ရွှိုက်ကော
Vol. 24 Ch. 331
“ခွမ်း ခွမ်း” မိုဝူကျီ ဘေးပတ်လည်မှ ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများမှာ ဆက်တိုက်ဆိုသလို တစ်စစီ ကွဲကြေ သွားလေသည်။ ချီသွေးကြော ၁၀၄ခုလုံးကို ပြောင်းပြန် လှည့်ပတ်နေပြီး ပြင်းထန်သည့် ဝိညာဉ်စွမ်းအား ဝဲကတော့ကို ဆွဲယူ နေလေသည်။ ထိုဝဲကတော့ အရွယ်အစားမှာ မိုဝူကျီအတွက် လက်သီးဆုပ် လောက်သာ ရှိနေသေး၏။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁မှ အဆင့်၃ အထိ သူက သုံးလကြာ အချိန်ယူခဲ့ ရသည်။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၃ ရောက်ရှိပြီး နောက်တွင် သူ့ကျင့်ကြံနှုန်းက လျော့ကျ သွားလေ၏။ သို့သော် သူ့ပြင်းထန်လှသော ဝိညာဉ်စွမ်းအား ဝဲကတော့က ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများကို တစ်စစီ ကွဲကြေနေဆဲ ဖြစ်သည်။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၃မှ အဆင့်၄သို့ တက်လှမ်းဖို့ရာက တစ်ရက်၊ နှစ်ရက်အတွင်း ဖြစ်လာနိုင်သည့် ကိစ္စ မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီက သူ့ကျင့်ကြံခြင်းကို ခေတ္တရပ်တန့် လိုက်သည်။ ကြားကာလများ အတွင်း၌လည်း သူက ကျင့်ကြံခြင်းကို ရပ်ကာ ချိန်စုယင်၏ ကျောက်စိမ်း ခေါင်းတလားကို စစ်ဆေးကြည့်လေ့ ရှိသည်။
ကျောက်စိမ်း ခေါင်းတလားကို သူ့အစီအရင်နှင့် အတူ ပညာရှင် နှလုံးသားက ကာကွယ်ပေး ထားသော်လည်း ဤနေရာမှာ နှင်းခါးပင်လယ် ဖြစ်၏။ အကယ်၍ တစ်ခုခုသာ ဖြစ်ပျက်သွားပါက သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
ချိန်စုယင်က သေနေပြီ ဖြစ်သော်လည်း သူက သူမကို သိုလှောင် လက်စွပ်ထဲ ထည့်သိမ်း မထားချင်ပေ။ လက်စွပ်၌ အသက်မဲ့ ပစ္စည်းများသာ ပါရှိသည့် အတွက် သူမကို ထည့်လိုက်လျှင် သူမ အထီးကျန် နေမည်ကို စိုးရိမ်မိ၏။ အပြင်ဘက်တွင် အေးသော်လည်း အနည်းဆုံးတော့ သူမကို အဖော်ပြု ပေးဖို့ရာ သူ ရှိနေသေးသည် မဟုတ်ပါလော။
မိုဝူကျီက သက်ပြင်း ချလိုက်ကာ သိုလှောင် လက်စွပ်ထဲ စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူ့ သိုလှောင် လက်စွပ်က မည်မျှ ကျယ်ဝန်း စေကာမူ ပစ္စည်းများကို သိုလှောင်ဖို့ နေရာသာ ဖြစ်၏။ သိုလှောင် လက်စွပ်အတွင်း စိတ်စွမ်းအင် ကျောက်တုံးများနှင့် ဆေးလုံးများမှာ အပုံလိုက် ရှိနေပြီး ဝိညာဉ် ပစ္စည်းများနှင့် အခြားသော ပစ္စည်း အမျိုးမျိုးမှာလည်း တောင်သဖွယ် ဖြစ်နေလေပြီ။
ထိုစဉ် သူက သူ့သိုလှောင် လက်စွပ် အပုံလိုက်နှင့် အထဲမှာ အရာအားလုံးကို သက်ရှိ နေနိုင်သည့် ကမ္ဘာငယ်လေး ဖြစ်ဖို့ရာ လဲလှယ် ပစ်ချင်မိသည်။ သို့သော်လည်း ထိုသို့သော ရတနာမှာ ဒဏ္ဍာရီလာသာ ဖြစ်၏။
အကယ်၍ ချိန်စုယင်သာ အသက်ရှိနေဆဲ ဖြစ်နေပါက ဤနေရာတွင် လေ့ကျင့်လျှင် ချိန်စုယင်၏ အရည်အချင်းများမှာ သူမ၏ မုန်တိုင်း နည်းစနစ်နှင့် အတူ ကျင့်ကြံဆင့်က သူ့ထက် မြင့်မှာ သေချာ လှပေသည်။
လက်သီးအရွယ် ကာကီရောင် ဥက သူ့စိတ်စွမ်းအားထဲ ပေါ်လာလေ၏။ ထို ဥကို ကြည့်ကာ မိုဝူကျီက ချန်လောင် ပင်လယ်သို့ ဂျီကွမ်းတို့နှင့်အတူ ပင်လယ် ကျားသစ်ပျံဥ ရှာဖို့ရာ သွားခဲ့သည့် ခရီးကို အမှတ်ရ သွားလေသည်။ သူတို့က ပင်လယ် ကျားသစ်ပျံ ၅ဥ တွေ့ရှိခဲ့ကာ အသိုက်ထဲ၌ ပုံမှန် မဟုတ်သည့် ဥတစ်လုံး ရှိနေပေသည်။ သူက အများဆုံး ဆောင်ရွက် ပေးခဲ့သဖြင့် ထိုဥကို သူ့အား ပေးခဲ့ခြင်း ဖြစ်ပေသည်။
သူက အတိတ်ကို ပြန်တွေးမိ သောကြောင့် တင်းဘူအာနှင့် ယွန်ကျန်းရီ၊ ဒေါ်လေး ဆယ့်တစ်တို့ကို တွေးမိ လိုက်လေသည်။
သူက တင်းဘူအာ ဘာလုပ် နေသည်ကို မသိပေ။ ယခင်က သူ့အသက် အတွက် ဆက်တိုက် ထွက်ပြေးနေရပြီး အရူးအမူး ကျင့်ကြံနေခဲ့ ရသည်။ မဟာမိတ် ခေါင်းဆောင် ဖြစ်လာပြီး နောက်တွင် သူက တင်းဘူအာကို တွေ့နိုင်သည့် အခွင့်အရေး မရသေးပေ။
ဒေါ်လေး ဆယ့်တစ်ရော ရှိသေးလေ၏။ သူမနှင့် မိုရှင်းထောင်တို့ရော ဘာများ လုပ်နေကြ မည်နည်း။
ထို့အပြင် ယန်အာလည်း ရှိနေသေးသည်။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ရှိနေစဉ်က သူမက ထိုဥကို ဖက်ထားကာ သွေးပဒုမ္မာ ကြာကန်ထိုင် ဆော့ကစားလေ့ ရှိသည်။ ယခု ယန်အာက ပိုင်စုတင်းနှင့် ရှိနေ၍ အဆင်ပြေ လောက်မည် မဟုတ်လား ...
အတိတ်က မီးခိုးငွေ့နှင့် တူကာ ဘာမျှ မတည်မြဲလှပေ …
မိုဝူကျီက သက်ပြင်း ချလိုက်ရင်း ထိုကာကီရောင် ဥလေးကို ကိုင်ထားလိုက်သည်။
“ဂျွတ်”
မိုဝူကျီက ဥလေးကို ထုတ်ယူ လိုက်သည်နှင့် ဥခွံမှ အက်ကြောင်း ထင်လာလေသည်။
မိုဝူကျီက ဥလေးကို တအံ့တဩ ကြည့်နေမိသည်။ သူက ထိုဥလေးမှာ အနည်းငယ် တုန်ခါနေမှန်း ခံစားမိလေသည်။ သူက ထိုဥ ပတ်လည်ကို သဘာဝ စွမ်းအားလေး လှည့်ပတ် ပေးလိုက်သည်။
သူက ထိုဥ အကောင် ပေါက်မည့်ရက် ရောက်လာမည်ဟု တွေးမထားပေ။ သို့သော် ဤကြောက်မက်ဖွယ် အအေးဓာတ် ကြီးစိုးနေသည့် နေရာ၌ လေအေးနှင့် တွေ့လျှင်ပင် ဤဥလေးမှာ ပြီးဆုံး သွားပေလိမ့်မည်။
“ဂျွတ် ဂျွတ်” မိုဝူကျီ၏ သဘာဝ စွမ်းအားများ ရစ်ပတ်မှု အောက်တွင် အက်ကြောင်းလေးက ပိုမို ကြီးမား လာလေ၏။ ဖြည်းဖြည်းချင်း ထက်ရှရှ ပါးစပ်လေးကိုပါ မြင်နိုင်လေသည်။ ထိုပါးစပ်မှာ ငှက်နှုတ်သီးနှင့် တူသော်လည်း ဤအကောင်၌ မျက်လုံး ဝိုင်းကြီးများ ပါရှိလေသည်။ ထိုမျက်လုံးများက လုံးဝိုင်းနေပြီး နှုတ်သီးဖြင့် ဘေးပတ်လည်မှ ဥခွံကို မျိုချပစ် လိုက်တော့သည်။
မိုဝူကျီက ဤအကောင် ငယ်လေးကို မျက်တောင်မခတ် ကြည့်နေမိသည်။ ထိုအကောင်လေး၌ မျက်လုံး ဝိုင်းကြီးများ၊ ငှက်နှုတ်သီးများနှင့် ဦးခေါင်းထက်တွင် ဦးချိုသုံးခု ပါရှိလေသည်။ အတိအကျ ဆိုရလျှင် ခြေသုံးချောင်း ပါရှိလေသည်။ ဟိုတစ်မွေး ဒီတစ်မွေး ရှိနေသည့် အတောင်ပံကို ကြည့်၍ မိုဝူကျီက ထိုအကောင်လေးမှာ ငှက်အမျိုးအစား ဖြစ်ကြောင်း သိလိုက်သည်။
လူသားနှင့် တူနေသည့် မျက်လုံး ဝိုင်းကြီးများမှ လွဲပြီး ဤငှက်မှာ အလွန် ရုပ်ဆိုးလွန်း လှသည်။
ထိုရုပ်ဆိုးငှက် ထွက်ပေါ် လာသည်နှင့် စိတ်လှုပ်ရှားစွာ တကျီကျီ မြည်တမ်းကာ ရှေ့မှ စိတ်ဝိညာဉ်ကွင်း မှိုကျောက်တုံးဆီသို့ တစ်ရှိန်ထိုး ပြေးသွားချင် နေလေသည်။ ဤအကောင်လေးမှာ ဉာဏ်ရည် အနည်းငယ် ရှိပုံပေါ်လေ၏။ ရှေ့တိုးပြီး မိုဝူကျီလက်မှ ထွက်သွား လိုက်သည်နှင့် ချက်ချင်း သေနိုင်သည်ကို သိရှိနေဟန် ပေါ်သည်။
“ကျီ ... ကျီ” ငှက်ရုပ်ဆိုးက နှုတ်သီးလေးဖြင့် မိုဝူကျီ လက်ဖဝါးကို ပွတ်သပ်ရင်း ‘ မြန်မြန် ဝိညာဉ် စွမ်းအားကွင်း စားပါရစေ’ ဟု တောင်းဆို နေသည့်ဟန် ပေါ်၏။
မိုဝူကျီက သက်ပြင်းချရင်း
“မင်းက တော်တော် ရုပ်ဆိုးတာပဲ။ မင်းကို ရုပ်ဆိုးလေးလို့ ခေါ်မယ် ...”
ငှက်ရုပ်ဆိုးက မိုဝူကျီ စကားများကို နားလည်သည့် အလား တကျီကျီဖြင့် ကျယ်ကျယ်လောင်လောင် အော်နေလေသည်။
“မင်းက ငါ့ စကားကို နားလည်တာလား” မိုဝူကျီက ငှက်ရုပ်ဆိုးကို တအံ့တဩ ကြည့်လိုက်မိသည်။
သူက ဤငှက်ရုပ်ဆိုးလေးမှာ သားရဲ ဖြစ်နေလျှင်ပင် သူ့စကား နားလည်ရန် အတွက် အနည်းဆုံး အဆင့် ၁ သို့မဟုတ် အဆင့် ၂တွင် ရှိဖို့ လိုမှန်း သိ၏။ ဤငှက်လေးက ဥပေါက်လာကာစ ဖြစ်ရာ သူ့စကားကို နားလည် နေလေပြီ။
ဤ ဉာဏ်ရည်မှာ အမေရိကန် သမ္မတနှင့်ပင် မခြားနားလှချေ။
“အဲဒါဆို မင်းကို ရွှိုက်ကောလို့ ခေါ်မယ်” မိုဝူကျီက စနောက်သည့် ဟန်ဖြင့် ပြောလိုက်သည်။
ဤငှက်ရုပ်ဆိုးက “ရွိုက်ကော” အဓိပ္ပာယ်ကို နားမလည်၍ မိုဝူကျီကို မျက်လုံး ဝိုင်းကြီးများဖြင့် ရိုးရိုးသားသား ငေးကြည့် နေလေသည်။
မိုဝူကျီက ရှင်းပြ လိုက်ရသည်။
“အဲဒါက ခန့်ညားတာကို ပြောတာ၊ ခန့်ညားတာတောင် မကသေးဘူးနော် ... မင်းက ကောင်းကောင်း ထွားလာပြီးတော့ အရပ်လည်း ရှည်လာမှာ လို့ ပြောတာ ...”
ငှက်ရုပ်ဆိုးက မိုဝူကျီ စကားများကို နားလည်သွားပြီး ဤနာမည်ကို အလွန် သဘောကျသည့် ဟန်ဖြင့် မိုဝူကျီ လက်ဖဝါးပေါ်၌ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်ပေါက် နေတော့သည်။
မိုဝူကျီက သူ့လက်ထဲမှ ငှက်ရုပ်ဆိုးကို ကြည့်ကာ ပြောစရာ ရှာမတွေ့တော့ပေ။ ဤသည်က သူ့အတွက် အရှက်မရှိသည့် ငှက်ကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
“မင်းမှာ အရှက်ရော ရှိသေးရဲ့လား ...” မိုဝူကျီက သူ့လက်ထဲတွင် ခုန်ပေါက်နေသည့် ငှက်ရုပ်ဆိုးကို ကြည့်ကာ မနေနိုင် မထိုင်နိုင် မေးလိုက်တော့သည်။
ငှက်ရုပ်ဆိုးက မိုဝူကျီ စကားများကို နားမလည်ဟန်ဖြင့် မိုဝူကျီကို မျက်လုံး ရွဲကြီးဖြင့် ကြည့်လိုက်လေသည်။
မိုဝူကျီက ဤငှက် ဟန်ဆောင်နေတာ များလားဟုပင် သံသယ ဝင်လာမိတော့သည်။
ဘယ်ရှေးဟောင်း သားရဲကများ ဒီဥကို ဥခဲ့တာပါလိမ့် ... မွေးကတည်းက ဒီလို အရေထူ နေမှတော့ ကြီးလာတဲ့အခါ သူ့အရေပြားက ဒီအအေးဓာတ်တောင် မှုတော့မှာ မဟုတ်ဘူး ဟုတ်တယ်မလား ...
မိုဝူကျီက သူလက်ထဲမှ ငှက်ကို ဆက်မကိုင် ထားတော့ပဲ ခေါင်းခါကာ ငှက်ကို ချိန်စုယင် အစီအရင်ထဲ ထည့်ပေးလိုက်သည်။ ဤအစီအရင်မှာ ပညာရှင် နှလုံးသားနှင့် ထောက်ပံ့ထား သဖြင့် အအေးဓာတ်က မထိုးဖောက်နိုင်ပေ။ ရွှိုက်ကောက အမှန်တကယ် ရုပ်ဆိုးသော်လည်း မိုဝူကျီက သူ့ကို အေးခဲပြီး မသေစေချင်ပေ။
အစီအရင်ထဲ၌ ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများစွာ ရှိနေသည်။ ရွှိုက်ကောက အစီအရင်ထဲ ရောက်သွားသည်နှင့် ထိုမှိုကျောက်တုံးများဆီ ချက်ချင်း ခုန်ဝင်သွားကာ “တဂျွမ်းဂျွမ်း” ဝါးစား နေတော့သည်။
မိုဝူကျီက ဤငှက်ရုပ်ဆိုးကို ကြည့်ကာ လေးလေးနက်နက် မှာလိုက်သည်
“ရွှိုက်ကော ... ဒါက မင်းသခင်မရဲ့ အနားယူရာ နေရာပဲ။ မင်းက သေချာ ကာကွယ်ပေးရမယ်။ တကယ်လို့ မင်းက ဒီမှိုကျောက်တုံးတွေ စားရင်းနဲ့ မတော်တဆ အစီအရင်ကို ပယ်ဖျက်မိရင် လေအေးတွေက မင်းသခင်မရဲ့ ခေါင်းတလားဆီ ရောက်လာလိမ့်မယ်။ မင်းက တော်တော် ရုပ်ဆိုးပေမဲ့ မင်းကို စွပ်ပြုတ် လုပ်ပစ်လို့ ရတယ်။ မင်းက ဒီနေရာမှာ တာဝန်တစ်ခုပဲ ရှိတယ် ... မင်း သခင်မကို ကာကွယ်ထား ဟုတ်ပြီလား ...”
ရွိုက်ကောက မိုဝူကျီ စကားများကို နောက်တစ်ကြိမ် နားမလည်တော့ပေ။ သူက နောက်ထပ် မှိုကျောက်တုံးကို ထပ်ရွေးကာ ဝါးနေရင်း ရိုးသား ဖြူစင်သည့် အမူအရာလေး လုပ်နေသည်။
မိုဝူကျီက သူ့ကို စိတ်ထဲ မထားတော့ပဲ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၄ တက်လှမ်းဖို့ရာ အားထုတ် လိုက်တော့သည်။
လခြမ်းကွေး အင်မော်တယ် နန်းတော်က ဤမျှ အရေးကြီး သောကြောင့် သူက အချိန်တို အတွင်း စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းရန် လိုအပ်ပေသည်။ ထို့နောက် သူက လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ဝင်ဖို့ နည်းလမ်း ရှာရမည်။
***
ကျင့်ကြံခြင်း လောကတွင် အချိန်များက လျှပ်တစ်ပြက် အတွင်း ကုန်ဆုံး သွားကြသည်။ တံခါးပိတ် ကျင့်ကြံနေရင်း မရည်ရွယ်ပဲ နှစ်များစွာ ကုန်လွန် သွားတတ်ပေသည်။
လောကတိုင်၌ မျက်နှာ ပဝါလွှား ထားသည့် အမျိုးသမီးမှာ အာကာသမှ ဝင်လာလေသည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ထိုအမျိုးသမီးကို မြင်သည့်အခါ လေးလေးစားစားဖြင့် ချက်ချင်း ဘေးဖယ်ပေး လိုက်ကြသည်။
ကျန်းမို နယ်မြေတွင် လောက အင်မော်တယ် တစ်ယောက်ချင်းစီကား လူသိများသော တည်ရှိမှုမျိုး ဖြစ်လေသည်။ မည်သူကမျှ မစစ်ဆေးကြည့် သော်လည်း ထိုအမျိုးသမီးမှာ လောက အင်မော်တယ် ဖြစ်ကြောင်း သိကြသည်။ ထို့အပြင် သူမမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က လောကအဆင့် ဇယား၌ ထိပ်ဆုံး ၅၀၀၀ထဲ ဝင်လာသူ ဖြစ်၏။
ထိုအမျိုးသမီးမှာ ပိုင်စုတင်းပင် ဖြစ်၏။ ယန်အာက အာကာသထဲ တစ်ယောက်တည်း ထွက်သွားသည့် အချိန်မှ စ၍ ပိုင်စုတင်းမှာ စိတ်မအေး၍ သူမလည်း အာကာသထဲ ထွက်လာခဲ့လေသည်။ သို့သော်လည်း သူမက အာကာသထဲ အချိန် သုံးနှစ်တာလောက် ကုန်ဆုံးပြီး သော်လည်း ယန်အာ သတင်း အစအနကိုပင် မကြားသိရပေ။ ထိုနှစ်များအတွင်း သူမက လောက အမှတ်များ ရရှိလာကာ လောကအဆင့် ဇယား ၅၀၀၀ထဲ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
လောက အင်မော်တယ် တစ်ယောက်အတွက် ထိပ်ဆုံး ၅၀၀၀ထဲ ဝင်သည်က သိပ်မများလှပေ။ သူမ ကျင့်ကြံဆင့်နှင့် ယှဉ်လျှင် အဆင့်မှာ မလိုက်ဖက် ညီသော်လည်း သူမက စိတ်ထဲ မထားပေ။ အကြောင်းမှာ သူမက ထိုသို့အဆင့် ဇယားများကို ဂရုမစိုက်ပေ။
လောကတိုင် ပထမအလွှာ ရောက်ရှိ လာပြီးနောက် ပိုင်စုတင်းက မိုဝူကျီ နာမည်ကို မြေကမ္ဘာ အဆင့်ဇယား၌ ရှာမိလိုက်သည်။ သူမက မိုဝူကျီ နာမည်က ပါနေမလားဟု သိချင်မိသည်။
သူမ အမြင်အရ မိုဝူကျီက အစစ်အမှန် ရေအဆင့်ဖြင့် လောက အဆင့်ဇယား ဝင်နိုင်ခဲ့သည့် အတွက် သူသာ အသက်ရှင် နေပါက ကျန်းမိုနယ်မြေ၏ မြေကမ္ဘာ အဆင့်ဇယားတွင် ရှိပေမည်။
သူမက မြေကမ္ဘာ အဆင့်ဇယား၌ လိန်ဟုန်ကျီ နာမည်ကို မြင်လိုက်ရသည်။ လိန်ဟုန်ကျီမှာ အဆင့်၁၆ ဖြစ်နေလေ၏။ ကျန်းမို နယ်မြေတွင် ပါရမီရှင်များမှာ တိမ်တိုက်များ ကဲ့သို့ ပေါများလှသည်။ လိန်ဟုန်ကျီအတွက် အဆင့် ၁၆ ရရှိခြင်းမှာ အင်မတန် အံ့ဖွယ် ဖြစ်နေသည်။ ပိုင်စုတင်း သူမကိုယ်တိုင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တွင် ရှိနေစဉ်က သူမက အဆင့် ၁၆ပင် မဝင်နိုင်ခဲ့ချေ။
ထို့အပြင် သူမက ယန်မျိုးနွယ်စုမှ ယန်ယန်းနန်ကို မြင်လိုက်ရသည်။ ယန်ယန်းနန်၏ အစ်ကို ယန်ယန်ဒေါင်မှာ မိုဝူကျီ လက်ချက်ဖြင့် သေဆုံး ခဲ့လေသည်။ ဤယန်ယန်းနန်က အမှန်ပင် မြေကမ္ဘာ အဆင့်ဇယားတွင် ရှိနေပြီး အဆင့်မှာ ၃၈၄ ဖြစ်၏။
အဆင့် ဇယားကြီး သုံးခုလုံးတွင် တစ်ခုစီ၌ အယောက် ၁၀၀၀၀ စီ ရှိကြပြီး အဆင့် ၁၆ ဖြစ်စေ၊ ၃၈၄ ဖြစ်စေ သူတို့မှာ ကောင်းကင်ကို အာခံနိုင်သည့် အရည်အချင်း ရှိသည့် ပါရမီရှင်များသာ ဖြစ်၏။
သူမက မြေကမ္ဘာ အဆင့်ဇယား တစ်ခုလုံးကို ရှာလိုက်သော်လည်း မိုဝူကျီ နာမည်ကို မတွေ့ပေ။
ပိုင်စုတင်းက သက်ပြင်း ချမိလိုက်သည်။ သူမ အရင်တစ်ခါ ထွက်သွားစဉ်က နှင်းခါး ပင်လယ်ထဲ တစ်ခါ သွားကြည့်ခဲ့သည်။ သို့သော် သူမ ဝင်ရောက်ပြီး နောက်တွင် ကြာကြာ မနေနိုင်တော့၍ မြန်မြန် ထွက်လာရသည်။ သူမ ကျင့်ကြံဆင့်ဖြင့်ပင် နှင်းခါး ပင်လယ်တွင် ကြာကြာ မနေနိုင်ချေ။ မိုဝူကျီက ထိုနေရာတွင် နှစ်များစွာ ကြာပြီ ဖြစ်ရာ သူ့အသက် ရှင်ဖို့ရာ ဖြစ်နိုင်ချေမှာ သုညနား ကပ်နေပြီ ဖြစ်၏။
***