ကိစ္စအစုလိုက်အပုံလိုက်
Vol. 67 Ch. 926
စစ်ဆေးမေးမြန်းခြင်းအချို့ပြုပြီးနောက် ထန်ရှုက အကြောင်းရင်းကို တွေ့ရှိခဲ့၏။ ဤတစ္ဆေဗိုလ်ချုပ်လေးယောက်က အပလောကတွင် ရှေးဟောင်းလျှို့ဝှက်ပညာရပ်ကျမ်းစာတစ်ခုကို ရရှိခဲ့ပြီး သူတို့ကမ္ဘာနှင့်သေမျိုးကမ္ဘာကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအား ဖန်တီးရန်နည်းလမ်းတစ်ခုအား သင်ယူခဲ့သည်။ ဥမင်လိုဏ်ခေါင်း၏အဆုံးက လျန်မိသားစုနေရာ၌ တိုက်တိုက်ဆိုင်ဆိုင်အဆုံးသတ်ခဲ့သည်။
"ဒါဆို အပြင်ဘက်မှာရှိတဲ့အပလောကမဟာအစီအရင်နဲ့အထဲမှာရှိတဲ့မရဏကမ္ဘာမဟာအစီအရင်တွေကို မင်းတို့လေးယောက် တပ်ဆင်ခဲ့တာပေါ့၊ ပြီးတော့ မင်းတို့က အပလောကကျင့်ကြံခြင်းပညာရပ်ကို လျန်တွေဆီ ပေးခဲ့တာပေါ့၊ ဟုတ်လား"ထန်ရှုက လေးနက်စွာ မေး၏။
"ဟုတ်ပါတယ်၊ ငါတို့ရဲ့အသက်ကို ချမ်းသာပေးပါ၊ အင်မော်တယ်အရှင်"
တစ္ဆေဗိုလ်ချုပ်နှစ်ယောက်က တုန်တုန်ရီရီနှင့် ပြန်ဖြေ၏။
ထန်ရှုက ခေါင်းခါလိုက်သည်။ သူက ကိစ္စရင်းမြစ်အား ရှင်းရှင်းလင်းလင်း ရှာဖွေဖော်ထုတ်ပြီးဖြစ်သောကြောင့် ထပ်ဂရုမစိုက်တော့ပေ။ သူက ဂူယန်အာအား လှည့်ကြည့်ကာ ပြောလိုက်သည်"ဒီနေရာက အားလုံးကို ရှင်းလိုက်....."
"ကောင်းပါပြီ"
ဂူယန်အာ၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့ လင်းလက်နေသည်။ သူမ၏စိတ်က ရွေ့လျားလှုပ်ရှားသွားပြီး တစ္ဆေဗိုလ်ချုပ်နှစ်ယောက်နှင့်လျန်မိသားစုဘိုးဘေးလေးဆယ့်ကိုးယောက်အား ချက်ချင်းသတ်ဖြတ်ခဲ့သည်။ တစ္ဆေဗိုလ်ချုပ်ဖြစ်စေ၊ လျန်မိသားစုဘိုးဘေးဖြစ်စေ၊ သူတို့အားလုံးက သူမမျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်၏။ အတိတ်တွင် သူမက လူမရေမတွက်များစွာအား သတ်ဖြတ်ခဲ့သည်။ ဘာတစ်ခုမှ သူမအား လက်မတွန့်စေနိုင်ပေ။
"လျန်မိသားစုအဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့စိတ်ဝိညာဉ်ကို ရှာဖွေ"ထန်ရှုက ပြော၏"အပလောကရဲ့ကျင့်ကြံခြင်းအတတ်ကိုလေ့ကျင်ထားတဲ့ဘယ်သူကိုမဆို ရှင်းပစ်။ ဒီမိသားစုလက်အောက်မှာရှိတဲ့သိုင်းပညာရှင်တွေလဲ အလားတူပဲ"
"အားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုရော ဘယ်လိုလုပ်မလဲ"ဂူယန်အာက မေး၏။
"လျန်တွေလုပ်ဆောင်ခဲ့တဲ့မကောင်းမှုတွေအားလုံးမှာ ပါဝင်ဖို့ စွမ်းရည်မရှိသူတွေကို ချမ်းသာပေးလိုက်"ထန်ရှုက စိတ်မဝင်စားစွာ ပြန်ဖြေ၏"မှတ်ထားပါ၊ အပြစ်မရှိသူတွေကို မသတ်ရဘူးဆိုပေမယ့် လက်မှာသွေးစွန်းနေတဲ့အပြစ်သမားတွေကိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နဲ့"
မိနစ်အနည်းငယ်အတွင်း၌ လျန်မိသားစုအိမ်ရာရှိသိုင်းပညာကျင့်ကြံသူအားလုံးက သူတို့၏ဖန်တီးရှင်နှင့် တွေ့ဆုံခဲ့ကြသည်...စုစုပေါင်းသိုင်းပညာရှင်ဒါဇင်ကျော်ရှိ၏။ ဂူယန်အာက သူတို့၏စိတ်ဝိညာဉ်အား ရှာဖွေကာ အခြားကလန်သားများ၏အနေအထားအား ရှာဖွေသည်။ အဆုံးတွင် တိုင်းပြည်၏နေရာတိုင်းရှိအခြားကလန်သားဆယ်ယောက်အား ဘယ်သူမှ သတိပြုမိခြင်းမရှိဘဲ သတ်ဖြတ်ခဲ့သည်။
ထို့ပြင် ဂူယန်အာက ယဇ်ပလ္လင်များနှင့်သွေးကန်များအပါအဝင် အပလောကမဟာအစီအရင်နှင့်မရဏကမ္ဘာမဟာအစီအရင်တို့အား ရှင်းလင်းသန့်စင်ခဲ့သည်။ သူမက ဥမင်လိုဏ်ခေါင်းကိုလည်း ဖျက်ဆီးပစ်ခဲ့၏။
"ကောင်းပြီ။ ပြန်သွားကြစို့" ဂူယန်အာက ပြဿနာအားလုံးကို ကိုင်တွယ်ပြီးနောက် ထန်ရှုက လေးလံစွာ ပြောလိုက်သည်။
လျှပ်တစ်ပြက်အတွင်း ထန်ရှု၊ ဂူယန်အာနှင့် လျန်မိသားစုအိမ်ရာအနီးဝန်းကျင်တွင်စောင့်ဆိုင်းနေသောမြောင်ဝမ်ထန်နှင့်မိုအားဝူတို့အဖွဲ့အားလုံး မြောင်မိသားစုအိမ်ရာသို့ ပြန်ရောက်လာခဲ့သည်။ သူတို့က မြောင်ဝမ်ထန်ပိုင်ဆိုင်သည့်စံအိမ်၏ဧည့်ခန်းထဲသို့ အတိအကျရောက်ရှိလာခဲ့၏။
"အားလုံးပြီးသွားပြီလား၊ ညီအကိုထန်"
လူတိုင်း ပြန်ရောက်လာသည်ကို တွေ့ပြီး သတင်းအား စိုးရိမ်တကြီးစောင့်မျှော်နေသောမြောင်ဝမ်ထန်က ချက်ချင်းမေးလိုက်၏။
"အားလုံးဖြေရှင်းပြီးသွားပြီ" ထန်ရှုက ပြော၏"လျန်တွေအားလုံးကို အမြစ်ဖြတ်သုတ်သင်ပြီးပြီ။ ဒါပေမယ့် မင်း ဖြေရှင်းစရာကိစ္စအချို့ရှိတယ်"
"ကိစ္စအချို့လုပ်ရတာ ငါ့အတွက် ပြဿနာတစ်ခုနဟုတ်ပါဘူး၊ ဒါပေမယ့် အားလုံးကို ရှင်းလင်းပြီးပြီလို့ မင်း ပြောခဲ့တယ်မလား"မြောင်ဝမ်ထန်က မယုံကြည်နိုင်ဟန်မျက်နှာနှင့် မေးလိုက်သည်"ဒါကို မင်း ဘယ်လိုလုပ်ခဲ့တာလဲ။ မင်းတို့ သူတို့ရဲ့အိမ်ရာကို မဝင်ခဲ့ဘူးလား"
"ညီအကိုမြောင်၊ အပလောကရဲ့ကျင့်ကြံခြင်းပညာရပ်ကိုလေ့ကျင့်ခဲ့တဲ့လျန်တွေကို ငါတို့ သတ်ပြီးပြီ"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်၏"သူတို့လက်အောက်မှာရှိတဲ့သိုင်းပညာရှင်တွေအားလုံးလဲပါတယ်။ အနာဂတ်ကျရင် လျှို့ဝှက်ဂိုဏ်းမှာ လျန်မိသားစုဆိုတာ မရှိတော့ဘူး။ အသက်ရှင်ကျန်ခဲ့တဲ့အဖွဲ့ဝင်တွေအားလုံးက သူ့အလိုလို ကျဆင်းသွားလိမ့်မယ်"
ထိတ်လန့်တုန်လှုပ်သောမျက်နှာနှင့်အတူ မြောင်ဝမ်ထန်က ထန်ရှုနှင့်ဂူယန်အာတို့အား တစ်ချက်ကြည့်၏၊ အထူးသဖြင့် ဂူယန်အာကိုပင်။ သူမဘယ်လောက်အားကောင်းသလဲဆိုသည်ကို သိပြီးနောက် မကြုံစဖူးတုန်လှုပ်မှုတစ်ခုက သူ့အား ရိုက်ခတ်လာသည်။ အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူက ပြောလိုက်သည်"မင်း ငါ့ကို ဖြေရှင်းစေချင်တာက ဘာလဲ၊ ညီအကိုထန်"
"ကောင်းပြီ၊ မြောင်မိသားစုက ကြားဝင်ခံပေးရမယ်။ မင်းတို့က လျန်တွေကို ဖယ်ရှားခဲ့တဲ့သတင်းကို ဖြန့်ရမယ်"ထန်ရှုက ပြော၏"အကျိုးအမြတ်လုံးဝမရှိတာတော့မဟုတ်ဘူး။ သူတို့ရဲ့စက်ရုံတွေအားလုံးက မင်းတို့ဟာ ဖြစ်လာလိမ့်မယ်၊ အသက်ရှင်ကျန်တဲ့အဖွဲ့ဝင်တွေ ပိုင်ဆိုင်ထားတဲ့အရာတွေကလွဲပြီးပေါ့"
"အားဝူနဲ့သူ့ညီအကိုတွေကို ငါ့ကို ရက်အနည်းငယ်ငှားပေးနိုင်မလား" မြောင်ဝမ်ထန်က ချီတုံချတုံနှင့် တောင်းဆိုလာသည်"လျန်တွေက လျှို့ဝှက်ဂိုဏ်းကပဲ၊ အခြားမိသားစုအချို့က သူတို့နဲ့ဆက်ဆံရေးကောင်းရှိတယ်။ ဒါကို အကြောင်းပြပြီး သူတို့က ငါ့မိသားစုကို သေချာပေါက် တိုက်ခိုက်လာလိမ့်မယ်၊ ဒါကြောင့် ငါ့ကို ကူညီဖို့ ကျွမ်းကျင်သူအချို့ လိုအပ်တယ်"
ထန်ရှုက ခွင့်ပြုကြောင်း ခေါင်းညိတ်ပြ၏။ ထို့နောက် သူက မိုအားဝူတို့အား ကြည့်လိုက်၏"မင်းတို့ကောင်တွေ နင်မြို့မှာ နေပြီး အကိုမြောင်ရဲ့အစီအစဉ်တွေမှာ ကူညီပေးလိုက်။ လျန်မိသားစုနဲ့သက်ဆိုင်တဲ့ပြဿနာတွေအားလုံးပြီးတဲ့အထိ ဒီနေရာမှာ နေခဲ့။ ပြီးရင် ရှန်းဟိုင်ကို ပြန်လာပြီး ငါ့ကို လာရှာပါ"
"နားလည်ပါပြီ"မိုအားဝူတို့အဖွဲ့က ရိုသေလေးစားစွာ ခေါင်းညိတ်ပြ၏။
ရုတ်တရက် ရွှယ်ယုက ကြားဖြတ်ပြောသည်"ထန်ရှု၊ ငါ ကျင်းမန်ကျွန်းကို သွားချင်တယ်"
ထန်ရှုက ခဏတုံ့ဆိုင်းသွား၏။ ထို့နောက် သူက ပြုံးနေသောဂူယန်အာအား ကြည့်ကာ ပြောလိုက်၏"ယန်အာ၊ ရွှယ်ယုက ကျင်းမန်ကျွန်းကို သွားချင်တယ်တဲ့၊ ဒါကြောင့် မင်း ပြန်ရင် သူမကိုပါ အတူခေါ်သွား။ သူမက တာအိုဆရာသခင်ကွိုက်ရဲ့အမွေကို ဆက်ခံပြီး ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တိုးလာပေမယ့် သူမရဲ့ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်မရှိသေးဘူး။ သူမကို ထိန်းချုပ်နိုင်အောင် ကူညီပေးပါ။ ပြီးတော့ မင်း သူမရဲ့စိတ်အခြေအနေကို တိုးတက်အောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ"
"စိုးရိမ်စရာမလိုပါဘူး၊ ဘာလုပ်ရမလဲ ငါ သိတယ်" ဂူယန်အာက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
****
အချိန်အနည်းငယ်ကြာပြီးနောက် ဂူယန်အာက သူ့အား ပြန်ပို့ပြီး ထန်ရှုက ရှန်းဟိုင်သို့ ပြန်ရောက်လာ၏။ သို့သော် အမျိုးသမီးနှစ်ယောက်က အကြာကြီးမနေဘဲ ကျင်းမန်ကျွန်းသို့ တိုက်ရိုက်ပြန်သွားခဲ့သည်။
ကြယ်ပြာအိမ်ရာ။
ထန်ရှုက ရေချိုးပြီးနောက် မကြာသေးခင်က ဖြစ်ပျက်သမျှ အရာအားလုံးအား ပြန်စဉ်းစားနေသည်။ သို့သော် သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ခါးသက်သက်အပြုံးတစ်ခုက ရှိနေ၏။ သူက ကြယ်ခြောက်ပွင့်အစီအရင်အား လေ့လာရန် ကြိုးစားအားထုတ်ခဲ့ပြီး ပြဿနာအမျိုးမျိုးအား ရင်ဆိုင်ဖြေရှင်းကာ အဆုံးတွင် အင်မော်တယ်နေအိမ်အား ဖွင့်လှစ်နိုင်ခဲ့သော်လည်း ရလဒ်က အခြားသူအတွက် ဖြစ်သွားခဲ့သည်- သူ၏အဆင့်အတန်းနှင့်တည်နေရာကိုပင် ထုတ်ဖော်ခဲ့ရ၏။
"ဟူး၊ ထားလိုက်ပါတော့လေ။ ပြီးတော့ အကျိုးအမြတ်ကို အပြင်လူတွေ ရသွားတာ မဟုတ်ဘူးလေ"
သူက အိပ်ရာပေါ်တွင် လဲရင်း သက်ပြင်းချ၏။ ရုတ်တရက် သူ၏မိုဘိုင်းဖုန်းအား နေရာလပ်လက်စွပ်ထဲတွင် ထည့်ထားသည်ကို အမှတ်ရလိုက်သည်။ သူက မစစ်ဆေးရသည်မှာ ရက်များစွာ ရှိချေပြီ၊ သူနှင့်စကားပြောရန်လိုအပ်သည့်ကိစ္စရပ်များ ဘယ်လောက်ထိရှိနေသလဲကို မသိနိုင်ပေ။ သူက ဟန်းဆက်အား ထုတ်လိုက်သော်လည်း ဘက်ထရီကုန်ကာ ပါဝါအလိုအလျောက်ပိတ်နေသည်ကို တွေ့လိုက်ရသည်။
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် အားအပြည့်သွင်းပြီး ဖွင့်လိုက်ရာ အဝင်စာများစွာက သူ့အား ကြိုဆိုလာသည်။ ဖုန်းအခေါ်များက အမြောက်အများပင်။ အများစုက ဖုန်းနံပါတ်နှစ်ခုမှ လာ၏။ တစ်ခုက သူ ဘယ်သောအခါမှ မမျှော်လင့်ထားသည့် ကျန်းရှင်းယွဲ့ထံမှ ဖြစ်ပြီး အခြားတစ်ခုအား မရင်းနှီးပေ။
သို့သော် ညနက်နေပြီဖြစ်သောကြောင့် သူက ပြန်ခေါ်ရန် အလျင်မလိုပေ။ လက်ရှိသူလုပ်သင့်သည့်အရေးကြီးဆုံးအရာက အနားယူရန်ပင်၊ သူ မအိပ်ရသေးသည်မှာ လေးရက်ကျော်ပင် ရှိသည်။
မနက်ရောက်လာပြီး ဖုန်းအသံက သူ့အား ခေါ်နိုးလိုက်၏။ မျက်လုံးဖွင့်ကာ ဖုန်းကိုင်လိုက်ရာ ကျန်းရှင်းယွဲ့ထံမှ ဖြစ်သည်ကို မြင်လိုက်ရသည်။
"ဒါ ထူးဆန်းတယ်။ သူမက ငါ့ကို အဆက်မပြတ်ခေါ်နေတာ၊ သူမ ဘာများဖြစ်နေလို့လဲ"
စိတ်ထဲရှိအတွေးများနှင့်အတူ ထန်ရှုက ပြောလိုက်၏"ဟယ်လို၊ ရွှင်းယွဲ့၊ ငါပါ၊ ထန်ရှုပါ"
ကျန်းရွှင်းယွဲ့၏မကျေမနပ်အသံက ဖုန်းမှ ထွက်လာသည်"နင် နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့၊ ထန်ရှု။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ငါ နင့်ကို ခေါ်တာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့ဘူး၊ နင် ဘယ်တော့မှ မကိုင်ဘူး။ နင် အခု ဘယ်မှာလဲ။ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုရှိတယ်၊ ဒါကြောင့် ငါ နင်နဲ့ တွေ့ချင်တယ်"
"ငါ အခု ကြယ်ပြာအိမ်ရာက အိမ်မှာ။ ဘာ အရေးကြီးတာလဲ"ထန်ရှုက မေး၏။
ခဏတိတ်သွားပြီးနောက် သူမက ပြန်ဖြေလာသည်"ငါနဲ့ပတ်သက်ပြီး နင့်ကို ရှာတာ မဟုတ်ဘူး။ အဲဒါ ငါ့အစ်မကြောင့်ပဲ။ နင် သူမကို တွေ့နိုင်မလား၊ ထန်ရှု။ ငါ....."
"ဟမ်"ထန်ရှုက ခေါင်းရှုပ်သွားကာ ပြန်မေးလိုက်၏"ရှင်းယာက ဘာဖြစ်လို့လဲ"
"ချင်းချန်တောင်က ပြန်လာပြီးကတည်းက သူမရဲ့စိတ်က မမှန်ချင်တော့ဘူး"ကျန်းရှင်းယွဲ့က ဖြေ၏"အထူးသဖြင့် မကြာသေးမီကပေါ့။ သူမက ကမ္ဘာအနှံ့သွားပြီး လုံးဝမနားဘဲ အလုပ်တွေအမြောက်အများလက်ခံခဲ့တယ်။ ငါ သူမကို လွန်ခဲ့တဲ့နှစ်ရက်က တွေ့ခဲ့တယ်.....အဲမှာ ငါ သိလိုက်ရတယ်....သူမက ကိုယ်အလေးချိန်တော်တော်လေး လျော့ကျနေတယ်.....ဆယ်ပေါင်လောက် ရှိမယ်...."
"သူမက ...."
ထန်ရှုက မှတ်ချက်ပေးချင်သော်လည်း သူက အခြားတစ်ခုအား ပြောလိုက်၏"မင်းရဲ့အစ်မက ငါနဲ့အတူရှိဖို့ မဖြစ်နိုင်ဘူးဆိုတာ မင်းလဲ သိပါတယ်၊ ရှင်းယွဲ့။ ငါ သူမကို ဆက်သွယ်ခဲ့ရင် သူမကို ပိုနိုးဆွမိလိမ့်မယ်၊ သူမကို နည်းနည်းလေးတောင် ကူညီနိုင်မှာ မဟုတ်လောက်ဘူး။ ဒီသံယောဇဉ်အရှုပ်အထွေးက ရုန်းထွက်နိုင်ဖို့ အဆက်အသွယ်အားလုံးဖြတ်တာက အကောင်းဆုံးပဲလို့ ငါ ထင်တယ်"
"ဆက်ဆံရေးကို အမြန်ဖြတ်တာက အကောင်းဆုံးဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် သူမကိုယ်သူမ အမြဲတမ်း နှိပ်စက်နေမှာကို ငါ စိတ်ပူတယ်"ကျန်းရှင်းယွဲ့က ပြန်ဖြေ၏"ထန်ရှု၊ သူမက ငါ့ဘဝမှာ အရေးကြီးဆုံးပဲ။ သူမကို လစ်လျူရှုဖို့၊ သူမကို ဘေးအန္တရာယ်ကျရောက်စေဖို့ ငါ ဘယ်လိုမှ မလုပ်နိုင်ဘူး။ မင်းနဲ့ သူမ ရှိတာက....ကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုမဟုတ်ဘူးဆိုတာ....ငါ သိရင်တောင်မှ...."
ထန်ရှုက တိတ်ဆိတ်ငြိမ်သက်သွား၏။
သူမနှင့်ထိုက်တန်သည့်အနာဂတ်တစ်ခုအား ကျန်းရှင်းယာအား သူက မပေးနိုင်သောကြောင့် ခံစားချက်များအားဖြစ်ပေါ်စေသည့်အရှုပ်အထွေးအား ရှင်းရန် အဆက်အသွယ်အားလုံးဖြတ်တောက်ခြင်းက အကောင်းဆုံးဖြစ်သည်။ သို့သော် ကျန်းရှင်းယာက ဒီလောက်ခေါင်းမာပြီး သူ့အား အကြီးအကျယ်ခေါင်းကိုက်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် ကျန်းရှင်းယွဲ့လည်း မှန်ပေသည်။ ကျန်းရှင်းယာသာ ဘေးအန္တရာယ်ကျရောက်သွားပါက သူလည်း အပြစ်ရှိသလို အမြဲခံစားနေရမည်မှာ အမှန်ပင်။
"သူမ အခု ဘယ်မှာလဲ" စဉ်းစားပြီးနောက် ထန်ရှုက ခါးသီးစွာ ပြုံးလျက် မေး၏။
"သူမ မနေ့က ထိုင်းကို သွားတယ်၊ ငါ သူမကို မတားနိုင်ခဲ့ဘူး" ကျန်းရှင်းယွဲ့က ပြန်ဖြေ၏"ခဏနေရင် ငါ နင့်ကို လိပ်စာ ပို့ပေးလိုက်မယ်"
"ကောင်းပြီ"ထန်ရှုက ခေါင်းညိတ်ကာ ဖုန်းချလိုက်၏။
ရုတ်တရက် အခြားမရင်းနှီးသောဖုန်းနံပါတ်မှဖုန်းခေါ်ဆိုမှုဒါဇင်ကျော်ရှိသည်ကို သူ အမှတ်ရလိုက်သည်။ ထို့နောက် သူက နံပါတ်နှိပ်ကာ ပြန်ခေါ်လိုက်၏။
"ဟယ်လို...သူဌေးထန်"စိတ်လှုပ်ရှားသောအသံတစ်ခုက ဖုန်းထဲမှ ထွက်လာ၏။
"ငါက ထန်ရှုပါ၊ မင်းကရော"ထန်ရှုက ပြန်မေး၏။
"ငါက ယန်ဖမ်းချောင်လေ....မင်းကို ကျောက်စိမ်းမျောက်ရောင်းခဲ့တဲ့တစ်ယောက်လေ။ ငါ့ရည်းစားယွဲ့လီရဲ့အမေကို သွားခေါ်ဖို့ မင်း တစ်ယောက်ယောက် မလွှတ်ခဲ့ဘူးလား။ ငါတို့ ရှန်ဟိုင်မှာ ရှိနေပြီ၊ ဒါပေမယ့် မင်းကို ဘယ်လိုမှ ဆက်သွယ်လို့မရခဲ့ဘူး"
ဒါက ယန်ဖမ်းချောင်၏အသံပင်။
ထန်ရှုက ဟန်လုပ်ကာ ရယ်လိုက်သည်။ ထို့နောက် သူက ပြော၏"ငါ တကယ် တောင်းပန်ပါတယ်။ မကြာသေးခင်က တစ်ခုခု ဖြစ်ပျက်ခဲ့လို့ ငါ အဲဒါကို မေ့သွားတာ။ ကောင်းပြီ၊ မင်း အခု ဘယ်နေရာမှာလဲ။ ငါ နောက်ကျရင် မင်းဆီ လာမယ်"
"ငါတို့က သုခဘုံအိမ်ရာမှာ"ယန်ဖမ်းချောင်က ဖြေလာ၏။
"ငါ့ကို အဲမှာ စောင့်နေ၊ ငါ တစ်နာရီအတွင်း အရောက်လာမယ်"
အင်မော်တယ်နေအိမ်ကို ဖွင့်ပြီးနောက် သူ့အနေနှင့် ဂရုစိုက်စရာကိစ္စအများကြီးမရှိတော့ဟု ထန်ရှုက ထင်နေသည်။ သို့သော် သူဖြေရှင်းရမည့်ကိစ္စများက တစ်ခုပြီးတစ်ခု ရောက်လာလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။ ဒါက မမြင်နိုင်သောလက်တစ်စုံက သူ့အား အရှေ့သို့ တွန်းထုတ်နေသည်နှင့် တူ၏။
ကျန်းရှင်းယာ၏ပြဿနာ၊ ယန်ဖမ်းချောင်၏အနာဂတ်ယောက္ခမအား ကုသခြင်း၊ နဂါးကိုးကောင်ကျွန်းသို့ သွားရန် ပြင်ဆင်ခြင်း၊ ကျောက်စိမ်းဝက်နှင့်ပတ်သက်သောကိစ္စ.......
ကိစ္စများက အစုလိုက်အပုံလိုက်ပင်။
နဂါးကိုးကောင်းကျွန်အား အမှတ်ရချိန်တွင် သူက လုံကျန်းယုအား ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ထို့နောက် ထိုနေရာရှိဆောက်လုပ်ရေးစီမံကိန်းက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး လဝက်အတွင်း ပြီးဆုံးရန် ခန့်မှန်းထားကြောင်း သူ သိထားသည်။ သို့သော် အလုပ်အား အဆုံးသတ်ရန် သူ့အား လိုအပ်၏။
"ဟေး၊ ထန်ရှု။ ဒီနေရာမှာရှိတဲ့ကိစ္စအချို့လုပ်ဖို့ လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ ငါ ကြယ်တာရာမြို့ကို ပြန်လာတာ။ တစ်ပတ်အတွင်း ငါ နဂါးကိုးကောင်းကျွန်းကို ပြန်သွားမယ်၊ မင်း ဟိုကို ဘယ်အချိန်လာမှာလဲ" နောက်ဆုံးတွင် လုံကျန့်ယုက သူ့အား မေးလာသည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြော၏"နောက်တစ်ပတ်ခန့်ကျရင်။ ဒါပေမယ့် အခြားနေရာကနေ နဂါးကိုးကောင်းကျွန်းကို ငါ လာမှာ။ ဒါနဲ့ မင်း နဂါးကိုးကောင်းကျွန်းကို ပြန်တဲ့အခါ ဟောင်ကောင်မှာ တစ်ချက်ရပ်ပြီး ငါ့ကို ကူညီပေးလို့ရမလား။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းကို သွားပြီး ဟောင်လဲ့ကို သွားရှာ။ သူမကို ကျောက်စိမ်းအချို့ စီစဉ်ပေးဖို့ ပြောပြီး ဟိုကို မင်းနဲ့အတူ ယူသွားပေး"
"ကောင်းပြီ၊ ရတယ်"လုံကျန့်ယုက ကတိပေးပြီးနောက် ဖုန်းချလိုက်၏။
***