ပြဿနာများ စောင့်ကြိုနေခြင်း
Vol. 24 Ch. 329
ဤကမ္ဘာကြီးထဲတွင် သူမ သခင်လေးက လွဲပြီး မည်သူက သူမလို အစေခံလေး အတွက် အသက်စွန့်မည်နည်း။
နောက်ထပ် ပုံရိပ်တစ်ခု ထပ်ပေါ်လာပြန်သည်။ ထိုသူမှာ မျက်နှာတွင် အမာရွတ်ရှိသော အနက်ဝတ် ဘုန်းကြီး ဖြစ်၏။
မိုးကြိုးမြူ တောထဲတွင် အနက်ရောင်အလင်းက သူမလည်ပင်းကို ထိုးဖောက်ခါနီး ဆဲဆဲတွင် သူက သူမကို တွန်းကာ ခန္ဓာဖြင့် ထိုအလင်းကို ကာကွယ်ပေးခဲ့သည်။ ထိုအနက်ရောင် အလင်းမှာ သူမ လည်ပင်းကို ထိုးဖောက် မသွားသော်လည်း သူ့ရင်ဘတ်ကို ဖြတ်သန်း သွားလေသည်။
နောက်ဆုံးတွင် သူမက ထိုအနက်ဝတ် အမျိုးသားအား မှတ်မိ လိုက်ပြီးနောက် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကိုလည်း အမှတ်ရလိုက်သည်။ ထိုသူမှာ သူမ သခင်လေးသာ ဖြစ်နေသည် ... သူမ သခင်လေး ဖြစ်၏။
အကြောင်းအရင်းမှာ ဤလောကကြီးထဲ၌ သူမ သခင်လေးမှ လွဲပြီး မည်သူကမျှ သူမကို အသက်စွန့် ကယ်တင်မည် မဟုတ်ပေ။
“ကောင်းကောင်း ကျင့်ကြံပြီးတော့ အသက်ရှင်ဖို့ အတွက် ကြိုးစား” ထိုစကားလုံးများကို သူမ နားဖျားလေး ဘေးနားမှ ပြောသွားပြီး ထွက်သွားလေသည်။
ထိုရက်များ အတွင်း သူမက သခင်လေးကို သူစိမ်း တစ်ယောက်လို ဆက်ဆံခဲ့မိသည်။ သခင်လေး စိတ်ထဲ မည်မျှပင် နာကျင် နေမည်နည်း။ အကယ်၍ သူမသာ ကိစ္စများကို ပြန်လည် ပြုလုပ်လို့ ရလျှင် သူမအသက်သာ အဆုံးရှုံး ခံလိုက်မည်။ ထိုမှသာ သခင်လေးက သူမအတွက် အန္တရာယ် ကြုံတွေ့တော့မည် မဟုတ်ပေ။ ထိုမှသာ သူမအတွက် သခင်လေးက အနက်ရောင် အလင်းတန်းကို ဝင်ကာပေးစရာ လိုတော့မည် မဟုတ်ပေ။
သခင်လေးက ပြင်းထန်စွာ ဒဏ်ရာ ရထားပြီး သံမဏိတုတ်ကို ကိုင်ဆွဲကာ ထွက်သွားစဉ်က မည်မျှ အထီးကျန် နေမည်နည်း ....
သူမကို အရင်းနှီးဆုံးသူ အဖြစ် ဆက်ဆံ ခဲ့သော်လည်း သူမက သူ့ကို ဖြတ်သွားဖြတ်လာ တစ်ယောက် အဖြစ်သာ ဆက်ဆံ ခဲ့လေသည်။
ထိုစဉ် သခင်လေးက သူမကို အသက်ရှင်ဖို့ ကြိုးစားဟု ပြောစဉ်က သူ့အသံမှာ ဘဝတစ်လျှောက်လုံး တစ်ကိုယ်တည်း ခရီးသွားလာ နေရသည့် နယ်လှည့် ခရီးသည်ကဲ့သို့ အက်ရှရှနိုင်ကာ အထီးကျန် လှလေသည်။
ထိုစကားများက သူမ၏ သခင်လေး သေခြင်း၊ ရှင်ခြင်း အတွေ့အကြုံ များစွာမှ ရရှိလာခြင်း ဖြစ်ပေသည်။ သခင်လေး တစ်ယောက်တည်း မည်မျှပင် ခက်ခဲခဲ့သနည်း။
အကယ်၍ သေခြင်းတရားသာ အချိန်နောက်ပြန် ဆုတ်၍ ရပါက သူမက သေဖို့ရာ ဆန္ဒရှိလေသည်။ အကယ်၍ သူမ၏ ကျင့်ကြံခြင်းကို လက်လျှော့ လိုက်ခြင်းက သူမ သခင်လေးကို သူမဆီ ပြန်လည်ခေါ်ဆောင် လာနိုင်မည် ဆိုလျှင် သေမျိုး တစ်ယောက်ဖြစ်ဖို့ အလိုရှိလေ၏။
သခင်လေး ... ကျွန်မ အသက်ရှင် နေသရွေ့ သေချာပေါက် တွေ့အောင် ရှာမယ် ...
ရှင်က ကမ္ဘာကြီးရဲ့ အဆုံးမှာ ရှိနေလည်း ဂရုမစိုက်ဘူး ... သခင်လေး သေသည် ဖြစ်စေ၊ ရှင်သည် ဖြစ်စေ ယန်အာက သခင်လေးရဲ့ ထာဝရအတွက် အစေခံ ဖြစ်နေမှာပါ ...
“ယန်အာ အဆင်ပြေရဲ့လား” မျက်ရည်လည်ရွဲဖြင့် ယန်အာကို မြင်ကာ ပိုင်စုတင်းက ယန်အာဘေးသို့ သွားကာ မေးလိုက်သည်။
ယန်အာက ရုတ်တရက် အသိပြန်ဝင် လာလေသည်။ သူမ အိပ်မက်များမှာ အစအနမရှိ ပျောက်ကွယ် သွားလေသည်။
မဟုတ်သေးဘူး ... ထိုအရာမှာ သူမ အိပ်မက် မဟုတ်ဘဲ မှတ်ဉာဏ်များသာ ဖြစ်နေ၏။
“အစ်မစုတင်း ... ညီမ ညီမရဲ့ သခင်လေးကို ရှာချင်တယ် ...” ယန်အာက မျက်ရည်များပင် မသုတ်ဘဲ ရုတ်တရက် ထရပ်ကာ ဆုံးဖြတ်ချက် ခိုင်မာသည့်ဟန်ဖြင့် ပြောလိုက်သည်။
“အာ ...” ပိုင်စုတင်းက ယန်အာ နှလုံးသားထဲ၌ မိုဝူကျီသည် ထိုမျှ အရေးပါလိမ့်မည်ဟု ထင်မထားပေ။ ယန်အာ မှတ်ဉာဏ်များ ပြန်လည် ရရှိပြီးနောက် ပထမဆုံး လုပ်ချင်သည့် အရာမှာ မိုဝူကျီကို ရှာချင်ခြင်း ဖြစ်ပေသည်။
ယန်အာက စန်ယီရှန်းကို ဦးညွှတ်ကာ
“သခင်စန် ကူညီပေးတာ အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ မဟုတ်ရင် ယန်အာတော့ စိတ်ခံစားချက် မရှိတဲ့ အခွံသပ်သပ် ဖြစ်နေတော့မှာ။ ကျွန်မရဲ့ ကျင့်ကြံခြင်းက အားကောင်း လာလျှင်လည်း အသုံးဝင်မှာ မဟုတ်တော့ဘူး။ ကျွန်မရဲ့ အရေးကြီးဆုံး လူကို ဆုံးရှုံး လိုက်ရပြီလေ”
ယခင်က သူမသည် အတားအဆီး အချုပ်အနှောင် မရှိဘဲ ကျင့်ကြံချင်သည့် အတွက် မိုဝူကျီ ပြောပြမည့် အတိတ် အကြောင်းများကို နားမထောင်ချင်ခဲ့ပေ။ ယခုအခါ သူမက သခင်လေးကို ရှာဖို့ရာ ကျင့်ကြံဆင့်ကို လျစ်လျူရှု ထားဖို့ရာ ဆန္ဒရှိ နေလေသည်။ သူမ၏ သခင်လေးနှင့် ယှဉ်လျှင် ဘယ်အရာမှ အရေးမပါပေ။
စန်ယီရှန်းက သက်ပြင်း ချလိုက်သည်။ သူက ယန်အာတွင် ဆုံးဖြတ်ချက် ပြတ်သားသည်မှန်း သိကာ ယခုအခါ ထိုဆုံးဖြတ်ချက်များက ပို၍ အားကောင်းလာဟန် ရှိ၏။
“ရှေ့ဆက်သွားပါ ... ဒါက မင်းရဲ့ ဘဝပဲလေ … တစ်ယောက်မှ မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး။ မင်းဘာသာပဲ ဆုံးဖြတ်ချက် ချရမှာ။ ဒါပေမဲ့ မင်းကို အကြံတစ်ခုတော့ ပေးဖို့ လိုသေးတယ်။ တစ်ခါတစ်ရံကျ မင်းရဲ့ ရည်ရွယ်ချက်တွေ မရောက်ရှိခင် မင်းမှာ အားကောင်းတဲ့ ကျင့်ကြံခြင်းရှိဖို့ လိုအပ်တယ်။ အဲဒါကြောင့် မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်တာ အကောင်းဆုံးပဲ ...”
စန်ယီရှန်းက စာအုပ် ကောက်ကိုင်သည်ကို မြင်၍ ပိုင်စုတင်းက မြန်မြန် ကျေးဇူးတင် လိုက်ရသည်။ အခကြေးငွေနှင့် ပတ်သတ်၍ ဘာမှမဆိုပေ။ စန်ယီရှန်းဆီ လာကြသည့် လောက အင်မော်တယ်များတွင် တချို့သာ အခကြေးငွေ ပြောဆိုလေ့ ရှိ၏။ သို့သော် တစ်ရက်၌ စန်ယီရှန်းက ထိုလူများကို လိုအပ်လာလျှင် သူတို့က လက်တစ်ဖက်ကမ်းရန် အဆင်သင့် ရှိနေကြလိမ့်မည်။
နတ်ဆေးဆရာ တောင်ကြားမှ ယန်အာကို ခေါ်လာပြီး နောက်တွင် ပိုင်စုတင်းက ယန်အာကို ချက်ချင်း မေးလိုက်သည်။
“ယန်အာ ... အဲဒီ မှတ်တမ်းထဲမှာ မိုဝူကျီ သူက ...”
ယန်အာက ခေါင်းခါပြ လိုက်သည်။
“သခင်လေး ဘာလုပ်လုပ် သူက မှန်တယ်။ အခုတော့ သခင်လေးကို ရှာဖို့ လိုတယ်။ အစ်မစုတင်းနဲ့ ညီမ ဆက်သွားနိုင်တော့မယ် မထင်ဘူး ...”
ပိုင်စုတင်းက ယန်အာ စိတ်ထဲတွင် မိုဝူကျီက ထိုမျှ စွဲမြဲနေသော လူဖြစ်နေ လိမ့်မည်ဟု ထင်မထားပေ။ သူက အလွန် အရေးကြီးလှ၍ သူ ဘာလုပ်လုပ် ယန်အာ မျက်လုံးထဲတွင် မှန်နေလေသည်။
ပိုင်စုတင်းက ကူကယ်ရာ မဲ့စွာ ပြောလိုက်သည်။
“ယန်အာ စိတ်အေးအေးထား ... မင်းလည်း မိုဝူကျီက နှင်းခါး ပင်လယ်ထဲ ရောက်နေတာကို သိပါတယ်။ နှင်းခါး ပင်လယ်က ဘယ်လို နေရာမျိုးလဲ ဆိုတာ သိရဲ့လား။ ငါ ဝင်သွားရင်တောင် ငါ့အတွက် အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ် ...”
အားလုံးကို တစ်ခါတည်း ဆက်တိုက် ပြောလိုက်ပြီးနောက် ပိုင်စုတင်း လေသံမှာ လျော့သွားလေသည်။
“ဒါက မင်းကို ဆူနေတာ မဟုတ်ဘူးနော်။ ငါ မင်းကို အချက်ကျကျ ပြောပြနေတာ။ အခုချိန် နှင်းခါး ပင်လယ်ထဲ ဝင်သွားရင် သေချာပေါက် အစအနမရှိ ပျောက်ကွယ် သွားလိမ့်မယ်။ အဲဒီလို အအေးဓာတ်က မင်းကို အချိန်မရွေး သတ်သွားနိုင်တယ်။ အဲဒီလို ဖြစ်လာရင် မင်းရဲ့ သခင်လေးကို ရှာဖို့တွေ၊ ကူညီဖို့တွေ မဆိုနဲ့ဦး ... မင်း သခင်လေးကို ပြန်မြင်ဖို့ အခွင့်အရေးပါ ပျောက်သွားလိမ့်မယ် ...”
ယန်အာက တုန်ယင် သွားပြီးနောက် ချက်ချင်းဆိုသလို တည်ငြိမ် လာလေသည်။ သူမက သေခြင်းတရားကို မကြောက်ပေ။ သို့သော် သူမက နှင်းခါး ပင်လယ်ထဲ ဝင်သွားလျှင်ပင် အသုံးဝင် မည်တဲ့လား ...
မဟုတ်သေးပေ ... တစ်စက်လေးမျှ အသုံးမဝင်ပေ။ သူမကိုယ့်ကို သေခြင်း တရားဆီ ပို့ဆောင်တာမှ လွဲ၍ သူမ၏ သခင်လေးကိုပင် မြင်တွေ့ လိုက်ရမည် မဟုတ်ပေ။
အစ်မစုတင်း ပြောတာ မှန်ပေ၏။ သူမက သခင်လေးကို ရှာရန် အခွင့်အရေးပင် ပျောက်ဆုံး သွားနိုင်သည်။ အကယ်၍ သူမ သခင်လေးသာ နှင်းခါး ပင်လယ်ထဲ သေဆုံး သွားခဲ့ပါက သူမက သူနှင့်အတူ လိုက်သေဆုံးဖို့ရာ အထိ ဆန္ဒရှိလေသည်။ သို့သော် သခင်လေးက မသေဆုံးလျှင်ရော ... သူ ထွက်လာသည့် အခါ သူမက သူ့ဘေးတွင် မရှိလှျင် မည်သူက သူ့အား စောင့်ရှောက် ပေးမည်နည်း။
ထိုစဉ် ယန်အာက မိုဝူကျီသည် သူမကို နှစ်များစွာ စောင့်ရှောက် လာခဲ့ကြောင်း လုံးဝမေ့လျော့ သွားလေသည်။ သူမ မှတ်ဉာဏ်များ ပြန်လည် ရရှိပြီးနောက် သူမ၏ သခင်လေးမှာ သူမ စောင့်ရှောက်ပေးဖို့ လိုအပ်နေသည့် သခင်လေးအဖြစ် မြင်နေဆဲ ဖြစ်၏။
ယန်အာ တည်ငြိမ်သွားသည်ကို မြင်သောအခါ ပိုင်စုတင်းက သက်ပြင်းချ လိုက်မိတော့သည်။
“ယန်အာ ... မိုဝူကျီက နှင်းခါး ပင်လယ်ထဲ အသက်ရှင်ပါ့မလား ဆိုတာ ပြောရခက်ပေမဲ့ သူက သူမတူတဲ့ သူပဲ ... သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လေးနဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်ပြီးတော့ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ပန်းကိုတောင် ရအောင် ယူနိုင်ခဲ့တာလေ။ ပြီးတော့ သူက အစစ်အမှန် ရေအဆင့်လေးနဲ့ လောကအဆင့် ဇယားထဲလည်း ဝင်ခဲ့သေးတာ ... သူက ပျောက်ဆုံး နယ်မြေကနေ ကျန်းမို နယ်မြေအထိ ကိုယ့်ဘာသာ ရောက်အောင် လာနိုင်ခဲ့တယ်။ သူ့မှာလည်း ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိနေမှာပဲ ... အခြား အစစ်အမှန် ရေအဆင့် ကျင့်ကြံသူတွေ ဆိုရင်တော့ နှင်းခါး ပင်လယ်ထဲမှာ သေမှာ သေချာ နေပေမဲ့ သူတော့ မဖြစ်နိုင်လောက်ဘူး။ တကယ်လို့ မိုဝူကျီသာ အသက် ရှင်ပြီးတော့ မင်းက နှင်းခါးပင်လယ်ထဲ ပျောက်ကွယ် သွားမယ်ဆိုရင် မင်းရဲ့ ဝိညာဉ်လည်း ကောင်းကောင်း အနားယူနိုင်မှာ မဟုတ်ဘူး”
ပိုင်စုတင်း စကားများက ယန်အာစိတ်ထဲ ရောက်သွားဟန် ပေါ်သည်။ ယန်အာက ပိုင်စုတင်းဘက် လှည့်ကာ
“အစ်မစုတင်း အဲဒါဆို ညီမ ဘာလုပ်သင့်လဲ။ ညီမ သခင်လေးကို ဘယ်လိုလုပ်မှ တွေ့ခွင့်ရမှာလဲ။ သခင်လေးရဲ့ ဘေးကို ဘယ်လို ပြန်သွားရမလဲ ...”
ပိုင်စုတင်းက ယန်အာလက်ကို ကိုင်ကာ နွေးထွေးစွာ ပြောလိုက်လေ၏။
“အရင်ဆုံး ကောင်းကောင်း ကြိုးစားပြီးတော့ ကျင့်ကြံရမယ်။ တရက်ကျ မင်းသာ လောက အင်မော်တယ် အဖြစ် တက်လှမ်းသွားရင် ဒါမှမဟုတ် မြေကမ္ဘာ အင်မော်တယ် အဆင့်အဖြစ် ရောက်သွားရင် မင်းသခင်လေးကို နှင်းခါး ပင်လယ်ထဲ သွားရှာဖို့ အခွင့်အရေး ရပြီ၊ မင်းရဲ့ ကျင့်ကြံဆင့် မြင့်လာတဲ့ အခါ မင်းသခင်လေးကို ကူညီဖို့ အခွင့်အရေး ရလာလိမ့်မယ်။ မင်းလည်း မင်း သခင်လေး ဘာကြောင့် နှင်းခါး ပင်လယ်ထဲ အထိဝင်သွား ရလဲဆိုတာ သိမှာပါ။ သူ့နောက်ကို ကျင့်ကြံသူ များစွာ လိုက်လာလို့ပဲ။ တကယ်လို့ မင်းကျင့်ကြံဆင့်က နိမ့်နေမယ် ဆိုရင်တော့ မိုဝူကျီ မပျောက်ကွယ် သွားသေးဘူး ဆိုရင်တောင် သူကို အဲဒီလို ထပ်အဝိုင်းခံ ထားရရင် ဘယ်သူက သူ့ကို အကူအညီ ပေးနိုင်မှာလဲ ...”
“ညီမ နားလည်ပါပြီ” ယန်အာ အသံမှာ အေးစက်သွားပြီး လေးနက်မှုများနှင့် ပြည့်နေလေသည်။
သူမ သခင်လေးကို နှင်းခါး ပင်လယ်ထဲ ဝင်ဖို့ရာ အတင်းတွန်းအား ပေးသူများကို သူမအနေနှင့် တစ်ယောက်မျှ အလွတ် မပေးနိုင်ပေ။ စီနီယာ စန်ယီရှန်းနှင့် ပိုင်စုတင်းတို့ နှစ်ယောက်လုံး မှန်ပေသည်။ သူမ ကျင့်ကြံဆင့်က အားကောင်း လာပါက သူမ သခင်လေးကို ကူညီဖို့ရာ အရည်အချင်း ပြည့်မီ လာလိမ့်မည်။
***
နှင်းခါး ပင်လယ်ထဲတွင် လောက အင်မော်တယ် ခြောက်ယောက် ပျောက်ကွယ် သွားသည်မှ စ၍ မျိုးနွယ်စုကြီး သုံးခုမှာ ငြိမ်သက် သွားကြလေသည်။ အချုပ်အားဖြင့် ဆိုရလျှင် လောက ခန်းမကား ပိုပို၍ အသက်ဝင် လှုပ်ရှား လာလေသည်။ တချို့သော အဆင့်မြင့် ကျင့်ကြံသူများက ဤနေရာမှ အာကာသထဲသို့ သွားကြ လာကြလေသည်။ တစ်ခါတစရံ ကျင့်ကြံသူ စစ်တပ်များက အုပ်စုလိုက် လောကတိုင်မှ အာကာသ အတွင်း သွားကြလေသည်။
လောကတိုင်မှ လေထုမှာ ဖိနှိပ်ခံထား ရသလို ဖြစ်ပေါ် နေလေသည်။ သို့သော်လည်း ကျန်းမိုနယ်မြေမှ နယ်လှည့် ကျင့်ကြံသူများက လောခန်းမ အတွင်းသို့ လာကြပြီး လောကတိုင်ကို ဖြတ်သန်းကာ ကြယ်တာရာ တိုက်ပွဲကို သွားနေကြဆဲ ဖြစ်၏။ တခြားသူများမှာ လောက ခန်းမမှ နေ၍ အခွင့်အရေးများ စောင့်ဆိုင်း နေကြလေသည်။
လောကခန်းမက အတိအလင်း ကြေညာထားခြင်း မရှိသော်လည်း လူများစွာက သူတို့ဘာသာ ဆွေးနွေး နေကြလေသည်။ သူတို့က နှစ်ပေါင်း ၃၀၀၀တိုင်း တစ်ခါ ပြန်လည် ထွက်ပေါ်လာမည့် လခြမ်းကွေး အင်မော်တယ် နန်းတော်အကြောင်း ဆွေးနွေး နေကြသည်။
လခြမ်းကွေး အင်မော်တယ် နန်းတော်တွင် စုစုပေါင်း တာအိုဂိတ် ၉၉ခုရှိကာ ဂိတ်တစ်ခုချင်းစီတွင် အသာလွန်ဆုံး ရတနာများ ပါဝင် နေလေသည်။ နှမြောစရာ ကောင်းသည်က တာအိုဂိတ် တစ်ခုချင်းစီအတွက် ဖွင့်ဖို့ရန် လခြမ်းကွေးသော့ လိုအပ်လေသည်။
နှစ်ပေါင်း ၃၀၀၀ အကြာတွင် သော့များက မည်သူလက်ထဲ ရောက်နေမည်ကို မည်သူ သိကြမည်နည်း။ ယန်ယန်ဒေါင်က သူ့ဘာသာ လခြမ်းကွေးသော့ သုံးချောင်း ရရှိခဲ့သည်ဟု ကောလာဟလများ ထွက်နေလေသည်။ ကြယ်တာရာ တိုက်ပွဲသို့ သွားနေကြသော သူများအထဲ၌ မည်သူက ဒုတိယ ယန်ယန်ဒေါင် ဖြစ်လာမည်ကို မည်သူ သိမည်နည်း။
ထို့အပြင် နောက်ထပ် သဘောတရား တစ်ခု ရှိသေးလေ၏။ လခြမ်းကွေး အင်မော်တယ် နန်းတော်၏ အကြီးမားဆုံး ရတနာများမှာ တာအိုဂိတ် ၉၉ခုတွင် ပေါ်လာသော်လည်း ထိုဂိတ်များနှင့် မသက်ဆိုင်ဘဲ နန်းတော်အတွင်း နေရာ ထောင့်မျိုးစုံ၌ ရှိသည့် ရတနာများလည်း ရှိနေသေးသည်။
ထို့ကြောင့် လခြမ်းကွေး အင်မော်တယ် နန်းတော် ပြန်လည် ထွက်ပေါ်လာမည့် အကြောင်းကား ရေပန်း အစားဆုံး ဖြစ်နေခြင်း ဖြစ်ပေသည်။
ကျန်းမိုနယ်မြေမှ ကျင့်ကြံသူများ သာမက အဆင့်မြင့် အာကာသ သားရဲများနှင့် နယ်ခြား ကျင့်ကြံသူများပင် ဤနေရာသို့ သွားကြလိမ့်မည်။
ထိုအချိန်တွင် တိုက်ပွဲကြီးက ရှောင်ရှား၍ မရနိုင်ပေ။ တိုက်ပွဲအတွင်း ရမှတ်များလည်း ပါဝင်ပေလိမ့်မည်။ လောကရမှတ်များ ... ထိုသည်က ကျင့်ကြံသူတိုင်း အလိုရှိနေသည့် အရာ ဖြစ်လေ၏။
တခြား သူများနှင့် မတူညီလှစွာ သူ့နောက်ကျောတွင် ဓားရှည် သိုင်းထားသည့် လူငယ်လေးက အာကာသမှ လောကတိုင် အတွင်းသို့ ဝင်ရောက် လာလေ၏။
သူက လောကတိုင် ဒုတိယအလွှာကို တည့်တည့် သွားလိုက်ပြီး အမှတ်အသားပြားကို ပြကာ ပြောလိုက်သည်။
“အဆင့် ၇ လေလွတ်မြောက်ရေး အဆောင် နှစ်ခုနဲ့ လဲပေးပါ”
“ကောင်းပြီ ခဏစောင့်ပေးပါ ...” တာဝန်ခံက ထိုလူငယ်လေးဆီမှ အမှတ်အသားပြားကို လက်ခံယူ လိုက်လေသည်။ လောက အမှတ်အသား ပြားပေါ်မှ စာလုံးများကို မြင်သည့်အခါ အမှတ်အသား ပြားပင် ပြုတ်ကျလု မတတ် လက်များ တုန်ယင် လာလေ၏။
“ကြယ်တာရာ ဘုရင်တောင် လိန်ဟုန်ကျီ ... ရမှတ် - ၂၉၁၅၁၊ အဆင့် - ၉၉၆၄”
***