← Chapters

ကျုပ်ဂိုဏ်းကျုပ်သဘော

Vol. 54 Ch. 760

ကျုပ်ဂိုဏ်းကျုပ်သဘော

Vol. 54 Ch. 760

အဖွားအိုသည် အသက်ရှူသံ ပုံမှန်ပြန်ဖြစ်လာပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အလွန်လှပသော နတ်သမီးငယ်လေးကို တွေ့လိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်သည် မနာကျင်တော့ရုံသာမက ဒဏ်ရာမရခင်ကထက်ပင် ပိုမိုကောင်းမွန်လာသည်ကို ကောင်းစွာခံစားမိနေလေသည်။

ကလေးမလေးသည် အရှေ့တွင်ရှိနေသော အဖြူရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်အား မျက်ရည်အဝဲသားဖြင့် ငေးကြည့်နေမိသည်။ သူမအနေဖြင့် မျက်တောင်ကလေးပင် မခတ်ချင်ပေ။ အန်လင်းသည် အားကောင်းလှသော အင်မော်တယ် အမျိုးသမီး၏လက်မှ သူမအား ကာကွယ်ပေးခဲ့သည်။

ကိုကြီးက တကယ့်လူကောင်းပဲ........

အန်လင်း၏ လုပ်ရပ်သည် အားလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ တရားလွန်သည်ဟု ထင်ကြသူများ ရှိသလို အပိုလုပ်ပြလွန်းသည်ဟု တွေးကြသူများလည်း ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏အမြင်တွင် အရူးတစ်ယောက်ကသာ ကောင်းကင်ဓားဂိုဏ်းအား ပြဿနာ ရှာရဲပေလိမ့်မည်။

လျှိုမင်ရွှမ်းသည်လည်း နားမလည်နိုင် ဖြစ်သွားရသည်။ သူသည် လက်ဖြောက်တစ်ချက် တီးရုံနှင့် လူပေါင်းများစွာကို သတ်နိုင်သည်အထိ အရှိန်အဝါ ကြီးမားသူ ဖြစ်သည်။ သူသည် ယခုကိစ္စအား အကောင်းဆုံး ညှိနှိုင်းပေးခဲ့ပါသော်လည်း ရုပ်ပျက်ဆင်းပျက် အခြေအနေ ဖြစ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။

အန်လင်းသည် ၎င်းတို့အား မကြိုဆိုဟုပင် ဆိုခဲ့သေးသည်။ သူသည် ကောင်းကင်ဓားဂိုဏ်းအား မောင်းထုတ်နေသည်လော။

"စိတ်ဝင်စားစရာပဲ။"

လျှိုမင်ရွှမ်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဟွမ်ဟွမ်.....မင်းဘာလို့ ဒီနေရာမှာ နေချင်ရတာလဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် မင်းတို့ဂိုဏ်းချုပ်က တော်တော်ခေါင်းမာတာပဲ။ အခုပြဿနာက နှစ်ယောက်လုံး ခြေတစ်လှမ်းစီ ဆုတ်ပေးလိုက်ရင် ပြေလည်သွားမယ့်ဟာကို ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်နေတယ်။ ကောင်းကင်ဓားဂိုဏ်းကို လွယ်လွယ်ကူကူ စော်ကားလို့ရမယ် ထင်နေတာလား။"

ဝုန်း......

အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒများ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများထံတွင်သာရှိသော အရှိန်အဝါမျိုးလည်း ဖြာထွက်လာသည်။

အားလုံးမှာ ရှောင်လွှဲမရနိုင်သော ဖိအားများ ခံစားလိုက်ရသည်။ ဓားစိတ်ဆန္ဒမှာ အားကောင်းလွန်းသောကြောင့် ၎င်းတို့အနေဖြင့် ခုခံရန်ပင် မတတ်နိုင်ကြပေ။ ဓားသခင်၏ တိုက်ခိုက်မှုကို ခံနေရသည့်အလား ရွေးချယ်စရာ မရှိပဲ သူ၏စိတ်အလိုကျ ခံစားနေကြရလေသည်။

သူသည် နတ်ဘုရားတစ်ပါးလို ဖြစ်နေသောကြောင့် အဆင့်နိမ့် သတ္တဝါအချို့အား မတော်တဆ သတ်လိုက်မိလျှင်ပင် တောင်းပန်ရန် မလိုအပ်ပေ။

စိတ်ဝိဉာဉ်ဆေးလုံး ပေးအပ်ခြင်းသည် သက်ညှာပေးခြင်းဖြစ်ပြီး သူ့အနေဖြင့် လျစ်လျူရှုလိုက်လျှင်ပင် အပြစ်မဆိုသာပေ။

တာအိုပေါင်းစည်းခြင်းအဆင့်များ၏ တိုက်ပွဲတွင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးရလေ့ ရှိသည်။ ထိုသို့သေဆုံးသွားရသော ဝိဉာဉ်တစ်ခုချင်းစီအား သူ့အနေဖြင့် လိုက်လံတောင်းပန်နေမည် မဟုတ်ပေ။ စိတ်ဝိဉာဉ်ဆေးလုံးအား ပေးလိုက်ခြင်းမှာလည်း အန်လင်း မျက်နှာကြောင့်သာ ဖြစ်သည်။ အကောင်းဆုံး ညှိနှိုင်းပေးနေပါလျက် အန်လင်းမှ ရောင့်တက်လာသည်ကို သူလက်သင့်ခံနေစရာ အကြောင်းမရှိပေ။

"ဟမ့်....... ခင်ဗျား ကလေးကို တောင်းပန်ဖို့ ပြောရတာ အဲ့လောက်တောင် ခက်ခဲတယ်ပေါ့။ အဲ့ကလေးက မိုက်ရိုင်းယုတ်ပဲ့နေတာ မထူးဆန်းတော့ပါဘူး။ မိဘကိုက သောက်ချိုးမှ မပြေတာ။"

အန်လင်း အေးစက်စွာ ခနဲ့လိုက်သည်။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရား၏ ကလေးငယ်သည် အဘယ့်ကြောင့် မျိုးစေ့မမှန် ပင်မသန်သော ခရမ်းသီးပုတ်လို ဖြစ်နေရသည်ကို သူနားမလည်နိုင်ပေ။

ရွှပ်.....

ရုတ်ချည်းဆိုသလို ဆိုးရွားလှသော အအေးဓာတ်တစ်မျိုးသည် အန်လင်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းမိုးသွားသည်။

လျှိုမင်ရွှမ်း၏ လက်ထဲတွင် ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး အခြားသော ကျင့်ကြံသူများ၏ ဓားများမှာ ပြင်းထန်စွာ တုန်ခါလာသည်။ ပြင်းထန်လှသော ဓားစိတ်ဆန္ဒများကြောင့် ပတ်ဝန်းကျင်တွင် ရှိရှိသမျှ ဓားများအားလုံး အညံ့ခံလိုက်ရလေပြီ။

စောင့်ကြည့်နေကြသူများမှာ အန်လင်းအတွက် စိတ်မကောင်းဖြစ်နေကြသလို အချို့မှာလည်း သူ၏ဆိုးရွားလှသော ကံကြမ္မာအတွက် စိတ်ကျေနပ်နေကြသည်။

တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရား၏ အမျက်ဒေါသအား မည်သူကမှ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

"အဖေ...... တော်လိုက်တော့။"

လျှိုချင်းဟွမ် အမူအရာ ပြောင်းလဲသွားကာ အန်လင်းရှေ့တွင် နေရာယူလိုက်သည်။

အန်လင်း ခပ်ဖွဖွပြုံးကာ လျှိုချင်းဟွမ်အား ဘေးဖယ်လိုက်သည်။

"ဒါက ကျုပ်ဂိုဏ်း..... ခင်ဗျား မောက်မာချင်ရင် တခြားနေရာလစ်လိုက်....."

လန်လေးသည် လျှိုမင်ရွှမ်း၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား အာရုံခံမိသောကြောင့် သမန်းဝံပုလွေ အသွင်ပြောင်းကာ အန်လင်းရှေ့တွင် နေရာယူလိုက်သည်။ ၎င်း၏လက်သည်းများသည် ဓားမော့များအလား ထက်ရှနေပြီး ရှေးဟောင်းသားရဲတစ်ကောင်၏ အရှိန်အဝါများ ဖြာထွက်နေလေသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ရှေးဟောင်းသားရဲ......

ကျင့်ကြံသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"ဘီလူးအန်လင်းကို သတ်ချင်ရင် ငါ့ကိုကျော်နိုင်မှရမယ်။"

တီနာသည်လည်း အန်လင်းရှေ့သို့ ရောက်ရှိလာသည်။ မြင့်မြတ်သော အရှိန်အဝါများနှင့်အတူ ကြာပွင့်နှလုံးသားရေခဲဓားမှာ သူမလက်ထဲ ပေါ်ထွက်လာလေသည်။

"ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နောက်တစ်ယောက်လား။"

စောင့်ကြည့်နေသူများအချို့ စိတ်လှုပ်ရှားလာကြသည်။

ဝုန်း.......

သစ်ပင်လူသား တစ်ဦးမှာလည်း ကြောက်မက်ဖွယ် သွေးနီရောင် မျက်ဝန်းများနှင့်အတူ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

"ဝေါင်း......"

ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ရောက်ရှိနေသော ပေသောင်းချီသည့် နဂါးနက်ကြီး တစ်ကောင်လည်း ပျံဝဲလာသည်။ ၎င်း၏အရှိန်အဝါများမှာ ကြမ်းတမ်းခက်ထန်နေပြီး လျှိုမင်ရွှမ်းအား စိမ်းစိမ်းဝါးဝါး စူးစိုက်ကြည့်ရှုနေသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးအား တွေ့လိုက်ရသောကြောင့် စောင့်ကြည့်နေသူများ မျက်လုံးပြူးကုန်ကြသည်။ စုကျိုးအင်မော်တယ်ဂိုဏ်းသည် မည်မျှအင်အားကြီးကြောင်း ၎င်းတို့နားလည်မိလာသည်။

ပထမအဆင့် ဂိုဏ်းချုပ်များသည်ပင် တစ်စုံတစ်ခု လွတ်သွားမည်စိုးသောကြောင့် မျက်တောင်မခတ်ရဲကြတော့ပေ။

လျှိုမင်ရွှမ်းမှာ အမူအရာ ပြောင်းသွားပါသော်လည်း တည်တည်ငြိမ်ငြိမ် စကားဆိုလိုက်သည်။

"ဒါက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ တကယ်အင်အားပေါ့။ ဒီလောက်နဲ့ မင်းတို့ကိုယ်မင်းတို့ မောက်မာလို့ရပြီ ထင်နေလား။"

ဝုန်း.......

အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေသော ထိတ်လန့်ဖွယ် အရှိန်အဝါများ ဖြာထွက်လာပြန်သည်။

တင့်တယ်လှပသော အမျိုးသမီးတစ်ဦး အန်လင်းဘေးသို့ ရောက်ရှိလာသည်။

သူမ ပြုံးရုံမျှပြုံးကာ ပြောလိုက်သည်။

"တိုက်ပွဲဆိုရင် ငါ့ကိုဖယ်ထားလို့ ရမလား။"

"ဝါး..... ဝါး..... ဝါး......"

အစိမ်းရောင် အလင်းများ ဖြာထွက်နေသော ခပ်ဝဝ ကလေးငယ်လေးမှာ ပျော်ရွှင်စွာ အော်ဟစ်နေသည်။ ၎င်း၏အရှိန်အဝါသည် ကျောရိုးတလျှောက် အေးစိမ့်ရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရက်စက်ကြမ်းကြုတ်ကာ မြင့်မြတ်နေသော အံ့ဖွယ်တာအို၏ အရှိန်အဝါများကြောင့် ရောက်ရှိနေကြသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် လန့်ဖြန့်ကုန်သည်။

ပိုင်လင်နှင့် မိစ္ဆာကလေးငယ်သည်လည်း ပဋိပက္ခထဲ ဝင်ရောက်လာလေပြီ။

စောင့်ကြည့်နေသူများအားလုံး ကြောင်အမ်းအမ်း ဖြစ်နေကြပြီး အချို့ဆိုလျှင် ခြေထောက်များပင် မခိုင်ရလောက်အောင် တုန်လှုပ်နေကြသည်။ အများစုသည် ထွက်ပြေးရန်အတွက် စဉ်းစားနေကြပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲဖြစ်ပွားခဲ့ပါက ထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းဂယက်နှင့်ပင် ၎င်းတို့အသက် ပါသွားလောက်သည်။

"ဒါ အံ့ဖွယ်တာအို အစွမ်းပဲ။ ဒါက အံ့ဖွယ်တာအို အစွမ်းပဲ။"

"ဒီနှစ်ယောက်ကလည်း စုကျိုးအင်မော်တယ်ဂိုဏ်းကပဲပေါ့။ ဘုရားရေ...... ကြောက်စရာ ကောင်းလိုက်တာ။"

"စုကျိုးအင်မော်တယ်ဂိုဏ်းမှာ အံ့ဖွယ်တာအို ဉာဏ်အလင်းပွင့်နေတဲ့ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေ ရှိနေမယ် မထင်ထားဘူး။ ကြည့်ရတာ ငါလျှော့တွက်ခဲ့မိပုံပဲ။"

ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသားဖြင့် ဆွေးနွေးနေမိကြသည်။ ၎င်းတို့သည် စုကျိုးအင်မော်တယ်ဂိုဏ်းအား အမှန်တကယ် အထင်သေးခဲ့မိပုံပင်။

စုကျိုးအင်မော်တယ်ဂိုဏ်းသည် ကောင်းကင်ဓားဂိုဏ်းနှင့် မယှဉ်နိုင်စေကာမူ အထင်သေး၍ မရပေ။

ရောက်ရှိနေသော အင်ပါယာမိသားစု ကိုယ်စားလှယ်များသည်လည်း တအံ့တသြ ဖြစ်နေမိကြသည်။ စုကျိုးအင်မော်တယ်ဂိုဏ်းသည် အင်ပါယာမိသားစုများနှင့်ပင် လွယ်လင့်တကူ ယှဉ်ပြိုင်နိုင်ပေသည်။

ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်နှင့် နောက်ဆုံးအဆင့်ကြားတွင် အဆင့်တစ်ခုသာ ခြားနားပါသော်လည်း စွမ်းအင်ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ ရောက်ရှိထားသည့်အပြင် အစစ်အမှန် နတ်ဘုရားများ၏ စွမ်းအင်ဖြစ်သော အံ့ဖွယ်တာအိုကိုပါ ထုတ်ဖော်အသုံးပြုနိုင်သူအား ဟင်းလင်းပြင်သို့အပြန် အလယ်အလတ်အဆင့် ကျင့်ကြံသူမှ မည်သို့မျှ အနိုင်ရနိုင်မည် မဟုတ်ပေ။

အင်ပါယာမိသားစုများတွင်လည်း တာအိုပေါင်းစည်းခြင်းအဆင့်နှင့် နီးကပ်နေသူများ ရှိသောကြောင့်သာ လက်ရှိအဆင့်အတန်းအား ရရှိထားကြခြင်း ဖြစ်သည်။

သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ထိုအဆင့်ထိ ရောက်ရှိနေသော ကျင့်ကြံသူ နှစ်ဦးပင် ရှိနေသောကြောင့် ၎င်းတို့မထိတ်လန့်ပဲ မနေနိုင်တော့ပေ။

လျှိုမင်ရွှမ်း အမူအရာ ပြောင်းလဲသွားပြန်သည်။ စုကျိုးအင်မော်တယ်ဂိုဏ်းတွင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ကျင့်ကြံသူများ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသည်မှာ ကောင်းကင်ဓားဂိုဏ်းအား မယှဉ်နိုင်စေကာမူ ပေါ့ပေါ့တန်တန် တွက်မရပါချေ။

"ဂိုဏ်းချုပ်လျှို...... ကျုပ်ခင်ဗျားနဲ့ မတိုက်ချင်ပါဘူး။ ခင်ဗျားသားက အဖွားအိုကို ဒုက္ခပေးပြီး ခင်ဗျားမယားက ကလေးမလေးကို သတ်ဖို့အထိလုပ်တယ်။ ပြီးတော့ တောင်းတောင်မတောင်းပန်နိုင်ကြဘူး။ အဲ့လိုမတရားတဲ့ လုပ်ရပ်ကို ကျုပ်လုံးဝ လက်မခံနိုင်ဘူး။ အဲ့ဒါကြောင့် ဒီကနေ ထွက်သွားပေးပါ။ ကျုပ်ရဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက ခင်ဗျားတို့လို ဘဝင်လေဟပ်နေတဲ့ သူတွေကို ဧည့်ခံမထားနိုင်ဘူး။"

အန်လင်း အရိုအသေပေးကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

သူသည် တောင်းပန်ပေးရန်သာ တောင်းဆိုခဲ့ပြီး အခြားမည်သည်ကိုမှ မပြောခဲ့ပေ။ တောင်းပန်ခိုင်းသည်မှာ တရားလွန်သော တောင်းဆိုချက်ပေလော။

လျှိုမင်ရွှမ်း၏ မယားနှင့်သားသည် တောင်းပန်ရန် ငြင်းဆိုနေပြီး လျှိုမင်ရွှမ်းမှာလည်း ကြင်နာသဘောကောင်းဟန်ဖြင့် ဆေးတစ်လုံးပေးကာ ညှိနှိုင်းလာသည်။

ထိုမိသားစု၏ စိတ်ဓာတ်ရေးရာမှာ ရွံရှာဖွယ်ပင်။

"ဖေဖေ...... အဲ့လူက စော်ကားနေတာပဲ။ သူ့ကို သေအောင်ချပစ်လိုက်။"

လျှိုဝမ်ပင်း အံကြိတ်ကာ လက်သီးများအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

လျှိုမင်ရွှမ်း တစ်ချက်မျှ လှည့်ကြည့်လိုက်သည်နှင့် လျှိုဝမ်ပင်း ကြောက်ရွံ့ကာ ခေါင်းငုံ့သွားလေသည်။

"အန်လင်း...... မင်းရဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက တကယ်အင်အားကြီးပါတယ်။ ဒါပေမယ့် မဖြစ်စလောက် ပြဿနာလောက်နဲ့ ငါတို့ကို နှင်ထုတ်နိုင်မယ်ထင်လား။"

လျှိုမင်ရွှမ်း ပြုံးကာမေးလိုက်သည်။

"ထွက်မသွားချင်ရင် တောင်းပန်လေ။"

အန်လင်း အေးအေးဆေးဆေးပင် တုံ့ပြန်လာသည်။

လျှိုမင်ရွှမ်း ခေါင်းခါပြလိုက်သည်။

"ငါရိုင်းပြတယ်ပဲ ထားလိုက်ပါ။ မင်းဘက်မှာ လူဘယ်နယောက်ပဲရှိရှိ ငါဓားတစ်ချက်၊ နှစ်ချက်ယမ်းလိုက်ရင် ရှင်းပြီးသား ဖြစ်သွားမှာပဲ။ မင်းဂိုဏ်းပဲ ဖြစ်နေပါစေဦး။ ငါ့စိတ်ကြိုက် ဝင်ထွက်သွားလာမှာပဲ။ ငါ့ကို ဘယ်သူကမှ အမိန့်ပေးခွင့် မရှိဘူး။"

ဝုန်း......

တစ်ကမ္ဘာလုံးကိုပင် ဖျက်စီးတော့မည့် ထင်ရလောက်အောင် ပြင်းထန်သော ဓားစိတ်ဆန္ဒများ ဖြာထွက်လာသည်။

လျှိုမင်ရွှမ်း၏ အရှိန်အဝါနှင့်ပင် စုကျိုးအင်မော်တယ်ဂိုဏ်း တစ်ခုလုံးကို လွှမ်းမိုးပစ်နိုင်လေသည်။

"လစ်စမ်းပါ။"

အန်လင်း အေးစက်ခက်ထန်စွာ ရှေ့သို့လျှောက်လှမ်းလာသည်။

ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါ အသက်ဝင်စမ်း........

All Chapters