့ချေ။ ကျီထင်ယွီက ဧကရီတစ်ပါး ဖြစ်လိုခဲ့ပြီး သိုင်းခန်းမနှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် သူမက သူ၏ ရန်ဘက်တစ်ဦး ထပ်ဖြစ်လာခဲ့ပြန်သည်။ သူမသည် သူ့ကို အကြိမ်ပေါင်းများစွာ အကောက်ကြံခဲ့သည်။ ကျန်းပိုင်လီကို သေစေခဲ့သလို စုလောရွှယ်ကိုလည်း အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ပေးဆွဲသွားခဲ့သည်။
ကျန်းရီသည် ကျန်းပိုင်လီသေသွားသည့်နေ့တွင် ကျီထင်ယွီကို သတ်ရန် ကျိန်ဆိုခဲ့ခြင်းပင်။ စုလောရွှယ်ကလည်း နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရသဖြင့် သူ၏ ကျီထင်ယွီအပေါ် အမုန်းတရားက ပို၍နက်ရှိုင်းလာခဲ့ပြီး အရိုးစွဲလာခဲ့သည်။
ကျီထင်ယွီက အလွန်ဉာဏ်ကောင်းပေသည်။ သို့သော် ဉာဏ်ကောင်းသူများသည် သူတို့၏ဉာဏ်ကြောင့် သေရသည်က များသည်။ သူမသည် သူမ၏ဉာဏ်ကြောင့်သာ သေခဲ့ရခြင်းပင်။
ကျီထင်ယွီသည် လက်ရှိကျန်းရီက ကောင်းကင်ကြယ်တာရာယ်နယ်မြေမှ ကျန်းရီသာ ဖြစ်နေသေးသည်ဟု ယုံကြည်ခဲ့သည်။ ကျန်းရီက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်၍ စုလောရွှယ်အတွက် စိုးရိမ်သဖြင့် သူမကို သတ်ဝံ့မည်မဟုတ်ဘဲ သူမ၏လှည့်စားမှုများကို နားထောင်လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။
သို့သော် ကျန်းရီ၏နှလုံးသားက သံမဏိထက် မာကြောနေပြီဖြစ်ကြောင်းကို ကျီထင်ယွီ မသိခဲ့ပေ။ ထို့ပြင် ကျန်းရီက သူမကို အဆိပ်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ကြောင်းကိုလည်း သူမ မသိခဲ့ချေ။ ကျန်းရီသည် သူမ အစောက ပြောခဲ့သော စကားများကို တစ်ခွန်းမှ နားမထောင်ခဲ့ပေ။ ကျန်းရီက ထိုမိန်းမသည် မိစ္ဆာဉာဏ်ရည်ရှိသဖြင့် သူမ၏ အကြောင်းပြချက်များကို နားထောင်ကာ သူမ၏ စကားများကို ယုံကြည်မိလျှင် ထာဝရပျက်သုဉ်းရလိမ့်မည်ဟု သူ့ကိုယ်သူ သတိပေးခဲ့သည်။
ထို့ကြောင့် ကျန်းရီသည် ချက်ချင်း သတ်ပစ်လိုက်ခြင်းပင်။ သူမတွင် အကြံအစည်မည်မျှ ရှိစေကာမူ သေသွားပါက ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
“အဖေ... ကျွန်တော် အဖေ့အတွက် နည်းနည်းလက်စားချေနိုင်ခဲ့ပြီ။ မပူပါနဲ့... တစ်နေ့ကျရင် ကျွန်တော် ဝူမျိုးနွယ်ကို ဖျက်ဆီးပစ်မှာပါ”
ကျန်းရီသည် တောင်ထွတ်ပေါ်တွင် ရပ်၍ ကောင်းကင်ထက်သို့မော့ကာ ငေးကြည့်ရင်း ပြောလိုက်၏။ ထို့နောက် သူ ထိုင်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ဝူနီပုန်းအောင်းနေသော ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သည်။ သူက ဝူနီကို ဖမ်း၍ သတ်ပစ်ရပေမည်။
“သတ်မယ်...”
ထွက်ပြေးနေသော ဝူမျိုးနွယ်ဝင်များစွာ ရှိနေပြီး ပုန်းအောင်းစရာ ဓားပြစခန်းများလည်း အများအပြား ရှိနေသည်။ ကျန်းရီသည် များစွာတွေးတောမနေတော့ဘဲ ထိုသို့သွား၍ လမ်းတွင်တွေ့သူများကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်က နွမ်းနယ်နေပြီဖြစ်သော်လည်း သူ အရေးမစိုက်ပေ။ ချီထျန်းယွီတို့ သေသွားခြင်းက သူ့ကို အလွန်အပြစ်ရှိသလို ခံစားရစေလေသည်။ သူသည် ချီထျန်းချန်နှင့် မျက်နှာချင်းပင် မဆိုင်ဝံ့တော့ပေ။ ထို့ကြောင့် ချီထျန်းယွီတို့အတွက် လက်စားချေရန် ဝူမျိုးနွယ်ဝင်အားလုံးကို သတ်ရပေမည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီသည် အနီးပတ်ဝန်းကျင်ရှိ ဓားပြစခန်းများကို ဖျက်ဆီးပစ်လိုက်၏။ ဓားပြစခန်း ငါးခုကို ဖျက်ဆီးပစ်ပြီးသည်ပင် ဝူနီကို ရှာမတွေ့သေးသဖြင့် သူ အတန်ငယ်စိတ်ပျက်လာသည်။ ယခုတွင် ညအချိန် ရောက်လာပြီဖြစ်၍ ထွက်ပြေးနေသူများ၏ အရှိန်က အလွန်နှေးသွားပေပြီ။ ညအချိန်က သူ ထိုသူများကို လိုက်သတ်ရန် အချိန်ကောင်းပေ။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီး ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ဝူမျိုးနွယ်ဝင်များကို လိုက်သတ်လိုက်လေသည်။
ရွှက်...ရွှက်...
ကျန်းရီသည် တောင်ကြားတစ်ခုအတွင်းသို့ ထွက်ပြေးနေသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်နှစ်ပါး၏ အရှေ့ မိုင်ရာကျော်တွင် ထွက်ပေါ်လာ၏။ သူ ထွက်ပေါ်လာသောအခါ ထိုနှစ်ယောက် ကြောက်ရွံ့သွားကြသည်။ သူတို့သည် ပြင်းထန်သော တိုက်ခိုက်မှုများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ကြ၏။ သို့သော် ကျန်းရီ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းက အလွန်စွမ်းအားကြီးသဖြင့် ထိုနှစ်ယောက်၏ တိုက်ခိုက်မှုများက ၎င်းဒိုင်းကို မချိုးဖျက်နိုင်ကြပေ။ ကျန်းရီသည် သက်ရောက်မှုကို အာရုံခံလိုက်ရာ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ကြယ်သုံးပွင့် ပညာရှင်ဖြစ်ပြီး ကျန်တစ်ယောက်က ကြယ်လေးပွင့် ပညာရှင်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် နတ်ဘုရားအသံကောင်းကင်အတတ်ကို အသုံးမပြုတော့ဘဲ ဝိညာဉ်လေဓားများကို တန်းထုတ်၍ တိုက်ခိုက်လိုက်သည်။
ဖုန်း...ဖုန်း..
ထိုနှစ်ယောက်၏ နတ်ဘုရားဒိုင်းများက ချက်ချင်း ပျက်စီးသွား၏။ ကျန်းရီသည် ကြယ်လေးပွင့် ပညာရှင်ကို အသာလေး သတ်ပစ်လိုက်ပြီး ကြယ်သုံးပွင့် ပညာရှင်၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်လေသည်။ ကျန်းရီသည် ကြယ်သုံးပွင့် ပညာရှင်၏ ခေါင်းပေါ်သို့ သွေးအေးမိစ္ဆာတစ်ကောင်ကဲ့သို့ ဆင်းသက်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အခု ခင်ဗျားက ဒုက္ခိတဖြစ်သွားပြီ။ ဒီဘဝမှာ ခင်ဗျားအတွက် မျှော်လင့်ချက် မရှိတော့ဘူး။ အခု ခင်ဗျားရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ဆက်အသက်ရှင်ပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ပဲ။ ပြောစမ်း... ဝူနီက ဘယ်မှာလဲ။ ပြောရင် ကျွန်တော် ခင်ဗျားကို အသက်ချမ်းသာပေးမယ်”
“ဖွီး...”
ထိုဝူမျိုးနွယ်မှပညာရှင်သည် အလွန်အိုမင်းနေပြီဖြစ်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပေသည်။ သူသည် သွေးအန်လိုက်ပြီး အမုန်းတရားဖြင့် ပြောလိုက်၏။
“မျိုးမစစ်ကျန်းရီ... မင်း သတ်ချင်ရင် သတ်ပစ်လိုက်။ ဘာလို့ အပိုစကားတွေ ပြောနေတာလဲ။ ဝူမျိုးနွယ်ဝင်တွေက သူရဲဘောကြောင်တဲ့သူတွေ မဟုတ်ဘူးကွ”
“အဲ့လိုဆိုမှတော့ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ကျန်းရီက ထိုသူ၏ခေါင်းကို ဆောင့်နင်းလိုက်ရာ ခေါင်းက ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်သုံးလိုက်သည်။ ဝူမျိုးနွယ်ဝင်တိုင်းက ခေါင်းမာလိမ့်မည်ဟု သူ မယုံပေ။ အကယ်၍ သူသာ ဝူနီ ပုန်းနေသောနေရာ သို့မဟုတ် ဝူနီထွက်ပြေးသွားသော လမ်းကြောင်းကို သိနိုင်လျှင် ဝူနီကို အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။
စေတီတောင်က ရီမျိုးနွယ်၏ ပိုင်နက်ထဲတွင် ဖြစ်သည်။ ထိုနေရာက ဝူမျိုးနွယ်၏ ပိုင်နက်နှင့် အတန်ငယ် လှမ်းပေသည်။ ကျန်းရီ၏ ခန့်မှန်းမှုများသာ မှန်လျှင် ဝူနီကို လာကယ်မည့် ဝူမျိုးနွယ်မှ ပညာရှင်များ ထိုနေရာသို့ ရောက်လာနိုင်ရန် အနည်းဆုံး လေးနာရီမှ ခြောက်နာရီအထိ လိုပေလိမ့်မည်။ ထို့ကြောင့် သူ့တွင် အချိန်ရှိပေသေးသည်။ ထိုအချိန်အတောအတွင်း သူ ဝူနီကို ရှာနိုင်လျှင် လုံလောက်ပြီဖြစ်သည်။
ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ဝူမျိုးနွယ်ဝင်များကို လိုက်သတ်နေသည်။ သူ၏ သတ်ဖြတ်မှုများက အလွန်လျင်မြန်ပေသည်။ ထို့ပြင် ထွက်ပြေးနေသူများထဲမှ စွမ်းအားကြီးဆုံးသူများပင် ကြယ်ငါးပွင့်အဆင့်၌သာ ရှိကြသည်။ ကျီထင်ယွီက သူ့ကို မလိမ်ခဲ့ချေ။ သူမတို့နှင့်အတူ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်သာ ပါလာခဲ့ပေသည်။
ကျန်းရီသည် တစ်နာရီကြာ လိုက်လံသတ်ဖြတ်ပြီးနောက် ဝူမျိုးနွယ်မှ ပညာရှင်သုံးယောက်ကျော်ကို စစ်မေးပြီးသွားပေပြီ။ သို့သော် သူ အလွန်စိတ်ပျက်ခဲ့ရသည်။ ဝူမျိုးနွယ်၏ မျိုးနွယ်စည်းမျဉ်းများက အလွန်တင်းကြပ်သဖြင့် ဝူမျိုးနွယ်တစ်ယောက်ကမှ ဝူနီရှိနေသောနေရာကို ထုတ်မပြောခဲ့ကြပေ။
ဝုန်း...
ကျန်းရီသည် အခြားလူတစ်ယောက်၏ ဒန်တျန်ကို ထပ်မံ ဖျက်ဆီးလိုက်၏။ သူသည် အပိုစကားများပြောရသည်ကို စိတ်ပျက်နေပြီဖြစ်သည်။ ထို့ကြောင့် တိုတိုပြတ်ပြတ်သာ ပြောလိုက်သည်။
“ဝူနီ ဘယ်မှာရှိနေလဲဆိုတာကို မပြောရင် သေရမယ်”
“မျိုးမစစ်ကျန်းရီ”
ထိုလူကလည်း ကျန်းရီကို ဆဲလိုက်သည်။ ထို့ကြောင့် ကျန်းရီသည် ထိုလူက ဘာမှပြောမည်မဟုတ်ဟု တွေးကာ သတ်ရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုလူက အံကြိတ်ကာ ပြောလိုက်လေသည်။
“မင်း စကားတည်မှာလား”
ကျန်းရီ စိတ်လှုပ်ရှားသွားပြီး လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“ခင်ဗျားကိုသတ်တာနဲ့ ပိုးကောင်လေးကို သတ်တာက ဘာမှ မကွာဘူး။ အဲ့တော့ ခင်ဗျားကို သတ်သတ်၊ မသတ်သတ် အရေးမပါဘူး”
“ကောင်းပြီ”
ထိုလူက မျက်လုံးများ လင်းလက်လာပြီး အနောက်မြောက်ဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
“ငါတို့ စထွက်ပြေးတုန်းက သခင်လေးနဲ့ သခင်မလေးထင်ယွီတို့က ဒီကနေ မိုင်သုံးရာဝေးတဲ့ ဓားပြစခန်းတစ်ခုမှာပဲ။ အခုတော့ သခင်လေး အဲ့မှာ ရှိနေဦးမလားဆိုတာတော့ ငါမသိဘူး။ ငါတို့က သူ့အမိန့်အတိုင်း ထွက်ပြေးပြီး မင်းကို မျှားခေါ်ရတာပဲ”
“ကောင်းပြီ...”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ မိုင်သုံးရာအကွာအဝေးကို ရုတ်ခြည်းဖြတ်သန်းကာ ကောင်းကင်နားလည်ခြင်းကို ထုတ်လွှတ်၍ အာရုံခံလိုက်လေသည်။ ကျန်းရီသည် ထိုလူ၏ မျက်လုံးများမှနေ၍ ထိုလူက လိမ်နေခြင်း မဟုတ်ကြောင်း သိခဲ့သည်။ ထို့ပြင် အစောတွင်လည်း ကျီထင်ယွီက ဤဘက်မျ ပျံသန်းလာခြင်းဖြစ်သည်။ ထို့ကြောင့် ဝူနီက ဤနေရာတစ်ဝိုက်တွင် ပုန်းအောင်းနေလောက်ပေသည်။
“ကောင်လေး... ဆက်ရှာမနေနဲ့တော့။ သတ်ဖြတ်တာတွေလည်း ရပ်လိုက်တော့။ မင်း အခု ထွက်မပြေးရင် ဘယ်တော့မှ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး”
ရုတ်တရက် ကျန်းရီ၏ နားထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာပြီး သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေလေသည်။ သူ မျက်လုံးပြူးသွားသည်။ သူက ထိုအသံကို အလွန်ရင်းနှီးပေသည်။ ထိုအသံမှာ ဗုဒ္ဓတောင်၏ မြောက်ဘက်ရှိ ရေကန်လေးတစ်ကန်ဘေးတွင် ငါးမျှားနေခဲ့သော ဆန်းကြယ်သည့် အဘိုးအို၏ အသံပင်။ လွန်ခဲ့သော လအနည်းငယ်က ကျန်းရီသည် ဝူနီ၏ သတ်ဖြတ်မှုကို ခံရလုနီးပါးဖြစ်ခဲ့သည်။ ထိုစဉ်တုန်းက ထိုအဘိုးအိုက သူ့ကို ကယ်တင်ခဲ့ခြင်းပင်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အသံပြန်ပို့လွှတ်ကာ မေးခွန်းအချို့ မေးချင်နေ၏။ သို့သော် ထိုအဘိုးအို၏အသံက ထပ်မံပဲ့တင်ထပ်လာလေသည်။
“ကောင်လေး... မင်းက ဝူမျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို သတ်နိုင်ခဲ့တယ်ဆိုတော့ တော်တော်လေး အစွမ်းထက်လာပြီပဲ။ အဲ့ကိစ္စက မြောက်ဘက်ဧကရာဇ်ကို အာရုံစိုက်သွားစေပြီ။ အခု အဲ့အဘိုးကြီးက ဒီကို သူကိုယ်တိုင်လာနေပြီ။ မင်း အခုထွက်မပြေးဘူးဆိုရင် သေရလိမ့်မယ်။ မင်းမှာ ကောင်းကင်ရှောင်တိမ်းခြင်းရှိတာ၊ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်တာတွေက အရေးမပါတော့ဘူး။ အမြန်ဆုံး အရှေ့ဘက် တော်ဝင်နယ်မြေက ထွက်သွားတော့... အဲ့လိုဆို မင်း အသက်ရှင်နိုင်ဖို့ အခွင့်အရေးတစ်ခု ရနိုင်တယ်...”
“ဟုတ်သား... ငါရထားတဲ့ သတင်းတွေအရ မင်းကယ်ချင်တဲ့ ကောင်မလေးက ဒီနယ်မြေရဲ့ မြောက်ဘက်အကျဆုံးဒေသမှာ ရှိနေနိုင်တယ်... နှင်းကြမ်းဒေသရဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာပဲ။ အခု မင်း နှင်းကြမ်းဒေသကို သွားလိုက်။ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို မရောက်သ၍ အရှေ့ဘက် တော်ဝင်နယ်မြေကို ထပ်ခြေမချနဲ့တော့။ မဟုတ်ရင် မြောက်ဘက်ဧကရာဇ်က သေချာပေါက် မင်း မသေမချင်း လိုက်သတ်မှာပဲ”
***