ကမ္ဘာတစ်ခုလုံးစောင့်မျှော်နေသည့်အခမ်းအနား
Vol. 54 Ch. 756
ခရမ်းကြယ်စင်ပြည်နယ်၏ ကြွေလွင့်ဇာမဏီနယ်မြေ၌
ယခင်က မီးလောင်ပြင် ဖြစ်ခဲ့သော ပတ်ဝန်းကျင်သည် စိမ်းစိမ်းစိုစို မြက်ခင်းပြင်များနှင့် အလွန်ငြိမ်းချမ်းလှပနေပြီပင်။
"သမီးတို့ မြန်မြန်သွားမှရမယ် ဖွားဖွား....... မဟုတ်ရင် နောက်ကျသွားတော့မယ်။"
ရိုးရှင်းသောဝတ်စုံနှင့် တောက်ပသော မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် ချစ်စဖွယ် မိန်းမငယ်လေးမှာ နောက်တွင်ပါလာသော အဖွားအိုအားကြည့်ကာ အလောကြီးနေသည်။
"ငါက အိုနေပါပြီဟယ်။ ဘယ်လိုလုပ် မြန်မြန်သွားနိုင်ပါ့မလဲ။ ငါ့ကို လောဆော်နေမယ့်အစား လာကူပေးသင့်တယ်။"
အဖွားအိုမှာ ဖြည်းဖြည်းသာသာ လမ်းလျှောက်ရင်း စကားဆိုလိုက်သည်။ သူမသည် အဝေးရှိ မြက်ခင်းပြင်များနှင့် ကြီးကျယ်ခမ်းနားလှသော အဆောက်အဦးများအား လှမ်းကြည့်လိုက်သည်။
"ဟမ့်......မြင်းလှည်းကလည်း လမ်းတဝက်ထိပဲ ပို့ပေးသွားတယ်။ ဒီလိုမှန်းသိရင် ငွေမပေးခဲ့ပါဘူး။"
"နွားနှာခေါင်းလိုမျိုး အဖိုးကြီးက ရှေ့ဖြစ်သာ မဟောခဲ့ရင် ကံကြမ္မာဆိုတာကိုတောင် ယုံမှာမဟုတ်ဘူး။ အခု ငါတို့သွားတွေ့မယ့်သူက မိုးကောင်းကင်လောက် အဆင့်အတန်း မြင့်မားတဲ့သူလေ။ ငါတို့လို သာမန်လူတွေကို သတိထားမိဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။"
အဖွားအိုမှာ ဗျစ်တောက်ဗျစ်တောက် ညည်းညူနေလေသည်။
"ဟီးဟီး...... မကြိုးစားကြည့်ပဲ ဘယ်သိနိုင်ပါ့မလဲ။"
မိန်းမငယ်လေးမှာ တခစ်ခစ် ရယ်မောလိုက်သည်။
အဝေးရှိ နန်းတော်များကို ငေးမောကြည့်ရှုရင်း သူမ၏ နှလုံးသားတွင် မျှော်လင့်ချက်များ ပြည့်လျှံနေသည်။ သူမ မျက်ဝန်းများပိတ်ကာ ပျော်ရွှင်စွာ အသက်ရှူလိုက်သောအခါ လေသည်ပင် ချိုမြိန်နေသလို ထင်မှတ်မိသည်။
အဖွားအိုမှာ လက်လျှော့လိုက်ဟန်ဖြင့် ခေါင်းခါကာ ခပ်သွက်သွက် လမ်းလျှောက်လိုက်သည်။
"ဖွားဖွား...... မြန်မြန်ရောက်အောင် အံ့ဖွယ်ခရီးစဉ်အဆောင် သုံးရအောင်လေ။ ဒီပုံစံအတိုင်းဆို သေချာပေါက် နောက်ကျသွားလိမ့်မယ်။"
"အံ့ဖွယ်ခရီးစဉ်အဆောင်ကို ဖြစ်သလို လျှောက်မသုံးရဘူးလေ။ အဲ့ဒါ အသက်ကယ်အဆောင်တွေကို။"
"ဒါပေမယ့် နွားတာအိုသခင်က အခုတစ်ရာတောင် ပေးထားတာပဲဟာ။"
"ငါတို့အသက်ကို အခါတစ်ရာ ကယ်ပေးနိုင်တာပေါ့။ ဖြုန်းတီးပစ်စရာလား။"
"ဝါး...... အံ့ဖွယ်ခရီးစဉ်အဆောင်ကို နှမြောနေတာနဲ့ ဒီအခွင့်အရေးကို လွတ်သွားရင် တစ်ဘဝလုံး နောင်တရနေတော့မှာပဲ။"
မိန်းမငယ်လေးမှာ အဖွားအိုအားကြည့်ကာ မကျေမနပ် နှုတ်ခမ်းစူလိုက်သည်။
အဖွားအို ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ငါတို့အတွက် အခွင့်အရေးရှိမယ်လို့ နင့်ကိုဘယ်သူပြောတုန်း။"
"နွားတာအိုသခင်လေ။"
မိန်းမငယ်လေးမှာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
အဖွားအို : ".........."
ဝုန်း......
မြေပြင်မှာ ရုတ်ချည်းတုန်ခါလာသည်။
"ဝေါင်း......."
ကျယ်လောင်လှသော ဟိန်းဟောက်သံများကြောင့် မိန်းမငယ်လေး၏ ချစ်စဖွယ် မျက်နှာမှာ ဖြူဖျော့သွားရသည်။
ကျားကြီးသုံးကောင်မှာ တန်ဖိုးကြီးလှသော ရထားလုံးအားဆွဲလျက် အဝေးတွင်ရှိနေသော နန်းတော်ကြီးထံ ဦးတည်သွားလေသည်။
"မိုက်...... မိုက်လိုက်တာ။"
မိန်းမငယ်လေးမှာ ရင်ဘတ်အား လက်ဖြင့်ဖိရင်း မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားရလောက်အောင် လျင်မြန်လှသော ရထားလုံးအား ငေးမောနေမိသည်။ ထို့နောက် အဝေးရှိ နန်းတော်အားငေးရင်း မျှော်လင့်ချက်များ ပိုမိုတောက်ပလာသည်။
ဝုန်း.......
ယခုတစ်ကြိမ်တွင် ထွက်ပေါ်လာသော အသံမှာ ကောင်းကင်ထက်မှ ဖြစ်သည်။
မိန်းမငယ်လေးသည် အပေါ်သို့ မော့ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
ကြီးမားလှသော လှေကြီးတစ်စင်းသည် ငါးပျံတစ်ကောင်အလား တိမ်များအားခွဲကာ ပျံသန်းသွားလာနေသည်။
လှေမျက်နှာပြင်သည် သာမန်နှင့် မတူပဲ မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။
"ဒီအင်မော်တယ်တွေကရော ဂိုဏ်းဖွင့်ပွဲကို သွားနေကြတာလား။"
မိန်းမငယ်လေးမှာ ဟိုဟိုသည်သည် ငေးမောကြည့်ရှုကာ အံ့အားသင့်နေသည်။
ဝုန်း...... ဝုန်း........ ဝုန်း........
ကောင်းကင်ထက်တွင် အခြားသော လှေကြီးများမှာလည်း အဝေးရှိ နန်းတော်ကြီးထံ ဦးတည်သွားလာနေသည်။
ထိုလှေများမှာ ကြောက်မက်ဖွယ် အရှိန်အဝါများ ပိုင်ဆိုင်ထားသော ရှေးဟောင်းသားရဲများသဖွယ် ထင်မှတ်ရလေသည်။
ဝှစ်..... ဝှစ်...... ဝှစ်......
ကောင်းကင်တခွင် အရောင်အသွေး စုံလင်သော အလင်းတန်းများကို တွေ့မြင်နေရသည်။
ထိုသည်မှာ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ပါသော်လည်း မိန်းမငယ်လေးအတွက် အင်မော်တယ်များလိုပင်။
မီးလျှံနွားကြီးသည် ရထားလုံးအားဆွဲကာ ၎င်းတို့ဦးခေါင်းထက်မှ ပျံဝဲသွားသောကြောင့် အပူလှိုင်းများ မြေပြင်ထံ ရိုက်ခတ်လာသည်။
"ဖွားဖွား...... အဆင်ပြေရဲ့လား။"
မိန်းမငယ်လေးမှာ အဖွားဖြစ်သူနား အပြေးသွားလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ဒီရက်ပိုင်း လူကလည်း လေတိုက်တာနဲ့ကို လဲချင်နေတော့တာပဲ။ နွားက အပြေးမြန်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါဟန်ဆောင်ပြီး စိတ်ဝိဉာဉ်ကျောက်တုံး နည်းနည်းပါးပါး တောင်းလို့ရဦးမှာ။"
အဖွားအို ရယ်မောကာ ပြောလိုက်သည်။
မိန်းမငယ်လေး : "........."
၎င်းတို့နှစ်ဦး ရှေ့ဆက်လာကြရင်း စိမ်းစိုသော မြက်ခင်းပြင်များလည်း ပိုမိုအသက်ဝင်လာသည်။
အင်မော်တယ်များသည် လှေကြီးများ၊ သားရဲကြီးများဖြင့် ကောင်းကင်တခွင် ပျံသန်းနေကြလေသည်။
မိန်းမငယ်လေးမှာ ထိုမြင်ကွင်းများကို ငေးမောရင်း စိတ်လှုပ်ရှားရမည့်အစား စိတ်ကသိကအောက် ဖြစ်လာသည်။
သူမသည် အဝေးရှိ နန်းတော်ကြီးအားကြည့်ကာ ချွေးများသုတ်လိုက်မိသည်။ သူမ၏ ယုံကြည်ချက်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်လာလေပြီ။
ကောင်းကင်တွင်ရော၊ မြေပြင်တွင်ပါ သွားလာလှုပ်ရှားနေကြသူများမှာ အင်မော်တယ်များ ဖြစ်ကြသည်။
သို့သော် သူမတို့သည် သေမျိုးလူသားများပင်။
..........
စုကျိုးအင်မော်တယ်ဂိုဏ်း၌
ဂိုဏ်းဖွင့်ပွဲ အခမ်းအနားသည် ကိုးပြည်ထောင် တစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်စေသောကြောင့် ဂိုဏ်းပေါင်းများစွာမှာ ဂုဏ်ပြုလက်ဆောင်များနှင့်အတူ ရောက်ရှိလာကြသည်။
အန်လင်းသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ထက်ရှိ မျောလွင့်နေသော စင်မြင့်တစ်ခုပေါ်တွင်ရပ်ကာ အံ့အားသင့်ဖွယ် မြင်ကွင်းကို ကြည့်ရှုနေမိသည်။ ကောင်းကင်ထက်တွင် အင်မော်တယ်လှေကြီးများ တစ်စင်းပြီးတစ်စင်း ရောက်ရှိနေကြပြီး မြေပြင်တွင်လည်း သားရဲကြီးများအတွက် နေရာမရှိတော့သဖြင့် တွန်းထိုးနေကြရသည်။
အဖြူရောင်နှင့် အမည်းရောင် ဝက်ဝံကြီး နှစ်ကောင်သည် ကြပ်ညပ်နေသော ပတ်ဝန်းကျင်ကြောင့် သတိလစ်တော့မလိုပင် ဖြစ်နေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အစေခံများ မရှိသေးသောကြောင့် တပိုင်၊ ရှောင်ချိုး၊ ယောင်မင်ရှီ၊ ယောင်ရှိုး၊ ထျန်းရှီမန်နှင့် အခြားသူများကသာ ဧည့်ခံရမည့် တာဝန်ကို ခွဲယူထားရသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အတွက် ပင်ပင်ပန်းပန်း မဟုတ်ပေ။ ၎င်းတို့သည် တက်ရောက်လာသော ဧည့်သည်များအား မည်သည့်ဂိုဏ်း၏ ကိုယ်စားလှယ်ဖြစ်ကြောင်း မှတ်တမ်းတင်ကာ လက်ဆောင်များ လက်ခံရယူပြီးနောက် အထူးတလှယ် ပြင်ဆင်ပေးထားသော ခန်းမထဲ လိုက်ပါပို့ဆောင်လိုက်ရုံပင်။
သစ်တောစိမ်းအင်ပါယာမိသားစုမှ ကိုယ်စားလှယ် သုံးဦးရောက်ရှိလာပြီး ၎င်းတို့မှာ စုဝမ်ကျွင်း၊ စုရှင်းနှင့် တုန်းကော်တို့ ဖြစ်သည်။
ခရမ်းကြယ်စင်ပြည်နယ်မှ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများရှိသော ပထမအဆင့် ဂိုဏ်းများမှာလည်း ကိုယ်စားလှယ်များ စေလွှတ်ကာ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ကြသည်။ ဂိုဏ်းချုပ်များကိုယ်တိုင် ရောက်ရှိလာသည်လည်း ရှိပေသည်။
၎င်းတို့ထံတွင် ရွေးချယ်စရာ မရှိပေ။ စုကျိုးအင်မော်တယ်ဂိုဏ်းသည် ခရမ်းကြယ်စင်ပြည်နယ်တွင် အခြေချမည် ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် လေးစားမှု ပြသရန် လိုအပ်သည်။
ခရမ်းကြယ်စင်ပြည်နယ်တွင် ပထမအဆင့် ဂိုဏ်းပေါင်းရှစ်ဂိုဏ်း ရှိသည်။ သေဆုံးသွားပြီဖြစ်သော ကောင်းကင်မိစ္ဆာဂိုဏ်းမှ တာအိုသခင် ယွီလန်နှင့် အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်း၏ ရွှမ်းယွီခုံးတို့မှလွဲ၍ ကောင်းကင်နတ်မိမယ် ဖေးရင်၊ သွမ့်ဟွမ်းဇီ၊ ပိုင်ဖန်းဇယ်တို့ အပါအဝင် အခြားသော ဂိုဏ်းချုပ်များမှာ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လာကြသည်။
ကိုးပြည်ထောင် တစ်ခုလုံးတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများရှိသည့် ပထမအဆင့် ဂိုဏ်းပေါင်း ခြောက်ဆယ့်သုံးဂိုဏ်း ရှိသည်။ စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲအခမ်းအနားသို့ ပထမအဆင့် ဂိုဏ်းပေါင်းငါးဆယ့်ငါးဂိုဏ်းမှ ကိုယ်စားလှယ်များနှင့်အတူ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပေါင်း လေးဆယ့်သုံးဦး ရောက်ရှိလာကြသည်။
ခရမ်းကြယ်စင်ပြည်နယ်မှ သစ်တောစိမ်းအင်ပါယာမိသားစု၊ ကျောက်နဂါးပြည်နယ်မှ ရစ်ခွေနဂါးအင်ပါယာမိသားစု၊ လေဟာပြင်ပြည်နယ်မှ မဟူရာလေညှင်းအင်ပါယာမိသားစု၊ ကျောက်မျက်တိုင်းပြည်နယ်မှ နျုံးရဲ့အင်ပါယာမိသားစု၊ မိုးကြိုးပြည်နယ်မှ ရွှေလွှာပျံဝဲအင်ပါယာမိသားစု၊ ဓားဝိဉာဉ်ပြည်နယ်မှ ဓားထောင်ချီအင်ပါယာမိသားစု၊ ရှေးဦးအာကာပြင်ပြည်နယ်မှ စိတ်ကူးယဉ်အိပ်မက်အင်ပါယာမိသားစု၊ ကောင်းကင်မြစ်ပြည်နယ်မှ မီးလျှံမြစ်အင်ပါယာမိသားစုနှင့် ပိုင်ဟွားပြည်နယ်မှ ကြီးမြတ်သောထျန်အင်ပါယာမိသားစု အစရှိသော အင်ပါယာမိသားစု ကိုးခုမှာလည်း ရာထူးကြီး အမတ်များ၊ ဟင်းလင်းပြင်သို့အပြန်အဆင့်ရှိသော ဗိုလ်ချုပ်ကြီးများကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ကြသည်။
မည်သူမှ သတိမထားမိခင်မှာပင် စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပေါင်း ငါးဆယ်ကျော် စုဝေးနေကြပြီ ဖြစ်သည်။
အန်လင်းသည်ပင် အလွန်စိတ်လှုပ်ရှားနေပါသော်လည်း စိတ်ကိုထိန်းကာ တည်ငြိမ်အောင် လုပ်နေရသည်။
ဂိုဏ်းချုပ်များနှင့် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီးနောက် အန်လင်းမှာ ပါးစပ်တစ်ခုလုံး ခြောက်ကပ်လာသဖြင့် လက်ဖက်ရည် တစ်ငုံသောက်ကာ ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား ကြည့်ရှုလိုက်သည်။
"စုချန်းရန်...... ငါတို့ ဂိုဏ်းဖွင့်ပွဲကို မင်းဘယ်လိုများ ကြေညာခဲ့တာလဲ။ အခုရောက်လာတာ နည်းနည်းနောနော မဟုတ်ဘူး။ ငါတောင်လန့်လာပြီ။"
သူသည် ဂုဏ်ပြုလက်ဆောင်များ ရရှိနိုင်ရန် နည်းနည်းပါးပါး သတင်းဖြန့်လိုခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ပွဲတော်ကြီး တစ်ခုအလား ရှိရှိသမျှ ဂိုဏ်းများမှ ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အန်လင်းမှာ အမှန်တကယ် အံ့အားသင့်နေမိသည်။
ကိုးပြည်ထောင်သည် မည်မျှပင် အင်အားကြီးကောင်း မျက်ဝါးထင်ထင် တွေ့ခွင့်ရလိုက်သလိုပင်။
တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများအား ဖယ်ထုတ်ထားလိုက်ပါက ယခုရှိနေသော ကျင့်ကြံသူများသည် မြင့်မြတ်သော ရေခဲကုန်းမြေ သို့မဟုတ် အနက်ရောင်စိမ့်တောကိုပင် အပြတ်ရှင်းပစ်နိုင်လောက်သည်။
"ငါဘယ်လိုကြေညာလဲ သိချင်နေတာလား။"
စုချန်းရန် ကြောင်အမ်းအမ်း ဖြစ်သွားကာ ရှင်းပြလိုက်သည်။
"ငါတို့ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေ ရှိတဲ့အပြင် ဂိုဏ်းကြီးလေးဂိုဏ်းက အမွေအနှစ်တွေလည်း ရထားတယ်လို့.....ပြီးတော့ ကောင်းကင်ဘုံခုံရုံး၊ ရှေးဟောင်းနဂါးမျိုးနွယ်စု၊ နတ်သမီးမျိုးနွယ်စု၊ ရှေးဟောင်းလူသားမျိုးနွယ်စု၊ သွေးမျိုးနွယ်စုနဲ့ ခရမ်းကြယ်စင်လူမျိုးစုဆီကရောပဲလို့။"
"ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကိုးပြည်ထောင်မှာ ပဉ္စမမြောက် ဂိုဏ်းကြီးတစ်ခု ဖြစ်လာဖို့ဆိုပြီး ကြေညာထားတယ်။ နင်ပဲ လူများများ ရောက်လာတာ လိုချင်တယ်ဆို။ ငါလုပ်ထားတာ ကောင်းတယ်မလား။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
ဒီကြွားလုံးက နည်းနည်းမများဘူးလား........