ဂိုဏ်းတည်နေရာ
Vol. 54 Ch. 748
"ကျွန်မနာမည်က ယောင်ကျီးပါ။ ကျေးဇူးပြုပြီး အမိန့်ပေးပါ သခင်။"
ဂမ်ဒမ်လေး၏အသံမှာ အံ့အားသင့်စရာ ကောင်းစွာပင် ကြည်လင်သာယာသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
၎င်းသည် နိုးထလာသည်နှင့် တင့်တယ်သော ဟန်ပန်အမူအရာဖြင့် အန်လင်းအား အရိုအသေပေး နှုတ်ဆက်လာလေသည်။
အန်လင်း အံ့သြသွားရသည်။
"မင်းက စကားပြောနိုင်တယ်လား။"
ဂမ်ဒမ်လေး၏ မျက်နှာပေါ်တွင် စိတ်ရှုပ်သွားသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"ကျွန်မက ခရမ်းကြယ်စင်ရဲ့ A.I တွေထဲမှာ အဆင့်အမြင့်ဆုံးပါ။ စကားပြောနိုင်ရုံတင်မကဘူး သင်ယူနိုင်စွမ်းလည်း အရမ်းမြင့်မားပါတယ်။"
အန်လင်းသည် ရုတ်ချည်းဆိုသလို ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်အား နီအယ်ဒါသယ်များလို ခံစားလိုက်ရသည်။
(နီအယ်ဒါသယ်သည် မျိုးတုန်းသွားပြီဖြစ်သော ရှေးဟောင်းလူသားမျိုးစိတ်တစ်ခု ဖြစ်သည်။)
"ကောင်းပြီ။ ယောင်ကျီးဆိုတဲ့ နာမည်က တစ်မျိုးကြီးပဲ။ မင်းကို ဂမ်ဒမ်လေးလို့ပဲ ခေါ်မယ်။"
အန်လင်း ဂမ်ဒမ်၏ ပုခုံးကိုပုတ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ရိုင်းပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါ သခင်...... ဒါပေမယ့် တန်ဖိုးရှိတဲ့ အရာတစ်ခုကို ဂမ်ဒမ်လေးဆိုပြီး ပြီးစလွယ် နာမည်ပေးတာက ခေတ်မီမှုလည်း မရှိတဲ့အပြင် မလေးစားရာပါ ရောက်ပါတယ်။ သခင်က တကယ်ကောင်းတဲ့ ပိုင်ရှင်မဟုတ်ဘူးပဲ။"
ဂမ်ဒမ်မှာ စိတ်အလိုမကျ ဖြစ်နေဟန်ဖြင့် တုံ့ပြန်လာသည်။
အန်လင်း: ".........."
ဘာတွေဖြစ်သွားတာလဲ.......
ဒီဂမ်ဒမ်က သခင်ကို ပြန်ပက်နေတာလား.......
အန်လင်းမှာ ဂမ်ဒမ်အားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။
"ငါကမင်းရဲ့ သခင်ပဲ။ မင်းငါ့စကားကို နားထောင်ရမှာပေါ့။ နားလည်ပြီလား။"
အန်လင်း ခက်ထန်စွာ ပြောလိုက်သည်။
ဂမ်ဒမ်သည် မျက်ရည်အဝဲသားဖြင့် ကောင်းကင်အား လေးဆယ့်ငါးဒီဂရီ မော့ကြည့်လိုက်သည်။
"လစန္ဒာသဖွယ် နှလုံးသားငယ်.......
လင်းလက်တောက်ပပါသော်လည်း.......
သနားစဖွယ် လရောင်နှယ်.......
အသူရာချောက်ထဲ လင်းနေရရှာတယ်...."
(ထိုသည်မှာ ရှေးဟောင်းတရုတ်ကဗျာထဲမှ ရွေးချယ်ကောက်နုတ်ချက်ဖြစ်ပြီး အသူရာချောက်နက်ထဲ လရောင်ဖြာနေသလို အသွားအပြန် မရှိသော တစ်ဖက်သတ် မေတ္တာအား ဖော်ညွှန်းထားခြင်း ဖြစ်သည်။)
အန်လင်းမှာ မျက်စိမျက်နှာ ပျက်သွားရသည်။
ယီးထဲမှ..... ဒီဂမ်ဒမ်က ကဗျာတွေဘာတွေပါ ရွတ်နိုင်တာလား......
ဂမ်ဒမ်သည် လက်မနှင့် လက်ခလယ်အား ထိတွေ့ကာ ကျန်လက်များကို ဆန့်တန်းထားလျက် လက်သင်္ကေတတစ်ခု ပြုလုပ်ကာ အမြင့်သံဖြင့် ရွတ်ဆိုလိုက်သည်။
"ငါဟာ ပန်းပွင့်လေးပါကွယ်~~~ လေပြေနဲ့အတူ ပွင့်လန်းမယ်~~~ ရေစင်ဖြန်းပြီး ယုယပေးမယ့် ချစ်သူငယ်~~~~ မျှော်ကာစောင့်စားမိသော်လည်း~~~ နှလုံးသားမရှိတဲ့ လူလက်ထဲ~~~~ ကြွေလွင့်ခဲ့ပြီ ကွယ်~~~"
အန်လင်းမှာ ရင်ဘတ်ထဲ ဝုန်းခနဲ ဖြစ်သွားရလေသည်။
သူသွေးအန်တော့မလိုဖြစ်ကာ ပိုင်လင်အား ကြည့်ရှုလိုက်သည်။
"ဒီဂမ်ဒမ်က တစ်ခုခု မှားနေတာလား။ သူ့ကို ပြဇာတ်ကပြဖို့ ဖန်တီးခဲ့တာလား။"
ပိုင်လင်မှာ ရယ်ချင်ပက်ကျိစိတ်အား ထိန်းချုပ်ထားရသည်။
"ဒီစွမ်းအင်ဗဟိုလုံးက အဆင့်အမြင့်ဆုံး A.I ဖန်တီးမှုထဲက တစ်ခုလေ။ အားလုံးက မတူညီတဲ့ အသိစိတ်တွေကို ပိုင်ဆိုင်ထားကြတယ်။"
"ဒီယောင်ကျီးဆိုတဲ့ ဂမ်ဒမ်က လွတ်လပ်တဲ့စိတ်သဘောထားရှိဖို့ ဒီဇိုင်းဆွဲထားတာ မဖြစ်နိုင်ဘူးလား။"
ယီးကို လွတ်လပ်တဲ့ စိတ်သဘောထားလား...... ပိုင်ရှင်ကို ကဗျာတွေစာတွေနဲ့ ပြန်စော်ကားနေတာလေ......
အန်လင်းသည် စကားမပြောတတ်သည့် တုံးအလွန်းသော ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်ကိုသာ လွမ်းဆွတ်မိလာသည်။
"ကောင်းပြီ။ ဂမ်ဒမ်လေး ဒီကိုလာတော့။"
မည်သို့ပင်ဆိုစေကာမူ ဂမ်ဒမ်တစ်ကောင်ကြောင့် စိတ်ညစ်နေစရာ အကြောင်းမရှိပေ။
ဂမ်ဒမ်သည် ဝံ့ကြွားစွာ ခေါင်းမော့ထားရင်း သူ့အားအလုံးစုံ လျစ်လျူရှုထားသည်။
အန်လင်း: "........"
"ယောင်ကျီး..... ဒီကိုလာခဲ့။"
အန်လင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ.... သခင်။"
ဂမ်ဒမ် ခပ်ဖွဖွပြုံးကာ အန်လင်းနား ရောက်ရှိလာပြီးနောက် သိုလှောင်လက်စွပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အန်လင်း သက်ပြင်းချကာ မျက်ခုံးနှိပ်လိုက်မိသည်။
"ဟူး..... ပြန်ဝင်သွားလို့ တော်သေးတာပေါ့။"
"အစ်ကိုကြီးအန်...... အဲ့ဆော်လေးက အရမ်းလန်းတာပဲ.... တော်တော်လည်း ခေတ်မီတယ်....ဝုတ်။"
တပိုင်မှာ ရမ္မက်များနေသော အမူအရာဖြင့် လျှာတပြင်ပြင် ဖြစ်နေသည်။
"ပါးစပ်ပိတ်ထားစမ်း။"
"အင်း.... အခုက လက်ဆောင်တွေလည်း ပေးပြီးပြီဆိုတော့ အန်လင်း နင်ငါ့ကို လုပ်ပေးရမှာ တစ်ခုရှိတယ်။"
ပိုင်လင် ပြုံးကာပြောလိုက်သည်။
"အမ်....."
အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
"ဘာလဲ..... လက်ဆောင်ဆိုတာ တစ်ဖက်တည်းကပဲ ယူချင်နေလို့ ရမလား။ အဲ့ဒါ မသင့်တော်ဘူးဆိုတာ သိတယ်မလား။"
ပိုင်လင် မျက်စောင်းထိုးလိုက်သည်။
အန်လင်း : "............"
ထင်မှတ်ထားသည့်အတိုင်း ထောင်ချောက်ထဲ ခုန်ဆင်းမိပြီပင်။ တန်ဖိုးရှိသော လက်ဆောင်အား လက်ခံခဲ့သောကြောင့် သူ့အနေဖြင့် ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။
"ခင်ဗျား ဘာလိုတာလဲ ပြောကြည့်လေ။"
အန်လင်း စိတ်လျှော့ကာ သက်ပြင်းချလိုက်သည်။
ပိုင်လင်၏ ကူညီမှုများမှာ များပြားလှသောကြောင့် သူမ၏ တောင်းဆိုမှုအား ငြင်းဆန်ရန် မဖြစ်နိုင်ပေ။
"နင့်ရဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ အလုပ်တစ်ခု လိုချင်တယ်။"
ပိုင်လင် စကားဆိုလိုက်သည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဒါက တောင်းဆိုချက်တဲ့လား....... ငါ့ကို ကူညီနေတာ မဟုတ်ဘူးလား........
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူက ဂိုဏ်းထဲဝင်ချင်နေတာလေ....... အိမ်မက်တော့ မဟုတ်ပါဘူးနော်......
အန်လင်း ပျော်ရွှင်သွားပါသော်လည်း တွေဝေနေဟန်ဖြင့် သေသေချာချာ စဉ်းစားချင်ယောင် ဆောင်လိုက်သည်။
"ကောင်းပြီလေ။ ကျွန်တော်တို့ဂိုဏ်းမှာ ခင်ဗျားကို နေရာတစ်နေရာ ပေးပါ့မယ်။"
အားလုံး: "........"
ဂိုဏ်းချုပ်လို့ကို မပြောရဘူး...... သရုပ်ဆောင်တော်ချက်......
"ကောင်းလိုက်တာ။"
ပိုင်လင် အမှန်တကယ် ကျေနပ်သွားသည်။
"နင်တို့ဂိုဏ်းမှာ နန်းဆောင်တွေ ရှိတယ်မလား။ ငါရော ခရမ်းကြယ်စင်နန်းဆောင်သခင်မ လုပ်လို့ရလားဟင်။"
"ကိစ္စမရှိပါဘူး။ ခင်ဗျားနဲ့ အဲ့နေရာက အသင့်တော်ဆုံးပဲ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ဤသို့ဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အင်အားကြီးသော နန်းဆောင်သခင်မတစ်ဦး ထပ်ရှိလာခဲ့သည်။
"ဂိုဏ်းအတွက် တည်နေရာ ရှာမလို့ အစ်မကြီးပိုင်ရော လိုက်ဦးမလား။"
အန်လင်း မေးမြန်းလိုက်သည်။
ပိုင်လင် ပေါ့ပါးစွာပင် ခေါင်းခါပြလာသည်။
"ဒီကမ္ဘာမှာ လုပ်စရာတွေ ရှိသေးလို့ မလိုက်တော့ဘူး။ အသံနဲ့ ဆက်သွယ်ဖို့ အဆောင်လဲထားရအောင်။"
အန်လင်းမှာ ထပ်မခေါ်တော့ပဲ ပိုင်လင်နှင့် အဆောင်လဲကာ ထွက်လာခဲ့လိုက်သည်။
ယခင်က ပိုင်လင်နှင့် အဆောင်ချင်းလဲရန် တောင်းဆိုဖူးပါသော်လည်း သူမသည် လွတ်လပ်သော မြင်းရိုင်းတစ်ကောင်အလား ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ ပြန်လည်တွေ့ဆုံရသည်မှာ ကံကြမ္မာပင် ဖြစ်ပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ပိုင်လင်သည် လိုလိုလားလားပင် အဆောင်လဲရန် တောင်းဆိုလာသည် မဟုတ်လော။
အန်လင်းတို့အားလုံး ထိုကမ္ဘာမှ ထွက်လာကြသည်။
ပိုင်လင်သည် ၎င်းတို့အားကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အချိန်မရှိတော့ဘူး။ လုပ်နိုင်မယ်လို့ ထင်ရတာပဲ။ ဘာပဲပြောပြော အန်လင်းက အရမ်းထူးခြားတဲ့သူပဲမလား။ နောက်ကြရင်လည်း အံ့သြစရာတွေ လုပ်ပြနိုင်ဦးမလား မပြောတတ်ဘူး။"
အန်လင်းသည် လျှိုချင်းဟွမ်၊ စုချန်းရန်၊ ရှောင်ဇယ်တို့နှင့်အတူ တပိုင်အားစီးကာ ပိုင်လင် ပြောပြထားသည့် ထွက်ပေါက်မှ ထွက်လာခဲ့ကြသည်။
ထို့နောက် အံ့အားသင့်စရာ မြင်ကွင်းတစ်ခုအား တွေ့လိုက်ရလေသည်။
"ဝါး...... ဒီနေရာက. ...."
အန်လင်း မျက်လုံးအပြူးသား ဖြစ်သွားသည်။
ထိုသည်မှာ ကြည်နူးဖွယ် အစိမ်းရောင် မြက်ခင်းပြင်တစ်ခုပင်။
မြက်ခင်းပြင်သည် မျက်စိတဆုံး ကျယ်ပြန့်ကာ အကန့်အသတ်မဲ့သော သက်ရှိစွမ်းအင်များနှင့်အတူ ဆန်းကြယ်သော အပင်များလည်း ပေါက်ရောက်နေသည်။
သက်ရှိစွမ်းအင်များ ကြွယ်ဝလွန်းသောကြောင့် တိမ်မြူများအဖြစ်ပင် သိပ်သည်းနေပြီး ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖန်ဆင်းပေးထားသလိုပင်။
လျှိုချင်းဟွမ်သည် ဖုန်းအားထုတ်ကာ မန္တာန်တစ်ခု အသက်သွင်းလိုက်သည်နှင့် အလင်းတန်းတစ်ခု ဖြာထွက်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ဖုန်းမျက်နှာပြင် လင်းလက်လာသည်။
သူမ ဖုန်းထဲမှ သတင်းအချက်အလက်များအားဖတ်ကာ အချိန်အနည်းငယ်ကြာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
"ဒီနေရာရဲ့ တည်နေရာကို ငါရှာပြီးပြီ။ ငါ့ဖုန်းသာ ပျက်မနေရင် ဒါက ဇာမဏီဥ ရှိခဲ့တဲ့ နေရာပဲ။"
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မီးလောင်ပြင် ဖြစ်နေခဲ့သော နေရာတစ်ခုသည် အဘယ့်ကြောင့် အလွန်ကွာခြားသွားပါသနည်း။
အဖြေအား မသိကြပါသော်လည်း ဇာမဏီဥနှင့် ပက်သတ်နေလိမ့်မည်ဟုသာ ခန့်မှန်းလိုက်ကြသည်။
ဇာမဏီဥကြောင့် ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားပုံ ရသည်။
အန်လင်း စကားဆိုလိုက်သည်။
"အကြံရပြီ။"
"အစ်ကိုကြီးအန် ဘာတွေးနေလဲ ကျွန်တော် သိတယ်။ ကျွန်တော်လည်း သဘောတူတယ်..... ဝုတ်။"
တပိုင် ထောက်ခံလိုက်သည်။
၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ရယ်မောလိုက်ကြသည်။
..........
ဇာမဏီသုတေသနဋ္ဌာန၌
အန်လင်းတို့ ထွက်သွားပြီး မကြာမီမှာပင် အသံဆက်သွယ်သော အဆောင်မှာ လင်းလက်လာလေသည်။
သူမ၏ အဆောင် မလင်းခဲ့သည်မှာ နှစ်တစ်သောင်းပင် ကျော်နေလေပြီ။
သူတို့ တစ်ခုခုများ ဖြစ်လို့လား.....
သူမ နားမလည်နိုင်စွာ အသံအား လက်ခံလိုက်သည်။
"ဘာဖြစ်လို့လဲ။"
"ဂိုဏ်းတည်နေရာ ရပြီ။"
တစ်ဖက်မှ ရယ်မောနေသော စကားသံ ထွက်ပေါ်လာသည်။
ပိုင်လင် အံ့သြသွားရသည်။
"မြန်လှချည်လား.... ဘယ်မှာလဲ။"
"အစ်မကြီးပိုင်ရဲ့ တံခါးဝမှာလေ။ ကမ္ဘာထွက်ပေါက်မှာလေ။ ဒီနေရာက အရမ်းလှတာပဲ။ အားလုံးက ကံကြမ္မာ အလိုကျ ဖြစ်လာတယ် ထင်ပါရဲ့။"
ပိုင်လင်: "......"