← Chapters

ငါ့သူဌေးက တကယ်သန်မာတယ်

Vol. 67 Ch. 928

ငါ့သူဌေးက တကယ်သန်မာတယ်

Vol. 67 Ch. 928

ထန်ရှုအမြဲတမ်းလက်ကိုင်ထားသည့် ကိုယ်ပိုင်စည်းမျဉ်းတစ်ခုရှိသည်။ သူ့အား အရင်မတိုက်ခိုက်ပါက သူက စတင်တိုက်ခိုက်မည်မဟုတ်ပေ။ ယန်ယန်လိုအရေးမပါ‌သောလူတစ်ယောက်အား ဂရုစိုက်ရမှာ သူက ပျင်းလွန်းသော်လည်း ဤအကောင်က သူ့အား တိုက်ရိုက်တိုက်ခိုက်ရဲခဲ့သည်။

"ထွက်သွားစမ်း"

ပေါ့ပါးသောလက်သီးတစ်ချက်နှင့်အတူ သူက ယန်ယန်၏လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်သည်။ ယန်ယန်၏အော်ညည်းသံနှင့်ယှဉ်တွဲလျက် အရိုးကျိုးသံကို ကြားရ၏။ သူ့လက်မောင်းတစ်ခုလုံး ပျက်ဆီးသွား၏။ သူ့ခန္ဓာကိုယ်က အနောက်သို့ လွင့်ထွက်သွားပြီး ခုနှစ်မီတာကျော်အကွာရှိကွန်ကရစ်လမ်းပေါ်သို့ ကျသွားတော့သည်။

ကြောက်ရွံ့သောအကြည့်နှင့်အတူ ဝမ့်ဝေ့၏မျက်ခုံးများက ကျုံ့သွား၏။ သူက ယန်ယန်၏ခွန်အားကို သိသည်၊ ထိုအချက်၌ သူ့ကိုယ်တိုင်က အများကြီးနိမ့်ကျသည်ကို ဝန်ခံရမည်။ သူတို့နှစ်ယောက်ကြားလက်သီးချင်းထိပ်တိုက်ရင်ဆိုင်ရာ၌ ယန်ယန်က မရှုမလှ၊ ချက်ချင်းလက်ငင်း ရှုံးနိမ့်သွားခဲ့ရသည်။

ကြောက်ရွံ့မှုက သူ့နှလုံးသားထဲ၌ မွေးဖွားလာရင်း သူက ယန်ယန်ဘေးနားသို့ အပြေးသွားကာ စိုးရိမ်တကြီး မေးလိုက်၏"မင်း အဆင်ပြေရဲ့လား"

သူက နေ့ခင်းကြောင်တောင် သရဲတစ်ကောင်အား မြင်လိုက်ရသည့်အလား ယန်ယန်က ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်၏။ သူကိုယ်တိုင်က အတော်လေးပြောင်မြောက်သည်၊ သူက သိုင်းဆရာကြီးများအား မယှဉ်နိုင်သော်လည်း သာမန်သိုင်းပညာကျွမ်းကျင်သူများက သူ့ပြိုင်ဘက်မဟုတ်ပေ။

ပြီးတော့.....သူက ဒီလို အနိုင်ယူခံခဲ့ရတာလား.....

ထန်ရှုက သူ့အား အထင်အမြင်သေးစွာ ကြည့်လျက် စိတ်မပါလက်မပါနှင့် ပြော၏"မနှစ်က အမာကျားကို သတ်တုန်းက ငါ့ရဲ့ခွန်အားအပြည့်ကိုတောင် မသုံးခဲ့ရဘူး။ မင်းကတော့ ငါ့ခွန်အားတစ်ရာခိုင်နှုန်းတောင် မထုတ်စေနိုင်တာ သနားစရာပဲ။ မင်းလို ဘာမဟုတ်တဲ့ကောင်တွေကို ဂရုစိုက်ရတာ ငါ ပျင်းတယ်။ မင်းက ဒီလောက် ကမူးရူးထိုးနိုင်မယ်လို့ ငါ မထင်ထားဘူး"

အမာကျားလား။

ယန်ယန်က အံ့ဩတုန်လှုပ်သွား၏။ ရုတ်တရက် သူက တစ်ခုခုအား အမှတ်ရလိုက်သည်၊ သူ့လက်သီးနှင့်လက်မောင်းရှိနာကျင်မှုကို ဖိနှိပ်လျက် သူက မြေပြင်မှ တွားသွားထကာ ကမန်းကတန်း ပြော၏"မင်းက အမာကျားကို သတ်ခဲ့တဲ့သူလား။ ဒါ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ သူ့ကို သတ်ခဲ့တာက ပေကျင်းရဲ့ထန်....."

ဤအချက်၌ သူ့အမူအရာက အေးခဲသွားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွားသည်.....

တိုင်းပြည်ရှိရှေးဟောင်းသိုင်းကလန်များထဲတွင် ကြောက်စရာကောင်းသောအမာကျားအား မသိသူဟူ၍ မရှိပေ။ အမာကျားက သိုင်းပညာရှင်တစ်ယောက်မဟုတ်တော့ဘဲ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ကောဟဟာလတစ်ခုရှိသည်။ သို့သော် ထိုသက်ရှည်အမာကျားက ပေကျင်း၌ အသတ်ခံခဲ့ရသည်ဟု ကောလဟာလပျံ့နှံ့နေလျက်ရှိသည်။

ပေကျင်းရဲ့ထန်မိသားစုပဲ.....

လွန်ခဲ့သောအခိုက်အတန့်က ယန်ယန်က အမှတ်မရခဲ့ပေ၊ ထို့ကြောင့် မြို့တော်ရှိ ထိုမိသားများအား သူက ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သို့သော် အမာကျားအသတ်ခံရသည့်အချက်အား အမှတ်ရလိုက်သောအခါတွင် သူက အေးခဲသွားတော့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲမြစ်ထဲသို့ ကျရောက်သွားသလိုပင်။ တကယ်တော့ မည်သည်မိသားစုနှင့်မဆို တိုက်ခိုက်ရဲသည့် ရှေးဟောင်းသိုင်းကလန်များက ပေကျင်း၏ထန်မိသားစုအား ရှောင်ရှားကြသည်။

သူ့အဖေ သူ့အား ပြောခဲ့သည်ကို သူ အမှတ်ရနေသေးသည်:

"ငါ ထင်တာ မှန်ရင် ပေကျင်းရဲ့ထန်မိသားစုမှာ အရမ်းအားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ရှိရမယ်၊ ဒီလူက တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်တယ်။ မဟုတ်ရင်တောင် သူ့သိုင်းပညာကျွမ်းကျင်မှုက အရမ်းကြောက်စရာကောင်းတဲ့အဆင့်တစ်ခုမှာ ရှိနေပြီ။ ဒီလူက ငါတို့မိသားစုကို အမြစ်ပြတ်သုတ်သင်နိုင်လောက်တယ်"

သူ့အဖေပြောခဲ့သည့်ကျွမ်းကျင်သူက သူ့အရှေရှိဤ၂၁နှစ်လူငယ်ဖြစ်မည်ဟု ယန်ယန်က မထင်ထားခဲ့ပေ။

သို့သော် ဒါတွေအားလုံးအား ဝမ့်ဝေ့က မသိ။ သူ့အကို ဆိုးဆိုးဝါးဝါးအရိုက်ခံရသည်ကိုသာ သူမြင်၏။ သူက ထန်ရှု၏ပြိုင်ဘက်မဟုတ်သည်ကို သိသော်လည်း ဒေါသမျက်နှာနှင့် စိုက်ကြည့်လျက် ခြိမ်းခြောက်လိုက်သေးသည်"မိတ်ဆွေ၊ မင်းက မကြမ်းတမ်းလွန်းဘူးလား။ မင်းက သူ့လက်မောင်းကိုတောင် ဖျက်ဆီးခဲ့တယ်။ ဒါက သိုင်းပညာရှင်တစ်ယောက်အတွက် ဘာဆိုလိုတယ်ဆိုတာ မင်း သိလား"

"ဟမ့်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ငါက သာမန်လူတစ်ယောက်သာဖြစ်ပြီး ငါကိုယ်၌က မသန်မာနေရင် သူ့လက်သီးက ငါ့အသက်တစ်ဝက်ကို နှုတ်ယူသွားနေလောက်ပြီ။ ငါက သူ့လက်မောင်းကိုပဲ ချိုးခဲ့တာ၊ ဒါက အတော်လေးညှာတာထားနေပြီ"

"ဒါက....."

အဖြေအား ဝမ့်ဝေ့က ပြန်မချေပနိုင်ပေ။ သူက ယန်ယန်၏ခွန်အားအား ကောင်းကောင်းသိသည်၊ ထန်ရှုပြောတာ မှန်သည်ကို သိသည်။ ယန်ယန်၏တိုက်ခိုက်မှုက ဒေါသအပြည့်နှင့် လုံးဝသနားညှာတာခြင်းအလျဉ်းမရှိပေ။

နှစ်ယောက်လုံးအား စက်ဆုပ်စွာ ကြည့်လျက် ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏"ဒီ‌နေရာက ထွက်သွားကြစမ်း။ ငါ့အရှေ့မှာ မင်းတို့ရဲ့မဖြစ်စလောက်ကွန်ဖူးနဲ့မင်းတို့မိသားစုနောက်ခံကို အားကိုးဖို့ မစဉ်းစားနဲ့။ ဒါပေမယ့် ငါက ရက်စက်သူတစ်ယောက်မဟုတ်သလို မင်းတို့နဲ့ ဂရုစိုက်ဖို့ အားမနေဘူး။ မဟုတ်ရင် မင်းတို့မပြောနဲ့၊ မင်းတို့မိသားစုကတောင် ငြိစွန်းသွားရမယ်"

"မင်းက တကယ်ပဲ အရမ်းသန်မာပါတယ်၊ မင်းပါးစပ်ကတော့ ပိုတောင်သန်မာသေးတာပဲ"ဝမ့်ဝေ့က ဒေါတကြီးထပ်ပြောလာ၏"နောက်တစ်ကြိမ်ထပ်တွေ့တဲ့အခါကျရင် မင်း ဘာဖြစ်မလဲ ကြည့်ရတာပေါ့"

"အရူး....."

ထန်ရှုက ခေါင်းခါလိုက်သည်။ သူက ထပ်မကြည့်ချင်တော့ဘဲ အိုးရန်လုလုအား ခေါ်ကာ စံအိမ်ထဲသို့ ဦးတည်လိုက်သည်။ ဤမတော်တဆဖြစ်ရပ်က သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသည့် အသေးအဖွဲဇာတ်လမ်းအပိုင်းတွဲတစ်ခုသာ ဖြစ်၏။ သို့သော် အနာဂတ်တွင် သူ့အား စိတ်အနှောင့်အယှက်ပေးမည့်ကိစ္စအား ကာကွယ်ရန် သူက ယန်ယန်၏မိသားစုနောက်ခံအား စုံစမ်းစစ်ဆေးရအုံးမည်။ သူတို့က သူ့အား နောက်ထပ် နှောင့်ယှက်ရဲပါက သူက သူတို့အား သင်ခန်းစာတစ်ခု ပေးရပေလိမ့်မည်။

"လူလူ၊ ယန်မိသားစုထံ လူအချို့လွှတ်ပြီး သူတို့ကို ခြိမ်းခြောက်မှုတစ်ခုပေးဖို့ ရှောင်ရွှယ်ကို ပြောဖို့ မမေ့နဲ့။ သူတို့ရဲ့သိုင်းခန်းမကို ကန်ကျောက်ဖျက်ဆီးနိုင်တယ်"

"ရှင်က ယန်တွေကို ရှေးဟောင်းသိုင်းကလန်အသိုင်းအဝိုင်းထဲမှာ မျက်နှာပျက်အောင် လုပ်ချင်တာလား"အိုးရန်လုလုက ပြော၏။

"မျက်နှာပျက်တာက မိသားစုတစ်ခုလုံး ဖျက်ဆီးခံရတာထက် ပိုမကောင်းဘူးလား"ထန်ရှုက ပြန်မေး၏"ပြီးတော့ မနေ့ညက ငါ နင်မြို့မှာ မိသားစုတစ်ခုကို ဖျက်ဆီးခဲ့သေးတယ်"

အိုးရန်လုလုက နှုတ်ခမ်းမဲ့ပြလျက် ထန်ရှုစကားအား ယုံကြည်ပုံမပေါ်ပေ။ "ရှင်က မနေ့ညက နင်မြို့မှာ ရှိတယ်ဆိုရင် ရှန်းဟိုင်မြို့ကို ဒီနေ့မနက်စောစောပြန်လာဖို့ မဖြစ်နိုင်ဘူး။ ရှင်ကြွားချင်ရင်တောင် ဒီလိုဟာကွက်တစ်ခုကို မချန်ထားပါနဲ့"

ထန်ရှုက ရယ်ကာ ဒီလိုအသေးအဖွဲကိစ္စတစ်ခုအတွက် သူမနှင့် ငြင်းခုံမနေတော့ပေ။ သူတို့က လျှောက်လာရင်း မကြာမီ ယန်ဖမ်းချောင်နှင့်ယွဲ့လီတို့အား တွေ့ဆုံခဲ့၏။

****

အေးစက်ခြင်းက ဝမ့်ဝေ့၏မျက်လုံးများထဲတွင် လင်းလက်လျက် ထွက်ခွာသွားသောထန်ရှုနောက်ကျောအား ကြည့်နေ၏။ ထို့နောက် သူက ကြိမ်းဝါးလိုက်သည်"ဘယ်လိုတောင် မောက်မာတဲ့ကောင်လဲ။ သူ့ရဲ့ခွန်အားပေါ် မှီခိုရုံနဲ့ ဒီလို သောင်းကျန်းရဲတာပေါ့လေ။ ငါ ဒီ‌နေ့ ရှုံးတာ ဝန်ခံပေမယ့် တစ်နေ့ကျရင် မင်းကို ပြန်ပေးဆပ်ခိုင်းမှာပါ"

ယန်ယန်၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာတစ်ခုထွက်ပေါ်လာပြီး သူက ခေါင်းခါလိုက်၏။ သူက အသက်ပြင်းပြင်းရှုလျက် ခါးသီးစွာ ပြောလိုက်သည်"မေ့လိုက်တော့၊ ဝမ့်ဝေ့။ ငါတို့က သူ့ကို လက်စားချေလို့်မရနိုင်ဘူး"

ယန်ယန်စကားကို ကြားပြီး ဝမ့်ဝေ့က ဒေါသထွက်သွားကာ ပြန်ချေပလိုက်သည်"မင်း ဘာပြောတာလဲ။ မင်းလက်က သူ့ကြောင့် ကျိုးသွားတာလေ။ မင်းရဲ့ရန်သူကို ဖျာလိုလိပ်ထိပ်ပေါ်တင်တာပြီး မင်းရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကို ဖျက်ဆီးတာက အတုံးအဆုံးအရာဆိုတာ မင်း မသိဘူးလား"

"မြောက်ပိုင်းနယ်မြေရံ့အမာကျားကို မင်းမသိဘူးလို့တော့ ငါ့ကို မပြောနဲ့"ယန်ယန်က ခေါင်းခါလိုက်၏"ထားလိုက်ပါကွာ။ ဒီအပြစ်က ထိုက်တန်တယ်ဆိုတာ ငါ ဝန်ခံတယ်၊ သူမက သူ့အမျိုးသမီးဖြစ်တာကြောင့် ငါ အိုးရန်လုလုကို လက်လွှတ်ဖို့ ဆုံးဖြတ်ပြီးပြီ"

"မင်း ဘာခွေးစကားတွေ ပြောနေတာလဲ"ဝမ့်ဝေ့က ရှုးရှုးရှဲရှဲ အပြစ်တင်လိုက်၏"ငါ တကယ် မင်းကို မှားဖတ်မိတာပဲ။ မင်းက ယောင်္ကျားတစ်ယောက်လို့ ငါ ထင်ပေမယ့် အခု မင်းက နွားတစ်ကောင်လိုပဲ။ သူက အရမ်းပြောင်မြောက်ရင်တောင် ဘာအရေးလဲ။ သူက ကျည်ဆံထက် ပိုအားကောင်းမှာလား။ အဆိုးဆုံးအခြေအနေရောက်ရင် ငါ အားကောင်းတဲ့လူသတ်သမားတစ်ယောက်ကို ငှားပြီး သူ့ကို တိတ်တဆိတ် သတ်ဖြတ်လိုက်ရုံပဲ"

ယန်ယန်၏မျက်ခုံးများက ကျဉ်းမြောင်းသွားပြီး သူက လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။ တစ်ယောက်မှ မရှိသည်ကို သိပြီးနောက် သူက စိတ်အေးသွားရသည်။ သူက တိုးတိုးလေးအော်လိုက်၏"မင်းရဲ့ပါးစပ်ကို မပိတ်နိုင်ဘူးလား။ သူက တကယ်ပဲ အမာကျားကို သတ်ခဲ့သူဆိုရင် ဘယ်လိုအားကောင်းတဲ့လူသတ်သမားတစ်ယောက်မှ၊ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတ‌စ္ဆေတောင်မှ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး"

သူ့အဖြေကြောင့် ဝမ့်ဝေ့က သူ့မျက်နှာအား ရိုက်ကာ အပြစ်တင်လိုက်သည်"မင်းက ကြောက်ချီးပန်းနေတာပဲ။ အခု မင်း သူ့ကို ကြောက်နေတာလား။ ကမ္ဘာ့အကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူတစ္ဆေက သူ့ကို မသတ်နိုင်ဘူးလို့ မင်း ငါ့ကို ပြောနေတာလား။ သူ့လိုသူတစ်သောင်းရှိရင်တောင် တစ္ဆေက သူတို့ကို အလွယ်လေးဖယ်ရှားနိုင်တယ်။ တယ်လီစကုပ်တစ်ခုနဲ့ ကြည့်ရင်း တစ္ဆေသတ်ဖြတ်နေတာကို မတော်တဆ ငါ မြင်ဖူးတယ်။ သူ့အနေနဲ့ ဒီအကောင်ကို သတ်ဖြတ်ဖို့က အလွယ်လေးပဲ"

"မဟုတ်ဘူး။ မင်း မှားနေပြီ။ ငါ သူ့ကို ဘယ်တော့မှ မသတ်နိုင်ဘူး"

အနက်ရောင်ဝူရှုးဝတ်စုံနှင့်တ‌စ္ဆေက သူတို့ထံမှ ငါးမီတာအကွာရှိ သစ်ပင်တစ်ပင်ပေါ်၌ ရုတ်တရက် ထွက်ပေါ်လာ၏။ သူက သစ်ပင်ကို မှီလျက် ညည်းညူလိုက်သည်။

ယန်ယန်၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူက အနီးဝန်းကျင်အား စေ့စေ့စပ်စပ်ကြည့်ရှုစစ်‌ဆေးခဲ့သည်၊ သို့ဖြစ်၍ ပတ်လည်အတွင်း၌ တစ်ယောက်မှ မရှိသည်ကို သူက သေချာ၏။ ဒါဆို ဒီလူက ဘယ်လိုရောက်လာတာလဲ။ သူက တစ္တေတစ်ကောင်လားဒါမှမဟုတ်တစ်ခုခုလား။

"မင်းက ....."

ဝမ့်ဝေ့က တစ္ဆေမျက်နှာအား မြင်ပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါးအထိ သူ့ခြေထောက်က ပျော့ခွေသွား၏။ သူက ယန်ယန်လက်မောင်းအား ကိုင်ကာ သူ့ခန္ဓာကိုယ်တုန်ယင်ရာမှ ရပ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် အပြေးဆုတ်လျက် ထစ်ထစ်ငေါ့ငေါ့ပြော၏"မင်း....မင်းက....မင်းက ထို....တစ္ဆေလား။ ကမ္ဘာမှာ အကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူတစ္ဆေလား"

"မင်းပဲ ပြောခဲ့တယ်မဟုတ်လား၊ ငါ တစ်ယောက်ယောက်ကို သတ်နေတာကို မင်း မတော်တဆမြင်ခဲ့တယ်ဆို"တ‌‌စ္တေက ရယ်လျက် ပြောလာသည်"ဒါဆို ဘာရေးကြီးခွင်ကျယ်လုပ်နေတာလဲ"

ဝမ့်ဝေ့က ယန်ယန်အား လွှတ်လိုက်ပြီး ကြောက်ရွံ့မှုက သူ့မျက်နှာတွင် တင်ကျန်နေသည်။

ပလုတ်.....

သူက ဒူးထောက်ပြီး တစ္ဆေအား ကြည့်ကာ ပြော၏"....ကျေးဇူးပြုပြီး.....ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့။ တစ်ယောက်ယောက်က ငါတို့ကို သတ်ဖို့ မင်းကို ငှားထားတာဆိုရင် ငါ ဆယ်ဆပိုပေးမယ်....မဟုတ်ဘူး....။ ငါ အဆနှစ်ဆယ်ပိုပေးမယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ငါတို့ကို ချမ်းသာပေးပါ"

ယန်ယန်က လုံးဝမှင်တက်နေသည်။ နတ်ဆိုးအကြောင်းပြော‌‌နေရင်း နတ်ဆိုးကိုယ်တိုင်ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကမ္ဘာထိပ်တန်းလူသတ်သမားက သူတို့အရှေ့၌ မထင်မှတ်ဘဲ ထွက်ပေါ်လာသည်။ ဒါဆို သူက ဘာကြောင့် တရုတ်ကို လာတာလဲ၊ ရှန်းဟိုင်အထိ ဘာလို့ ရောက်လာတာလဲ။ သူ သုခဘုံစံအိမ်နယ်မြေမှာ ဘယ်လိုထွက်ပေါ်လာတာလဲ။

ဒါက.....ဒါက တိုက်ဆိုင်တာ မဟုတ်လား။ ဒါမှမဟုတ် ဝမ့်ဝေ့က အမှားတစ်ခုခုပြုခဲ့တာလား။

တစ္ဆေက စူးရှတောက်‌ပနေသောနေအား ပျင်းရိစွာ ကြည့်နေခဲ့သည်။ ထို့နောက် သူက ခေါင်းခါကာ သက်ပြင်းချ၏"တောက်၊ ငါ ဒီလောက်တောင် ငြီးငွေ့နေတာလား။ ငါ့ရဲ့စိတ်ပျက်ငြီးငွေ့ဖွယ်ရာအခြေအနေမှ လွတ်‌မြောက်ဖို့ ကြက်ကလေးနှစ်ကောင်ကို သတ်ဖြတ်နိုင်မယ်လို့ ငါ တွေးထားခဲ့တာ။ ဒါပေမယ့် မင်းတို့နှစ်ကောင်က ငါ့သူဌေးအရှေ့မှာ ကြောက်ပြနေပြီး သူ နောက်လှည့်သွားချိန်မှာ အာချောင်နေရဲမယ်လို့ ငါ မထင်ထားခဲ့ဘူး။ သူက ကြင်နာတတ်လွန်းတာ တကယ်ပါပဲ။ ငါ့ရဲ့ဒီသူဌေးက ကြင်နာသနားတတ်လွန်းပါတယ်ကွာ"

သူ့သူဌေးလား။ တစ္ဆေရဲ့သူဌေးလား။

ယန်ယန်နှင့်ဝမ်ဝေ့က ထန်ရှုအား ရုတ်တရက် သတိရလိုက်သည်။ သူတို့နှစ်ယောက်က မယုံကြည်နိုင်ခြင်းတို့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာ၏။ သူတို့ခန့်မှန်းချက်က မှန်သည်မှာ သေချာ‌စေရန် ယန်ယန်က အလျင်စလိုမေးလိုက်သည်"မင်း ဆိုလိုတာက.....ထန်ရှုက မင်းရဲ့သူဌေးလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက မင်းရဲ့သူဌေးဖြစ်ဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ။ မင်းက ကမ္ဘာ့အကောင်းဆုံးလုပ်ကြံသတ်ဖြတ်သူပဲလေ....."

တစ္ဆေက သူ့အား ကြိမ်းဝါးလိုက်လေ၏"ငါ့သူဌေးပြောတာ မှန်တယ်။ မင်းတို့က တကယ်ကို ငတုံးတွေပဲ။ အာ၊မင်းတို့တိုင်းပြည်မှာ စကားပုံတစ်ခုရှိယ်မလား။ အဲဒါ ဘာပါလိမ့်။ ရေတွင်းအောက်က ဖားဆိုလား။ ဟုတ်တယ်၊ အဲဒါပဲ။ မင်းတို့နှစ်ယောက်က ရေတွင်းအောက်ကဖားလိုကောင်‌တွေပဲ။ ဟေး၊ ထားလိုက်တော့။ ငါ မင်းတို့ကို ပြောရင်တောင် မင်းတို့ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် သူက ပြန်လာပြီးနောက် ပိုသန်မာလာပုံပဲ။ သူက သူ့ရဲ့အရှိန်အဝါကို တမင်တကာ မထုတ်လွှတ်ထားတာတောင် ငါ့ခြေထောက်က အတော်ကလေး တုန်ရီနေရတယ်"

***

All Chapters