လျှိုချင်းဟွမ်နှင့်သူမ၏ဖခင်
Vol. 54 Ch. 758
ထိုကြေညာချက်မှာ အားလုံးကို ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်သွားစေသည်။
ကောင်းကင်ဓားဂိုဏ်း၏ ကိုယ်စားလှယ် တစ်ဦးဦးသာ ဆိုပါက မည်သူကမှ ထိုမျှအံ့သြကြမည် မဟုတ်ပေ။
သို့သော် ယခု ရောက်ရှိလာသည်မှာ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ဖြစ်သည်။
ထိုသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတစ်ပါးပင်။ ၎င်းသည်ပင် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားအတွက် တကူးတက လာရောက်ဂုဏ်ပြုပေးနေသည်။ အစစ်အမှန် နတ်ဘုရားတစ်ပါး ရောက်ရှိလာသည်ကပင် လွန်စွာဂုဏ်ယူဖွယ် ကောင်းနေလေပြီ။
ဓားအင်မော်တယ်အချို့မှာ အဖြူရောင်ဝတ်စုံနှင့် အရှိန်အဝါ ကြီးလှသော အမျိုးသားအားကြည့်ကာ မျက်ရည်များပင် ကျဆင်းလာသည်။
ဓားအင်မော်တယ်များအတွက် ကောင်းကင်ဓားဂိုဏ်းမှ လျှိုမင်ရွှမ်းမှာ သက်ရှိနတ်ဘုရားနှင့် မခြားလှပေ။ ဤကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဓားအင်မော်တယ် ဖြစ်သည်နှင့်အညီ လျှိုမင်ရွှမ်းမှာ ၎င်းတို့၏ အကြီးမားဆုံး စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်သည်။
အင်အားအကြီးဆုံး ဓားအင်မော်တယ်ဟူသည် လျှိုမင်ရွှမ်းကိုယ်တိုင် သတ်မှတ်ထားခြင်းလည်းမဟုတ်၊ ကိုးပြည်ထောင်မှ ပေးအပ်ထားသော ဘွဲ့အမည်လည်း မဟုတ်ပေ။ သို့သော် ထိုက်ချူကုန်းမြေ တစ်ခုလုံး သိရှိနေသည့် အရာဖြစ်ပြီး ဓားလမ်းစဉ်တွင် လျှိုမင်ရွှမ်းအား ယှဉ်နိုင်သူ တစ်ဦးတလေပင် မရှိပေ။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အန်လင်းမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးထံ အလျင်အမြန် သွားလိုက်သည်။ စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သောကြောင့် ယခုကဲ့သို့ ဂုဏ်သရေရှိ ဧည့်သည်များအား မဖြစ်မနေ ကြိုဆိုရမည်ပင်။
"မင်းက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် အန်လင်းလား။"
လျှိုမင်ရွှမ်း နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူသည် အရှိန်အဝါများကို ဖုံးကွယ်ထားသည့်အပြင် အနည်းငယ်မျှ မောက်မာပုံ မရပေ။
"ဟုတ်ပါတယ်..... ကျွန်တော်ပါ။ ဂိုဏ်းချုပ် လျှိုမင်ရွှမ်းကိုယ်တိုင် ကြွရောက်ပေးတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။ ခင်ဗျားလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကိုယ်တိုင် လာပြီးချီးမြှင့်တယ်ဆိုတာ ကျွန်တော်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ဂုဏ်ကျက်သရေပါပဲ။"
အန်လင်း ပြုံးကာပြောလိုက်သည်။ နွေးနွေးထွေးထွေးရှိကာ နှိမ့်ချပြောဆိုတတ်သော ထိုလူကြီးအား သူသဘောကျမိသည်။
လျှိုမင်ရွှမ်း ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မင်းအကြောင်းတွေ ငါအများကြီး ကြားထားပါတယ်။ လူငယ်မျိုးဆက်ထဲမှာတော့ မင်းကစိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ ဒါနဲ့ ငါ့သမီးရော ဘယ်မှာလဲ။"
အန်လင်း ပြန်မဖြေရသေးမှာပင် ပေါ့ပါးသော ခြေသံအချို့ ထွက်ပေါ်လာသည်။
"အဖေ..... ဒီကိုဘာလာလုပ်တာလဲ။"
လျှိုချင်းဟွမ်၏ စကားသံမှာ သာယာနာပျော်ဖွယ် မရှိသည့်အပြင် အေးစက်ခက်ထန်နေပြီး သူမ၏ မျက်ဝန်းများတွင်လည်း နွေးထွေးသော အရိပ်အယောင် မြူတစ်မှုန်စာမျှ ရှိမနေပေ။
လျှိုမင်ရွှမ်းသည် လျှိုချင်းဟွမ်အားကြည့်ကာ နွေးထွေးစွာ ပြုံးလိုက်သည်။
"ဟွမ်ဟွမ့်ကို လာတွေ့တာပေါ့။ မင်းက ကျောင်းပြီးသွားတာနဲ့ အိမ်ကိုတောင် ပြန်မလာဘူးလေ။ မင်းဘာတွေလုပ်နေလဲ သိချင်လို့ ဒီကိုလာဖို့ ဆုံးဖြတ်လိုက်တာ။"
"သမီးကို ပြန်လာခေါ်တာ ဆိုရင်တော့ အဲ့အတွေးကို မေ့လိုက်တော့။ စုကျိုးအင်မော်တယ်ဂိုဏ်းမှာပဲနေဖို့ သမီး ဆုံးဖြတ်ပြီးပြီ။"
လျှိုချင်းဟွမ် အေးစက်စွာ ပြောလိုက်သည်။ သူမ၏ ပုံစံမှာ သေသေချာချာ ဆုံးဖြတ်ထားကြောင်း သိသာလှသည်။
"ဒီနေရာမှာ မင်းကိုသင်ပြမယ့်သူ မရှိရင် အရည်အချင်းတွေ အလဟဿ ဖြစ်နေမှာပေါ့။ ဟွမ်ဟွမ်သာ ကောင်းကင်ဓားဂိုဏ်းကို ပြန်လာရင် ကိုးပြည်ထောင် တစ်ခုလုံးမှာ အသက်အငယ်ဆုံး ဟင်းလင်းပြင်သို့အပြန်အဆင့် ဓားအင်မော်တယ် ဖြစ်စေရမယ်လို့ အာမခံတယ်။ အနာဂတ်မှာ မင်းရဲ့အောင်မြင်မှုတွေက ငါ့ကိုတောင် ကျော်လွန်သွားနိုင်တယ်။"
လျှိုမင်ရွှမ်း လိုရင်းပြောလိုက်သည်။
"စုကျိုးအင်မော်တယ်ဂိုဏ်းကို တိုးတက်စေချင်တယ်ဆိုရင်လည်း ကောင်းကင်ဓားဂိုဏ်းက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပို့ပြီး ဓားနန်းဆောင်သခင် လုပ်ခိုင်းလို့ ရပါတယ်။"
"ဒီလောက်အချိန်တွေ ကြာသွားတာတောင် သမီး ဘာလိုချင်လဲဆိုတာ အဖေ မသိသေးဘူးပဲ။"
လျှိုချင်းဟွမ်၏ ခရမ်းရောင် မျက်ဝန်းများမှာ နာကျင်မှုကြောင့် မှေးမှိန်နေသယောင်ပင်။
"ဟွမ်ဟွမ်က ဒီမှာနေချင်တယ်ဆိုလည်း ကျွန်မတို့က သူ့ရဲ့ဆန္ဒကို လေးစားပေးရမှာပေါ့။"
တန်ဖိုးကြီး အဝတ်အစားများ ဆင်မြန်းထားသည့် လှပသော အမျိုးသမီးတစ်ဦးမှ လျှိုမင်ရွှမ်းအား နှစ်သိမ့်လိုက်သည်။
လျှိုချင်းဟွမ် သူမအား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
"ကျူးရှန်.... ငါနဲ့ငါ့အဖေ စကားပြောနေတယ်လေ။ နင့်လို အပျက်မက ဝင်ပြောစရာ ဘာအကြောင်းမှ မရှိဘူး။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လျှိုချင်းဟွမ်၏ ယခုလို ပုံစံကို သူတစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
"ဟွမ်ဟွမ်..... ကိုယ့်ကိုယ်ကို ဆင်ခြင်စမ်း။"
လျှိုမင်ရွှမ်း ဆူပူလိုက်သည်။
"ဟွမ်ဟွမ့်ကို မဆူပါနဲ့။ ဒါတွေအားလုံး ကျွန်မ မကောင်းတာပါ။"
ကျူးရှန်မှာ လျှိုမင်ရွှမ်း၏ အင်္ကျီလက်စအားဆွဲကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဘာမှပြောစရာ မရှိတော့ရင်လည်း သမီး သွားတော့မယ်။"
လျှိုချင်းဟွမ် အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
သို့သော် လျှိုမင်ရွှမ်းမှာ သူမ၏လက်အား တင်းကြပ်စွာ လှမ်းဆွဲထားလိုက်သည်။
"ဟွမ်ဟွမ်..... အဖေက သမီးကောင်းဖို့ ပြောနေတာပါ။ အရင်ဆုံး စိတ်လျှော့လိုက်..... ပြီးရင် အဖေတို့ စကားကောင်းကောင်း ပြောကြရအောင်။"
လျှိုမင်ရွှမ်း မျက်မှောင်ကျုံ့၍ လေးနက်စွာ စကားဆိုလိုက်သည်။
..............
စုကျိုးအင်မော်တယ်ဂိုဏ်း၏ အပေါက်ဝ၌
ထျန်းရှီမန်မှာ ဂိတ်တံခါးဝတွင် နေရာယူထားသည်။
ဂိုဏ်းကိုယ်စားလှယ်များသည် ဖိတ်ကြားခြင်းစာလွှာများ ကိုင်ဆောင်ကာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာနေသည်။ ထျန်းရှီမန်၏ ခွင့်ပြုချက်အား ရရှိသွားသူများသည် စုကျိုးအင်မော်တယ်ဂိုဏ်းထံ ဝင်သွားကြလေသည်။
ထိုသည်မှာ မဖြစ်မနေ လိုအပ်သော လုပ်ထုံးလုပ်စဉ် ဖြစ်သည်။ စုကျိုးအင်မော်တယ်ဂိုဏ်းသည် အရေးကြီးသော နေရာတစ်ခုဖြစ်ပြီး လူတိုင်းကိုသာ ဝင်ထွက်သွားလာခွင့် ပြုနေပါက ပြောမပြနိုင်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူရှိသော ဂိုဏ်းကသာ စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲ အခမ်းအနားသို့တက်ရန် သစ်တောစိမ်းအင်ပါယာမိသားစုထံမှ ဖိတ်ကြားခြင်းစာလွှာ ရယူနိုင်မည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။
ထိုစည်းကမ်းချက် ရှိနေသည်ကိုပင် ယနေ့ရောက်ရှိလာသော ဂိုဏ်းများမှာ မနည်းလှပေ။
ဖိတ်ကြားခြင်းစာလွှာများကိုသာ စစ်ဆေးပေးရသော ထျန်းရှီမန်သည်ပင် အတော်လေး ပင်ပန်းနွမ်းနယ်လာသည်။
ထိုအချိန်မှာပင် ပုံရိပ်နှစ်ခုမှာ သူ၏အရှေ့သို့ ရောက်ရှိလာလေသည်။
"အစ်ကိုကြီး..... သမီး ဝင်လို့ရမလားဟင်။"
ချစ်စရာ ကလေးမလေးမှာ ချိုမြိန်စွာ မေးမြန်းလိုက်သည်။ သူမသည် ကြွေရုပ်ကလေးနှင့်တူကာ တောက်ပသော မျက်ဝန်းများ ပိုင်ဆိုင်ထားပြီး ရိုးရှင်းသော အဝတ်အစားနှင့်ပင် ထင်ပေါ်လွန်းနေသည်။
ထျန်းရှီမန်မှာ ကျင့်ကြံရေး အရှိန်အဝါ မရှိသော သေမျိုးလူသားနှစ်ဦးအားကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
"အမ်...... မင်းတို့မှာ ဖိတ်ကြားခြင်းစာလွှာပါလား။"
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှစ်ဦးသည် မထင်မရှား ဂိုဏ်းငယ်တစ်ခု၏ ကိုယ်စားလှယ် ဖြစ်နိုင်သောကြောင့် လုပ်ထုံးလုပ်စဉ်အတိုင်း မေးမြန်းလိုက်သည်။
ကလေးမလေးနှင့် အဖွားအိုမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရလေသည်။
"အစ်ကိုကြီး..... သမီးတို့မှာ ဖိတ်ကြားခြင်းစာလွှာတော့ မပါဘူး။ ဒါပေမယ့် ပေးဝင်လို့ ရမလားဟင်။"
ကလေးမလေးမှာ မျှော်လင့်တကြီးနှင့် ထျန်းရှီမန်အား ကြည့်ရှုလိုက်သည်။
ထျန်းရှီမန်မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။
"ဖိတ်ကြားခြင်းစာလွှာတောင် မရှိပဲနဲ့ မင်းတို့က ဘာလာလုပ်တာတုန်း။"
သေမျိုးလူသားနှစ်ဦးသည် အင်အားကြီး ဂိုဏ်းတစ်ခု၏ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားအား လာရောက်ဂုဏ်ပြုကြသည်လော။
ထိုသည်မှာ ကြောင်တောင်တောင် နိုင်လွန်းလှသည်။
အဖွားအို စကားဆိုလိုက်သည်။
"နွားနှာခေါင်းလိုမျိုး တာအိုသခင်က မင်းတို့ ဂိုဏ်းချုပ်နဲ့ ကံကြမ္မာရေစက်ရှိတယ်လို့ ဟောလိုက်လို့လေ။ ဒီကိုရောက်အောင်လာရင်မင်းတို့ဂိုဏ်းချုပ်က အခွင့်အရေးတစ်ခု ပေးလိမ့်မယ် ပြောသွားတယ်ကွဲ့။"
ထျန်းရှီမန် စိတ်ဝင်စားသွားသည်။
"အဲ့ဒါ ဘယ်တာအိုသခင်လဲ။"
၎င်းတို့နှစ်ဦးမှာ မအူမလည်နှင့် ခေါင်းခါပြလိုက်ကြသည်။
ထျန်းရှီမန် : "........"
သူသည် ကလေးမအားကြည့်ကာ ဖြစ်နိုင်လောက်မည့် အရာကို မေးလိုက်သည်။
"အန်လင်းက မင်းအဖေလား။"
သူ၏စိတ်ထဲတွင် အန်လင်းအား အိုင်တွေ့ရာ ခြေဆေးတက်သော လူငယ်တစ်ဦးအဖြစ် မြင်ယောင်ပြီးနေပြီ ဖြစ်သည်။
အဖွားအိုနှင့် ကလေးမတို့မှာ ထျန်းရှီမန်အား ကြောင်တောင်တောင် ကြည့်ရှုလာလေသည်။
ကလေးမလေးမှာ တစ်စုံတစ်ခုအား နားလည်သွားဟန်ဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
"အဲ့ဒါဆို ဂိုဏ်းချုပ်နာမည်က အန်လင်းလားဟင်။"
ထျန်းရှီမန် : "......."
.............
စုကျိုးအင်မော်တယ်ဂိုဏ်း၌
အန်လင်းမှာ လျှိုချင်းဟွမ်နှင့် သူမဖခင်၏ တွေ့ဆုံခန်းကို ငေးကြောင်ကြည့်နေမိသည်။
ထိုအချိန်တွင် အသက်ငါးနှစ်၊ ခြောက်နှစ်ခန့်ရှိမည့် ကလေးတစ်ဦးမှာ လိပ်ပြာလိုက်ဖမ်းရင် ရိုးရှင်းသောမန္တာန်တစ်ခုအားသုံးကာ အရှိန်မြှင့်လိုက်စဉ်တွင် အဖွားအိုတစ်ဦးကို ဝင်တိုက်မိသွားသည်။
ဘန်း.......
ဒုန်း.........
ကျယ်လောင်လှသော အသံနှင့်အတူ အဖွားအိုမှာ လွင့်ထွက်သွားလေသည်။
"အား....."
အဖွားအိုသည် ရင်ဘတ်အား လက်ဖြင့်ဖိရင်း မြေပြင်ပေါ် လဲကျသွားရသည်။ သူမသည် နာကျင်စွာ အော်ဟစ်ကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာသည်။
ကလေးငယ်မှာလည်း ထိတ်လန့်သွားရ၏။
"ဖွားဖွား......"
ကလေးမလေးတစ်ဦးမှာ အဖွားအိုထံ လျင်မြန်စွာ ပြေးလာပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးများကိုကြည့်ကာ ငိုကြွေးတော့သည်။
"ဝါး..... ဖွားဖွား အဆင်ပြေရဲ့လား။ သမီးကို မခြောက်ပါနဲ့။"
"ဒါ.... ဒါငါ့အမှားလား။"
ကလေးငယ်မှာ အလန့်တကြား ရေရွတ်လိုက်ပြီးနောက် အဖွားအိုအား လက်ညှိုးထိုးလိုက်သည်။
"အဲ့ဒါ အကုန်သူ့အမှားကြီးပဲ။ ငါက ဒီတိုင်းပြေးနေတာလေ။ သူမက ငါ့လမ်းမှာ ပိတ်ရပ်နေတာ။ မတော်တဆ ဝင်တိုက်မိတာလောက်ကို ဒီလိုဖြစ်သွားမယ်လို့ ဘယ်ထင်ပါ့မလဲ။"
ကလေးမလေးမှာ ကလေးငယ်အား အသနားခံလိုက်သည်။
"ငါ့ဖွားဖွား သေတော့မှာလား မသိဘူး။ ကျေးဇူးပြုပြီး ကယ်ပေးပါနော်။"
ကလေးငယ်မှာ ကြောက်ရွံ့နေသောကြောင့် ကလေးမလေးအား တွန်းပစ်လိုက်သည်။
ကလေးမလေးလည်း အဝေးသို့ လွင့်ထွက်ကာ ဒဏ်ရာများစွာ ရရှိသွားလေသည်။
"နင်တို့က အရမ်းအားနည်းတာပဲ။ သေမျိုးလူသားတွေလား။"
ကလေးငယ်မှာ ရုတ်ချည်းဆိုသလို သဘောပေါက်သွားပြီးနောက် မျက်ဝန်းထဲတွင် အထင်သေးမှုများ ရစ်ခိုလာသည်။
"အဟက်..... ဒါနဲ့ပဲတန်တယ်။ နင်တို့နဲ့ မဆိုင်တဲ့ နေရာကို လာစရာလား။"
ကလေးမလေးမှာ နာကျင်မှု၊ ရှက်ရွံ့မှုနှင့် ဒေါသများကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေရသည်။
သူမသည် အတော်ပင် အခြေအနေ ဆိုးနေသော အဖွားဖြစ်သူအားကြည့်ကာ စကားပင် မပြောနိုင်တော့ပေ။ ကလေးငယ်လေးမှာ အမှားပြုမိသူ ဖြစ်ပါလျက် အလွန်မောက်မာနေသည်။
သူမ ခဲတစ်လုံးအားကောက်ကာ ကလေးငယ်ထံ ပစ်လိုက်သည်။
"နင်က ကျင့်ကြံသူ ဖြစ်နေတော့ရော ဘာဖြစ်လဲ။"
ကလေးငယ်မှာ ထိုစကားကြောင့်ရော၊ ပျံဝဲလာသော ခဲလုံးကြောင့်ပါ ထိတ်လန့်သွားရသည်။
"ရိုင်းစိုင်းလိုက်တာ...."
အမျိုးသမီးတစ်ဦး၏ စကားသံ ထွက်ပေါ်လာလေသည်။
ကျူးရှန်သည် ကလေးငယ်လေးရှေ့သို့ ရောက်လာသည်နှင့် ခဲလုံးမှာ အမှုန့်ဖြစ်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ကလေးမလေးထံ ဦးတည်သွားသည်။
ကလေးမလေးမှာ ထိုအမျိုးသမီး၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်သာသာ ခံစားနေမိသည်။
အင်မော်တယ်နဲ့ သေမျိုးလူသားကြားမှာ ဒီလောက်တောင် ကွာခြားတာလား......
ကလေးမလေးမှာ မျက်ရည်များ ဝေ့ဝဲလာပြီး ရက်စက်လှသော ကံကြမ္မာအား အရှုံးပေးရန် ပြင်ဆင်ထားလိုက်သည်။
ထိုအချိန်မှာပင် အဖြူရောင်ပုံရိပ်တစ်ခု သူမရှေ့သို့ ရောက်ရှိလာလေသည်။
ထိုသူသည် မှီခိုအားထားနိုင်မည့်သူဟု ထင်မှတ်ရသည်။
၎င်းသည် ကလေးမလေးနှင့် အဖွားအိုအား ကာကွယ်ပေးကာ အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား သောက်ရူးလား။ ကျင့်ကြံရေး အခြေခံ မရှိတဲ့ ကလေးမလေးကို ဘာလို့အခုလို လုပ်ရတာလဲ။"