ငါးစိမ်းမြင်ငါးကင်ပစ်
Vol. 54 Ch. 755
နောက်တစ်နေ့၌...........
ရွှမ်းယွမ်ချန်မှာ အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်းမှ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာသည်။
သူသည် မက်မောလောက်စရာ မြက်ခင်းပြင်များ ပြည့်နှက်နေသော ကြွေလွင့်ဇာမဏီနယ်မြေအားကြည့်ကာ အလွန်သဘောကျနေသည်။ ဤနေရာသည် အသင်္ချေစိတ်ဝိဉာဉ်ထိုက်ကျိအား ကျင့်ကြံရန် အသင့်တော်ဆုံးပင်။ ထို့အပြင် အသေးစိတ်ကျစွာ တည်ဆောက်ထားသော စုကျိုးအင်မော်တယ်ဂိုဏ်းအားကြည့်ကာ ပို၍ပင် အံ့အားသင့်မိရသည်။
"အန်လင်း....... ရက်နည်းနည်းပဲ ရှိသေးတာကို ဂိုဏ်းတည်နေရာ ရှာနိုင်တဲ့အပြင် ဆောက်တောင်ဆောက်ပြီးသွားပြီပေါ့လေ။ မင်းဘယ်လိုများ လုပ်လိုက်တာလဲ။"
"အကြောင်းကတော့ ရှည်တယ်ဆရာရေ...... အတိုချုံးပဲ ပြောပြတော့မယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ရွှမ်းယွမ်ချန်မှာ သိလိုစိတ်ပြင်းပြသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာလေသည်။
"အားလုံးက ကံကြမ္မာပဲ။"
အန်လင်း တိုတိုတုတ်တုတ်ပင် ရှင်းပြလိုက်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။
ရွှမ်းယွမ်ချန် : "ဒါပဲလား။"
အန်လင်း : "ဟုတ်တယ်လေ။"
ရွှမ်းယွမ်ချန် : "..............."
ဒါကြီးက အရမ်းတိုလွန်းနေတယ် မဟုတ်လား.........
အန်လင်းသည် ရွှမ်းယွမ်ချန်၏ ကြောင်တောင်တောင် အမူအရာအား ရယ်မောလိုက်ပြီးနောက် ကျောင်းပိတ်ရက်အတွင်း ကျော်ဖြတ်ခဲ့ရသော စွန့်စားခန်းများကို ပြောပြလိုက်သည်။ ယခုတွင် အေးအေးဆေးဆေး ပြောပြနိုင်ပြီ ဖြစ်ပါသော်လည်း ကြုံတွေ့ခဲ့ရစဉ်က အလှည့်အပြောင်းများစွာကို ရင်ဆိုင်ခဲ့ရသည်ပင်။
အန်လင်း ပြောပြသမျှအား နားထောင်ပြီးသည့်နောက် ရွှမ်းယွမ်ချန် သက်ပြင်းချမိသည်။
"အန်လင်း မင်းကဘယ်နေရာသွားသွား ရှားပါးတဲ့ အခွင့်အရေးတွေ ကြုံရမယ့်သူပဲ။ သမိုင်းတွင်မယ့် အဖြစ်အပျက်မျိုးတွေမှာ မင်းအမြဲရှိနေတယ်။"
"ကျွန်တော်က အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တဲ့သူလို့ပြောရင် အစ်ကိုကြီးချန် ယုံပါ့မလား။"
အန်လင်း စိတ်ပျက်စွာ ပြောလိုက်သည်။
ရွှမ်းယွမ်ချန် : "............."
အန်လင်း စိတ်လျှော့လိုက်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"သေချာပေါက် မယုံမှန်း သိပါတယ်။"
ရွှမ်းယွမ်ချန် ခေါင်းခါပြလာသည်။
"မဟုတ်ပါဘူး။ မင်းကို ယုံကြည်ပေးဖို့ ငါအကောင်းဆုံး ကြိုးစားကြည့်နေတာပါ။"
အန်လင်း : "..........."
၎င်းတို့နှစ်ဦးမှာ စကားစမြည် ပြောဆိုနေရင်း ထိန်ထိန်သာသောလစန္ဒာကန်နား ရောက်ရှိလာကြသည်။
ပိုင်လင်၊ လျှိုချင်းဟွမ်နှင့် ရှောင်ဇယ်တို့မှာ ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားနှင့် ကိုက်ညီမည့် မန္တာန်ဝင်္ကပါအား စတင်စီရင်နေကြပြီပင်။
ရွှမ်းယွမ်ချန်သည်လည်း မန္တာန်ဝင်္ကပါ တာအိုများအား စိတ်ဝင်စားသောကြောင့် ၎င်းတို့အဖွဲ့ထဲ ပါသွားသည်။
စုချန်းရန်သည် သုံးရက်အကြာ၌ စုကျိုးအင်မော်တယ်ဂိုဏ်းအား တရားဝင် ဖွင့်လှစ်မည့်သတင်းကို ဖြန့်ဝေနိုင်ရန် သစ်တောစိမ်းအင်ပါယာမိသားစုထံ ပြန်သွားသည်။
ထိုသို့ဖြင့် အန်လင်းနှင့် တပိုင်မှာ အလုပ်မရှိ၊ အကိုင်မရှိ ဖြစ်နေရပြန်လေသည်။
၎င်းတို့သည် ထိန်ထိန်သာသောလစန္ဒာကန်ဘေးတွင်ထိုင်ကာ အဝေးသို့ ငေးမောကြည့်နေကြသည်
အန်လင်းသည် ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး ဂိုဏ်းချုပ်တစ်ဦးလို ကိုယ့်ကိုယ်ကို ခံစားနေရသည်။
ရှောင်ဟုန်၊ ဘရိုင်စ့်၊ ထျန်းရှီမန်နှင့် အခြားသူများအား ဂိုဏ်းဖွင့်ပွဲအကြောင်း အသိပေးထားကာ ၎င်းတို့အားလုံး အချိန်မီ အရောက်လာမည်ဖြစ်ကြောင်း ပြောထားကြသည်။
"ဟူး........ ကောင်းကင်နတ်မိမယ်လေး ရှောင်လန်ကတော့ ဘယ်တော့လာမလဲ မသိပါဘူး။"
အန်လင်းသည် တိမ်မျှင်အနည်းငယ် ပျင်းရိစွာ လေဟုန်စီးနေသော ကြည်လင်သည့် ကောင်းကင်ပြာအားကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ဟူး....... ကျွန်တော်လည်း ကိုယ်ပိုင်နယ်ပယ် ဘယ်တော့မှ ရမလဲ မသိဘူး..... ဝုတ်။"
တပိုင်သည် မတိုးတက်နိုင်သော ကျင့်ကြံရေးနှင့်ပက်သတ်၍ အတော်ပင် စိတ်ဓာတ်ကျနေသည်။
အန်လင်းသည်လည်း ထိုသည်ကို သတိထားမိသောကြောင့် တပိုင်အား ပွတ်ပေးကာ ညင်သာစွာ ပြုံးပြလိုက်သည်။
"များများစားစား မတွေးပါနဲ့။ အချိန်ကျရင် သူ့ဟာသူ ဖြစ်လာမှာပါ။ မင်းရဲ့ကျင့်ကြံရေးက ဘယ်လိုပဲဖြစ်ဖြစ် ငါကချစ်နေဦးမှာပါ။ မင်းဘယ်လောက်ပဲ ညံ့နေပါစေ မစွန့်ပစ်သွားပါဘူး။"
"အစ်ကိုကြီးအန်....... ကျွန်တော့်ကို ညံ့တယ်မပြောနဲ့ဗျ..... ဝုတ်။"
တပိုင် မကျေမနပ်ဖြစ်ကာ မျက်စောင်းထိုးလိုက်ပါသော်လည်း စိတ်ထဲတွင် ကြိတ်ပျော်သွားမိသည်။
ထိုအချိန်တွင် ကောင်းကင်ထက်တွင် ရွှေရောင်မီးလျှံများအား လှမ်းမြင်လိုက်ရသည်။
အန်လင်း ကြည့်ရှုလိုက်သောအခါ အလွန်အမင်း လွမ်းဆွတ်တမ်းတနေရသော ပုံရိပ်ကလေးအား တွေ့လိုက်ရလေသည်။
ကြည်လင်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"အန်လင်း......"
ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။
သူမ၏ မျက်ဝန်းများသည် ရေပြင်အလား တည်ငြိမ်နေပြီး ဖြစ်တည်မှု တစ်ခုလုံးမှာ အနုပညာဆန်စွာ ထုဆစ်ထားသည့်နှယ် ဆွဲဆောင်မှု ရှိလှသည်။ သူမ အပြုံးမှာလည်း ပုရိသများစွာကို ရူးသွပ်သွားစေနိုင်ပေသည်။ အန်လင်း၏ နှလုံးသားလေး စုရှောင်လန် ရောက်ရှိလာပြီ ဖြစ်သည်။
သူမ အန်လင်းဘေးသို့လာကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ငါ့ကိုလွမ်းနေလား။"
အန်လင်း တင်းကြပ်စွာဖက်ရင်း အဖြေပေးလိုက်သည်။
သူသည် စုရှောင်လန်၏ နွေးထွေးသော ခန္ဓာကိုယ်အား ပွေ့ဖက်ကာ သူမထံမှ ထူးခြားသော သင်းရနံ့လေးအား ရှူရှိုက်လိုက်သည်။ သူမ၏ ပျော့ပြောင်းသော ဆံနွယ်လေးများသည် လေပြေနဲ့အတူ ကခုန်ကာ သူ၏ပါးနား ကလူကျီစယ်နေသည့် ခံစားချက်မှာ အမှန်တကယ် ကောင်းမွန်လွန်းလှသည်။
တပိုင်သည် အလွမ်းသယ်နေသော ချစ်သူနှစ်ဦးအားကြည့်ကာ နှလုံးသား တစ်ခုလုံး အေးစိမ့်တောင့်တင်းလာသည်။
ကျွန်တော့်ကို မစွန့်ပစ်သွားပါဘူးဆို.........
အခုကြ အချစ်အသစ်ကလေးအတွက် သူ့ကိုမေ့သွားပြီမလား.........
အန်လင်း ပထမဆုံး စီးခဲ့တာက သူပါ....... အခုတော့ ပစ်ရက်ပြီပေါ့လေ.......
အန်လင်းမှာ မလွှတ်တမ်း ဖက်ထားသောကြောင့် စုရှောင်လန် ရှက်သွေးဖြာလာကာ တွန်းထုတ်လိုက်သည်။
"လုံလောက်ပါပြီ။ ငါတို့နှစ်ယောက် ခွဲရတာ ဘယ်လောက်မှတောင် မကြာသေးပဲနဲ့ ဘာလို့အရမ်းတွေ စိတ်လှုပ်ရှားနေရတာလဲ။"
"ရက်နည်းနည်းပဲ ဆိုပေမယ့် ကိုယ်ကြုံခဲ့ရတဲ့ သေရေးရှင်ရေး အခြေအနေတွေက ရေလို့တောင် မနိုင်ဘူး။ မင်းကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ။"
အန်လင်း သက်ပြင်းချလိုက်သည်။
"တကယ်လား။"
စုရှောင်လန်မှာ အန်လင်းပါးအားကိုင်ကာ အံ့ဖွယ်အာရုံဖြင့် စစ်ဆေးပြီးမှ သက်ပြင်းချနိုင်တော့သည်။
"ဘာတွေဖြစ်ခဲ့တာလဲ။"
"ပြောရမှာတော့ တော်တော်ရှည်တယ်။"
အန်လင်း စကားဆိုလိုက်သည်။
"ရပါတယ်။ အတိုချုံးပဲ ပြောပြပေါ့။"
စုရှောင်လန်မှာ အလောမကြီးပေ။
"မဟုတ်ဘူး။ ကိုယ်မင်းကို ဖြစ်ကြောင်းကုန်စင် ပြောပြချင်တယ်။"
အန်လင်းသည် စုရှောင်လန်၏ လက်အားကိုင်ကာ ထိန်ထိန်သာသောလစန္ဒာကန်ဘေး ခေါ်ဆောင်သွားသည်။
"ကိုယ့်ရဲ့ သူရဲကောင်း အခိုက်အတန့်တွေကို မင်းသိသင့်တာပေါ့။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"ဟွန့်....... နင်အဲ့လိုပြောမယ်ဆိုတာ သိသားပဲ။"
၎င်းတို့နှစ်ဦးမှာ ကန်ရေပြင်ဘေးတွင် ချစ်ချစ်ခင်ခင် ရှိနေခဲ့ကြသည်။
နှလုံးသား တစ်ခုလုံး နာကျင်နေသော အဖြူရောင် ပုံရိပ်လေးမှာ လေအေးများကြား အထီးကျန်နေခဲ့လေသည်။
တပိုင်သည် ရုတ်တရက် သတိရကာ သိုလှောင်လက်စွပ်ထဲမှ ခွေးစာများ ထုတ်စားနေလိုက်သည်။
ထိုမှသာ အနည်းငယ်မျှ စိတ်ပြေသွားရသည်။
"ဟူး...... ခရမ်းကြယ်စင်ရဲ့ ခွေးစာအမွေအနှစ်က ငါ့အတွက် အသုံးအဝင်ဆုံး ဖြစ်လာမယ် မထင်ထားဘူး။"
တပိုင် စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အန်လင်းမှာ စုရှောင်လန်လက်အား ဆုပ်ကိုင်ထားလျက် သူ၏စွန့်စားခန်းများကို ပြောပြနေသည်။
တိုက်ပွဲအကြောင်း ကြွားဝါရသည်မှာ စိတ်ကျေနပ်စရာ ကောင်းလွန်းလှသည်။ စုရှောင်လန်သည် စိတ်ဝင်တစား နားထောင်ပေးသည့်အပြင် အချို့သော အခြေအနေများအတွက် ပိုမိုကောင်းမွန်သော အကြံများကို ပေးလေ့ရှိသည်။ ဥပမာအားဖြင့် ဂူထဲဝင်ပြေးသော အချိန်တွင် အံ့ဖွယ်အရည်ဖန်တီးခြင်းနည်းစနစ်ဖြင့် ကိုယ်ပွားတစ်ခုလုပ်ကာ ရန်သူများအား အခြားတစ်နေရာ မျှားခေါ်သွားသင့်သည်ဟုဆိုသည်။
၎င်းတို့နှစ်ဦးမှာ အချိန်အတော်ကြာ စကားပြောနေခဲ့ကြသည်။
အဆုံးတွင်မူ အန်လင်းမှာ ဇာမဏီဥအား ထုတ်ပြလိုက်လေသည်။
အန်လင်း ဂုဏ်ယူစွာ ပြုံးနေသည်။
"ဒါက ဟွမ်လေးလေ။"
စုရှောင်လန်မှာ တောက်ပနေသော ရွှေရောင်ဥအားကြည့်ကာ ပြုံးလိုက်သည်။
"ဟွမ်လေးတဲ့လား။ မွေးတောင်မမွေးသေးတာကို အမလေးမှန်း ဘယ်လိုသိလဲ။ ဖုန့်လေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။"
အန်လင်း ခေါင်းခါပြလိုက်သည်။
"ဟဲဟဲ.... မင်းမှားသွားပြီ။ ဇာမဏီက ဟွမ်ကိုပြောတာ မဟုတ်ဘူး။ အဝါရောင်ဆိုတဲ့ ဟွမ်ကိုသုံးထားတာ။ အထီးပဲမွေးမွေး၊ အမပဲမွေးမွေး အဲ့နာမည်က အသုံးဝင်တယ်လေ။ ဘယ်လိုလဲ။ ကိုယ်မတော်ဘူးလား။"
စုရှောင်လန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဇာမဏီနဲ့ အိမ်မွေးခွေး မှားနေတာတော့ မဟုတ်ပါဘူးနော်။"
ထိုစကားမှာ ရင်းနှီးလွန်းနေသည်။
အန်လင်းသည် ရင်ဘတ်ထံ ဓားတစ်လက် စိုက်ဝင်လာသလို ခံစားခဲ့ရလေသည်။
"တပိုင်ရှိနေပြီလေ။ ခွေးကတစ်ကောင်ဆို လောက်ပါပြီ။ အဝါရောင်က ဒီလောက်ခမ်းနားတာကို။ ဘာလို့ အရောင်နဲ့ နာမည်မှန်သမျှ ခွေးနာမည် ထင်နေရတာလဲ။"
"အားလုံးရဲ့ အတွေးတွေက သာမန်ဆန်လိုက်တာ။"
"အဲ့နာမည်က တကယ်ဆိုးလို့လား။"
"ဒီနာမည်နဲ့ ဆိုရင်တော့ ဇာမဏီလေးက မွေးမွေးချင်းမှာတင် နင့်ကိုပစ်သွားလောက်တယ်။"
အန်လင်း : "........."
အချိန်မှာ ဖြည်းညင်းစွာ စီးဆင်းနေသည်။
.............
နောက်တစ်နေ့၌
လန်လေး၊ ဘရိုင့်စ်၊ ထျန်းရှီမန်၊ ရှောင်ချိုး၊ ရှောင်ဟုန်၊ ထျန်းလေး၊ ယောင်မင်ရှီ၊ ယောင်ရှိုး၊ ရှင်းကျူ၊ ကျောက်ဟွိုက်ရင်၊ လျှိုတပေါင်နှင့် အခြားသူများအားလုံး ရောက်ရှိလာကြသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ တရားဝင် ဖွင့်လှစ်ခြင်း အခမ်းအနားမှာ စတင်တော့မည်ပင် ဖြစ်သည်။