ဂိုဏ်းကြီးလေးဂိုဏ်းရောက်ရှိလာခြင်း
Vol. 54 Ch. 757
မည်သို့ပင်ဆိုစေကာမူ အားလုံးရောက်ရှိနေကြပြီ ဖြစ်သောကြောင့် အန်လင်းမှာ ၎င်းတို့နှင့် တွေ့ဆုံရန် သတ္တိမွေးနေရသည်။
စုချန်းရန်၏ ကြေညာချက်မှာလည်း မှန်ကန်နေသောကြောင့် ၎င်းတို့လိမ်ညာထားသည်ဟု မဆိုနိုင်ပေ။
ရှေးဟောင်းလူသားမျိုးနွယ်စုအား ကိုယ်စားပြုသူမှာ လန်လေး ဖြစ်သည်။ ၎င်းသည် သမန်းဝံပုလွေအဖြစ် အသွင်ပြောင်းသွားပြီးနောက် ပြင်းထန်လှသော အရှိန်အဝါများ ဖြာထွက်ကာ ကြောက်မက်ဖွယ်ကောင်းသောပုံစံ ဖြစ်နေလေပြီ။
နာလေးကမူ နတ်သမီးမျိုးနွယ်စု၏ ကိုယ်စားပြုပင်။ နေနှင့်လ အဆီအနှစ်တို့သည် သူမထံတွင် ပေါင်းစုံနေသကဲ့သို့ နွေးထွေးသော နေရောင်အောက်တွင် သူမ၏ ပြစ်မျိုးမှဲ့မထင် အသားအရေမှာ တလက်လက် တောက်ပနေသည်။ သူမသည် အရွယ်အစား သေးငယ်ပါသော်လည်း မည်သူကမှ အထင်မသေးရဲကြပေ။
ရှောင်ဇယ်မှာမူ ဒဏ္ဍာရီလာ ရှေးဟောင်းနဂါးမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။
သူသည် လူငယ်လေးအသွင် ရှိနေပါသော်လည်း အရှိန်အဝါ ကြီးမားပြီး မျက်ဝန်းများမှာ ထင်မှတ်မထားရလောက်အောင် တည်ငြိမ်လေးနက်နေသည်။ သူ၏ထိုင်နေပုံမှာလည်း ဝါစဉ်ကြီးရင့်သော ဘုန်းတော်ကြီးတစ်ပါး တရားထိုင်နေသည်နှင့် ဆင်တူပေသည်။ သူသည် မည်သည့်အခြေအနေသို့ ရောက်နေပါစေ တစ်ချက်ကလေးပင် စိတ်လှုပ်ရှားမည့်ပုံ မပေါ်ပေ။ သူ၏နှုတ်ခမ်းထောင့်စွန်းမှသာ သွားရေများ စီးကျမနေပါက ကျောက်စိမ်းရုပ်ထုတစ်ခုဟု ထင်ရပေလိမ့်မည်။
သွေးမျိုးနွယ်စု၏ ကိုယ်စားပြု ဘရိုင့်စ်မှာ အပင်ပေါက်လေးအသွင်ဖြင့် မြေကြီးထဲတွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေသည်။
ယီးထဲမှ....... ဘာတွေလုပ်နေကြတာလဲ......
ရောက်ရှိလာသော ကိုယ်စားလှယ်များမှာ အန်လင်းတို့အားကြည့်ကာ ဂိုဏ်းအတုတစ်ခုထံ လာမိသလို ခံစားနေရသည်။
အန်လင်းသည် သားရဲများထံ အသံဖြင့် ဆက်သွယ်လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကတော့ မင်းတို့ကြောင့် ငါးပါးမှောက်တော့မှာပဲ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ပီပီသသ နေလို့မရဘူးလား။"
ထိုအချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ ကိုယ်စားလှယ် ကျူယွမ်ကျိုး ရောက်ရှိလာပါတယ်။"
ထိုကြေညာချက်မှာ အားလုံး၏ အာရုံကို ဆွဲယူလိုက်နိုင်သည်။
ကိုးပြည်ထောင်တွင် ဂိုဏ်းကြီးလေးဂိုဏ်းမှာ အလွန်အမင်း သြဇာအာဏာကြီးကြပေသည်။
အနီရောင်ဆံပင်၊ အနီရောင်မုတ်ဆိတ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ တပည့်များနှင့်အတူ စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်ရောက်လာသည်။
အန်လင်းနှင့် စုရှောင်လန်တို့မှာ မြန်မြန်ဆန်ဆန်ပင် သွားရောက်ကြိုဆိုလိုက်ကြသည်။
"ဦးလေး..... ရောက်လာပြီပေါ့။"
စုရှောင်လန်၏ အပြုံးမှာ တောက်ပနေသည်။
"မင်္ဂလာပါ ဦးလေး။"
အန်လင်းလည်း ပြုံးကာနှုတ်ဆက်လိုက်သည်။
ကျူယွမ်ကျိုးမှာ ၎င်းတို့နှစ်ဦးအား စူးစိုက်ကြည့်ရှုလိုက်လေသည်။
"မင်းတို့နှစ်ယောက်က ခဏလေးတောင် တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူးလား။"
အန်လင်း သွားဖြဲကာ ရယ်ပြလိုက်သည်။
စုရှောင်လန် နှုတ်ခမ်းစူကာ ကျူယွမ်ကျိုး၏ လက်မောင်းအား ဖက်တွယ်လိုက်၏။
"ကျွန်မကတော့ တစ်ခါတည်း ပြောစရာရှိတာ ပြောထားရမှာပဲ။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ကျွန်မနဲ့အန်လင်းရဲ့ သွေးတွေ၊ ချွေးတွေနဲ့ ကြိုးစားတည်ဆောက်ထားရတာ။ အဲ့ဒါကြောင့် ဘာအကြောင်းနဲ့မှ လက်မလျှော့နိုင်ဘူး။"
"ကျွတ်..........."
ကျူယွမ်ကျိုးသည် တူမငယ်လေးအား အမှောင်ဘက်ခြမ်း ဆွဲခေါ်သွားသော အန်လင်းကို စိမ်းစိမ်းဝါးဝါး ကြည့်ရှုလိုက်သည်။
"ဂိုဏ်းချုပ်က ပြောလိုက်တယ်။ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ မန္တာန်တွေကို စုကျိုးအင်မော်တယ်ဂိုဏ်းမှာ သင်ပေးလို့ ရတယ်တဲ့။ ဒါပေမယ့် အဓိက မန္တာန်တွေတော့ မပါဘူး။ မင်းတို့ဘာသာ အသစ်ဖန်တီးထားတဲ့ မန္တာန်တွေကတော့ ဘယ်သူ့ကို သင်သင်ပေါ့။"
"အင်းပါ..... ကျွန်မ သိပါတယ်။"
စုရှောင်လန်မှာ ခွင့်ပြုချက် ရသွားသောကြောင့် ချစ်စဖွယ်ကောင်းအောင် ပြုံးလိုက်သည်။
အခြားဂိုဏ်းမှ ကိုယ်စားလှယ်များမှာလည်း ၎င်းတို့ပြောဆိုနေသည်များကို နားထောင်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် ဂိုဏ်းကြီးလေးဂိုဏ်း၏ အမွေအနှစ်များ သင်ကြားပေးမည်ဟု ဆိုခဲ့ပါသော်လည်း ထိုသည်ကို အပိုသက်သက်သာ ထင်ခဲ့ကြသည်။ မည်သည့် ပထမအဆင့် ဂိုဏ်းကမှ ၎င်းတို့၏ ကျင့်ကြံရေးနည်းလမ်းများအား အခြားဂိုဏ်းတစ်ခုထံ လက်ဆင့်ကမ်းမည် မဟုတ်ပေ။
သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ပြောစကားမှာ အမှန်ဖြစ်နေလေသည်။
ဗာမီလီယမ်ငှက်ဂိုဏ်းသည် အားလုံးရှေ့မှောက်၌ပင် မန္တာန်များ သင်ကြားနိုင်ကြောင်း ခွင့်ပြုပေးခဲ့သည်။
ထိုသည်မှာ အံ့အားသင့်ဖွယ်ရာပင်။
အဓိကမန္တာန်များအား သင်ကြားခွင့် မရှိပါသော်လည်း ဗာမီလီယမ်ငှက်ဂိုဏ်း၏ ကျင့်ကြံရေးနည်းလမ်းများ အားလုံးမှာ ထိပ်တန်းအဆင့် ရှိသည်။ ယခု ခွင့်ပြုချက်နှင့်ပင် များပြားလှသော ပါရမီရှင်များသည် စုကျိုးအင်မော်တယ်ဂိုဏ်းထံ ရောက်ရှိလာမည်မှာ သေချာပေသည်။
အန်လင်းအား မိုဟိုင်၊ ယန်ယွမ်နှင့် လန်ရန်တို့မှ ဆွဲခေါ်လိုက်ကြသည်။
"စုရှောင်လန်နဲ့ တာအိုလက်တွဲဖော် ဖြစ်လာဖို့ နှစ်တစ်ရာ စောင့်ရမယ်ဆို။"
ယန်ယွမ် မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။
"မဟုတ်ပါဘူး။ ကိုးဆယ့်ကိုးနှစ်တည်းပါ။"
အန်လင်း တုံ့ပြန်လိုက်သည်။
အားလုံး : "........"
"ညီအစ်ကိုအန်လင်း.... မင်းကအရူးလား။ ကိုးဆယ့်ကိုးနှစ်တောင်မှပေါ့လေ။ သံဆိုတာ ပူတုန်းထုရတယ်ဆိုတာ မသိဘူးလား။"
မိုဟိုင်သည်လည်း တအံ့တသြ ဖြစ်နေသည်။
"အဓိပ္ပါယ် မရှိဘူး။ နင်တို့နှစ်ယောက်လုံး အပြန်အလှန် မေတ္တာရှိနေတာပဲဟာ။ ဘာလို့ အဲ့လောက်အကြာကြီး စောင့်ရမှာလဲ။"
လန်ရန်၏ အတွေးမှာ ရှည်လျားနေလေပြီ။
"ဒါမှမဟုတ် နင့်မှာကျိန်စာတစ်ခုခု ရှိနေလို့ နှစ်တစ်ရာကြာအောင် မထောင်နိုင်တာများလား။ အဲ့ဒါကြောင့် နှစ်တစ်ရာတိတိ စောင့်ထိန်းဖို့ ဆုံးဖြတ်လိုက်တာလား။"
"ဖူး....."
အန်လင်း သွေးအန်တော့မလို ဖြစ်သွားရသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို မစော်ကားပါနဲ့ဗျာ။"
သူသည် ထိုစကားအား အမှန်တကယ် ကြောက်ရွံ့မိသည်။ သူသည် စနစ်ကောင်းမှုကြောင့် နှစ်တစ်ရာမက နှစ်တစ်သောင်းတိုင်တိုင် ကုန်းကုန်းဖြစ်ရန် လွန်စွာနီးစပ်ခဲ့ရသည်။
စုဝမ်ကျွင်းနှင့် သစ်တောစိမ်းအင်ပါယာမိသားစုမှာ ဖြစ်ပျက်နေသော အခြေအနေများကြောင့် သက်ပြင်းချလိုက်မိသည်။
"ကြည့်ရတာ စုကျိုးအင်မော်တယ်ဂိုဏ်းက အပိုမဟုတ်ပဲ တကယ်အင်အားကြီးနေတာပဲ။ အင်ပါယာမိသားစုအတွက် ဘယ်လိုသက်ရောက်မှု ရှိမလဲ မပြောတတ်ဘူး။"
"ရိုးရိုးရှင်းရှင်း ဖြေရှင်းလို့ ရပါတယ်။ အန်လင်းနဲ့ ယွင်လဲ့ကို ပေးစားလိုက်ပေါ့။ အဲ့ဒါဆို အားလုံးအဆင်ပြေသွားလိမ့်မယ်။"
စုရှင်းမှာ တောက်ပနေသော မျက်ဝန်းများနှင့် အကြံပြုလိုက်သည်။
စုဝမ်ကျွင်း မျက်စောင်းထိုးကာ ပြောလိုက်သည်။
"မင်းကသူ့ရဲ့ အစ်ကိုအရင်းရော ဟုတ်ရဲ့လား။"
ထို့နောက် ကျယ်လောင်သော တင်ပြသံတစ်ခု ထွက်ပေါ်လာသည်။
"ဒဏ္ဍာရီသားရဲဂိုဏ်းက ကိုယ်စားလှယ် ပိုင်ရှန်နဲ့ နောက်ပါခြွေရံများ ရောက်ရှိလာပါတယ်။"
ပတ်ဝန်းကျင်မှာ ပို၍ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
နယ်မြေအုပ်ချုပ်သူ အင်မော်တယ်သားရဲ သုံးဦးထဲမှ တစ်ဦးဖြစ်သော ပိုင်ရှန်ကိုယ်တိုင် စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိလာမည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
"အဖေ...... အမေ...."
တပိုင်မှာ ပိုင်ရှန်နှင့်ချွမ်တို့အား ခုန်အုပ်လိုက်ပြီးနောက် လျှာဖြင့်အားရပါးရ လျက်တော့သည်။
ဖြန်း......
ပိုင်ရှန်၏ လက်ဝါးချက်ကြောင့် တပိုင်မှာ မြေပြင်ပေါ် လဲကျသွားလေသည်။
"ကိုယ့်ကိုယ်ကိုထိန်းစမ်း...... ဒီမှာ လူတွေအများကြီး ရှိနေတယ်လေ..... ဝုတ်။"
ပိုင်ရှန် ဆူပူလိုက်သည်။
အန်လင်းသည်လည်း ဒဏ္ဍာရီသားရဲဂိုဏ်း ကိုယ်စားလှယ်အား လာရောက်ကြိုဆိုလိုက်သည်။
သို့သော် ခွေးများအားလုံးမှာ တပိုင်နှင့် ဆင်တူနေသဖြင့် ၎င်းတို့အား ခွဲခြားရန် မလွယ်ကူလှပေ။
အတော်လေး ဦးနှောက်ခြောက်အောင် အတည်ပြုပြီးသည့်နောက် အန်လင်းသည် တပိုင်မိဘနှစ်ပါးနှင့် ချင်ဟွာတို့အား ခွဲခြားနိုင်သွားသည်။
"တပိုင်..... ချင်ဟွာကို ဘာလို့သွားမလျက်တာလဲ။"
အန်လင်း အားပေးလိုက်သည်။
ထိုစကားကြောင့် ချင်ဟွာ ရှက်သွေးဖြာသွားသည်။
တပိုင် အေးစက်စွာ ရယ်မောလိုက်သည်။
"ချင်ဟွာကို အစပျိုးစေချင်နေတာလား။ မဖြစ်နိုင်ဘူး။"
ဖြန်း......
ပိုင်ရှန်၏ လက်ဝါးတစ်ချက်အား ထပ်မြည်းလိုက်ရလေသည်။
"ခွေးထီးတစ်ကောင်အနေနဲ့ အမှန်တရားကို ရင်ဆိုင်ပြီး ဘဝတစ်ခုခုကို တူတူတည်ဆောက်လို့ရမယ့် ခွေးမကိုပဲ လက်ထပ်သင့်တယ်။ မဖြစ်နိုင်တာတွေကို အိပ်မက်မက်မနေနဲ့။"
ပိုင်ရှန်မှာ ကိုယ်တွေ့ကြုံခဲ့ရသူသဖွယ် သတိပေးလိုက်သည်။
ထို့နောက် အန်လင်းအားကြည့်ကာ ကျေးဇူးတင်စွာ ပြောလိုက်သည်။
"အန်လင်း..... ငါ့ကလေးက အခုလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာ မင်းကျေးဇူးတွေပါပဲ။"
"အဲ့ဒါကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းက တပည့်တွေကို တပိုင်အနေနဲ့ သင်ချင်ရာ သင်ပေးခွင့်ရှိတယ်။ သူက ဒဏ္ဍာရီသားရဲဂိုဏ်းက အဓိကမန္တာန်တွေကိုလည်း မသင်ယူဖူးသေးဘူးဆိုတော့ အဆင်ပြေပါတယ်။ အဲ့ကောင်က အဲ့ဒါတွေ သင်ရလောက်အောင်လည်း အသုံးမှ မကျတာ။ သူ့ကို ဘာကန့်သတ်ချက်မှ ထားစရာ မလိုတော့ဘူး။"
အန်လင်း : "..........."
"အဖေ..... ဘာလို့အဲ့လိုပြောရတာလဲ.... ဝုတ်။"
တပိုင်မှာ အမူအရာ ပြောင်းလဲသွားသည်။
ပိုင်ရှန်၏ စကားများကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြန်သည်။
ဒဏ္ဍာရီသားရဲဂိုဏ်းသည်လည်း ၎င်းတို့၏ ကျင့်ကြံရေးနည်းလမ်းများအား စုကျိုးအင်မော်တယ်ဂိုဏ်းတွင် သင်ကြားပို့ချရန် ခွင့်ပြုပေးလိုက်ပြီပင်။
အားလုံး၏ စိတ်ထဲတွင် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အဆင့်အတန်းမှာ အတော်ပင် မြင့်မားနေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ မပြီးဆုံးသေးပေ။
မကြာမီမှာပင် အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်းမှ ကိုယ်စားလှယ်များ ရောက်ရှိလာသည်။
ထိုသည်မှာ ကမ္ဘာမြေဝိဉာဉ်တောင်ထွတ်သခင် ပုကူကျိုးနှင့် ၎င်း၏နောက်လိုက်များ ဖြစ်ကြသည်။
သူသည် မည်းနက်သော အသားအရေရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နှင်းပျိုမဒီများနှင့် တိုက်ပွဲတွင်လည်း ပါဝင်ခဲ့သောကြောင့် မခေသော ကျင့်ကြံသူဖြစ်ကြောင်း အန်လင်း အမှတ်ရမိသည်။
ပုကူကျိုးသည် ဂိုဏ်းချုပ် ရွှမ်းယွမ်လွမ်၏ စကားများအား ရွှမ်းယွမ်ချန်ထံ ပြောပြလိုက်သည်။ ဂိုဏ်းချုပ်သည် အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်း၏ မန္တာန်များအား စုကျိုးအင်မော်တယ်ဂိုဏ်းထံ သင်ကြားပြသမည့် အရေးကို ရွှမ်းယွမ်ချန် သင့်တော်သလို ဆုံးဖြတ်နိုင်ပြီး အပြည့်အဝ အာဏာပေးထားသည်ဟု ဆိုလာသည်။
ထိုသည်မှာ ရွှမ်းယွမ်ချန်အပေါ် ယုံကြည်မှု ပြသခြင်းဖြစ်ပြီး သူ့အနေဖြင့် အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်း၏ မန္တာန်များကို အလိုရှိသလို သင်ကြားနိုင်ပေသည်။
ရောက်ရှိနေသည့် အခြားသော ကိုယ်စားလှယ်များမှာ စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် အနည်းငယ်ပင် သံသယ မဖြစ်ရဲတော့ပေ။
အချို့ဆိုလျှင် ၎င်းတို့၏ဂိုဏ်းအား စွန့်ခွာကာ အခွင့်အလမ်းများစွာရှိသော စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ရန် နည်းလမ်းများကို စဉ်းစားနေကြပြီ ဖြစ်သည်။
"ဟေး..... မင်းတို့ သတိထားမိလား။ စုကျိုးအင်မော်တယ်ဂိုဏ်းက နန်းဆောင်သခင်တချို့က ဂိုဏ်းကြီးလေးဂိုဏ်းမှာ အရမ်းအရေးပါတဲ့သူတွေ ဖြစ်နေတယ်နော်။ နောက်ကွယ်မှာ တစ်ခုခုများ ရှိနေလား။"
"အဆက်အသွယ်ကတော့ ကြောက်စရာပဲဟေ့။"
"ဂိုဏ်းကြီးလေးဂိုဏ်းမှာ သုံးဂိုဏ်းက ကိုယ်စားလှယ်တွေတော့ ရောက်နေပြီ။ ကောင်းကင်ဓားဂိုဏ်းကရော လာမယ်ထင်လား။"
"ဝါး..... ဂိုဏ်းကြီးလေးဂိုဏ်းလုံး စုံသလောက်တောင် ဖြစ်သွားပြီလား။ အဲ့ဒါဆို စုကျိုးအင်မော်တယ်ဂိုဏ်းက ကြေညာထားတာတွေက အမှန်တွေပေါ့။"
အားလုံး အပူတပြင်း ဆွေးနွေးနေစဉ်မှာပင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းကင်ဓားဂိုဏ်းရဲ့ ကိုယ်စားလှယ် ဂိုဏ်းချုပ် လျှိုမင်ရွှမ်း ရောက်ရှိလာပါတယ်။"
ပတ်ဝန်းကျင်မှာ ဝရုန်းသုန်းကား ဖြစ်သွားရတော့သည်။