လိန်ဟုန်ကျီ၏ လျှို့ဝှက်ချက်
Vol. 24 Ch. 330
တာဝန်ခံက လေလွတ်မြောက်ရေး အဆောင်နှစ်ခုကို အလျင်အမြန် ထုတ်ပေးပြီး လူငယ်လေးဆီ ရိုသေစွာ ပေးလိုက်လေ၏။
“စီနီယာလိန် ... ကျုပ် ဆရာကြီး မင်ဟယ်ရဲ့ အဆောင်တွေကို ပေးလိုက်ပါတယ်။ သူတို့က အကောင်းဆုံး လေလွတ်မြောက်ရေး အဆောင်တွေပဲ ...”
လူငယ်လေးက ခေါင်းညိတ်ပြကာ အဆောင်ကို လက်ခံယူ လိုက်ကြသည်။ သူက ဆရာကြီး မင်ဟယ်အကြောင်း ကြားဖူးလေသည်။ ထိုသူမှာ ကျန်းမိုနယ်မြေ၏ အဆောင် ဆရာကြီး တစ်ပါး ဖြစ်လေ၏။
လူငယ်လေးက အဆောင် လက်ခံယူ လိုက်သည်ကို တွေ့ပြီး တာဝန်ခံက လူငယ်လေး၏ လောက အမှတ်အသားပြားမှ အဆင့်၇ အဆောင် နှစ်ခုစာအတွက် အမှတ်ကို လျှော့ချလိုက်သည်။ ထို့နောက် ပြန်ပေးလိုက်လေ၏။
လူငယ်လေးက သူ့လောက အမှတ်အသားပြားကို သိမ်းကာ ပြန်ပြော လိုက်လေသည်။
“ကျေးဇူးပါ”
“ရပါတယ် ... ရပါတယ် ... စီနီယာ နောက်တစ်ခါ လာရင်လည်း အကောင်းဆုံးတွေကို ရောင်းပေးပါ့မယ်”
လူငယ်လေး ထွက်သွားသည်နှင့် အလုပ်သမားက တခြားသူတွေဆီ လှည့်ကာ ပြောလိုက်လေသည်။
“ဒါက ဘယ်သူလဲ ဆိုတာ သိရဲ့လား။ အဲဒါ လိန်ဟုန်ကျီ ... လောကအဆင့် ဇယားထဲ သိပ်မကြာခင်က ဝင်လာတဲ့ လိန်ဟုန်ကျီပဲ ... ရမှတ် ၂၉၁၅၁နဲ့ အဆင့် ၉၉၆၄ ရထားတာ။ စီနီယာလိန်က အဲလောက် ငယ်ပြီး ခန့်ညားတယ် ဆိုတာ မသိခဲ့မိဘူး“
“သူက လိန်ဟုန်ကျီလား ... သူ့ရဲ့ လျှပ်စီးလက်ဝါး တစ်ချက်နဲ့ အဲဒီနေရာက အာကာသ သားရဲတွေ အားလုံးကို သတ်ပစ်ခဲ့တာဆို ...”
“ဟုတ်တယ်။ ငါလဲ လျှပ်စီး ဝိညာဉ်ကြောနဲ့ လောကအဆင့် ဇယားကို ဝင်ခဲ့တဲ့ မိုဝူကျီကိုလည်း ကြားဖူးတယ်။ သူ ထုတ်လွှင့်လိုက်တဲ့ လျှပ်စီးအားတွေက လိန်ဟုန်ကျီနဲ့တောင် ယှဥ်နိုင်တယ်တဲ့ ...”
“မိုဝူကျီနဲ့ လိန်ဟုန်ကျီကို ဘယ်လိုများ ယှဥ်ရတာလဲ။ မိုဝူကျီက အာကာသ သားရဲတွေ သတ်ပြီးတော့ အမှတ်တွေ ရလာတာ စစ်တပ် ခေါင်းဆောင်နောက်မှ ပုန်းကွယ်နေလို့ပဲ။ စီနီယာလိန်က ကြယ်တာရာ ဘုရင်တောင်က အာကာသထဲ သူ့ဘာသာ အားကိုးပြီး ရလာတာ။ သူက အာကာသထဲက စစ်တပ်တွေကိုတောင် ကူညီသေးတယ်တဲ့ ...”
“ခင်ဗျား အဲဒီလို ပြောလို့ မရဘူးလေ။ အဲဒါဆိုရင် စစ်တပ်ခေါင်းဆောင် နောက်က လိုက်ပြီးတော့ ခင်ဗျားဘာသာ လောက အဆင့်ဇယား ဝင်အောင် လုပ်ကြည့်ပါ့လား”
“မိုဝူကျီက ခွေးကောင် အရူးပဲ ... သူ့ကို ကြယ်တာရာ ဘုရင်တောင်က လိန်ဟုန်ကျီနဲ့ ယှဥ်ရမှာလဲ ...”
“ခင်ဗျားလို ကလေး ဆန်တဲ့သူပဲ အဲဒီလိုပြောမှာ။ အဲဒီမှတ်တမ်း ဗီဒီယိုက မှားနေတာကို မသိတဲ့သူ ရှိတယ်လို့ ထင်နေတာလား။ အားလုံးက ကိုယ့်ဘာသာပဲ စိတ်ဝင်စားတာ လုပ်နေကြတာ။ မိုဝူကျီက အဲဒီ ကလေးမလေးကို သတ်တာ အမှန်ဆိုပေမဲ့ အပြည့်အစုံမှ မဟုတ်တာ။ လူတွေကို အပေါ်ယံ ကြည့်ပြီးတော့ မဆုံးဖြတ်သင့်ဘူး”
“ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်တို့က လောက အဆင့်ဇယားက အားကောင်းတဲ့ သူတွေ အကြောင်း ဆွေးနွေး နေကြရုံပဲလေ။ အကျင့်စရိုက်ကို ပြောရရင် လိန်ဟုန်ကျီလည်း ရောက်ရောက်လာချင်း ရှားမျိုးနွယ်စုနဲ့ အတင်း ပတ်သက် နေတာလေ။ မကြာခင်က သူက ကြယ်တာရာ သခင်ကိုတောင် ပြုစုပေး လိုက်သေးတယ်။ သူ့အကျင့် စရိုက်ကလည်း အဲဒီလောက် ကြီးမြတ် နေတာတော့ မဟုတ်ပါဘူး ...”
လိန်ဟုန်ကျီက အခြားသူများ စကားကို မကြားနိုင်ပေ။ ထိုစဉ် သူက လောကတိုင် ပထမအလွှာ ရောက်သွားလေပြီ။ သူက ကျန်းမိုနယ်မြေထဲ ရှိနေသည်ကို ပျော်ရွှင်ပေသည်။ ကြယ်တာရာ ဘုရင်တောင်၌ နေရသည်ကိုလည်း စိတ်ချမ်းသာ နေလေ၏။
ဤနေရာမှာ သူ့အတွက် ကျင့်ကြံဖို့ရန် သင့်တော်လေသည်။ ဤနေရာတွင် သူ ထိပ်ဆုံး ရောက်လာပေ လိမ့်မည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူက ယွမ်ဒန်အဆင့်မှ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁သို့ တက်လှမ်း နိုင်ခဲ့သည်။ ပျောက်ဆုံး နယ်မြေမှ ပါရမီရှင်များ ကြားတွင်ပင် သူ့လောက် ကျင့်ကြံနှုန်း မြန်မည့်သူ မရှိပေ။
တစ်ရက်ကျ သူက ပျောက်ဆုံး နယ်မြေကို ပြန်သွားပြီး လိန်မျိုးနွယ်စု အတွက် လက်စား ချေရမည်။ တျန်းဂျီဂိုဏ်း အတွက်တော့ သူက တစ်ခုခုသာ ပြန်မလုပ်ရလျှင် သူ့မျိုးရိုးနာမည်မှာ လိန် မဟုတ်တော့ချေ။
သူက သူလုပ်နိုင်မည်ဟု ယုံကြည်သည်။ ပိုင်စုတင်းက မည်မျှပင် အားကောင်း စေကာမူ နောင်၌ သူမက သူကဲ့သို့ အောင်မြင်လာမည် မဟုတ်ပေ။ ရှားမူနှင့် ယန်ယန်းနန် အတွက်တော့ သူတို့က သူ့ကို စိတ်အနှောင့်ယှက် ပေးနိုင်လောက်အောင် အထိ အရေးမပါပေ။
အကြောင်းမှာ သူ့ဝိညာဉ်ကြောနှင့် ပတ်သက်၍ လျှို့ဝှက်ချက်ကို မည်သူမျှ မသိပေ။
အားလုံးက သူ့တွင် လျှပ်စီး ဝိညာဉ်ကြော ရှိကြောင်း သိထားသော်လည်း သူတို့မှာ သူ့၌ သန္ဓေပြောင်း လျှပ်စီး ဝိညာဉ်ကြော ရှိမှန်း မသိကြပေ။ ထို့အပြင် သူ့ ဝိညာဉ်ကြောမှာ တခြား သူများ၏ သန္ဓေပြောင်း ဝိညာဉ်ကြောနှင့် မတူညီစွာ သူက အဆုံးမရှိ တိုးတက် လာနိုင်ပေသည်။
သူက ပျောက်ဆုံး နယ်မြေတွင် ရှိစဉ်က သူ့သန္ဓေပြောင်း လျှပ်စီး ဝိညာဉ်ကြောမှာ အဆင့်၂သာ ရှိလေသည်။ သူ့ကျင့်ကြံနှုန်းမှာ ကြောက်ခမန်း လိလိ ဖြစ်သော်လည်း ပါရမီရှင်များ ကိုတော့ မကျော်နိုင်သေးပေ။ ကျန်းမိုနယ်မြေ ရောက်လာပြီးနောက် အလွန်ကောင်းသော ကျင့်ကြံခြင်း အခြေအနေများ အောက်၌ သူ့ကျင့်ကြံနှုန်းမှာ ပို၍ မြန်ဆန် လာပေသည်။
သူ့ ဝိညာဉ်ကြောမှာ အားကောင်းလာရုံ သာမက သူ့ကျင့်ကြံခြင်း အပေါ် နားလည်မှု မှာလည်း နက်ရှိုင်းလာပြီး အရည်အချင်းများ တိုးတက် လာလေသည်။ ထိုစဉ် သူ့လျှပ်စီး ကျင့်စဉ်မှာ သူ့ဘိုးဘေးများ ဆီမှ လက်ဆင့် ကမ်းထားခြင်း မဟုတ်ဘဲ သူ့ဘာသာ သဘာဝအတိုင်း ပြောင်းလဲ၍ ဖန်တီးထားခြင်း ဖြစ်ပေသည်။
သူ့လျှပ်စီး ဝိညာဉ်ကြောမှာ အဆင့်၃ ရောက်ရှိ သွားလေပြီ။ သူသာ စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်သွားသည့် အခါ သူ့လျှပ်စီး ဝိညာဉ်ကြောမှာ အဆင့် ၄ ဖြစ်သွားပေ လိမ့်မည်။ ထိုသို့ ဖြစ်လာပါက သူက လျှပ်စီး သဘာဝကို ပိုမို အာရုံခံ နိုင်လာပြီး သူ ဖန်တီးထားသည့် လျှပ်စီး ကျင့်စဉ်မှာလည်း ပို၍ အားကောင်း လာပေလိမ့်မည်။
အခြားသူများ၏ လျှပ်စီး ဝိညာဉ်ကြောကို အသာလွန်ဆုံးဟု ဖော်ညွှန်းရလျှင် ထိုဝိညာဉ် ကြောများမှာ သူ့အဆင့် ၂ လျှပ်စီး ဝိညာဉ်ကြောမျှသာ ကောင်းလေ၏။ သူတို့က မည်သို့ သူနှင့် ယှဥ်နိုင်မည်နည်း။
အကယ်၍ သူသာ ကောင်းကင်ဖွေရှာ လှေကားကို ထပ်မံ တက်လျှင် သေချာပေါက် လှေကားထစ် ၁၀၈ ထစ်ထိ ရောက်ပေလိမ့်မည်။
လောကတိုင် ပထမ အလွှာတွင် ရည်မှန်းချက် ကြီးမားသည့် လိန်ဟုန်ကျီကို မျက်လုံးမှေးမှေး အမျိုးသားက တားလိုက်လေ၏။
“တာအို ရောင်းရင်းကို နှုတ်ဆက်ပါတယ်။ ရောင်းရင်းရဲ့ နောက်ကျောက ဓားကို တစ်ချက်ကြည့်လို့ ရမလား ...” မျက်လုံးမှေးမှေး အမျိုးသားက မေးလိုက်လေ၏။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အလယ်အလတ် အဆင့်တွင် ဖြစ်လေသည်။
လိန်ဟုန်ကျီက ထိုအမျိုးသားကို အေးစက်စွာ ကြည့်လိုက်ရင်း တစ်ခွန်းသာ ရေရွတ်လိုက်သည်။
“ဖယ်စမ်း”
“မင်းက သေချင် နေတာပြ” ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူက လိန်ဟုန်ကျီ၏ မောက်မာမှုကြောင့် ဒေါသထွက် သွားလေသည်။ သူ့ခန္ဓာမှ လူသတ်ငွေ့များ ထွက်ပေါ်လာပြီး လိန်ဟုန်ကျီကို ရစ်ပတ် ထားလေသည်။
လောကတိုင် အတွင်းမှာသာ မဟုတ်လျှင် သူက ချက်ချင်း လှုပ်ရှားပေလိမ့်မည်။
သူ့အမြင်အရ သူသာ စွမ်းအား ထုတ်လိုက်လျှင် လိန်ဟုန်ကျီက သေချာပေါက် နောက်ဆုတ် သွားပေလိမ့်မည်။ သူသာ ထိုသို့ လုပ်သရွေ့ လိန်ဟုန်ကျီကို “အကြီးအကဲ” ဟူသည့် အဓိပ္ပာယ်ကို သင်ပေးရမည်။
သို့သော်လည်း သူက နောက်ဆုတ် လိုက်ရသည်။ လိန်ဟုန်ကျီက နောက်မဆုတ်ဘဲ ရှေ့တိုး လာလေသည်။ လူသတ်ငွေ့များက သေခြင်း နယ်ပယ်မှ ရောက်လာသည့် အလား အားပြင်းထန် လှပေသည်။ မျက်လုံးမှေးမှေး အမျိုးသားက ဓားဖြင့် အပိုင်းခံရသည့် အလား ခံစားမိကာ အလျင်အမြန် နောက်ဆုတ် လိုက်ရသည်။
ကြောက်ခမန်းလိလိ လူသတ်ငွေ့များ အားလျော့ မသွားခင်အထိ သူက ခြေဆယ်လှမ်းလောက် ပြန်ဆုတ်လိုက် ရလေသည်။ သူက လိန်ဟုန်ကျီကို ကြောက်လန့်တကြား ကြည့်ကာ နောက်တစ်ဖန် ပြန်ဆုတ်လိုက်၏။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား နောက်ပိုင်းအဆင့် ကျင့်ကြံသူများပင် ထိုသို့ လူသတ်ငွေ့ကို ခုခံနိုင်မည် မဟုတ်ပေ။
သူတိုက လောကတိုင် အတွင်း၌ ရှိနေသည်မှာ ကံကောင်း လှပေသည်။ မဟုတ်လျှင် သူ့အသက်လေး ဆုံးရှုံးရ လောက်လေပြီ။
ထိုလူက လိန်ဟုန်ကျီသည် သူ့ကြောင့် တစ်စက်လေးမှ မတုန်လှုပ်ခဲ့မှန်း သိလိုက်ရသည်။ သူက အလျင်အမြန် လှည့်ထွက် သွားလိုက်ပြီး နောက်တစ်ခါ ပြန်ဆုံပါက ထိုသူ့ကို ရှောင်ရှားရန် ကျိန်ဆို လိုက်တော့သည်။
“အစ်မစုတင်း ... အဲဒါ လိန်ဟုန်ကျီလေ။ သူ့ကျင့်ကြံဆင့်က ညီမနဲ့ အတူတူလောက်ပဲ ...”လောကတိုင် ပထမအလွှာ အပြင်ဘက်တွင် ယန်အာက လိန်ဟုန်ကျီသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို သူ့ လူသတ်ငွေ့များဖြင့် မောင်းထုတ် လိုက်သည်ကို သူမကိုယ်တိုင် မြင်လိုက်ရသည်။
သူမက မသက်မသာ ခံစားမိ လေသည်။ လိန်မျိုးနွယ်စုနှင့် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကြားမျ ရန်ကြွေးကို အားလုံးနီးပါး သိကြလေသည်။ ကျင့်ကြံခြင်းသာ အာရုံစိုက်နေသာ သူမပင် သိလေ၏။ ထိုအရာက အမုန်းတရား မည်မျှ ကြီးမားနေကြောင်း ညွှန်ပြနေခြင်း ဖြစ်ပေသည်။ နယ်လှည့် ကျင့်ကြံသူက သူမ သခင်လေးမှန်း သိပြီးသည့် နောက်တွင် သူမက သူ့ကို ကင်တယ် နိုင်ဖို့ရာသာ စိတ်ဆုံးဖြတ် ထားခဲ့သည်။
ယခု လိန်ဟုန်ကျီ၏ ကျင့်ကြံဆင့်မှာ သူမနှင့် မကွာလှသော်လည်း ထိုမောက်မာမှုမှာ သူမ မှီနိုင်သည့် အရာတော့ မဟုတ်ပေ။ သူတို့ နှစ်ယောက်လုံး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အစောပိုင်း အဆင့်တွင် ရှိနေကြသော်လည်း သူမက လိန်ဟုန်ကျီ ပြိုင်ဘက် မဟုတ်ကြောင်း သိ၏။
ပိုင်စုတင်းက ခေါင်းညိတ်ပြကာ
“အစောပိုင်းတုန်းက အဲဒီလူက ကောင်းကင်ဖွေရှာ လှေကားမှာ လှေကားထစ် ၉၉ ထစ်ထိ ရောက်ခဲ့တယ်။ အဲဒီအချိန် ကတည်းက သူက မရိုးရှင်းမှန်း သိခဲ့တယ်။ အခုတော့ သူက အမှန်တကယ်ကို တားလို့ မရနိုင်တော့ဘူး။ သူ့ကျင့်ကြံနှုန်းက မင်းထက် မြန်တယ်။ မင်းက ကျင့်ကြံဖို့ အလွယ်ကူဆုံး ဖြစ်တဲ့ သန္ဓေပြောင်း သစ်သား ဝိညာဉ်ကြော ပိုင်ရှင် ဆိုပေမဲ့လည်း ...”
သူမ စကား အဆုံးတွင် ပိုင်စုတင်းက ခဏရပ်ကာ ဆက်ပြောလိုက်သည်။
“ယန်အာ မင်း တျန်းဂျီဂိုဏ်း အကြောင်း သိလား ...”
ယန်အာက ခေါင်းညိတ်ပြ လိုက်သည်။ တျန်းဂျီဂိုဏ်းချုပ်ကို လိန်မျိုးနွယ်စုက သတ်ဖြတ်သွားကာ တျန်းဂျီဂိုဏ်း တစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင် ပစ်ခဲ့သည်။ ထိုအရာကို သူမ ယခင်က ကြားဖူးလေ၏။
“လိန်ဟုန်ကျီရဲ့ နောက်ကျောပေါ်က ဓားက တျန်းဂျီဂိုဏ်းရဲ့ တျန်းဂျီဓားပဲ။ သူက အခုသယ်ဆောင် လာတာဆိုတော့ လိန်မျိုးနွယ်စုက တျန်းဂျီ ဂိုဏ်းချုပ်ကို သတ်ခဲ့တာ အမှန်ပဲ နေမယ် ...” ပိုင်စုတင်းက ပြောလိုက်လေ၏။
“အစ်မစုတင်း ... ညီမလဲ ကြယ်တာရာ တိုက်ပွဲကို တစ်ယောက်တည်း သွားချင်တယ်” ယန်အာက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်သည်။
ပိုင်စုတင်းက မရေမရာ ကြည့်နေသည်ကို မြင်၍ ယန်အာက မြန်မြန် ရှင်းပြ လိုက်ရသည်။
“အစ်မစုတင်း ... ညီမသာ အစ်မနဲ့အတူတူ ကြယ်တာရာ တိုက်ပွဲကို သွားမယ်ဆိုရင် သေချာပေါက် အန္တရာယ် ကင်းမှာပဲ။ ဒါပေမဲ့ ညီမအတွက် အသုံးမဝင်ဘူးလေ။ ညီမသာ တကယ် တိုးတက်ချင်ရင် အစ်မနောက်မှာပဲ တစ်ချိန်လုံး နေနေလို့ မရဘူး။ ကိုယ့်ဘာသာ ရုန်းကန် လှုပ်ရှားမှ တကယ် အရွယ်ရောက် လာနိုင်မှာ ...”
ပိုင်စုတင်းက ယန်အာသည် လိန်ဟုန်ကျီ ထွက်သွားသည့် နေရာကို ငေးကြည့် နေသည်ကို မြင်၍ ယန်အာ ဆိုလိုရင်းကို နားလည် လိုက်လေ၏။ အကယ်၍ သူမသာ လိန်ဟုန်ကျီ ကဲ့သို့ အားကောင်း လာချင်ပါက ယန်အာက ပိုင်စုတင်း၏ ကာကွယ်ပေးမှု အောက်တွင် ဆက်တိုက် နေနေ၍ မဖြစ်ပေ။
“ယန်အာ ... မင်း ဆုံးဖြတ် ပြီးမှတော့ မတားတော့ပါဘူး။ ဒါပေမဲ့လည်း မင်း ဂရုစိုက် ရမယ်နော်။ မင်း လောက အင်မော်တယ် မဖြစ်လာမချင်း နှင်းခါး ပင်လယ်ကို သွားဖို့ မကြိုးစား ရဘူးနော် ဟုတ်ပြီလား” ပိုင်စုတင်းက သူမ၏ ဖျောင်းဖျမှုများသည် အသုံးမဝင်သည်ကို သိ၍ ယန်အာ တောင်းဆိုချက်ကို သဘောတူပေး လိုက်ရသည်။
ယန်အာက ပိုင်စုတင်းကို ဦးညွှတ်ကာ
“အစ်မစုတင်း ... စိတ်မပူပါနဲ့။ သခင်လေးကို တခြားကိစ္စတွေ ကူပြီး မဖြေရှင်း မပြီးမချင်း နှင်းခါး ပင်လယ်ထဲ မသွားပါဘူး”
သခင်လေးကို လက်စားချေဖို့ရာ ကူညီသည်မှ လွဲ၍ သူမက ပျောက်ဆုံး နယ်မြေကို သွား၍ မြောက်ဘက်ပိုင်း ချင်စီရင်စုကို ပြန်ရအောင် လုပ်ပေးချင်မိသည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုအရာမှာ သခင်လေး လက်မလွတ်သင့်သည့် အရာ ဖြစ်လေ၏။ မြောက်ဘက်ပိုင်း ချင်စီရင်စုမှာ မိုမျိုးနွယ်စု လက်ထဲ ပြန်ရောက်ရမည်။
ပျောက်ဆုံး နယ်မြေ၌ ယန်အာမှာ ကျင့်ကြံခြင်း၌သာ အာရုံစိုက် ထားသည့်အတွက် မိုဝူကျီက မြောက်ဘက်ပိုင်း ချင်စီရင်စုကို ပြန်ယူပြီးကြောင်း မသိသေးပေ။ ထိုမျှတင်မက မြောက်ဘက်ပိုင်း ချင်စီရင်စု အုပ်ချုပ်သူမှာ မိုမျိုးနွယ်စု၏ ဆွေမျိုးရင်းချာ ဖြစ်နေလေသည်။
***