ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်ရဲ့မှော်ဆန်သောသက်ရောက်မှု
Vol. 67 Ch. 931
သုခဘုံစံအိမ်နယ်မြေအတွင်း၊ ဥရောပစတိုင်စံအိမ်ထဲတွင် စွေ့ယန်ရူက ရေချိုးကန်ထဲ၌ ရေစိမ်နေသည်။ သူမက ခေါင်းမှခြေဖျားအထိ ချွေးဒီးဒီးကျလျက် ဟောဟဲဟောဟဲဖြစ်နေသည်။ သူမခံစားရသောနာကျင်မှုက ခန္ဓာကိုယ်အား ဓားဖြင့် မွန်းနေသလိုပင်၊ သူမနှလုံးသားထဲရှိ ကြောက်ရွံ့မှုက တိုးလာနေ၏။ ဒီအတိုင်းဆက်သွားပါက သူမက သေမည်မှာ သေချာသလောက်ဟု ခံစားနေမိသည်။
"အရမ်းနာနေလား၊ အမေ"
သူမ၏စိတ်ဓာတ်ကျပြီးနာကျင်နေသောအသွင်အပြင်ကို ကြည့်ပြီး ယွဲ့လီက စိုးရိမ်စွာ မေးလိုက်၏။
စွေ့ယန်ရူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကတုန်ကယင်ဖြစ်နေ၏။ တုန်ယင်နေသာလက်အား မြှောက်ကာ နီရဲနေသောမျက်နှာပြင်ပေါ်ရှိ ချွေးများအား သုတ်ရင်း အသံကွဲအက်စွာ ပြန်ဖြေ၏"နာတယ်၊ ပုရွက်ဆိတ်များစွာက ငါ့ခန္ဓာကိုယ်ကို ကိုက်နေတဲ့အတိုင်းပဲ။ ငါ ဒဏ်ရာတွေရဖူးတယ်၊ ရုပ်ပိုင်းဆိုင်ရာနာကျင်အမျိုးမျိုး ခံစားဖူးပါတယ်၊ ဒါပေမယ့် တစ်ခုမှ ဒီရေစိမ်တာကို မယှဉ်နိုင်ဘူး။ မင်း မခံနိုင်ဘူးဆိုရင် ချက်ချင်းထွက်နော်၊ လီလီ"
"ငါ သိပါတယ်၊ အမေ"ယွဲ့လီက ခေါင်းညိတ်ကာ သက်ပြင်းရှိုက်လိုက်၏။
သူမက ထန်ရှုအား ယုံသည်၊ သူက သူတို့အား ထိခိုက်စေစရာအကြောင်းမရှိဟု ယုံကြည်သည်။ လက်တွေ့တွင် ဤလူက ဒေါ်လာတစ်ရာမီလီယံအား အပြည့်အဝပေးချေခဲ့သည်ပင်။ ထို့ကြောင့် သူမက အဝတ်အစားချွတ်ကာ ရေချိုးကန်ထဲသို့ လျှောက်လာ၏။ ထို့နောက် သူမအမေ ဆယ်မိနစ်ကြာ စိမ်ခဲ့သော်လည်း ရေအပူအချိန်က အေးသွားခြင်းမရှိသည်ကို သူမက ခံစားလိုက်ရသည်။
"ငါ လုပ်နိုင်တယ်"
ယွဲ့လီက လက်သီးဆုပ်လျက် ရေနွေးထဲ၌ ဖြည်းဖြည်းချင်း ထိုင်ချ၏။ အစတွင် သူမက အရမ်းသက်သောင့်သက်သာရှိသည်ဟု ခံစားရ၏။ ထို့နောက် ယားယံခြင်းက အတွင်းထဲမှ ထွက်လာပြီး ဘရွတ်များဖြင့် သူမခန္ဓာကိုယ်အား ပွတ်တိုက်နေသလိုပင်။ သို့သော် မိနစ်ဝက်ကြာပြီးနောက် ခန္ဓာကိုယ်တစ်လျှောက် မချိမဆန့်နာကျင်မှုတစ်ခုက အစားထိုးလာ၏။
"တကယ်နာတယ်၊ အမေ"
မျက်ရည်များက သူမမျက်လုံးထဲ၌ ရစ်ဝဲလာသည်။ သူမ၏လှပသောမျက်နှာက နီရဲနေပြီး အစိမ်းရောင်သွေးကြောများက နဖူးပြင်ပေါ်တွင် ပြူထွက်လာပြီး တဒုတ်ဒုတ်ခုန်မြည်နေ၏။ သူမက ရှုးရှုးရှဲရှဲသာ အသံထွက်နိုင်တော့သည်။
ခေတ္တအနားယူနေသောစွေ့ယန်ရူက သူမခန္ဓာကိုယ်ထဲရှိနာကျင်မှု များစွာလျော့ကျသွားသည်ကို ခံစားမိလာသည်။ သူမက ယွဲ့ရီမျက်နှာပေါ်ရှိနာကျင်နေမှုကို ကြည့်ရင်း စိုးရိမ်တကြီး ပြန်ဖြေ၏"မင်း မတောင့်ခံနိုင်တော့ရင် ထွက်လိုက်၊ လီလီ။ အမေက ခံစားဖူးတယ်၊ ဘယ်လောက် နာကျင်လဲဆိုတာ သိတယ်။ မင်းမှာ ရောဂါမရှိဘူး၊ ဒီတော့ အမေလိုမျိုး အောင့်အည်းခံစားနေစရာမလိုဘူး"
ယွဲ့လီက နူးညံ့ပုံပေါ်သော်လည်း သူမတွင် သန်မာသောစိတ်စွမ်းအားရှိသည်။ ထန်ရှုအပေါ် ယုံကြည်မှုနှင့် ပေါင်းစပ်လျက် သူမက ခေါင်းခါယမ်းကာ ပြော၏"ငါ လုပ်နိုင်ပါတယ်၊ အမေ"
အချိန်က ရွေ့လျားနေပြီး ငါးမိနစ်ကျော်ပြီးနောက် စွေ့ယန်ရူ၏မျက်နှာပေါ်ရှိနာကျင်မှုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိုပြည်လန်းဆန်းမှုက အစားထိုးလာ၏။ မကြာမီ သူမခန္ဓာကိုယ်ရှိယားယံမှုက နွေးထွေးသောအထိအတွေ့တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ခံစားမိလာသည်။ သူမခန္ဓာကိုယ်က ခွန်အားပြန်ရလာသည်၊ စွမ်းအင်တွေ တိုးပွားလာသည်ဟု စတင်ခံစားလာရ၏။
"ခံစားချက်က.....အရမ်းသက်သောင့်သက်သာရှိတာပဲ"
စွေ့ယန်ရူက ခဏတွေး၏။ သူမက ယွဲ့လီအား ရုတ်တရက် ကြည့်လျက် အော်ပြောလိုက်သည်"ငါ မနာတော့ဘူး၊ လီလီ.....အခု အရမ်းသက်သောင့်သက်သာရှိနေတယ်....ငါ ခံစားဖူးသမျှထဲမှာ အရှိဆုံးပဲ.....ငါ ကျန်းမာတုန်းကတောင် မယှဉ်နိုင်ဘူး။ နတ်ဆေးဆရာဝန်က ငါတို့ကို မလိမ်ဘူး။ ငါ ပိုသန်မာလာတယ်လို့ ခံစားမိတယ်"
တစ်ဖက်တွင် ယွဲ့လီက နာကျင်မှုဝေဒနာ အပြင်းအထန်ခံစားနေရသည်။ အရှုံးပေးရန်အတွေးများပင် အကြိမ်အနည်းငယ် ထွက်ပေါ်လာသည်။ သို့သော် သူမအမေ၏အံ့အားတကြီးအပြောကို ကြားပြီးနောက် သူမက အံကြိတ်လျက် ဆက်လက်တောင့်ခံသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူမက ဆက်မတောင့်ခံနိုင်တော့ဘဲ ဆက်သွားပါက ခန္ဓာကိုယ်အပိုင်းပိုင်းဆုတ်ပြဲသွားမည်ဟု ခံစားမိလာပြီး ထရပ်ကာ ရေချိုးကန်ထဲမှ ထွက်လိုက်တော့၏။
ရေချိုးခန်းအပြင်ဘက်တွင်။
ယန်ဖမ်းချောင်က ရှေ့သွားလိုက်နောက်သွားလိုက်နှင့် ဂနာမငြိမ်ဖြစ်နေသည်။ သူ၏ယောက္ခမသာ ရေချိုးခန်းအထဲတွင် ရှိမနေပါက သူက အထဲကို ပြေးဝင်သွားလောက်ပြီ။ ရေစိမ်ခြင်းဖြစ်စဉ်က အလွန်နာကျင်သည်ဟု ထန်ရှုက ပြောခဲ့သည်၊ ယွဲ့လီက ပြဿနာအချို့ ရင်ဆိုင်နေရမည်ကို သူက စိုးရိမ်နေမိသည်။
အစတွင် သူက ထန်ရှုအား အပြည့်အဝယုံကြည်ခဲ့သော်လည်း ကုသခြင်းဖြစ်စဉ်က အဓိပ္ပါယ်မရှိကိုးရိုးကားရားနိုင်လှကာ သူက မယုံကြည်နိုင်တော့ပေ။ ဆေးရည်တစ်စက်က သွေးကင်ဆင်အား ကုသနိုင်သည်လား။ ဒါက ရယ်စရာဟာသတစ်ခုပင် မဟုတ်လော။
လက်ရှိတွင် သူက အပြင်ဘက်တွင် ရှိနေရင်း ထိုင်တွေးနေသည်။ ထန်ရှု၏ကုသမှုသာ အလုပ်မလုပ်ပါက နိုင်ငံခြားအထိ သွားကာ ကုသမည်ဟု တွေးထားသည်။ သူ့စိတ်ထဲတွင် စွေ့ယန်ရူကလဲ သူ့အမေပင်။
ကျွိ.....
ရေချိုးခန်းတံခါးက ပွင့်သွားပြီး ယွဲ့လီက ယန်ဖမ်းချောင်အရှေ့သို့ သပ်သပ်ရပ်ရပ်ဝတ်စားလျက် ထွက်ပေါ်လာသည်။ သူမအနောက်ရှိစွေ့ယန်လီလည်း သပ်ရပ်စွာနှင့်ပင်။
"ယွဲ့လီ၊ မင်း...."
ယန်ဖမ်းချောင်က သူ့မျက်လုံးကိုပင် မယုံကြည်ချင်တော့ပေ။ လက်ရှိယွဲ့လီက ပြန်လည်မွေးဖွားလာသည့်အတိုင်းပင်။ သူမတစ်ကိုယ်လုံးက လန်းဆန်းသည်၊ အသက်ရှုမှားလောက်စရာဖြစ်သည်၊ ရောင်ခြည်ရောင်လျှံများ တလက်လက်တောက်ပနေသလို။ သူမ၏အသားအရေက ပိုလှလာပုံပေါ်ပြီး ချောမွေ့ခြင်း၊ ရွှန်းလဲ့တောက်ပခြင်းတို့အား အမွေဆက်ခံထားသလိုလို။
"ဘာဖြစ်သွားတာလဲ"ယွဲ့လီက အံ့အားသင့်စွာ မေး၏။ "ရှင် ဘာလို ဒီလိုမျက်နှာနဲ့ ကြည့်နေတာလဲ။ ကျွန်မမျက်နှာက တစ်ခုခုဖြစ်နေလို့လား"
ယန်ဖမ်းချောင်က အံ့အားသင့်ရာမှ နိုးထလာပြီး ရေရွတ်လိုက်၏"မင်းက ပိုလှလာတယ်၊ ယွဲ့လီ။ မင်းရဲ့အသားအရေက ပိုတောင်ချောမွေ့နူးညံ့လာတယ်"
"ဟမ်၊ တကယ်ပဲလား"
ရှက်ပြုံးပြုံးလျက် ယွဲ့လီက ရေချိုးခန်းမှ ထွက်ကာ အခန်းထဲရှိမှန်ရှေ့သို့ လျှောက်သွား၏။
ယန်ဖမ်းချောင်က သူမနောက်သို့ လိုက်မည်ပြင်လိုက်သော်လည်း သူ့မျက်လုံးများအား စွေ့ယန်လီက ဖမ်းစားလိုက်ပြန်သည်။ တစ်ချက်ကြည့်လိုက်သည်၊ သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး မယုံကြည်နိုင်သောမျက်နှာအမူအရာက ထပ်မံပေါ်ထွက်လာပြန်၏။ ဒီတစ်ကြိမ်သူရခဲ့သည့်တုန်လှုပ်မှုက တကယ်ကြီးသည်၊ ပြင်းသည်။ ရေချိုးကန်ထဲသို့ မဝင်ခင် စွေ့ယန်ရူက အားမရှိ-အင်မရှိ၊ နွမ်းနွမ်းလျားလျား၊ ဖြူဖတ်ဖြူရော်နှင့် အရောင်သွေးမရှိပေ။ သူမ၏အသက်အရွယ်ကြောင့် အိုစာမှုကလည်း ရှိနေခဲ့သည်။
သို့သော် လက်ရှိစွေ့ယန်ရူက အရေပြားအစားထိုးလိုက်ပုံရ၏။ သူမက ဆယ်နှစ်ပိုငယ်လာပုံပေါ်ပြီး ဆယ်ကျော်သက်အပျိုဖြန်းလေးအတိုင်းပင်။ သူမ၏အသားအရေက ချောမွေ့ကာ အရောင်အသွေးစုံလင်နေသည်၊ သူမတစ်ကိုယ်လုံးက အားအင်ပြည့်ဝနေပြီး မသိလျှင် သွေးကင်ဆာရောဂါ တစ်ခါမှ မရှိဟု ထင်မှတ်ရမည်။
"ဘာ...."
မှန်ထဲရှိ သူမပုံရိပ်အား ကြည့်ရင်း ယွဲ့လီက အံ့အားသင့်မှုကြောင့် ပါးစပ်အုပ်ထားရ၏။ ဒီလောက်လှသောသူမအား အိမ်မက်တွင်တောင် ထည့်မမက်ခဲ့ပေ။ အိမ်မက်ထဲတွင်တောင် ဒိီလိုပြောင်းလဲမှုဖြစ်လာမည်ဟု မစဉ်းစားခဲ့ပေ၊ အထူးသဖြင့် သူမ၏အသားအရေက....ကလေးတစ်ယောက်နှင့် နင်လားငါလားပင်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ....."
သူမ၏နှလုံးခုန်သံက မြန်ဆန်သွားပြီး တဒုန်းဒုန်းခုန်လာသည်။ တုန်လှုပ်လိုက်၊ ပျော်ရွှင်လိုက်နှင့် သူမတစ်ကိုယ်လုံးအား ရပ်သပ်ရှုမောလှစေသည်။
"ဟေ့၊ ယွဲ့လီ၊ အန်တီရဲ့အသွင်အပြင်ကို မင်း မြင်ပြီးပြီးလား" ယန်ဖမ်းချောင်က လျင်မြန်စွာ အော်လိုက်၏"သူမက ဆယ်ဆပိုငယ်သွားသလိုပဲ။ သူမက နာတာရှည်ရောဂါသည်တစ်ယောက်လို့တောင် မထင်ရတော့ဘူး"
ထိုအခါတွင်မှ သူမအမေလည်း ပြောင်းလဲနေမည်ကို သဘောပေါက်လာသည်။ ထန်ရှုပြောခဲ့သည်အား ရုတ်တရက်အမှတ်ရသွားပြီး သူမက ယန်ဖမ်းချောင်အား ချက်ချင်းပြောလိုက်၏"ရှင် ဘယ်လိုထင်လဲ။ ဒီဆေးရည်က အမေ့ရဲ့သွေးကင်ဆာကို တကယ်ပဲ ကုသပေးလောက်ပြီးပြီလား"
ယန်ဖမ်းချောင်က ခဏစဉ်းစားပြီး ပြန်မေးလာ၏"နှစ်နာရီပြည့်ဖို့ အချိန်အချို့ လိုသေးတယ်။ ဆေးရုံကို သွားပြီး တစ်ချက် စစ်ဆေးကြည့်မလား"
ယွဲ့လီက တွေးဆပြီးနောက် အချိန်က ကပ်နေသည်ကို သဘောပေါက်ပြီး သူမက ခေါင်းခါယမ်းကာ ပြော၏"နတ်ဆေးဆရာဝန်ထန်ကို ငါ ယုံတယ်၊ ဖမ်းချောင်။ အမေ့ရောဂါကို ကုသနိုင်တယ်လို့ သူ ပြောမှတော့ သူ ကုသနိုင်မှာပဲ။ ရှင်လဲ မြင်တာပဲ မဟုတ်လား။ ဆေးရေကန်ထဲမှာ စိမ်ရုံနဲ့ ငါတို့ရဲ့အသွင်အပြင်က အရင်ကထက် ပိုကောင်းလာနေတာပဲ။ သူ ပြန်လာတာကိုပဲ စောင့်ရအောင်။ ပြီးမှပဲ ဆေးရုံသွားမယ့်အကြောင်း ပြောကြတာပေါ့"
"လီလီပြောတာမှန်တယ်လို့ ငါ ထင်တယ်၊ ဖမ်းချောင်။ အလျင်လိုရင် အနှေးဖြစ်သွားနိုင်တယ်"စွေ့ယန်ရူက ပြော၏"ပြီးတော့ နေမကောင်းခင်တုန်းကထက်တောင် ပိုသန်မာပြီးပိုကောင်းလာတယ်လို့ ငါ ထင်တယ်။ စိုးရိမ်နေတာထက် စောင့်လိုက်တာ ပိုကောင်းမယ်။ သူ လာတော့မှ နတ်ဆေးဆရာဝန်ထန်ကို သေချာမေးကြတာပေါ့"
"ဒါဆိုလဲ ကောင်းပါပြီ"
ယန်ဖမ်းချောင်က ခေါင်းညိတ်ပြ၏။ ထန်ရှုအပေါ် သူ၏ယုံကြည်မှုက အမှတ်အနည်းငယ်ထပ်တိုးလာသည်။
နာရီဝက်ကြာပြီးနောက် ထန်ရှုက အိုးရန်လုလုနှင့်အတူ ပြန်ရောက်လာသည်။ စွေ့ယန်ရူနှင့်ယွဲ့လီတို့၏အသွင်အပြင်အသစ်ကို မြင်ပြီး သူက ပြုံးကာ ပြော၏"အပြင်ပိုင်းသက်ရောက်မှုက ကောင်းပေမယ့် ကုသမှုကရော ဘယ်လိုရှိနေမလဲ၊ ထိရောက်သလား မသိသေးဘူး။ အန်တီ၊ အခြေအနေ သိရအောင် မင်းရဲ့သွေးခုန်နှုန်းကို စမ်းကြည့်မယ်"
.
"ကောင်းပါပြီ"စွေ့ယန်ရူက အလျင်စလိုပြော၏။
ထိုင်ခုံယူပြီးနောက် ထန်ရှုက စစ်ဆေးခဲ့ပြီး စွေ့ယန်ရူ၏ခန္ဓာကိုယ်အဖွဲ့အစည်းထဲရှိအန္တရာယ်သွေးဖြူဥအားလုံး ရှင်းလင်းနေသည်ကို တွေ့ရှိလိုက်၏။ သူက ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်၏ဆေးစွမ်းအား စိတ်ထဲ၌ ချက်ချင်း ချီးကျူးမိသည်၊ ၎င်းက ရောဂါဝေဒနာရှင်များအတွက် တကယ်ကို ကောင်းမွန်သောသက်ရောက်မှုရှိနေသည်ပင်။
"ငါ့အခြေအနေဘယ်လိုရှိလဲ၊ နတ်ဆေးဆရာဝန်ထန်"
သူ့လက်အား ထန်ရှု ပြန်ရုတ်သိမ်းသည်ကို မြင်ပြီး စွေ့ယန်ရူက အလျင်စလိုမေးလိုက်၏။
"သက်ရောက်မှုက အရမ်းကောင်းတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးဖြူဥတွေအားလုံး ဖယ်ရှားပြီးပြီ"ထန်ရှုက ပြုံးလျက် ဖြေ၏"ဒါပေမယ့် စိတ်သိပ်မချသေးရင် ဆေးရုံကြီးတစ်ခုကို သွားပြီး စစ်ဆေးကြည့်လို့ရတယ်။ ကုသပြီးပြီလို့ သူတို့ပြောရင် ဒီကို ထပ်လာစရာမလိုတော့ဘူး၊ တိုက်ရိုက်ထွက်သွားနိုင်တယ်။ ဒါပေမယ့် ရှန်းဟိုင်မှာ နေချင်သေးတယ်ဆိုရင်လဲ ဒီကို ပြန်လာပြီး ရက်အနည်းငယ်နေအုံးပေါ့"
ထိုသို့ပြောပြီးနောက် သူက ယန်ဖန်းချောင်အား ကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလျက် ပြော၏"မင်းရဲ့ကတိကို မမေ့နဲ့။ မင်း ဒါတွေ ပြီးပြတ်ရင် ကြယ်တာရာမြို့ကို သွားပြီး ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့မန်နေဂျာခန်းရှဆီ သွားပါ။ မင်းရဲ့အလုပ်အတွက် သူ အားလုံးစီစဉ်ပေးလိမ့်မယ်"
"သူဌေး.....သူဌေးထန်၊ ငါ သူတို့ကိုရော ကြယ်တာရာမြို့ကို ခေါ်လာလို့ရလား"ယန်ဖမ်းချောင်က မေးလိုက်၏"နောက်ကျရင် ငါ ကြယ်တာရာမြို့မှာပဲ လုပ်ရမှာဆိုတော့ သူတို့ကိုလဲ ဒီနေရာမှာပဲ နေစေချင်တယ်၊ ဒါမှ ငါ သူတို့ကို ဂရုစိုက်လို့ရမှာ"
"ဒါ အကောင်းဆုံးပဲ"ထန်ရှုက ပြုံးလျက် ပြော၏"ပြောရရင် မင်းကို အထူးရွေးချယ်ငှားထားတာဆိုတော့ ကြယ်တာရာမြို့မှာ မင်းအတွက် အိမ်တစ်လုံး စီစဉ်ထားပေးရမှာ။ ဒါပေမယ့် အခု မင်းက ချမ်းသာပြီဆိုတော့ ကိုယ်တိုင် ဝယ်ပေါ့"
"ဟီးဟီး"ယန်ဖမ်းချောင်က ပြုံးဖြဲရင်း ပြောလိုက်၏"မင်းက အများကြီးပေးထားတာပဲ၊ သူဌေး။ အလုံးတစ်ရာဝယ်လို့တောင် ရတယ်။ အော်....ဒါဆို ဆေးစစ်ဖို့ အန်တီကို ဆေးရုံခေါ်သွားတော့မယ်"
"သွားတော့"
ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ထွက်သွားပြီးနောက် အိုးရန်လုလုက ပြတင်းပေါက်ရှေ့တွင် ရပ်ရင်း မေးလာသည်"မင်းရဲ့နောက်အစီအစဉ်က ဘာလဲ၊ ဟန်နီ။ အခုက နွေးရာသီအားလပ်ရက်ပဲ၊ တက္ကသိုလ်ကျောင်းပိတ်ရက်ပဲ။ ခရီးတစ်ခု ထွက်ကြမလား"
ထန်ရှုက ရှုံ့မဲ့စွာ ပြုံးကာ ပြောလိုက်၏"ငါ အတန်းလဲ မှန်မှန်မတက်နိုင်ဘူး။ နောက်ထိုင်းနိုင်ငံကို သွားရအုံးမှာဆိုတော့ အပန်းဖြေခရီးက ဖြစ်လာမယ်မထင်ပါဘူး။ အဲမှာ ငါလုပ်စရာကိစ္စအချို့ ရှိတယ်"
အိုးရန်လုလု၏အမူအရာက ပြောင်းသွားပြီး သူမက မေးလိုက်၏"၁၂ရာသီခွင်ကျောက်စိမ်းအရုပ်နဲ့ပတ်သက်တာပဲလား။ ကျောက်စိမ်းဝက်ရုပ်ရဲ့သတင်း ရထားလို့လား"
ကျန်းရှင်းယာနှင့်ပတ်သက်သောပြဿနာအား သူမကို မပြောပြထားပေ။ မည်သို့ဆိုစေ သွားရင်းနှင့် ကျောက်စိမ်းဝက်နှင့်ပတ်သက်သောပြဿနာအား အဆုံးသတ်ရပေမည်၊ ထို့ကြောင့် သူက ပြော၏"ဟုတ်တယ်၊ ငါ ၁၂ရာသီခွင်ကျောက်စိမ်းရုပ်တစ်ဝက်ထိ ရထားပြီးပြီ၊ ဒါကြောင့် ကျန်တာတွေကို အမြန်စုဆောင်းဖို့ လိုတယ်"
"ငါ့ကို အတူခေါ်သွားရင်ရော ဘယ်လိုလဲ"အိုးရန်လုလုက မေးလိုက်သည်။
"သုခဘုံစံအိမ်နယ်မြေသာ မချဲ့နေရင် မင်း လိုက်လာလို့ရပါတယ်"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏"ဒါပေမယ့် အခု မင်းမှာ လုပ်စရာတွေ ရှိနေတာ။ စိတ်မပူပါနဲ့၊ ငါ မကြာခင် ပြန်လာမှာပါ"
"စီမံကိန်းကို အရင် ရပ်ထားလိုက်ရင်ရော ဘယ်လိုလဲ"အိုးရန်လုလုက ထပ်မေးလာ၏"ကျွန်မ ရှင်နဲ့အတူ သွားချင်လို့ပါ။ နောက်ဆုံးအကြိမ်ချိန်းတွေ့ပြီးတာ အတော်ကြာပြီလေ"
***