ငွေကြေးအခက်အခဲ
Vol. 54 Ch. 753
ဆောက်လုပ်ရေး လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပေ။
လီရှင်းယွီသည် တွက်ချက်ခြင်းနှင့် ပုံကြမ်းဆွဲခြင်းအတွက် တာဝန်ယူထားပြီး ခရုကြီးသည် လိုအပ်သည်များကို ဆောက်လုပ်ပေးသည်။
ပတ်ဝန်းကျင်တွင် အနုစိပ် တည်ဆောက်ထားသော အဆောက်အဦးများ၊ ရင်သက်ရှုမောဖွယ် ရှုမျှော်ခင်းများနှင့် သက်ရှိသတ္တဝါများစွာ ရှိနေသည်မှာ အံ့အားသင့်ဖွယ်ရာပင်။
ရှေးဟောင်းဆန်ကာ တန်ဖိုးကြီးသော အဓိက နန်းတော်ကိုးခုသည် အလယ်ဗဟိုတွင် နေရာယူထားပြီး နေရောင်အောက်တွင် ခမ်းနားထည်ဝါစွာ တလက်လက် တောက်ပနေသည်။
လစန္ဒာနန်းဆောင်သည် ထိန်ထိန်သာသောလစန္ဒာဟု အမည်ရသည့် ရေကန်ဘေးတွင် တည်ရှိသည်။
စိမ်းစိုသော မြက်ခင်းပြင်ကြီးနှင့်အတူ မိုးမျှော်တိုက်ကြီးတစ်ခု ရှိနေပြီး ထိုသည်မှာ ပိုင်လင်၏ ခရမ်းကြယ်စင်နန်းဆောင် ဖြစ်သည်။
ထိုအရာများအပြင် နဂါးတောင်ကြား၊ နတ်သမီးတောအုပ်၊ ဓားအသင်္ချေတောအုပ် စသဖြင့် တစ်ခုပြီးတစ်ခု ရုပ်လုံးပေါ်လာသည်။
အားလုံးမှာ ကျွတ်ကျမတက် မျက်လုံးပြူးနေရလေပြီ။
လီရှင်းယွီသည် မောက်မာဝံ့ကြွားကာ ဆက်ဆံရေး ကြဲသည့်အပြင် စျေးကြီးလွန်းလှသောကြောင့် အားလုံးမှာ မကျေမနပ် ဖြစ်နေခဲ့ကြသည်။
သို့သော် ယခုတွင်မူ ၎င်းတို့၏ နှလုံးသားထဲတွင် အံ့အားသင့်မှုများသာ ကျန်ရှိတော့သည်။ ရိုးရိုးဆောက်လုပ်ရေးသာ ဖြစ်ပါသော်လည်း ပြီးပြည့်စုံလွန်းနေပြီ ဖြစ်သည်။
"ကိုးပြည်ထောင်မှာ အတော်ဆုံး ဗိသုကာပညာရှင်လို့ မပြောရဘူး။ စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းက တော်တော်တန်တာပဲ။"
အန်လင်း သက်ပြင်းချလိုက်သည်။
အားလုံးမှာ တိတ်တဆိတ်ပင် အန်လင်း၏ စကားအား ထောက်ခံလိုက်ကြသည်။
၎င်းတို့မှာ ကူကယ်ရာမဲ့စွာနှင့် စိတ်ကူးယဉ်နေမိတော့သည်။
စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းကုန်ကျသော ရိုးရိုးဆောက်လုပ်ရေးသည်ပင် ထိုမျှအံ့သြဖွယ် ကောင်းနေပါက စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ် ကျသင့်မည့် သာမန်ဆောက်လုပ်ရေးနှင့် စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးရာ ကျသင့်မည့် အကောင်းဆုံးဆောက်လုပ်ရေးသာဆိုလျှင် မည်မျှပင် ခမ်းနားနေလိမ့်မည်နည်း။
"အန်လင်း...... စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်ကို ငါဂိုဏ်းအတွက် လှူလိုက်ရင်ရော ဘယ်လိုသဘောရလဲ။ အနည်းဆုံး သာမာန်ဆောက်လုပ်ရေးတော့ လုပ်လို့ရပြီပေါ့။"
လျှိုချင်းဟွမ် စကားဆိုလိုက်သည်။
"ဟုတ်တယ်။ ငါလည်း ငွေထည့်လို့ရတယ်။ အင်ပါယာနန်းတော်မှာ ငါစုထားတာ နည်းနည်းပါးပါး ရှိတယ်။"
စုချန်းရန်သည်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမသည်လည်း သာမန်ဆောက်လုပ်ရေးသို့ တိုးမြှင့်ရန် အလိုရှိနေပုံပင်။
"မရဘူး။ မင်းတို့ပိုက်ဆံတွေ မသုံးဘူးလို့ ပြောပြီးသား။ ဂိုဏ်းတိုးတက်လာတော့မှ ရန်ပုံငွေနဲ့ ပြင်စရာရှိတာ ထပ်ပြင်မယ်။"
အန်လင်း မဆိုင်းမတွပင် ငြင်းပယ်လိုက်သည်။
စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်သည် နည်းပါးလှသော ပမာဏ မဟုတ်ပေ။ အင်ပါယာမိသားစု၏ မင်းသမီး စုချန်းရန်နှင့် ဂိုဏ်းကြီးလေးဂိုဏ်းမှ လျှိုချင်းဟွမ်တို့အတွက်ပင် ငွေရေးကြေးရေး ခက်ခဲသွားစေနိုင်လောက်သည်။
ခေတ္တမျှ ကြာမြင့်ပြီးနောက် ဂိုဏ်းတည်ဆောက်ခြင်း ပြီးစီးသွားလေသည်။
တစ်ရက်ပင် မကြာလိုက်ပဲ စုကျိုးအင်မော်တယ်ဂိုဏ်းကြီး ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။
မြင့်မြတ်သောအရှင်ထျန်းဝိုသည် ခရုငယ်လေးအဖြစ် ပြန်လည်ပြောင်းလဲသွားပြီးနောက် ပျင်းရိနေဟန်ဖြင့် လီရှင်းယွီ၏ မို့မောက်နေသော ရင်သားအစုံပေါ် ရောက်ရှိလာသည်။
လီရှင်းယွီ အားလုံးကို လှမ်းပြောလိုက်သည်။
"အားလုံးပြီးပြီ..... ဆင်းလာခဲ့ကြတော့။"
အန်လင်းတို့သည် လီရှင်းယီနှင့် မြင့်မြတ်သောအရှင်ထျန်းဝိုအား အဆက်မပြတ် ချီးကျူးရင်း ဆင်းလာခဲ့ကြသည်။
ခရုငယ်လေးသည် မြှောက်ပင့်စကားများကို ကျေနပ်နေသည့်အလား မျက်နှာအမူအရာ ဝံ့ကြွားနေလေသည်။
"ငါကြွားပြောတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါဆိုတဲ့ မြင့်မြတ်သောအရှင်ထျန်းဝိုက ဒဏ္ဍာရီလာ သားရဲတွေထဲမှာ အတော်ဆုံး ဗိသုကာပညာရှင်ပဲ။"
ခရုငယ်လေး ရယ်မောကာ ပြောလိုက်သည်။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူကတကယ့်ကို ဒဏ္ဍာရီလာသားရဲပဲ.......
တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိနေသော သားရဲများအား ဒဏ္ဍာရီလာ သားရဲအဖြစ် သတ်မှတ်ထားကြသည်။
စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းမျှဖြင့် ဒဏ္ဍာရီလာ သားရဲအား အလုပ်ခန့်နိုင်သည်မှာ အံ့အားသင့်ဖွယ်ရာပင်။
ထိုအတွေးကြောင့် အားလုံး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
ဒဏ္ဍာရီလာသားရဲက နေထိုင်စားသောက်ဖို့အတွက် ဆောက်လုပ်ရေး အလုပ်ကို လုပ်နေရတာလား.........
ထူးဆန်းလိုက်တာ.......
"ဟဲဟဲ....... မမလေး လီရှင်းယွီနဲ့ အရှင်ထျန်းဝို ကျွန်တော်တို့ ဆက်သွယ်စရာလေးတွေ လဲထားကြမလား။"
အန်လင်း မျှော်လင့်စွာ မေးလိုက်သည်။
လီရှင်းယွီ မျက်မှောင်ကျုံ့လိုက်သည်။
"ဘာလို့လဲ။ နောက်ပိုင်းဝန်ဆောင်မှုတွေပါ လိုချင်လို့လား။ ငါတို့က အလုပ်ပြီးသွားတာနဲ့ ဘာဝန်ဆောင်မှုမှ ထပ်မလုပ်ပေးဘူး။"
အန်လင်း မျက်နှာပျက်သွားသည်။ ကမ္ဘာပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဧည့်သည်အား အကြိမ်ကြိမ်အခါခါ ပျစ်ပျစ်နှစ်နှစ် ငြင်းဆိုနေသည်မှာ ၎င်းတို့သာ ရှိပေလိမ့်မည်။
"အဲ့လိုမဟုတ်ပါဘူး။ ဂိုဏ်းရန်ပုံငွေ များလာရင် ဒီအဆောက်အဦးတွေ အဆင့်မြှင့်လို့ရအောင် မေးတာပါ။"
အန်လင်း အားယူကာ ပြုံးပြလိုက်သည်။
"ဟမ့်......"
လီရှင်းယွီ လက်ပိုက်လိုက်သောကြောင့် ရင်သားများ ပိုမိုကြီးမားလာသည်။
"ငါက ငမွဲတွေကို စိတ်မဝင်စားဘူး။ ငါနဲ့ ဆက်သွယ်ချင်တဲ့ လူဆိုတာ ရိုက်သတ်လို့တောင် ကုန်မှာမဟုတ်ဘူး။"
"ငါလည်းစိတ်မဝင်စားဘူး။ ငါနဲ့ဆက်သွယ်ချင်တဲ့ သားရဲမလေးတွေကိုသာ တန်းစီလိုက်ရင် အရှေ့ပင်လယ်ကနေ အနောက်ပင်လယ်အထိ ရှိလောက်တယ်။"
ခရုငယ်လေးမှာ လီရှင်းယွီ၏ ရင်ဘတ်ပေါ်တွင်နေရင်း မောက်မာစွာ ပြောလိုက်သည်။
အန်လင်းမှာ နှလုံးသားတစ်ခုလုံး မီးဟုန်းဟုန်းတောက်နေပါသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။
ဒီခရုမသားက နားကြားမှားတာလား...... ဘယ်သူကရော ဒင်းကို ကြိုက်နေလို့လဲ.......
"ကြည့်ရတာ ကျွန်တော့်ရဲ့ ငွေကြေးနဲ့ ပက်သတ်ပြီး ခင်ဗျားတို့ အထင်လွဲနေတယ် ထင်တယ်။"
အန်လင်း သက်ပြင်းချလိုက်သည်။
သူ၏သိုလှောင်လက်စွပ် လင်းလက်လာကာ ရတနာများစွာ ထွက်ပေါ်လာလေသည်။
မိစ္ဆာရှင်းဓား၊ နယ်မြေထိုးဖောက်လက်သည်း၊ ကောင်းကင်ဘုံမြူနှင်းဖန်စ၊ သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်း...........
အရောင်အဝါများမှာ မျက်စိကျိန်းရလောက်အောင် တဖျတ်ဖျတ် တောက်ပနေသည်။
လီရှင်းယွီနှင့် ခရုငယ်လေးမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
အန်လင်း၏ သိုလှောင်လက်စွပ်မှာ ထပ်မံလင်းလက်သွားပြီးနောက် ရတနာများ ထွက်ပေါ်လာပြန်သာည်။ ဗာမီလီယမ်ငှက်ကြေးမုံ၊ တော်ဝင်သရဖူ၊ အခွင့်အလမ်းအသင်္ချေသေတ္တာနှင့် ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားတို့ ဖြစ်သည်။
လီရှင်းယွီမှာ မျက်လုံးအပြူးသား ဖြစ်နေလေပြီ။
"ရွှေသရဖူနဲ့ အရိုးခေါင်းသေတ္တာက နဂါးမျိုးနွယ်စုရဲ့ အံ့ဖွယ်တာအိုတွေ ပါနေပါလား။ အရမ်းမိုက်တာပဲ။"
လီရှင်းယွီ စိတ်ဝင်စားသွားသည်။
"ဒီကြေးမုံက ပိုတောင်ထူးခြားသေးတယ်။ မြင့်မြတ်တဲ့ သားရဲတစ်ကောင်ရဲ့ အရှိန်အဝါတွေကို ခံစားလို့ ရနေတယ်။ ပြီးတော့ ဒီအနက်ရောင်သေတ္တာနဲ့ ဝင်္ကပါပြားက အရမ်းအားကောင်းတဲ့ တာအိုစိတ်ဆန္ဒတွေ ပါနေတာပါလား။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတွေကိုယ်တိုင် လုပ်ထားတာပဲ ဖြစ်ရမယ်။"
ခရုငယ်လေး စိတ်လှုပ်ရှားနေသည်။
အန်လင်းသည်လည်း အံ့အားသင့်သွားမိသည်။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံမျှဖြင့် ရတနာများအား သေသေချာချာ နားလည်နိုင်ကြသည်။
သူတည်ငြိမ်စွာပင် ရတနာများကိုသိမ်းကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"မင်းတို့ စိတ်ပြောင်းသွားပြီလား။"
လီရှင်းယွီ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
"ငါနင့်ကို အထင်သေးမိတာပဲ။ နောက်တစ်ခါ ထပ်ဆုံကြတာပေါ့။"
သူမ အဖြူရောင် ကျောက်စိမ်းတစ်ခုအား အန်လင်းထံ ပေးလိုက်သည်။
"ဒါကဘာလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"ဒါက ဆက်သွယ်ရေးအဆောင်ပဲ။ ဒါကိုချိုးလိုက်တာနဲ့ နင့်တည်နေရာကို ငါသိရလိမ့်မယ်။ ငါတခြားကမ္ဘာကို ရောက်နေရင် အသံဆက်သွယ်ရေးက အသုံးမဝင်ဘူးလေ။ ဒီအဆောင်က နယ်ပယ်ခြားနေရင်တောင် အလုပ်ဖြစ်တယ်။"
လီရှင်းယွီ ရှင်းပြလိုက်သည်။
"ဂုဏ်ယူပါတယ်....... ငါတို့ရဲ့ သာမန်ဖောက်သည်ဖြစ်လာတဲ့အတွက်။"
အန်လင်းသည် အဆောင်အား ဂရုတစိုက် လက်ခံလိုက်သည်။
"ဖောက်သည်ကရော အမျိုးအစားတွေ ကွဲသေးလား။"
"ဒါပေါ့။ အဆင့်မြင့်ဖောက်သည်တွေ ရှိတယ်။ အများအားဖြင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ။ တန်ဖိုးကြီးဖောက်သည်တွေကတော့ ဖန်ဆင်းရှင်နတ်ဘုရားတွေပေါ့။"
လီရှင်းယွီ အန်လင်းအား လက်ညှိုးထိုးလိုက်သည်။
"နင့်ကြွယ်ဝမှုကတော့ အဆင့်မြင့်ဖောက်သည် ဖြစ်လာဖို့ လိုသေးတယ်။ သေသေချာချာ ကြိုးစားပေါ့။"
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဘဝတွင် ပထမဆုံးအဖြစ် ကိုယ့်ကိုယ်ကို သနားစိတ် ဝင်မိခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူမ၏ စကားမှာ အဓိပ္ပါယ်ရှိသည်။
သူသာ ဆင်းရဲမွဲတေနေပါက အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်မှာ လှည့်ပင်ကြည့်လိမ့်မည် မဟုတ်ပေ။
ယခု အနေအထား တစ်ခုထိ ရောက်ရှိလာပြီးနောက် အတွေးအမြင်များ ကျယ်လာရုံသာမက ထူးခြားဆန်းကြယ်သူများနှင့်ပါ တွေ့ဆုံခွင့် ရလာသည်။
"ဒါနဲ့ ဘယ်ဖန်ဆင်းရှင်နတ်ဘုရားက ခင်ဗျားရဲ့ တန်ဖိုးကြီးဖောက်သည်လဲ။"
အန်လင်းမှာ စပ်စုချင်စိတ်အား မချုပ်တည်းနိုင်ပေ။
"အားနာပါတယ်။ ဧည့်သည်အချက်အလက်တွေ ငါ့ဘက်က ထုတ်ပြောလို့ မရဘူး။"
လီရှင်းယွီ ပြုံးကာပြောလိုက်သည်။
"ထပ်မေးစရာ မရှိရင် ငါသွားတော့မယ်။"
သာမန်ဖောက်သည် ဖြစ်လာပြီးနောက် သူမ၏ လေသံမှာ အတော်ပျော့ပြောင်းသွားသည်။
"ကောင်းပြီလေ။ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်မှပြန်ဆုံကြတာပေါ့။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
လီရှင်းယွီ တာ့တာပြကာ လေဟာနယ်အား ဆုတ်ဖြဲလျက် ထွက်ခွာသွားတော့သည်။