ပိုင်လင်၏လက်ဆောင်
Vol. 54 Ch. 747
လက်ဆောင်လား........
အားလုံးမှာ မျက်ဝန်းများ တောက်ပလာကြသည်။
"အစ်မကြီးပိုင်က ဘာလို့လက်ဆောင်ပေးချင်တာလဲ။"
အန်လင်းသည် တည်ငြိမ်ချင်ဟန်ဆောင်နေပါသော်လည်း တလက်လက် တောက်နေသော မျက်ဝန်းများမှာ သူ့အားသစ္စာဖောက်နေသည်။
စုချန်းရန်သည် ပိုင်လင်နှင့် သေသေချာချာ မရင်းနှီးသောကြောင့် အနည်းငယ် ရှက်ရွံ့နေမိသည်။
"ကျွန်မက ဘာမှလည်း မကူညီပေးထားဘူးဆိုတော့ လက်ဆောင်ယူဖို့တော့ မသင့်တော်ဘူး ထင်ပါတယ်။"
လျှိုချင်းဟွမ်မှာ စုချန်းရန်၏ အင်္ကျီလက်စအား လှမ်းဆွဲလိုက်သည်။
"ရူးနေတဲ့သူပဲ အခုလို အခွင့်အရေးကို ငြင်းမှာနော်။"
ပိုင်လင် ခပ်ဖွဖွပြုံးကာ ရှင်းပြလိုက်သည်။
"နင်တို့တွေကြောင့် အခြေအနေတွေ ရှုပ်ထွေးကုန်လို့ ငါလည်း ဒီကမ္ဘာကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ရခဲ့တာ။ အဲ့ဒါကြောင့် နင်တို့က ငါကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်တွေကို ယူသင့်ပါတယ်။"
သူမသည် ထိုစကားကိုဆိုနေရင်း ရှောင်ဇယ်နှင့် တီနာတို့အား ကြည့်ရှုလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့စေတနာကို မငြင်းပါနဲ့။ ဒီကမ္ဘာက ရတနာ ပေါပါတယ်။"
အဖြူရောင်နှင့် အနက်ရောင် အလုံးနှစ်ခု ပေါ်ထွက်လာကာ ကြယ်စင်များအလား လေထုထဲတွင် လည်ပတ်နေလေသည်။
ပိုင်လင်၏ မျက်ဝန်းထဲတွင်လည်း အဖြူနှင့်အမည်း အလင်းများ တောက်ပကာ သူမ၏ အံ့ဖွယ်အာရုံမှာ ပတ်ဝန်းကျင် တခွင်လုံးကို လွှမ်းမိုးထားသည်။
"အင်း..... တပိုင် ဒါကနင့်အတွက်....."
သူမ လက်အားဖြန့်လိုက်သည်နှင့် အပြာရောင် အင်မော်တယ်သစ်သီးတစ်လုံး ထွက်ပေါ်လာသည်။
ကမ္ဘာ၏ ထိန်းချုပ်ခွင့်အား ရရှိပြီးနောက် သူမ၏ လုပ်နိုင်စွမ်းမှာလည်း အကန့်အသတ် မဲ့လုနီးပါး ဖြစ်လာသည်။ မည်မျှပင် ဝေးကွာနေပါစေ ဤကမ္ဘာ၏ ပစ္စည်းတစ်ခု ဖြစ်နေသမျှ သူမ အတွေးဖြင့် လှမ်းယူလိုက်ရုံသာ။
ပိုင်လင်သည် အင်မော်တယ်သစ်သီးအား တပိုင်ထံ ပေးလိုက်သည်။
"ဒါကို ပင်လယ်ပုလဲသွယ်အင်မော်တယ်သစ်သီးလို့ ခေါ်တယ်။ အဆင့်ငါးရှိတဲ့ အင်မော်တယ်သစ်သီးနော်။ စားလိုက်တဲ့သူကို တာအိုလေ့လာဖို့ ကူညီပေးနိုင်တဲ့အပြင် သက်ရှိစွမ်းအင် ပင်လယ်လည်း ကျယ်ပြန့်လာအောင် လုပ်ပေးလိမ့်မယ်။"
"ကျေးဇူးပါ အစ်မကြီးပိုင်...... အစ်မကြီးက လှရုံတင်မကဘူး..... သဘောလည်း သိပ်ကောင်းတာပဲဗျ...... ဝုတ်....."
ထိုအင်မော်တယ်သစ်သီးသည် တပိုင်အတွက် အသုံးဝင်လွန်းသောကြောင့် အမှန်တကယ် ပျော်ရွှင်နေမိသည်။
ပိုင်လင်သည် လျှိုချင်းဟွမ်အားကြည့်ကာ အနည်းငယ် တွေဝေနေပြီးနောက် အေးခဲသော အရှိန်အဝါများ ဖြာထွက်နေသည့် ကျောက်စိမ်းတစ်တုံးကို ဆင့်ခေါ်လိုက်သည်။
"ဒါက မဟူရာနှင်းနှလုံးသားကျောက်စိမ်းပဲ။ ဇာမဏီသုတေသနဋ္ဌာနရဲ့ နှင်းခဲယင်းဒေသမှာ မွေးဖွားလာတာ။ နင့်ရဲ့ နယ်ပယ်အတွက် ဒါကိုသုံးလို့ရတယ်။"
လျှိုချင်းဟွမ် သွားသုံးဆယ့်နှစ်ချောင်း ဖြီးနေအောင်ရယ်ကာ လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်..... အစ်မကြီးပိုင်က အကောင်းဆုံးပဲ။"
"ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။"
ပိုင်လင် ပြုံးပြကာ ဆက်လက်ရှာဖွေရန် မျက်ဝန်းများ မှိတ်ထားလိုက်သည်။
"အမ်...... နေရာနှစ်ခုက အသီးတွေ ပျောက်နေပါလား။ ဟွန့်...... စောစောစီးစီးကသာသိရင် ဒင်းတို့ကို စစ်ဆေးလိုက်ပါတယ်။ ငါ့ဆီကနေခိုးပြီး ထွက်ပြေးရဲတယ်ပေါ့။"
ပိုင်လင် မကျေမနပ် စကားဆိုကာ ဆက်ရှာနေလိုက်သည်။
ထိုသူခိုးထဲမှ တစ်ဦးသည် အန်လင်း၏ လက်ပေါ်တွင် အိပ်ပျော်နေသော တီနာဖြစ်ပြီး ကျန်တစ်ဦးသည် ထွက်ခွာသွားပြီဖြစ်သော လုံကွေး ဖြစ်သည်။
"နင့်လို လှပတဲ့ ကောင်းကင်နတ်မိမယ်အတွက် အလှတရား တိုးစေမယ့် အင်မော်တယ်နွေဦးရေကို လက်ဆောင်ပေးသင့်တယ်။"
ပိုင်လင်၏ရှေ့တွင် ကြည်လင်သော အင်မော်တယ်နွေဦးရေများ ပြည့်နေသည့် ဗာမီလီယမ်ငှက်သဏ္ဍာန် သစ်သားစည်ပိုင်းတစ်ခု ပေါ်ထွက်လာသည်။ သူမသည် ထိုရေစည်အား စုချန်းရန်ထံပေးကာ ရှင်းပြလိုက်သည်။
"သက်ရှိစွမ်းအင်ပေါ် မူတည်ပြီးတော့ ဒီနွေဦးရေရဲ့ အပူချိန်ကို ပြောင်းလဲလို့ရတယ်။ ဒီထဲမှာ ကောင်းကင်နဲ့မြေပြင်ရဲ့ သန့်စင်တဲ့ ယင်းစွမ်းအင်တွေ ပါနေတယ်။ အဲ့ဒါကြောင့် နွေဦးရေနဲ့ ရေချိုးပေးရင် အရမ်းလှလာမယ့်အပြင် စစ်မှန်ယင်းခန္ဓာကိုလည်း အားကောင်းလာစေလိမ့်မယ်။"
အန်လင်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။
စုချန်းရန်က အခုတောင် အရမ်းလှနေတာလေ....... အဲ့ဒါကို ဒီထက်တောင် ပိုလှဦးမယ်တဲ့လား...... သူမက အလှနဲ့တင် ကမ္ဘာဖျက်တော့မလို့လား......
"ကျေးဇူးတင်ပါတယ် အစ်မကြီးပိုင်....."
စုချန်းရန် လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။
"အချိန်ရရင် သစ်တောစိမ်းအင်ပါယာမိသားစုကို လာလည်နော်။ အစ်မကြီးအတွက်လည်း လက်ဆောင်လေးဘာလေး ပြန်ပေးချင်လို့။"
စုချန်းရန်၏ ပုံစံမှာ ချစ်စဖွယ် ကောင်းလွန်းသောကြောင့် ပိုင်လင် မနေနိုင်တော့ပဲ ခေါင်းပုတ်ပေးလိုက်သည်။
"ကောင်းပါပြီရှင်..... မကြာမကြာ လာလည်မယ်နော်။"
ထို့နောက် ပိုင်လင်သည် ကျေးဇူးတင်ဟန်ဖြင့် ရှောင်ဇယ်အား ကြည့်ရှုလိုက်သည်။
"နင်က ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ဆိုတော့ နင်နဲ့ကိုက်မယ့် ရတနာတော့ သိပ်မရှိဘူး။ ဒါပေမယ့် အံ့ဖွယ်တောင်တန်းမှာ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်နဂါးရိုး ရှိတယ်။ နင်ယူသွားလိုက်လေ။"
"ဝါး......"
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နဂါးတစ်ကောင်၏ အရိုးကိုပင် ပိုင်လင်မှာ အရေးမပါသလို ပြောနေလေသည်။
ထိုသည်မှာ အင်မော်တယ်ရတနာတစ်ခုနှင့် တန်ဖိုးချင်း ယှဉ်နိုင်လောက်သည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ရှေးဟောင်းနဂါး တစ်ကောင်အတွက် ထိုသည်မှာ အင်မော်တယ်ရတနာထက်ပင် တန်ကြေးကြီးပေသည်။
"ဒါ..... ဒါက တန်ဖိုးရှိလွန်းတယ်.... ကျွန်တော်....."
ရှောင်ဇယ်သည် ပိုင်လင်နှင့် တစ်ကြိမ်တစ်ခါမှ မဆုံဖူးသောကြောင့် ထိုလက်ဆောင်နှင့်ပက်သတ်၍ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။
"ယူသာယူလိုက်ပါ။"
ပိုင်လင်သည် ရွှေရောင်အရိုးတစ်ခုအား ရှောင်ဇယ်ထံ ထိုးပေးလိုက်သည်။
ရှောင်ဇယ် မျက်ရည်ကျမတက် ရင်ထဲထိသွားရသည်။ ဆရာဖြစ်သူကြောင့် ယခုကဲ့သို့ လက်ဆောင်မျိုး ရရှိနေခြင်းဖြစ်ကြောင်း သူကောင်းစွာသိရှိနေသည်။ ထိုသို့မဟုတ်ပါက ပိုင်လင်အနေဖြင့် ထိုမျှအဖိုးတန်သော ရတနာအား ပေးလာစရာ အကြောင်းမရှိပေ။ ပိုင်လင်အား "ကျေးဇူးတင်ပါတယ် ဆရာကတော်"ဟု ပြောမိတော့မလို ဖြစ်ပြီးမှ စုရှောင်လန်အား သတိရကာ စကားလုံးများကို မြိုချလိုက်ရသည်။
ပိုင်လင်သည် အားပါးတရ အိပ်မောကျနေသော တီနာအား ကြည့်ရှုလိုက်သည်။ ခရမ်းကြယ်စင်သည် နတ်သမီးငယ်များစွာအား သုတေသန လုပ်ဖူးသောကြောင့် တီနာ လိုအပ်သော အရာအား သိရှိနေသဖြင့် အိပ်ပျော်နေသည်မှာ အနှောင့်အယှက်တစ်ခု မဟုတ်ပေ။
သူမ၏ လက်ပေါ်သို့ အစိမ်းရောင်၊ ရွှေရောင်၊ အဝါရောင်နှင့် အဖြူရောင်များ တောက်ပနေသော ကျောက်တုံးတစ်တုံး ရောက်ရှိလာသည်။
"ဒါက လေးရာသီအင်မော်တယ်ကျောက်ပဲ။ ဒီထဲမှာ ရာသီတစ်ခုချင်းစီရဲ့ တာအိုတွေ ပါဝင်နေတယ်။ နတ်သမီးငယ်လေးက ဒါကိုအဆင်တန်ဆာအနေနဲ့ ဝတ်ထားရင် သဘာဝတရားကို ပိုပြီးလေ့လာနိုင်လိမ့်မယ်။"
"ဒီကျောက်တုံးက သူမအတွက် ကြီးမနေဘူးလား။"
အန်လင်း တွေဝေစွာ ပြောလိုက်သည်။
"ပိုင်ရှင်ရဲ့ ဆန္ဒအတိုင်း အရွယ်အစား ပြောင်းလို့ရပါတယ်။"
ထိုစကားနှင့်အတူ ကျောက်တုံးမှာ ဆန်တစ်စေ့စာ အရွယ်အစားထိ ကျုံ့ဝင်သွားသည်။
အန်လင်းသည် လေးနက်သော အမူအရာဖြင့် ကျောက်တုံးအား လက်ခံကာ တီနာအား ဆွဲပေးလိုက်သည်။ ထိုကျောက်တုံးတွင် တာအိုစိတ်ဆန္ဒများ ပါဝင်နေပြီး အင်မော်တယ်သစ်သီးထက်ပင် အားကောင်းသော အရှိန်အဝါများ ဖြာထွက်နေသောကြောင့် အလွန်ပင် တန်ဖိုးကြီးပေလိမ့်မည်။
အရေထူလှသော အန်လင်းသည်ပင် အားတုံ့အားနာ ဖြစ်နေမိလေပြီ။
ပိုင်လင်သည် အားလုံးအား အဖိုးတန်လက်ဆောင်များ ပေးအပ်သည်အထိ သဘောကောင်းလွန်းလှသည်။
အန်လင်းမှာ သူမထံမှ လက်ဆောင်လက်ခံရန်ပင် နောက်တွန့်နေမိသည်။
ပိုင်လင်သည် တွေးတွေးဆဆဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
"အန်လင်း နင်ကရတနာသူဋ္ဌေးဆိုတော့ ငါတောင် ဘာပေးရမလဲ မသိတော့ဘူး။ နင်ကြိုက်တဲ့ဟာမျိုး ပြောကြည့်လေ။"
"ကျွန်တော်က ရိုးရှင်းတဲ့သူပါ။ စိတ်ဝိဉာဉ်ကျောက်တုံး နည်းနည်းပါးပါး သန်းဂဏန်းလောက်ဆို ရပါပြီ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"ငါ့မှာ တစ်ခုတောင် မရှိဘူး။"
ပိုင်လင် စကားဆိုလိုက်သည်။
"ဒီကမ္ဘာမှာ စိတ်ဝိဉာဉ်ကျောက်တုံးကလွဲလို့ ကျန်တာအကုန်ရှိတယ်။"
အန်လင်း စိတ်ကသိကအောက်ဖြစ်ကာ ခေါင်းကုတ်လိုက်သည်။ သူလိုအပ်နေသည်မှာလည်း စိတ်ဝိဉာဉ်ကျောက်တုံးသာ ရှိသည်။
သူ့အတွက် မည်သည့်ရတနာမှ မလိုအပ်ပေ။
"ဟုတ်သားပဲ။ နင်စိတ်ဝင်စားလောက်မယ့်ဟာတော့ ရှိတယ်။"
ပိုင်လင်၏ မျက်ဝန်းများ လင်းလက်သွားသည်။
"ဘာကြီးလဲ။"
အန်လင်း သိချင်မိသွားသည်။
"ဂမ်ဒမ်တွေရဲ့ မူလစွမ်းအင်ဗဟိုချက် သားရဲတစ်ရာစွမ်းအင်လုံး ငါ့မှာအပိုတစ်ခု ရှိတယ်။"
ပိုင်လင် ပြုံးကာပြောလိုက်သည်။
"ဘယ်လိုလဲ။"
"ဟာ..... ကျိန်းသေပေါက် ယူမှာပေါ့။"
အန်လင်း စိတ်လှုပ်ရှားသွားလေသည်။
ဂမ်ဒမ်သုံး၏ စွမ်းဆောင်ရည်များအား ယခုထိတိုင် အမှတ်ရနေသောကြောင့် သားရဲတစ်ရာ ဗဟိုချက်နှင့်သာဆိုလျှင် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် စစ်ကူတစ်ဦး ထပ်ရပြီပင်။
ဝှက်ဖဲတစ်ခု ထပ်ရပြီပေါ့......
ပိုင်လင် လက်ဖြောက်တီးလိုက်သည်နှင့် ရွှေရောင်စွမ်းအင်လုံးတစ်ခု ပေါ်ထွက်လာသည်။
အန်လင်းထံတွင် စွမ်းအင်ဗဟိုလုံး မရှိသော ဂမ်ဒမ်သုံးခု ရှိနေသေးသည်။
သူအနည်းငယ်တွေးကာ ဂမ်ဒမ်တစ်ခုအားထုတ်လျက် သွေးအဆီအနှစ်ဖြင့် သန့်စင်လိုက်သည်။
ဂမ်ဒမ်လေးမှာ မွေးဖွားလာခဲ့ပြီပင်။