← Chapters

ကျိန်ဆိုခြင်း

Vol. 70 Ch. 976

ကျိန်ဆိုခြင်း

Vol. 70 Ch. 976

မြောက်ဘက်ဧကရာဇ်...

ကျန်းရီသည် ဆန်းကြယ်သော အဘိုးအို၏ အကြံပေးစကားကို ကြားသောအခါ တုန်လှုပ်သွား၏။ အတိတ်တွင် ကျန်းရီသည် မြောက်ဘက်ဧကရာဇ်အကြောင်းကို မတွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော မြောက်ဘက်ဧကရာဇ်အကြောင်းကို တွေးတောတိုင်း သူ ရင်တုန်ခဲ့၍ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သူတစ်ယောက်က သူ့ကို ကိုယ်တိုင် တိုက်ခိုက်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ချေ။

အောင်းလုက ဝူ၊ ကျန့်နှင့် ရီမျိုးနွယ်တို့ကို ရန်မစရန် ကျန်းရီကို မှာကြားခဲ့သည်။ မြောက်ဘက်၊ တိုက်ပွဲ၊နှင့် ဗုဒ္ဓဧကရာဇ်တို့က ကြယ်ကိုးပွင့်အဆင့် ပညာရှင်များဖြစ်ကြသည်။ ထိုသုံးယောက်သည် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးက အသိအမှတ်ပြုသော စွမ်းအားအကြီးဆုံးသူများပင်။ သူတို့က အောင်းလုနှင့် အဆင့်တူပြီး ဆန်းကြယ်ဧကရာဇ်ထက်သာ အဆင့်နိမ့်ကြပေသည်။

လဲ့ပန်းရှန်းက စွမ်းအားကြီးခဲ့သည် မဟုတ်လော။

အချိန်ပြောင်းပြန်စီးကြောင်း။ အတိတ်တွင် ကျန်းရီသည် အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်။ သို့သော် လဲ့ပန်းရှန်းက အချိန်ကို ပြောင်းပြန်စီးဆင်းအောင် လုပ်၍ သူ့အသက်ကို ကယ်တင်ခဲ့သည်။ ထိုလဲ့ပန်းရှန်းသည်ပင် ကြယ်ရှစ်ပွင့်အဆင့်တွင်သာ ရှိရာ ကြယ်ကိုးပွင့် ပညာရှင်များဆိုလျှင် မည်မျှပို၍ ကြောက်မက်ဖွယ်ကောင်းမည်နည်း။ ကျန်းရီ တွေး၍ပင် မကြည့်နိုင်ပေ။

‘လောရွှယ်က မြောက်ဘက်အကျဆုံး နှင်းကြမ်းဒေသမှာရှိတဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာတဲ့လား’

ကျန်းရီ ထပ်မံ၍ စိတ်လှုပ်ရှားသွား၏။ ထိုဆန်းကြယ်သော အဘိုးအိုက ယခင်က သူ့ကို ကယ်တင်ခဲ့ဖူးသဖြင့် သူ့ကို မလိမ်လောက်ပေ။ ထိုအဘိုးအိုက အလွန်စွမ်းအားကြီးသဖြင့် မြောက်ဘက်ဧကရာဇ် လာနေသည်ကိုပင် သိနိုင်သည်။ ထို့ပြင် သူက မြောက်ဘက်ဧကရာဇ်ကို ကြောက်သည့်ပုံ မပေါ်ချေ။ ထို့ကြောင့် ထိုအဘိုးအိုက လိမ်နေခြင်း ပိုမဖြစ်နိုင်တော့ပေ။

ကျန်းရီသည် နှင်းကြမ်းဒေသအကြောင်းကို အနည်းငယ် သိ၏။ ထိုနေရာက မြောက်ဘက်ဧကရာဇ်၏ ဒေသလေးခုထဲမှ မြောက်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိပေသည်။ ထိုနေရာက အရှေ့ဘက် တော်ဝင်နယ်မြေနှင့် တစ်ဆက်တည်းဖြစ်သော်လည်း အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများက နှင်းကြမ်းဒေသကို နယ်မြေ၏ တစ်စိတ်တစ်ပိုင်းဟု မသတ်မှတ်ကြပေ။ ထိုနေရာက လူသားများအတွက် နေထိုင်ရန် မသင့်တော်ဘဲ နေရာအနှံ့တွင် အန္တရာယ်များရှိနေပေသည်။ ထိုဒေသတွင် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေပြီး အပူချိန်က အလွန်နိမ့်လွန်းသည်။ သာမန်လူများအနေဖြင့် ယင်းဒေသ၌ ရှင်သန်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ သိုင်းသမားများပင် ထိုဒေသသို့ သွားခဲသည်။ ထိုဒေသကို လူသူကင်းရှင်းသည့် ကုန်းမြေတစ်ခုဟု သတ်မှတ်ကြသည်။

‘သွားမယ်...’

ဆန်းကြယ်သော အဘိုးအိုက ထပ်၍ အသံမပို့လွှတ်တော့ပေ။ သို့သော် ကျန်းရီ မနှောင့်နှေးဝံ့ချေ။ စုလောရွှယ်က ဝူမျိုးနွယ်ထံတွင် မဟုတ်သဖြင့် ဝူမျိုးနွယ်နှင့် ဆက်ရင်ဆိုင်ခြင်းက ဉာဏ်နည်းသော လုပ်ရပ်ပင်။ လက်ရှိ သူ၏အင်အားဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဆက်နေပါက သေချာပေါက် သူ မြောက်ဘက်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

နတ်ဘုရားတစ်ပိုင်းများက မျိုးနွယ်ကြီးများ၏ အုတ်မြစ်ပင်။ ကျန်းရီက ဝူမျိုးနွယ်၏ နတ်ဘုရားတစ်ပိုင်း ငါးပါးကို သတ်ပစ်ခဲ့ပြီး မြောက်ဘက်ဧကရာဇ်ကိုယ်တိုင် လှုပ်ရှားလာ‌အောင် ဖိအားပေးမိသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ဝူမျိုးနွယ်က သူ့ကို မည်မျှသတ်လိုနေမည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ကြယ်ကိုးပွင့် ပညာရှင်တစ်ယောက်က သူ့ကို အမှန်ပင် လိုက်လံသတ်ဖြတ်လိုနေသည်ဆိုလျှင် သူ ထိုဘေးအန္တရာယ်မှ ရှောင်ပြေးနိုင်မည် မဟုတ်ပေ။ ကြယ်ကိုးပွင့် ပညာရှင်များက မဟာစွမ်းအားရှင်များဖြစ်ကြပြီး ကောင်းကင်တာအိုကို အဆုံးစွန်အထိ သိမြင်နားလည်ထားကြသူများဖြစ်သည်။ မြောက်ဘက်ဧကရာဇ်တွင် မည်သည့်အထူးနတ်ဘုရားစွမ်းရည်များ ရှိနေမည်ကို မည်သူက သိမည်နည်း။

ရွှက်...ရွှက်...

ကျန်းရီသည် သူ၏ အားနည်းနေသောစိတ်ဝိညာဉ်ကို အရေးမစိုက်နိုင်တော့ဘဲ ဟင်းလင်းပြင်ကို စုတ်ဖြဲကာ မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။ သူက တောင်ထွတ်လေးပေါ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ကလည်း ပုံမှန်အတိုင်း ပြန်အေးချမ်းသွားသည်။

***

ဆယ့်ငါးမိနစ်ကြာပြီးနောက် အရှေ့ဘက်မှနေ၍ သိမ်မွေ့သော ကောင်းကင်ခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံပဲ့တင်ထပ်လာသောအခါ အရှေ့ဘက်မှနေ၍ တိမ်တည်းတစ်အုပ်က မျောလွင့်လာပြီး ကောင်းကင်နှင့် ကြယ်တာရာများကို ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ နတ်ဘုရားတစ်ပိုင်း တစ်ပါး၏ အရှိန်အဝါတစ်ခုက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့လာပြီး ထွက်ပြေးနေဆဲဖြစ်သော ဝူမျိုးနွယ်မှ ပညာရှင်များကို အလွန်ကြောက်ရွံ့သွားစေလေသည်။ သို့သော် သူတို့သည် ချက်ချင်း ဒူးထောက်လိုက်ကြပြီး အော်ပြောလိုက်ကြသည်။

“မြောက်ဘက်ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်”

အဝေးရှိ ကောင်းကင်မှနေ၍ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် လမ်းလျှောက်လာလေသည်။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူက အေးအေးလူလူ လမ်းလျှောက်လာခြင်းပင်။ သူ့ပတ်ပတ်လည်တွင် မည်သည့်နတ်ဘုရားဒိုင်း၊ မည်သည့်အကာအရံအလွှာမှ ရှိမနေပေ။ သို့သော် သူသည် မြင့်မားသော ကောင်းကင်ထက်တွင် အိမ်နောက်ဖေး ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ လျှောက်နိုင်နေပေသည်။

ထိုအဘိုးအိုသည် အောက်ဘက်ရှိ မည်သူ့ကိုမှ ကြည့်မနေသော်လည်း သူ၏ နက်ရှိုင်းသောပင်လယ်ကဲ့သို့ မျက်ဝန်းများက တစ်ချက်ဝေ့ဝဲလိုက်လျှင် အရာအားလုံးကို ဖောက်မြင်သွားသည်ဟု ထင်ရသည်။ ပတ်ဝန်းကျင်မှ နှိုးထလာသော ဝိညာဉ်လေများက သူ့ထံသို့ လျင်မြန်စွာ ပျံသန်းသွားသော်လည်း သူ့ထံသို့ ရောက်သောအခါ တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။ အောက်ဘက်မှ ဓားပြများသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ ပင့်သက်ရှိုက်လိုက်ကြလေသည်။

“ထွက်ပြေးသွားတာလား...”

အဘိုးအိုသည် လက်နောက်ပစ်ကာ ရပ်လိုက်၏။ သူ၏ ဓားတစ်ချောင်းကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများက အတန်ငယ် ကွေးညွတ်သွားသည်။

“အဲ့လူငယ်လေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူ့ကို ငါ့အတွက် အသုံးချလို့ မရတာ နှမြောစရာပဲ။ ဟွန်း... ထွက်ပြေးသွားပြီဆိုတာ့လည်း ထွက်ပြေးပါစေတော့။ ကောင်လေး... မင်းဘဝတစ်လျှောက် အရှေ့ဘက် တော်ဝင်နယ်မြေကို ခြေထပ်မချရင် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ နောက်တစ်ကြိမ်ကျ မင်း ကံကောင်းတော့မှာ မဟုတ်ဘူး”

“အဘိုး...”

ဓားပြစခန်းတစ်ခုမှနေ၍ လူတစ်ယောက် ပျံတက်လာသည်။ သို့သော် သူသည် မြင့်မားသော ကောင်းကင်ထက်သို့ မတက်ဝံ့ပေ။ သူက တောင်ထွတ်လေးတစ်ခုပေါ်သို့ ပျံသန်းသွားပြီး ဒူးနှစ်ဘက်ထောက်ကာ အော်ပြောလိုက်သည်။

“အဘိုး... နီအာက အရည်အချင်မရှိလို့ ဦလေးကျူးနဲ့ တခြားသူတွေကို သေစေခဲ့ပါတယ်။ အဘိုး နီအာကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုပါတယ်။ အဘိုး နီအာကို သတ်ချင်တယ်ဆိုရင်တောင် နီအာ အထွန့်တက်မှာ မဟုတ်ပါဘူး”

မြောက်ဘက်ဧကရာဇ်သည် တောင်ထွတ်သို့ ငုံ့ကြည့်လိုက်၏။ ဝူနီက တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက်နှာတွင်လည်း ရှုံးနိမ့်ခဲ့သဖြင့် အပြစ်ရှိသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ မြောက်ဘက်ဧကရာဇ်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“နီအာ... မင်းတို့ ညီအစ်ကိုမောင်နှမတွေကြားမှာ မင်းက ဉာဏ်အကောင်းဆုံးပဲ။ ဒါပေမဲ့ မင်းရဲ့ အကြီးမားဆုံး အားနည်ချက်က ဘာလဲဆိုတာ မင်းသိလား”

ဝူနီက ခေါင်းမော့လိုက်ပြီး မြောက်ဘက်ဧကရာဇ်၏ မျက်ဝန်းများကို ကြည့်ကာ ပြောလိုက်သည်။

“အဘိုး ကျွန်တော့်ကို အလင်းပြပေးပါ”

“စိတ်ကြီးဝင်တာပဲ”

မြောက်ဘက်ဧကရာဇ်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မင်းရဲ့ အကြီးမားဆုံး အားနည်းချက်က မင်းရဲ့ စိတ်ကြီးဝင်တတ်တဲ့အကျင့်ပဲ။ မင်းက မင်းကိုယ်မင်း ဝူမျိုးနွယ်ရဲ့ သခင်လေး၊ ထူးကဲတဲ့ ပါရမီရှင်၊ လောကကြီးရဲ့ နံပါတ်(၁) သခင်လေးလို့ တွေးတယ်။ ဒါပေမဲ့ ဒီလောကကြီးက အကြီးကြီးပဲ... ပါရမီရှင်တွေ၊ တောက်ပနေတဲ့ကြယ်ပွင့်တွေ အများကြီးရှိတယ်။ မင်း ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရဘူး။ ရန်သူကို လေးစားရမယ်။ ရန်သူကို လေးစားမှ ဖိနှိပ် အနိုင်ယူနိုင်လိမ့်မယ်။ မင်းက လူအများစုထက် နောက်ခံပိုသာပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ နောက်ခံက အဲ့လောက် အရေးမကြီးဘူး...”

“ဆန်းကြယ်ဧကရာဇ်က နယ်မြေအသေးလေးတစ်ခုက မျိုးနွယ်အသေးလေးတစ်ခုကပဲ။ ဒါပေမဲ့ သူက အထွတ်အထိပ်မှာ ရပ်တည်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် မင်း အပြည့်အဝ တိုးတက်ချင်တယ်ဆိုရင် မင်းရဲ့ နောက်ခံကို မေ့ထားရမယ်။ သမိုင်းမှာ အက္ခရာထင်ကျန်ခဲ့ချင်တဲ့သူတွေ ဒီလောကထဲမှာ မရေမတွက်နိုင်အောင် ရှိတယ်။ မင်း လုံလောက်အောင် မကြိုးစားဘူးဆိုရင် တခြားသူတွေအတွက် နင်းတက်စရာ ကျောက်တုံးတစ်ခု ဖြစ်သွားပြီး နှစ်သောင်းနဲ့ချီအောင် လှောင်ပြောင်စရာတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒီကိစ္စက ဒီအခြေအနေထိအောင် ရောက်နေပြီဆိုတော့ မင်း အခန်းအောင်း ကျင့်ကြံနေတာ ကောင်းလိမ့်မယ်။ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်မှ ပြန်ထွက်လာခဲ့။ မင်းက ကျန်းရီကို အနိုင်မယူနိုင်ဘူးဆိုရင် ဒီဘဝမှာ မြောက်ဘက်ဘုရင် ဒါမှမဟုတ် မြောက်ဘက်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

ဝှစ်...

မြောက်ဘက်ဧကရာဇ်သည် စကားပြောပြီးနောက် ဝူနီကို အလေးအနက် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လူအများစုက မတုံ့ပြန်နိုင်သေးခင်မှာပင် မြောက်ဘက်ဧကရာဇ်မြို့ရှိရာဘက်သို့ အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားပြီး ပျောက်ကွယ်သွားလေသည်။ ဝူမျိုးနွယ်မှ ပညာရှင်များအားလုံးက တစ်ညီတစ်ညာတည်း အော်ပြောလိုက်ကြသည်။

“မြောက်ဘက်ဧကရာဇ်ကို ပို့ဆောင်ပါတယ်”

“နီအာ အဘိုးရဲ့ အမိန့်ကို နာခံပါမယ်”

ဝူနီက အလေးအနက် ဦးညွှတ်လိုက်ပြီး ပြန်ထမရပ်ဘဲ တောင်ထွတ်ပေါ်တွင် အချိန်ကြာမြင့်စွာ ဒူးထောက်နေလိုက်သည်။ တဖြည်းဖြည်းဖြင့် သူ၏မျက်နှာထားက ပြန်တည်ငြိမ်လာသည်။ ဆယ့်ငါးမိနစ်ကြာပြီးမှ သူ ထရပ်လိုက်သည်။ ထို့နောက် သူ အဝေးရှိ ကောင်းကင်ကိုကြည့်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ငါ ဝူနီ ဒီနေ့ ကျိန်ဆိုတယ်။ ဒီဘဝမှာ ငါ မင်းကို မသတ်နိုင်ရင် မြောက်ဘက်ဘုရင်ရာထူးအတွက် ဘယ်တော့မှ ယှဉ်ပြိုင်မှာ မဟုတ်ဘူး”

“ဟာ...”

ပျံသန်းလာသော ဝူမျိုးနွယ်မှ ပညာရှင်များသည် ဝူနီ၏ အော်သံကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြ၏။ ဝူနီက ကျန်းရီကို မသတ်နိုင်လျှင် မြောက်ဘက်ဘုရင်ရာထူးကို မယူဟု ကျိန်ဆိုကာ သူ့ကိုယ်သူ ချောင်ပိတ်နေခြင်းပင်။

***

စေတီတောင်တွင် ဖြစ်ခဲ့သော အဖြစ်အပျက်က သုံးရက်အတွင်းမှာပင် လောကတစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။ ထိုအဖြစ်အပျက်က ကြီးမားပေသည်။ ထို့ကြောင့် ယင်းကို မည်သူမှ မဖုံးကွယ်နိုင်ခဲ့ပေ။ မြောက်ဘက်ဘုရင်၏ တစ်ဝမ်းကွဲညီဝူကျူးအပါအဝင် နတ်ဘုရားတစ်ပိုင်း ငါးပါးက ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ဓားပြသုံးသောင်းထဲမှလည်း သုံးထောင်သာ အသက်ရှင်ခဲ့သည်။ ကျန်းရီသည် ဝူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကိုပင် လိုက်လံသတ်ဖြတ်ခဲ့ပြီး စေတီတောင်တစ်ဝိုက် မိုင်ထောင်ချီအဝန်းအဝိုင်းကို မီးကျွမ်းသွားစေခဲ့သည်။

အရေးအကြီးဆုံးမှာ မြောက်ဘက်ဧကရာဇ်ကိုယ်တိုင် လှုပ်ရှားခဲ့ခြင်းပင်။

အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်ကြီးများ၏ မျိုးနွယ်အကြီးအကဲများသည် ထိုကဲ့သို့သော ကိစ္စများတွင် ဝင်ပါလေ့မရှိပေ။ ယင်းတို့ကို မျိုးနွယ်ခေါင်းဆောင်များကသာ ကိုင်တွယ်ကြသည်။ သူတို့သည် သာမန်အခြေအနေများတွင် ထွက်ပေါ်လာမည်မဟုတ်ဘဲ မျိုးနွယ်၏ သေရေး၊ ရှင်ရေးနှင့် သက်ဆိုင်မှသာ ထွက်ပေါ်လာတတ်ကြသည်။ ကျန်းရီလို အညတရလေးတစ်ယောက်က မြောက်ဘက်ဧကရာဇ်ကို ကိုယ်တိုင်လှုပ်ရှားလာအောင် အမှန်ပင် ဖိအားပေးနိုင်ခဲ့ပေသည်။

ဝူမျိုးနွယ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင် မည်မျှရှိသနည်း။

မည်သူမှ မသိပေ။ အခြားဧကရာဇ်မျိုးနွယ်ရှစ်ခုပင် အကြမ်းဖျင်းအရေအတွက်ကိုသာ သိပေသည်။ သို့သော် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက် သေဆုံးသွားခဲ့သဖြင့် ဝူမျိုးနွယ်၏ အင်အားတွင် သေချာပေါက် အတော်လေး ထိခိုက်သွားမည်ဖြစ်သည်။ သူတို့သည် အနည်းဆုံး ဆယ်စုနှစ်အနည်းငယ်အတွင်း ပြန်နလန်ထူနိုင်ဦးမည် မဟုတ်ပေ။

အတိတ်တွင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ ပဋိပက္ခများ မပြတ်ဖြစ်ခဲ့၏။ မြို့များတွင်လည်း အဆုံးမဲ့သော စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအချိန်တုန်းက နယ်မြေအလယ်တွင် အဓိက မျိုးနွယ်ကြီးနှစ်ခုက စစ်ဖြစ်နေခဲ့သည်။ မြို့ပေါင်းရာနှင့်ချီ သိမ်းပိုက်ခံခဲ့ရသည်။ သို့သော် ထိုစစ်ပွဲထဲတွင် မည်သည့်နတ်ဘုရားတစ်ပိုင်း ပညာရှင်မှ မသေဆုံးခဲ့ပေ။ အရှေ့ဘက် ‌တော်ဝင်နယ်မြေတွင် နတ်ဘုရားတစ်ပိုင်းများ၏ သေဆုံးမှုကို မကြေညာခဲ့ရသည်မှာ နှစ်ပေါင်း ကြာခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ တစ်ချိန်တည်း ငါးပါး သေဆုံးခဲ့သည်။

ထို့ကြောင့် ကျန်းရီ၏ အမည်က ရေပန်းစားလာသည်။

လူအချို့သည် ကျန်းရီကို မည်သည့်အခါတွင်မှ ခွင့်မလွှတ်နိုင်လောက်အောင် အလွန်မုန်းတီးကြသည်။ သို့သော် အချို့ကလည်း ကျန်းရီကို အလွန်အထင်ကြီးကြသည်။ ကျန်းရီက အပြစ်သားကျွန်းသို့ ဝင်ခဲ့သဖြင့် အရှေ့ဘက် တော်ဝင်နယ်မြေရှိ လူဆယ်ယောက်တွင် ရှစ်ယောက်က သူ့ကို အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်အဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။

ကျန်းရီက ဝူနီကို ဖြတ်ကျော်ကာ အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁)ပါရမီရှင်တစ်ယောက် ဖြစ်လာသည်ကိုတော့ ပြောနေရန်ပင် လိုမည်မထင်ပေ။

ကျန်းရီက မည်သို့ လုပ်ခဲ့ခြင်းက အရေးမပါပေ။ သို့သော် သူ လုပ်ခဲ့ပေသည်။ ယင်းက သူ၏စွမ်းဆောင်နိုင်စွမ်းပင်။ ကျင့်ကြံခြင်းအဆင့်များက အရေးမပါပေ။ အကယ်၍ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့်တွင်သာရှိသော သိုင်းသမားတစ်ယောက်က မြောက်ဘက်ဧကရာဇ်ကို သတ်နိုင်မည်ဆိုလျှင်ပင် ယင်းက သူ၏စွမ်းဆောင်နိုင်စွမ်းသာ ဖြစ်လေသည်။

အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများသည် ယခုတွင် ပို၍ပင် မျှော်လင့်လာကြပြီဖြစ်သည်။ မြောက်ဘက်ဧကရာဇ်က လှုပ်ရှားလိုက်ပြီဖြစ်၍ ရလဒ်တစ်ခု မထွက်ဘဲ ပြန်သွားမည်မဟုတ်ပေ။ နယ်မြေ၏ စွမ်းအားအကြီးဆုံး ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သူက အပြစ်သား ကျန်းရီကို သတ်နိုင်မည်လော။

မရေမတွက်နိုင်သော လူများက မျှော်လင့်နေကြပေသည်။

***

All Chapters