← Chapters

လှပသောစုကျိုးအင်မော်တယ်ဂိုဏ်း

Vol. 54 Ch. 754

လှပသောစုကျိုးအင်မော်တယ်ဂိုဏ်း

Vol. 54 Ch. 754

လီရှင်းယွီနှင့် မြင့်မြတ်သောအရှင်ထျန်းဝိုတို့အား နှုတ်ဆက်ပြီးသည့်နောက် အန်လင်းတို့မှာ ဂိုဏ်းအားလှည့်ပတ်ကြည့်ရှုချင်လာသည်။

"နည်းနည်းပါးပါး လျှောက်ပတ်ကြည့်ရအောင်။ ခုနက အပေါ်ကနေ လှမ်းကြည့်တာဆိုတော့ သေသေချာချာ မမြင်ရဘူး။ အခု ဂိုဏ်းကိုလိုက်ကြည့်ရအောင်လေ။"

အန်လင်းတို့မှာ အသစ်စက်စက် တည်ဆောက်ထားသော ဂိုဏ်းထဲသို့ ဝင်ရောက်လာကြသည်။

အဓိကနန်းတော်တစ်ခုနှင့် နန်းတော်ခွဲ သုံးဆယ့်ငါးခုရှိပြီး တောင်ဘက်ရှိ ပေသောင်းချီရှိသော တောင်တန်းကြီးပေါ်တွင် တည်ဆောက်ထားသည်။ အဆောင်အဦး တစ်ခုချင်းစီအား စနစ်တကျ နေရာချထားသောကြောင့် ခြုံကြည့်လျှင် ဇာမဏီတစ်ကောင် အတောင်ဖြန့်နေပုံနှင့်တူပြီး အဓိကနန်းတော်မှာ ဇာမဏီဦးခေါင်းပိုင်းတွင် တည်ရှိသည်။

အဓိကနန်းဆောင် ဆယ်ခုနှင့် ဗိမာန်တစ်ထောင်တို့မှာမူ အပေါ်စီးမှ ကြည့်ရှုလိုက်ပါက နဂါးတစ်ကောင် မာန်ဖီနေဟန်ပေါ်အောင် တည်ဆောက်ထားပေသည်။ ထိန်ထိန်သာသော လစန္ဒာကန်ရေပြင်သည် နဂါးနှင့်ဇာမဏီကြားတွင် စီးဆင်းနေပြီး ထူးခြားဆန်းကြယ်မှုကိုသာမက သင့်တင့်မျှတသော ခံစားချက်ကိုပါ ပေးစွမ်းနေသည်။

အဓိကနန်းဆောင် တစ်ခုချင်းစီတွင် သစ်လွင်သော ရှုခင်းတစ်ခုစီ ရှိနေမည်ဖြစ်ပြီး အလယ်တွင် နန်းဆောင်များအားလုံး လှမ်းမြင်နိုင်မည့် လေ့ကျင့်ရေးကွင်းပြင် တစ်ခုလည်း ရှိသည်။

ဂူနန်းနှစ်ဆယ်ကိုလည်း ဗိမာန်တစ်ထောင်နှင့် ယှဉ်တွဲဆောက်လုပ်ထားကာ ဗိသုကာလက်ရာ သေသပ်ကောင်းမွန်လှသည်။

အန်လင်းသည် အဆောက်အဦးလွတ်များ ဖြစ်နေမည် ဖြစ်သောကြောင့် ပရိဘောဂများစွာ ဝယ်ဖြည့်ရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်လည်း သူ၏အတွေးမှာ တက်တက်စင်အောင် လွဲခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အခန်းတိုင်းနှင့် လိုက်ဖက်အောင် ပြင်ဆင်ပေးထားသော ပရိဘောဂများအပြင် "ခရုသခင်ကြီး"ဟု လက်မှတ်ရေးထိုးထားသော မျက်စိပဒါသ ရှိလွန်းသည့် လက်ရေးလှပန်းချီကားများပါ ရှိနေသောကြောင့်ပင်။

ထိုသည်မှာ အန်လင်းတို့အား အတော်ပင် အံ့အားသင့်စေသည်။ ယခုမျှထိ ပြီးပြည့်စုံသော ဆောက်လုပ်ရေး လုပ်ငန်းမျိုးကို ၎င်းတို့မမြင်တွေ့ဖူးပေ။ ဂိုဏ်းတစ်ခုလုံး တည်ဆောက်ရန် ကြာချိန်မှာ အချိန်တစ်ရက်ပင် မပြည့်သည့်အပြင် ဒဏ္ဍာရီလာသားရဲ၏ လက်ရေးလှပန်းချီများကိုပင် ချိတ်ဆွဲပေးသွားသေးသည်။

၎င်းတို့သည် ဂိုဏ်းတစ်ခုလုံး လှည့်ပတ်ကြည့်ရှုကာ မြင်မြင်သမျှ စိတ်ကျေနပ်နေကြသည်။

"သူမရဲ့ ပြောဆိုဆက်ဆံရေးက ဆိုးရွားပေမယ့် အလုပ်လုပ်တာ တော်တော်သပ်ရပ်တာပဲ။"

အန်လင်း ရေရွတ်လိုက်သည်။

"သူမရဲ့စိတ်က အမြဲတမ်း ပေါက်ကွဲတော့မယ့်အတိုင်းပဲ။ ဒါပေမယ့် သူမ ရင်သားတွေကလည်း အဲ့လိုပဲလေ။ မောက်တက်နေတာများ ပေါက်ကွဲတော့မယ့်အတိုင်း...... ဘယ်တော့လောက် သူမနဲ့ ထပ်တွေ့ရမှာလဲ...... ဝုတ်။"

တပိုင်မှာ ရင်သက်ရှုမောဖွယ်ရာ ဧဝရတ်တောင်တန်းကြီးများကို ပြန်လည်မြင်ယောင်ရင်း သွားရေတမျှားမျှား ဖြစ်နေမိသည်။

"ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားကြရအောင်။ ဂိုဏ်းရန်ပုံငွေ များလာရင် သူတို့ကို ထပ်ခေါ်လို့ ရပြီလေ။"

အန်လင်း စကားဆိုလိုက်သည်။

"ပထမအဆင့်ကတော့ ပြီးပြီ။ နောက်တစ်ဆင့်က ဂိုဏ်းအတွက် ကာကွယ်ရေး ဝင်္ကပါ လုပ်ဖို့ပဲ။"

ကာကွယ်ရေးဝင်္ကပါလား.........

အားလုံး တအံ့တသြနှင့် အန်လင်းအား ကြည့်ရှုလိုက်ကြသည်။

"အတန်းဖော်အန်လင်း..... ကာကွယ်ရေးဝင်္ကပါအတွက် မန္တာန်ရယ်၊ စွမ်းအင်ရင်းမြစ်ရယ်၊ တခြားပစ္စည်းတွေရယ် လိုအပ်တယ်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က ငါတို့အတွက် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ငါတို့ကို ယုံယုံကြည်ကြည် ကူညီပေးနိုင်မယ့်သူရှိလား။"

စုချန်းရန်၏ လှပသော မျက်ဝန်းလေးများမှာ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။

"ဟဲဟဲ...... ငါ့မှာ ဝင်္ကပါပြား ရှိနေပြီးသားလေ။ ဘာမှမလိုတော့ပါဘူး။"

အန်လင်း ပြုံးကာပြောလိုက်သည်။

ဝင်္ကပါပြားသည် အရာဝတ္ထု တစ်ခုပေါ်တွင် တာအိုစိတ်ဆန္ဒ မန္တာန်အား ထည့်သွင်းဖန်တီးရခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် ဝင်္ကပါပြားအား မန္တာန်ဝင်္ကပါ တစ်ခု၏ အလယ်ဗဟိုတွင် ထားလိုက်သည်နှင့် အလိုအလျောက် အသက်ဝင်လာပေလိမ့်မည်။ ထိုသည်မှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးမှ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီပေးသည်နှင့် တူညီပေသည်။

"ဘယ်ဝင်္ကပါပြားကို ပြောတာလဲဟင်။"

စုချန်းရန် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဧကရာဇ်ချန်းရှန်ရဲ့ ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားကို ပြောတာလေ။"

အန်လင်း တုံ့ပြန်လိုက်သည်။

"ဝါး......."

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

လျှိုချင်းဟွမ်လည်း အလွန်အံ့အားသင့်သွားသည်။

"ချန်းရှန်နန်းဆောင်ရဲ့ သင်္ကေတလို ဖြစ်နေတဲ့ ရတနာကို နင်ဘယ်လိုများ ရလာတာလဲ။ ငါကြားဖူးတာတော့ ဝင်္ကပါပြားမှာ ဧကရာဇ်ချန်းရှန်ရဲ့ အစစ်အမှန် တာအိုစိတ်ဆန္ဒတွေ ပါနေတဲ့အပြင် မကြာခဏ ဝင်္ကပါပြားကို ဂရုစိုက်ပေးလေ့ ရှိတယ်တဲ့။ ပြောရရင် ပိုက်ဆံနဲ့တောင် ဝယ်မရတဲ့ ရတနာမျိုးပဲ။ အဲ့ဒါက နင့်လက်ထဲ ဘယ်လိုရောက်လာတာလဲ။"

အန်လင်း ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"ဟားဟား...... ကျွန်တော်က ကောင်းကင်ဘုံခုံရုံးမှာ ကျော်ကြားတဲ့ စစ်နတ်ဘုရားငယ်ပဲလေ။ ဧကရာဇ်ချန်းရှန်ကို ဝင်္ကပါပြားပေးဖို့ တောင်းဆိုလိုက်တာနဲ့ လွယ်လွယ်ကူကူ သဘောတူပေးလိုက်တာ။"

မည်သူကမှ ထိုစကားအား မယုံကြည်ကြပေ။

အန်လင်းမှာ မည်သည့်စကားမှ ထပ်မပြောတော့ပဲ ဝင်္ကပါပြားကိုထုတ်ကာ လျှိုချင်းဟွမ်ထံ ပေးလိုက်သည်။

"မန္တာန်ဝင်္ကပါတွေဘာတွေ စီရင်ဖို့ကတော့ ကျွန်တော်လည်း နားမလည်လို့ အစ်မကြီးတို့ပဲ လုပ်လိုက်တော့။"

လျှိုချင်းဟွမ်သည် မန္တာန်ဝင်္ကပါ စီရင်ခြင်းနှင့် ပက်သတ်၍ အလွန်ပါရမီရှိပြီး ရှောင်ဇယ်နှင့် ပိုင်လင်တို့မှာလည်း ဘဝသက်တမ်းတလျှောက် ကောင်းမွန်သော အတွေ့အကြုံ၊ ဗဟုသုတများစွာ ရှိကြသည်။

ထို့ကြောင့် မန္တာန်ဝင်္ကပါ စီရင်ခြင်း တာဝန်အား ၎င်းတို့လက်ခံလိုက်ကြသည်။

ဝင်္ကပါပြား ရှိနေပြီ ဖြစ်သောကြောင့် ဝင်္ကပါ ရေးဆွဲထားသော ပုံစံနှင့် ကိုက်ညီမည့် မန္တာန်ဝင်္ကပါအား စီရင်လိုက်ရုံသာ ဖြစ်သည်။ ဧကရာဇ်ချန်းရှန်သည် ဝင်္ကပါပြားအတွက် လိုအပ်သော တာအိုစိတ်ဆန္ဒများ ထည့်သွင်းပေးထားသည်။

ထို့ကြောင့် မန္တာန်ဝင်္ကပါနှင့်အတူ ဧကရာဇ်ချန်းရှန် ဂရုတစိုက် ပြုလုပ်ထားသော ဝင်္ကပါပြားအား အသက်သွင်းလိုက်ရုံပင်။

တီနာသည် လုပ်ရမည့်တာဝန် မရှိသောကြောင့် ပြန်အိပ်သွားတော့သည်။

အန်လင်း၊ စုချန်းရန်နှင့် တပိုင်တို့မှာလည်း ပျင်းရိလာသဖြင့် ထိန်ထိန်သာသော လစန္ဒာကန်ရေပြင်နား ရောက်ရှိလာကြသည်။

"ဟုတ်သားပဲ။ အတန်းဖော်အန်လင်း ဒီကန်ကို အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်က ထိန်ထိန်သာသောလစန္ဒာလို့ နာမည်ပေးသွားပေမယ့် ဟိုနားက တောင်မှာနာမည်မရှိသေးဘူး။ ငါတို့ နာမည်တစ်ခုခု ပေးသင့်တယ်။"

စုချန်းရန် ပြုံးကာပြောလိုက်သည်။

"လွယ်ပါတယ်။ ထိန်ထိန်သာသော လစန္ဒာတောင်တန်းလို့ နာမည်ပေးလိုက်ပေါ့။"

အန်လင်း မဆိုင်းမတွပင် တုံ့ပြန်လိုက်သည်။

စုချန်းရန် : "..............."

တပိုင် : "..............."

"ကောင်းကင်နတ်မိမယ် စုချန်းရန်........ အစ်ကိုကြီးအန်က နာမည်ပေးတဲ့ နေရာမှာ သုံးစားမရဘူးဗျ..... ဝုတ်။"

တပိုင် စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

"ဟီးဟီး....... အတန်းဖော်အန်လင်းရဲ့ စကားက ငါ့ကိုဉာဏ်အလင်းပွင့်စေတယ်။ ဒီတောင်က ထိန်ထိန်သာသောလစန္ဒာကန်နားမှာ ရှိတာဆိုတော့ လပြည့်ဝန်းတောင်တန်းလို့ ခေါ်ကြရအောင်လေ။"

စုချန်းရန် အကြံပေးလိုက်သည်။

"လပြည့်ဝန်းတောင်တန်း........ ကောင်းကင်ဘုံခုံရုံးက ဟာလိုမျိုးလား။"

အန်လင်း မေးမြန်းလိုက်သည်။

"ဟုတ်တယ်။ တောင်ပေါ်မှာ ရေပူစမ်းတစ်ခု လုပ်ပြီးတော့ လပြည့်ဝန်းရေအိုင်လို့ ခေါ်ကြတာပေါ့။ အဲ့လိုဆို ကောင်းတယ်မလား။ ငါတို့ ကျောင်းပြီးသွားရင်တောင် ကျောင်းမှာနေရသလို ခံစားချက်မျိုး ရနိုင်တယ်။"

စုချန်းရန်၏ အိပ်မက်ဆန်သော မျက်ဝန်းလေးများတွင် မျှော်လင့်ချက်များ ပြည့်လျှံနေသည်။

အန်လင်းမှာ စုချန်းရန်၏ အကြံပြုချက်အား ပြုံးကာသဘောတူလိုက်သည်။ ဂိုဏ်းထောင်ရသည့် ရည်ရွယ်ချက်မှာလည်း ကျောင်းပြီးသွားပြီးနောက် သူငယ်ချင်းများနှင့် အတူရှိနေနိုင်ရန် ဖြစ်သည်။

စုချန်းရန်သည် ကျောင်းတော်ပုံစံ ခံစားချင်သည်ဟု ဆိုလာလျှင်လည်း သူငြင်းပယ်မည် မဟုတ်ပေ။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ညဉ့်ကောင်းကင်ယံတွင် တောက်ပသော လစန္ဒာတစ်စင်း ပေါ်ထွက်လာသည်။

အေးမြသော လရောင်အောက်တွင် ထိန်ထိန်သာသောလစန္ဒာကန်သည် တလက်လက် တောက်ပနေပြီး လမင်း၏ ပုံရိပ်မှာလည်း ရေပြင်ပေါ် ထင်ဟပ်နေသောကြောင့် ရင်သက်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေသည်။

ပတ်ဝန်းကျင်သည် အေးချမ်းတိတ်ဆိတ်နေပါသော်လည်း ကန်ရေပြင်ဘေးတွင် ပျော်ရွှင်စွာ ရယ်မောသံများ ထွက်ပေါ်နေလျက် ရှိသည်။

အန်လင်းသည် ကန်ထဲမှ ငါးတစ်ကောင်ဖမ်းကာ အကြော်ဒယ်အိုးနှင့် ချက်ပြုတ်လိုက်သည်။

ရှောင်ဇယ်၊ လျှိုချင်းဟွမ်၊ စုချန်းရန်၊ ပိုင်လင်၊ တပိုင်၊ အန်လင်းနှင့် တီနာတို့သည် အရသာရှိလှသောငါးအား အင်မော်တယ်ဝိုင်နှင့် တွဲဖက်သုံးဆောင်ကာ စုကျိုးအင်မော်တယ်ဂိုဏ်း တည်ထောင်ခြင်းအတွက် အောင်ပွဲခံခဲ့ကြသည်။ ၎င်းတို့၏ အိပ်မက်မှာ စစ်မှန်လာခဲ့လေပြီ။

"ဂိုဏ်းကို ဘယ်လိုဆက်လုပ်မယ်ဆိုတာ တွေးရတော့မယ် ထင်တယ်။"

ရှောင်ဇယ် စကားဆိုလိုက်သည်။

"အင်း........ ပထမဆုံး လုပ်ရမှာက စုကျိုးအင်မော်တယ်ဂိုဏ်း တည်ထောင်လိုက်ပြီ ဆိုတဲ့အကြောင်း တစ်ကမ္ဘာလုံးကို အသိပေးရမယ်။"

အန်လင်းမှာ ငါးကိုစားရင်း ပြောလိုက်သည်။

"ဘာလို့လဲ။ ဂိုဏ်းတော်တော်များများကနေ ဂုဏ်ပြုလက်ဆောင်တွေ ရပြီးပြီလေ။"

စုချန်းရန် နားမလည်နိုင် ဖြစ်သွားသည်။

"အော်.... အဲ့ဒါဆိုလည်း ထပ်ရတာပေါ့။"

အန်လင်း အေးအေးဆေးဆေးပင် တုံ့ပြန်လာသည်။

အားလုံး : "............. "

"ဂိုဏ်းဆောက်ဖို့ စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းကို ဘယ်လိုရလာတာလဲ မမေ့နဲ့ဦး။"

"ဒါတောင်မှ ဂိုဏ်းတချို့ဆီက လက်ဆောင်ပဲ ရှိသေးတယ်။ ငါတို့သာ ဂိုဏ်းတည်ထောင်ပြီးတဲ့အကြောင်း တရားဝင် ကြေညာလိုက်ရင် နောက်ထပ်ဂိုဏ်းတွေ အများကြီး ရောက်လာကြလိမ့်မယ်။"

"ထပ်ရလာမယ့် လက်ဆောင်တွေက ဂိုဏ်းရဲ့အဓိက ရန်ပုံငွေပဲ။"

အန်လင်း ပြောသွားသော စကားများမှာ အမှားမပါပေ။

အားလုံး၏ မျက်ဝန်းများ တောက်ပလာကာ အန်လင်းအား လက်မထောင်ပြလိုက်ကြသည်။

အချိန်တိုအတွင်း ပိုက်ဆံရမည့်နည်းအား မည်သူကမှ မငြင်းပယ်လိုပေ။

ထိုသည်မှာ ကမ္ဘာပေါ်ရှိ မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများကဲ့သို့ပင် ဖြစ်သည်။ ထိုသို့မပြီးဆုံးနိုင်သော ပွဲပေါင်းများစွာ ပြုလုပ်နေရသည်မှာ ပိုက်ဆံရရန်သာ မဟုတ်လော။

ပွဲများလေလေ ပိုက်ဆံဝင်လေလေပင်။

သေမျိုးကမ္ဘာတွင် မပြီးနိုင် မစီးနိုင် ပွဲများကျင်းပသည်ကို မျက်စိစပါးမွှေး စူးလာကြပါသော်လည်း ကျင့်ကြံရေးလောကတွင် ထိုသို့မရှိပေ။

ကိုးပြည်ထောင်နှင့် ခရမ်းကြယ်စင်ပြည်နယ်၏ ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်သော စုကျိုးအင်မော်တယ်ဂိုဏ်းအနေဖြင့် ဂိုဏ်းတည်ထောင်ခြင်း အထိမ်းအမှတ်ပေါ်တွင် ငွေမရှာပါက တုံးအလွန်းသူများ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သုံးရက်အတွင်း စုကျိုးအင်မော်တယ်ဂိုဏ်း ဖွင့်လှစ်ခြင်းအတွက် တရားဝင် အခမ်းအနား ကျင်းပရန် သဘောတူလိုက်ကြတော့သည်။

All Chapters