← Chapters

မြင့်မြတ်သောအရှင်ထျန်းဝို

Vol. 54 Ch. 751

မြင့်မြတ်သောအရှင်ထျန်းဝို

Vol. 54 Ch. 751

လီရှင်းယွီသည် နားကြားလွဲသလို ခံစားလိုက်ရသောကြောင့် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

"ထပ်ပြောပါဦး။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ရိုးရိုးဆောက်လုပ်ရေး လုပ်ပေးပါ။"

လီရှင်းယွီ : "........."

သူမ အားယူကာ ပြုံးလိုက်ရသည်။

"နင်ဟာသတွေ လာပြောနေတာလား။ စုကျိုးအင်မော်တယ်ဂိုဏ်းက အင်ပါယာမိသားစု ကိုးခုနဲ့တောင် ယှဉ်လို့ရတယ် မဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ရိုးရိုးဆောက်လုပ်ရေးလုပ်ဖို့ ပြောနေရတာလဲ။"

သူမ၏စိတ်ထဲတွင်မူ အန်လင်းအား ဆဲနည်းပေါင်း သောင်းခြောက်ထောင်ဖြင့် ဆဲရေးတိုင်းထွာပြီး ဖြစ်သည်။ လုပ်ငန်းအကြောင်း အာပေါက်မတတ် ရှင်းပြပြီးနောက်တွင်မှ အန်လင်းသည် ရိုးရိုးဆောက်လုပ်ရေးအား ရွေးချယ်လာသောကြောင့် သူမ၏ အချိန်နှင့် ခံစားချက်များအား ဖြုန်းတီးနေသလိုပင်။

ယခု ဂိုဏ်းတည်နေရာသည် ကီလိုမီတာ အနည်းငယ်သာကျယ်သည့် ကြွေလွင့်ဇာမဏီနယ်မြေ ဖြစ်ပါသော်လည်း အန်လင်းသည် ကောင်းကင်ဘုံခုံရုံး၏ ကုန်ကျစားရိတ်ကိုပင် မေးမြန်းလာသောကြောင့် သူဋ္ဌေးတစ်ဦးဟု ထင်မှတ်ခဲ့မိသည်။ အကောင်းဆုံး ဆောက်လုပ်ရေး မဟုတ်လျှင်ပင် သာမန်ဆောက်လုပ်ရေးအား ရွေးချယ်လိမ့်မည်ဟုလည်း တွေးထားခဲ့သည်။

အဆုံးတွင်မူ သောက်ကျိုးနည်း ဂိုဏ်းချုပ်သည် ရိုးရိုးဆောက်လုပ်ရေးကိုသာ ရွေးချယ်ခဲ့လေသည်။

အန်လင်းမှာ အနည်းငယ် အားတုံ့အားနာ ဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။

"ဒီဂိုဏ်းက အခုမှ တည်ထောင်ခါစဆိုတော့ ပုံမှန်အတိုင်းလေးသွားရင် ပိုကောင်းမယ် ထင်လို့ပါ။"

လီရှင်းယွီ အသက်ပြင်းပြင်း ရှူနေရသည်။ ထိုသို့ အသက်ရှူလိုက်သွင်းလိုက် လုပ်နေရသဖြင့် သူမ၏ ရင်အစုံမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

သူမ အတော်လေး စိတ်ထိန်းပြီးမှသာ ညင်သာစွာ ပြုံးလိုက်သည်။

"နင့်မှာ ပိုက်ဆံမရှိဘူး။ ဟုတ်တယ်မလား။"

အန်လင်း : "............"

"တောင်းပန်ပါတယ်။ ငါက စကားကို တဲ့တိုးပဲ ပြောတက်တယ်။ နင့်မှာပိုက်ဆံမရှိဘူးဆိုတာ ဟုတ်တယ်မလား။"

လီရှင်းယွီသည် ထိုမေးခွန်းနှင့်အတူ မျက်မှောင်ကျုံ့လိုက်သည်။

အန်လင်းမှာ တွေဝေကာ စဉ်းစားနေပြီးနောက် ရုတ်တရက် နားလည်သဘောပေါက်ကာ မျက်ဝန်းများ လင်းလက်သွားသည်။

"ဟုတ်တယ်။ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ခင်ဗျား စျေးလျှော့ပေးနိုင်မလား။"

"ဟမ့်....... ပိုက်ဆံဖြင့် မရှိပဲ လေလာကြွယ်နေသေးတယ်။"

"ရိုးရိုးဆောက်လုပ်ရေးရဲ့ စျေးကိုကြားထဲက နင်မဆုံးဖြတ်နိုင်ဘူးလား။"

"ငွေမရှိပဲနဲ့များ ငါနဲ့အချိန်အကြာကြီး စကားပြောနေတာ ဘာလုပ်ဖို့လဲ။ ကောင်းကင်ဘုံခုံရုံးရဲ့ ဆောက်လုပ်ရေးစျေးကိုတောင် လာမေးနေသေးတယ်။ နင့်လို သောက်မွဲကများ....... ငါက အချိန်ကို အရာအားလုံးထက်ပိုပြီး တန်ဖိုးထားတယ်။ အချိန်ကငွေပဲ။ နင်ကငါ့အချိန်တွေ လာဖြုန်းနေတာ ငွေလာခိုးနေတာနဲ့ တူတူပဲဆိုတာ သိရဲ့လား။"

လီရှင်းယွီမှာ အန်လင်းအား လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုတော့သည်။

တပိုင် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

"ဒီမိန်းမရဲ့ စကားတွေက သူမ ရင်ဘတ်လိုပဲ ကြီးကျယ်လိုက်တာ..... ဝုတ်။"

လီရှင်းယွီသည် စိတ်ကျေနပ်သည်အထိ အန်လင်းအား စော်ကားပြောဆိုလိုက်သည်။

ဆင်းရဲမွဲတေခြင်းအတွက် စော်ကားခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အန်လင်းမှာ မကျေမနပ် ဖြစ်နေသည်။

"ငါ့........ ငါ့မှာ ပိုက်ဆံမရှိဘူးဆိုတာ လတ်တလောကမှ ရတနာတွေ ဝယ်ထားလို့လေ။ သိုလှောင်လက်စွပ်ထဲမှာ ရတနာတွေမှ အများကြီးပဲ။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

ကျင့်ကြံရေးလောက၏ သူဋ္ဌေးကြီးအန်လင်းသည် ငမွဲတစ်ယောက်အဖြစ် စော်ကားပြောဆိုနေသည်ကို လက်မခံနိုင်ပေ။

"အော်..... နင့်မှာ ပိုက်ဆံရှိတယ်ပေါ့။ ကောင်းပြီလေ.... ဘယ်လိုဆောက်လုပ်ရေးမျိုး လိုချင်တယ်ဆိုတာသာ ပြောလိုက်။"

လီရှင်းယွီ အန်လင်းအားကြည့်ကာ ပြုံးလိုက်သည်။

"ရိုးရိုးဆောက်လုပ်ရေး........"

လီရှင်းယွီ ပေါက်ကွဲတော့မလိုဖြစ်ကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရသည်။

သူမ မျက်ခုံးများနှိပ်ကာ သက်ပြင်းချလိုက်သည်။

"နင့်ဆီလာမိတာကိုက ငါရူးနေလို့ပဲ ဖြစ်မယ်။ ထားလိုက်ပါတော့။ ငါ့ကိုပိုက်ဆံပေး.......... လုပ်ငန်းစတော့မယ်။"

အန်လင်း တပိုင်အား ကြည့်ရှုလိုက်သည်။

"တပိုင်....... ဂိုဏ်းရန်ပုံငွေယူခဲ့။"

သူ့ထံတွင် စိတ်ဝိဉာဉ်ကျောက်တုံး မကျန်တော့ပါသော်လည်း အခြားဂိုဏ်းများ၏ လက်ဆောင်များမှာ ကံကောင်းထောက်မစွာဖြင့် စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းရှိခဲ့သည်။

လီရှင်းယွီသည် ပိုက်ဆံအား လက်ခံလိုက်ပြီးနောက် မို့မောက်နေသော ရင်အစုံအား လက်ဖြင့်ပုတ်လိုက်သည်။

"ဝိုလေး........ငါတို့အလုပ်ရပြီ။"

ချက်ချင်းဆိုသလို ပုရိသများ၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သော ရင်နှစ်မွှာကြားမှ သေးငယ်သော ခရုတစ်ကောင် ထွက်ပေါ်လာသောကြောင့် အန်လင်းရော၊ တပိုင်ပါ မျက်လုံးအပြူးသား ဖြစ်သွားသည်။ ထိုခရု၏ အခွံသည် ရွှေကျောက်စိမ်းဖြင့် လုပ်ထားသလို လှပလွန်းပြီး ခန္ဓာကိုယ်မှာလည်း ကျောက်စိမ်းဖြူနှင့် ထုဆစ်ထားသည့်နှယ် ပြီးပြည့်စုံနေသည်။ ၎င်းအားကြည့်ရုံမျှဖြင့်ပင် ထူးခြားဆန်းကြယ်သော သတ္တဝါတစ်ကောင်ဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုပေ။

ခရုမှ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဘာအလုပ်လဲ။"

"ရိုးရိုးဆောက်လုပ်ရေး....."

အန်လင်းသည် ထိုခရုနှင့် နေရာချင်း လဲချင်နေသည့်အလား မျက်စိဒေါက်ထောက် ကြည့်ရှုနေသည်။

တပိုင်သည်လည်း အားကျမနာလိုဖြစ်ကာ ချစ်စဖွယ် မျက်လုံးဝိုင်းလေးများဖြင့် လီရှင်းယွီအား ကြည့်ရှုလိုက်သည်။

"အစ်မကြီးလီ...... နောက်ထပ်သားရဲလေးဘာလေး မလိုချင်ဘူးလား။ အစ်မကြီးရဲ့ ရင်သားနုနုပေါ် အိပ်ဖို့လေ..... ဝုတ်။"

အန်လင်း : "..............."

လီရှင်းယွီသည် တပိုင်အား လျစ်လျူရှုကာ ရင်ဘတ်ပေါ်မှ ခရုငယ်လေးကိုသာ ဂရုတစိုက် ကြည့်ရှုနေသည်။

ခရုငယ်လေးသည် အန်လင်းနှင့် တပိုင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ထိုအကြည့်ထဲတွင် မောက်မာဝံ့ကြွားခြင်းနှင့် လှောင်ပြောင်ခြင်း အငွေ့အသက်များ ပါဝင်နေလေသည်။

ခရုငယ်လေးနှင့် ၎င်း၏အမူအရာမှာ အနည်းငယ်မျှ မလိုက်ဖက်ပေ။

အန်လင်းသည် အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အကြောင်း ဆွေးနွေးခဲ့စဉ်က ကြားခဲ့မိသော မြင့်မြတ်သောအရှင်ထျန်းဝိုဟူသည့် အမည်အား ပြန်လည်အမှတ်ရလာသည်။

ဒီခရုလေးက မြင့်မြတ်သောအရှင်ထျန်းဝိုများလား.........

"ဟူး....... နောက်တစ်ခါဆို လူသေချာရွေးဟ။ ဆင်းရဲသားတွေကို အလုပ်လက်မခံနဲ့။ ငါက အရမ်းပင်ပန်းတတ်တဲ့ ခရုလေးပါနော်။ ဒီလိုအလုပ်က အမြတ်လည်း သိပ်ရတာ မဟုတ်ဘူး။"

ခရုငယ်လေး မကျေမချမ်း ပြောလိုက်သည်။

လီရှင်းယွီသည် ယခင်ကနှင့် မတူတော့ပဲ မိန်းမငယ်လေးအလား ချစ်စဖွယ် လျှာထုတ်ပြလိုက်သည်။

"တောင်းပန်ပါတယ်။ သူတို့ရုပ်ရည်တွေကြောင့် အထင်မှားမိသွားတာ။ ဂိုဏ်းကလည်း အရမ်းကို ရုတ်ရုတ်သဲသဲ ဖြစ်နေတော့ သူတောင်းစားသာသာ ဖြစ်နေမယ် မထင်ထားဘူး။ အခု အလုပ်လက်ခံပြီးပြီဆိုတော့ ကတိဖျက်လို့ မရတော့ဘူးလေ။"

အန်လင်း ရင်ခံသွားရသည်။

ယီးထဲမှ....... စကားမပြောခင် သူများခံစားချက် ထည့်မတွေးကြဘူးလား....... ဘာလို့ ဒီလိုကြီး ပြောချပစ်ရတာလဲ...........

"ကောင်းပြီလေ..... အလုပ်စကြတာပေါ့။"

ခရုငယ်လေးမှာ ဧဝရတ်တောင်သဖွယ် ရင်သားနှစ်မွှာပေါ်မှ ခုန်ဆင်းလာသည်။

ဝုန်း......

မြေပြင်မှာ ရုတ်တရက် တုန်ခါသွားလေသည်။

ခရုငယ်လေးမှာ ပေထောင်ချီသော ခရုကြီးအဖြစ် ပြောင်းလဲသွားသည်။

"ဝါး...... အရမ်းမိုက်တာပဲ။"

အန်လင်း ငေးကြည့်နေမိသည်။

ခရုကြီး၏ အခွံမှာ နေရောင်အောက်တွင် ရွှေရောင်တဖျတ်ဖျတ် တောက်ပနေသောကြောင့် ကြာကြာကြည့်မိပါက မျက်စိပင် ကန်းသွားလောက်သည်။

၎င်း၏အသားအရေသည် ကြည်လင်နေသော ကျောက်စိမ်းဖြူအလား ဖောက်မြင်နေရသည်။ ဦးမျှင်ကြီးနှစ်ခုသည် ကောင်းကင်ထက်သို့ ထောင်မတ်နေပြီး အရှိန်အဝါကြီးသော သားရဲတစ်ကောင်သဖွယ် အားလုံးကို အထင်သေးသော မျက်ဝန်းများဖြင့် ငုံ့ကြည်လာသည်။

ခရုငယ်လေးသည်ပင် သြဇာအာဏာ ရှိနေပြီး အရွယ်အစား ကြီးမားသွားသောအခါ ၎င်း၏လွှမ်းမိုးမှုအား မေးခွန်းထုတ်စရာပင် မလိုတော့ပေ။

"ဒီခရုက ကြောက်ဖို့ကောင်းလွန်းတယ်။"

ပိုင်လင် ခရုအားကြည့်ကာ အံ့သြနေမိသည်။

"ငါတောင်မှ အားအင်မဲ့သွားသလို ခံစားရတယ်။"

အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်သည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်ဖြစ်ကာ ပိုင်လင်နှင့် ကျင့်ကြံရေးအဆင့် တူညီသည်။ သို့သော် ထိုခရုကြီး၏ ကျင့်ကြံရေးအား ပိုင်လင်သည်ပင် အာရုံမခံနိုင်သောကြောင့် ဒဏ္ဍာရီလာ သားရဲတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။

ပိုင်လင် ပြောစရာစကားများ ပျောက်ရှနေရသည်။

ခရုတောင်မှ ဒဏ္ဍာရီလာ သားရဲဖြစ်နိုင်တာလား......

ရွှမ်းဝူကဲ့သို့သော ရှေးဟောင်းသွေးမျိုးဆက်နှင့် သားရဲများသည် ဒဏ္ဍာရီလာ သားရဲဖြစ်လာရန် အခွင့်အရေး ရှိကြသည်။

မည်သို့ပင်ဆိုစေကာမူ ယခုမြင်နေရသည်မှာ ခရုတစ်ကောင် ဖြစ်သည်။ ဒဏ္ဍာရီလာ ခရုသားရဲဟူ၍ သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။ ထိုသည်ကို မဆိုထားနှင့် အင်မော်တယ် ခရုသားရဲနှင့် စိတ်ဝိဉာဉ်ခရုသားရဲကိုပင် မမြင်ဖူးပေ။

ထို့ကြောင့်ပင် သူမ မယုံကြည်နိုင် ဖြစ်နေမိရသည်။

ထိုခရုသည် အစစ်အမှန်နဂါးများနှင့် အဆင့်တူသော တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာ ခရုသားရဲ ဖြစ်ပါလျက် အဘယ့်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကို ဆောင်ရွက်နေရပါသနည်း။

"စလိုက်ရအောင်။"

ခရုကြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

All Chapters