ဂိုဏ်းတည်ဆောက်ခြင်း
Vol. 54 Ch. 749
စုကျိုးအင်မော်တယ်ဂိုဏ်းကို ဒီကမ္ဘာ ထွက်ပေါက်မှာ ထားမှာလား........
ပိုင်လင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ငှက်တွေတောင် လာမနားတဲ့ နေရာမှာ ဂိုဏ်းထောင်မလို့လား။ အဲ့ထက်ဆိုးတဲ့နေရာ ရှိပါဦးမလား။"
"ဟားဟား......ဘယ်ငှက်က လာမနားပဲ နေနိုင်မှာလဲ။ ငှက်ဥတောင် ရှိနေခဲ့တာကို။"
"ပြီးတော့ ဒီနေရာက ခင်ဗျား ထင်ထားတာနဲ့ တကယ်မတူဘူး။ ကျွန်တော်ကလည်း ပြီးစလွယ် ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ အခု ဒီပတ်ဝန်းကျင်က အရမ်းပြောင်းလဲသွားပြီ။ မယုံရင် ခင်ဗျားကိုယ်တိုင် လာကြည့်လိုက်။ ငေးကြည့်ရလောက်အောင် လှရုံတင်မကဘူး။ သက်ရှိစွမ်းအင်လည်း တော်တော်ကြွယ်ဝတယ်။ ဒီနေရာက ဂိုဏ်းထောင်ဖို့ အသင့်တော်ဆုံးပဲ။"
အန်လင်း၏ စကားသံမှာ ရွှင်မြူးနေသည်။
ပိုင်လင်မှာ မယုံကြည်နိုင် ဖြစ်နေမိသည်။ ထိုနေရာသည် မီးလောင်ထားသော သုဿန်တစပြင်ကဲ့သို့ နေရာမျိုး ဖြစ်ပါလျက် အန်လင်း၏ ဖော်ပြချက်မှာ ဧဒင်ဥယျာဉ်အလား သာယာဖွယ်အပြည့် ဖြစ်နေလေသည်။
သူမ အနည်းငယ် တွေဝေနေပြီးနောက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
အန်လင်းကသာ စနောက်နေခဲ့ခြင်း ဖြစ်ပါက သေလောက်အောင် သမပေးလိုက်မည်ပင်။
ကမ္ဘာငယ်၏ အပြင်ဘက်သို့ ထွက်သွားလိုက်သည်နှင့် ရင်သက်ရှုမောဖွယ် မြင်ကွင်းအား တွေ့မြင်လိုက်ရသည်။ သက်ရှိစွမ်းအင်များ ကြွယ်ဝလွန်းသောကြောင့် တိမ်မြူများပင် ဖြစ်နေပြီး ဤနေရာတွင် ရပ်နေရုံနှင့်ပင် စွမ်းအင်များ ပြည့်ဝလာသလို ခံစားလိုက်ရသည်။
"ဒါက အရင်တုန်းကနဲ့ နေရာတူတူပဲလား။"
ပိုင်လင် ငေးမောကြည့်ရှုနေမိသည်။
သူမ၏ ဘဝတလျှောက် ထူးခြားဆန်းကြယ်မှုများကို မြင်တွေ့ဖူးပါသော်လည်း ယခုမြင်ကွင်းမှာ မယုံကြည်နိုင်စရာပင်။
"ဟေး.... အစ်မကြီးပိုင် ရောက်လာပြီလား။"
အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးမှာ ပြုံးကာနှုတ်ဆက်လိုက်သည်။
ပိုင်လင် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
"ဘယ်လိုဖြစ်သွားတာလဲ။"
အန်လင်း အနည်းငယ်တွေးကာ စကားဆိုလိုက်သည်။
"ကံကြမ္မာကြောင့် ဖြစ်မှာပေါ့။"
ပိုင်လင်: ".........."
"ဘာပဲဖြစ်ဖြစ် စုကျိုးအင်မော်တယ်ဂိုဏ်းကို ဒီနေရာမှာပဲ ဆောက်မယ်။"
"ကြွေလွင့်ဇာမဏီနယ်မြေက ပိုင်ရှင်မရှိတော့ ဘာပြဿနာမှလည်း မတက်တော့ဘူးပေါ့။ ဒီနေရာက သက်ရှိစွမ်းအင် ကြွယ်ဝတဲ့အပြင် အစ်မကြီးပိုင်ရဲ့ ကမ္ဘာငယ်နဲ့လည်း ဆက်စပ်နေတော့ အဆင်ပြေတယ်။"
"ကြွေလွင့်ဇာမဏီနယ်မြေက ကီလိုမီတာ ရာနဲ့ချီရှိတယ်။ ဒီမြေတစ်ခုလုံး စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ပိုင်နက် ဖြစ်လာလိမ့်မယ်။"
အန်လင်း လက်များကို ဆန့်ထုတ်ကာ စိတ်ကူးယဉ်နေသည်။
"အခုဆို လိုချင်တဲ့သူ များနေလောက်ပြီ။ နင်အပိုင်သိမ်းလိုက်လို့ အဆင်ပြေပါ့မလား။"
ပိုင်လင် မျက်ခုံးပင့်ကာ မေးလိုက်သည်။
"စုချန်းရန်က သစ်တောစိမ်းအင်ပါယာမိသားစုကို ပြောပေးလိမ့်မယ်။"
အန်လင်း စကားဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး။ ငါ့တာဝန်ထားလိုက်။"
စုချန်းရန် အာမခံလိုက်လေသည်။
"တခြားအင်အားစုတွေကတော့....."
အန်လင်း တည်ငြိမ်စွာ ရယ်မောလိုက်သည်။
"ထည့်တွက်နေစရာတောင် မလိုဘူး။"
အားလုံးမှာ လေးစားနေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာကြသည်။
ဂိုဏ်းချုပ်တစ်ယောက်က အဲ့လိုပဲ ဖြစ်သင့်တယ်........
ခရမ်းကြယ်စင်ပြည်နယ်တွင် စုကျိုးအင်မော်တယ်ဂိုဏ်းသည် သစ်တောစိမ်းအင်ပါယာမိသားစုပြီးလျှင် ဒုတိယ အကြီးဆုံး အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် အခြားဂိုဏ်းများအနေဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းအား အဆင့်ယှဉ်လိုပါက ၎င်းတို့၏ အခြေအနေအား သေသေချာချာ သုံးသပ်သင့်ပေသည်။
ပိုင်လင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ဂိုဏ်းထောင်ကြတာပေါ့။ အိမ်တွေဘာတွေ ဘယ်သူဆောက်တတ်လဲ။"
ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
"အဲ့ဒါဆို အိမ်ပုံအကြမ်း ဘယ်သူဆွဲတတ်လဲ။ ဒါမှမဟုတ် ဆောက်လုပ်ရေး အစီအစဉ်ဘာညာ......"
လေထုသည်ပင် ငြိမ်သက်နေလေသည်။
ပိုင်လင် မျက်လုံးအပြူးသား ဖြစ်သွားမိသည်။
"နင်တို့တွေ ဘာမှမလုပ်တတ်ပဲနဲ့ ဂိုဏ်းဘယ်လိုဆောက်မှာလဲ။"
"တည်နေရာ အရင်ရှာဖို့ပဲ တွေးထားတာလေ။ ကျန်တာတွေက တစ်ဆင့်ချင်း သွားတာပေါ့။"
အန်လင်း ကသိကအောက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
ပိုင်လင်မှာ ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိသည်။
"သေပါပြီဟယ်။ နင်တို့က ယုံကြည်ချက် တစ်ခုတည်းနဲ့ ဂိုဏ်းထောင်နေတာလား။"
"မဟုတ်ပါဘူး။"
အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကျွန်တော့်မှာ ပိုက်ဆံရှိတယ်လေ။ ပိုက်ဆံနဲ့ ဖြေရှင်းလို့ မရတာ ဘာရှိလို့လဲ။ ဆောက်လုပ်ရေး အစီအစဉ်လား တစ်ယောက်ယောက်ကို အလုပ်ပေးပြီး ခိုင်းလိုက်မှာပေါ့။ အလုပ်သမား မရှိရင် ငွေပေးပြီး ခေါ်လိုက်လို့ ရတယ်လေ။ ပြောရရင် ကျွန်တော့်မှာ စိတ်ဝိဉာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိပါတယ်။"
ပိုင်လင် မျက်နှာပျက်သွားသည်။ အန်လင်းသည် ငွေသာရှိသော အရူးတစ်ယောက်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအချို့ ပါဝင်သော စုကျိုးအင်မော်တယ်ဂိုဏ်း အကြောင်းသည် ခရမ်းကြယ်စင်ပြည်နယ် တခွင်လုံးထံ ပျံ့နှံ့သွားသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းအား သစ်တောစိမ်းအင်ပါယာမိသားစု၊ နန်းဆောင်နီဂိုဏ်း၊ မျောလွင့်နတ်ဘုရားဂိုဏ်းနှင့် အခြားသော ပထမအဆင့် ဂိုဏ်းများမှလည်း ထောက်ခံအတည်ပြုပေးထားသည်။
ထိုမှတဆင့် စုကျိုးအင်မော်တယ်ဂိုဏ်း သတင်းသည် ကိုးပြည်ထောင်တခွင်သို့ပင် ပျံ့နှံ့သွားပြီး ထိုက်ချူကုန်းမြေ၏ တက်သစ်စ ကြယ်တစ်စင်း ဖြစ်လာသည်။
မကြာမီမှာပင် သတင်းကြီးတစ်ခု ထပ်မံပျံ့နှံ့လာသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းအား ကြွေလွင့်ဇာမဏီနယ်မြေတွင် တည်ထောင်မည် ဖြစ်သောကြောင့် အမျိုးမျိုးသော ဗိသုကာ ပညာရှင်များအား ဖိတ်ခေါ်ထားခြင်းပင်။
ထိုဖိတ်ခေါ်မှုသည် ဗိသုကာ ပညာရှင်လောကအား လှုပ်ခတ်သွားစေသည်။
များပြားလှသောသူများ ကြွေလွင့်ဇာမဏီနယ်မြေထံ ရောက်ရှိလာကြသည်။
၎င်းတို့သည် ပန်းချီကားတစ်ချပ်နှင့်ပင် ဆင်တူနေသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။ ယခင်က ဤမြေသည် မီးလောင်ပြင် တစ်ခုသာ ဖြစ်ခဲ့သည် မဟုတ်လော။
အားလုံးမှာ ထိုမြေအား မက်မောမိပါသော်လည်း မည်သူကမှ စည်းမကျော်ရဲကြပေ။
ထိုသည်မှာ သေမျိုးလူသားတစ်ဦးမှ ကောင်းကင်ဘုံခုံရုံးထံ ရောက်ရှိလာသလိုပင်။ ပတ်ဝန်းကျင်သည် ရူးသွပ်ချင်စရာ ကောင်းလောက်အောင် လှပပါသော်လည်း သိမ်းပိုက်ရန် အတွေးမျိုး မည်သူ့ထံတွင်မှ ရှိမနေပေ။ ကိုယ့်သေတွင်း ကိုယ်တူးလိုသော အရူးတစ်ယောက်ကသာ ထိုသို့တွေးပေလိမ့်မည်။
ယခု ရောက်ရှိလာသူများမှာ အင်မော်တယ်လောကတွင် ကျော်ကြားသော ဗိသုကာ ပညာရှင်များ ဖြစ်ကြသည်။ ၎င်းတို့သည် အန်လင်း၏ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိလာသူများဖြစ်ပြီး စုကျိုးအင်မော်တယ်ဂိုဏ်းထဲသို့ ဝင်လိုသူများလည်း ပါဝင်သည်။
ထို့အပြင် ဂိုဏ်းကြီးဂိုဏ်းငယ် အသီးသီးမှ ကိုယ်စားလှယ်များလည်း ရှိနေကြသည်။
၎င်းတို့သည် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ပြုလုပ်နိုင်ရန် ဂုဏ်ပြုလက်ဆောင်များ လာပေးကြခြင်းပင်။
ဂိုဏ်းမှာ ဆောက်ပင်မဆောက်ရသေးပါသော်လည်း လက်ဆောင်များ အတင်းအကြပ် လာပေးနေသည်မှာ လက်မခံနိုင်စရာပင်။
အန်လင်းသည် ၎င်းတို့အား တုံ့ပြန်သည့်အနေဖြင့် လက်ဆောင်များအားလုံးကို သိမ်းဆည်းကာ ယခုအချိန်တွင် လက်ဆောင်ပေးခြင်းမှာ မသင့်တော်ကြောင်းနှင့် ဂိုဏ်းဖွင့်ပွဲမှသာ နောက်ထပ်တစ်ကြိမ် ထပ်လာသင့်ကြောင်း အကြံပေးခဲ့သည်။
ကိုယ်စားလှယ်များအားလုံး ကြောင်တောင်တောင် ဖြစ်ကုန်ရလေသည်။
အဲ့ဒါဆို ငါတို့က လက်ဆောင်နောက်တစ်ခါ ပေးရဦးမှာလား..... ယီးထဲမှ......
လက်ဆောင်များအားလုံးသည် ဂိုဏ်း၏ ရန်ပုံငွေအတွက် သီးသန့်ထားထားသော သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီဖြစ်ပြီး တပိုင်မှာ လက်စွပ်အား သိမ်းဆည်းထားသည်။
ယခုနှစ်သည် ခွေးနှစ်ဖြစ်သောကြောင့် တပိုင်အား ငွေပေးထားခြင်းမှာ ကြွယ်ဝချမ်းသာမှုများ ဖြစ်ကောင်းဖြစ်စေလိမ့်မည်။
သုံးရက်မျှသော အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
အန်လင်း၊ ပိုင်လင်၊ လျှိုချင်းဟွမ်နှင့် အခြားသူများမှာ ကြွေလွင့်ဇာမဏီနယ်မြေ၏ ကောင်းကင်ထက်တွင် ရှိနေသည်။
မြေပြင်တွင် မတူညီသော ကျင့်ကြံရေးအဆင့်များနှင့် လူထောင်ပေါင်းများစွာ ရှိနေသည်။ ထိုသည်မှာ ဗိသုကာ ပညာရှင်များပင်။
သူ၏ဖိတ်ခေါ်မှုသည် ထိုမျှအောင်မြင်လိမ့်မည်ဟု အန်လင်း ထင်မထားခဲ့ပေ။
ကျင့်ကြံရေးလောကတွင် ဗိသုကာပညာရှင် နည်းပါးပြီး ခရမ်းကြယ်စင် ပြည်နယ်တစ်ခုလုံးတွင်ပင် လူတစ်ထောင် မပြည့်ပေ။
အန်လင်း ချောင်းဟန့်ကာ ပြောလိုက်သည်။
"အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ဂိုဏ်းရဲ့ တည်ဆောက်ရေးကို စိတ်ဝင်တစား ရှိပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်ဆုံး အခန်းကဏ္ဍလေးတွေ ခွဲပါရစေ။ အဆောက်အဦး ပုံစံထုတ်ပေးမယ့်သူတွေ ကျေးဇူးပြုပြီး ဒီဘက်မှာ စုပေးပါ။ ဝယ်ယူရေးနဲ့ ပက်သတ်ပြီး ကျွမ်းကျင်တဲ့သူတွေကတော့ ဒီနားလေးမှာ ရပ်ပေးပါ ဆောက်လုပ်ရေး သမားတွေကတော့ ဒီဘက်မှာ နေပေးကြပါ။"
ရောက်ရှိနေသူများ များပြားလွန်းသောကြောင့် အန်လင်းမှာ လူတိုင်းအား အလုပ်မခန့်နိုင်ပေ။
အင်မော်တယ် ဗိသုကာပညာရှင်များသည် ဆောက်လုပ်ရေးနှင့် ပက်သတ်သော မန္တာန်များကို ကျွမ်းကျင်ကြသောကြောင့် အလုပ်ပြီးမြောက်မှု မြန်ဆန်ကာ လူတစ်ရာမျှ ရှိရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
ရောက်ရှိနေသူများအားလုံး နေရာခွဲယူလိုက်ကြသည်။
ထိုအချိန်တွင် စူးရှရှ စကားသံတစ်ခု ထွက်ပေါ်လာလေသည်။
"အဲ့လိုတွေ လုပ်စရာ မလိုပါဘူး။ သူတို့အားလုံး နှင်ထုတ်လိုက်။ ငါရှိနေရုံနဲ့ လုံလောက်ပြီ။"