ကိုးဆယ့်ကိုးလွှာကောင်းကင်ဝင်္ကပါ
Vol. 55 Ch. 761
အန်လင်းသည် မြေပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်နှင့် အပြောင်းအလဲများ ရုတ်တရက် ဖြစ်ပေါ်လာသည်။
ကြီးမားလှသော မန္တာန်ဝင်္ကပါ တစ်ခုမှာ ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီး စတင်လည်ပတ်လာလေသည်။
အားလုံးသည် ကောင်းကင်အားကြည့်ကာ အကြောက်တရားများ ဖြစ်ပေါ်လာကြသည်။
ကောင်းကင်တခွင်လုံး ပြောင်းလဲသွားလေပြီ။ အကန့်အသတ်မဲ့သော အရှိန်အဝါများ ဖြာထွက်နေသည့် ကောင်းကင်လွှာ ကိုးဆယ့်ကိုးခုတိတိ ရှိနေသည်။
ပထမ ကောင်းကင်လွှာများတွင် အလင်းနှင့်ကြယ်များ ရှိမနေပဲ ပိန်းပိတ်အောင် မှောင်မိုက်ကာ ပြင်းထန်လှသော အဖျက်စွမ်းအင်များကသာ ကီလိုမီတာပေါင်းများစွာအထိ နေရာယူထားသည်။ လေထုမှာလည်း တိုက်စားခြင်းစွမ်းအင်များ ပြည့်လျှံနေပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုလေနှင့် ထိတွေ့မိပါက အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။
ကောင်းကင်လွှာများအားလုံးတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေသည်။
ထိုကောင်းကင်လွှာများသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် ဒဏ်ရာရစေရန် လုံလောက်သည်။
ဒုတိယအဆင့် ကောင်းကင်လွှာများတွင် တိတ်ဆိတ်ခြင်းနှင့် အတိဒုက္ခများ ကြီးစိုးနေသည်။ ဆိုးရွားလှသော ချိပ်ပိတ်စွမ်းအင်များသည် ပတ်ဝန်းကျင်တခွင် နေရာယူထားပြီး ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ထိုအလွှာထဲ ဝင်သွားမိပါက အာရုံခံစားနိုင်စွမ်းများအားလုံး ချိပ်ပိတ်သွားကာ အတိဒုက္ခကို ကြုံတွေ့ရပေလိမ့်မည်။
အတိဒုက္ခအဆင့်သို့ ရောက်ရှိသွားသည်နှင့် ကြောက်မက်ဖွယ် အရာများစွာ တွေ့မြင်ရမည်ဖြစ်ပြီး နားကွဲမတက် ကျယ်လောင်သော အသံများအား ကြားယောင်နေပေလိမ့်မည်။
ထိုကောင်းကင်လွှာဆယ်ခုသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦးအား သတ်ဖြတ်နိုင်သော အစွမ်းရှိသည်။
ကောင်းကင်လွှာပေါင်း ကိုးဆယ့်ကိုးလွှာတွင် ကောင်းကင်လွှာ တစ်ခုချင်းစီသည် မူလကောင်းကင်အား အစားထိုး နေရာယူကာ အံ့အားသင့်ဖွယ် မရဏစွမ်းအင်များအား ဖန်ဆင်းထားသည်။
ကျင့်ကြံသူများမှာ ကြောက်ရွံ့လွန်းသောကြောင့် မြေပြင်ပေါ် လဲကျကုန်သည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် နဖူးမှချွေး ခြေမကျနေလေပြီ။
အန်လင်းသည် ထိုဝင်္ကပါအား တစ်ချက်မျှ ထိန်းချုပ်လိုက်ရုံဖြင့် ၎င်းတို့အား အလွယ်တကူ သတ်ပစ်နိုင်ကြောင်း အားလုံး ခံစားမိနေကြသည်။
၎င်းတို့သည် ကောင်းကင်လွှာ တစ်ခု၊ နှစ်ခုမျှ ကျော်ဖြတ်နိုင်ပါသော်လည်း ကိုးဆယ့်ကိုးလွှာလုံးအား ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။
ကျူးရှန်နှင့် လျှိုဝမ်ပင်းတို့မှာ ဖြူဖပ်ဖြူရော် ဖြစ်နေကြကြီပင်။ လျှိုမင်ရွှမ်း၏ အရှိန်အဝါဖြင့် ကာကွယ်ပေးထားသောကြောင့်သာ မဟုတ်ပါက ၎င်းတို့မှာ အကြောက်တရားကြောင့် အငွေ့ပျံနေလောက်ပြီ ဖြစ်သည်။ သို့သော် အကာအကွယ်သည်ပင် ၎င်းတို့အတွက် လုံလောက်လှသည် မဟုတ်ပေ။
ကိုးဆယ့်ကိုးလွှာသော ကောင်းကင်များ၏ အရှိန်အဝါသည် တစ်ချက်ကြည့်ရုံမျှဖြင့် တုန်လှုပ်စေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။ လျှိုဝမ်ပင်းသည် ကူကယ်ရာမဲ့စွာဖြင့် အဆုတ်ကွာမတက် ငိုကြွေးနေလေသည်။
လျှိုမင်ရွှမ်းသည် ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါအားကြည့်ကာ အမူအရာ ပြောင်းလဲသွားသည်။
ထိုဝင်္ကပါ၏ အရှိန်အဝါသည် သူ့အားစိုးရိမ်ပူပန်စေသည်။
ဝင်္ကပါစွမ်းအင်သည် သူ့အားခြိမ်းခြောက်နိုင်သည်အထိ ပြင်းထန်သည်။
ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါသည် ကောင်းကင်နှင့်မြေပြင်တို့၏ အစွမ်းအား စုပ်ယူထားသောကြောင့် အကန့်အသတ် ကင်းမဲ့လှသည်။
စွမ်းအင်အထွဋ်အထိပ်သို့ ရောက်ရှိနေချိန်တွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုများကိုပါ ခုခံနေပြီး ထိုအစစ်အမှန် နတ်ဘုရားကိုပင် ဝင်္ကပါထဲ ပိတ်ထားပစ်နိုင်သည်။
ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးမားဆုံး ဝှက်ဖဲတစ်ချပ်ပင်။
"ခင်ဗျားကို ပြောပြီးသားပါ။ ဒါက ကျုပ်ဂိုဏ်း အဲ့ဒါကြောင့် ကျုပ်စကားက အတည်ပဲ။"
အန်လင်း၏ စကားသံမှာ နတ်ဘုရားတစ်ပါး၏ အမိန့်တော်အလား သြဇာအာဏာ ပြည့်ဝနေသည်။
ရောက်ရှိနေကြသော ကျင့်ကြံသူများအားလုံးမှာ ကောင်းကင်ဘုံ၏ အမျက်ဒေါသနှင့် ရင်ဆိုင်နေရသလို အလန့်တကြား ဖြစ်နေကြသည်။
လျှိုမင်ရွှမ်း၏ ကြည်လင်နေသော ကောင်းကင်ဓားမှာလည်း ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုကြောင့် အလွန်အမင်း တုန်ခါနေသည်။
အခြေအနေမှာ အထွဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။
လျှိုမင်ရွှမ်းသည် ကောင်းကင်ဓားနှင့်အတူ သူ၏အရှိန်အဝါကိုပါ ရုတ်သိမ်းလိုက်သည်။
ထိုသည်ကို မြင်သောအခါ အန်လင်းလည်း ခြေတစ်လှမ်းဆုတ်ကာ ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါကို ပျောက်ကွယ်သွားစေလိုက်သည်။
ကောင်းကင်မှာ ပုံမှန်အတိုင်း ပြန်လည်ကြည်လင်သွားလေသည်။
နွေးထွေးသော နေရောင်ခြည်အောက်တွင် ကျင့်ကြံသူများအားလုံး စိတ်သက်သာရာရကာ ငိုပင်ငိုမိကြသည်။
ဘုရားရေ...... ငြိမ်းချမ်းရေးက တကယ်ကောင်းတဲ့ အရာပဲ.......
တိုက်ပွဲမဖြစ်သွားတာ ကျေးဇူးတင်လိုက်တာ...... မဟုတ်ရင် ငါတို့အကုန် ငါးပါးမှောက်ကုန်တော့မှာ........
လျှိုမင်ရွှမ်းသည် အန်လင်းအား တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် သူ၏နောက်တွင် ရှိနေသော အဖွားအိုနှင့် ကလေးမလေးအား ကြည့်ရှုလိုက်သည်။
အန်လင်း၏ ဝှက်ဖဲများအားလုံးသည် သူ့အား အမှန်တကယ် အံ့အားသင့်စေ၏။
သို့သော် အံ့သြစရာ အကောင်းဆုံးမှာ အန်လင်းသည် သိပင်မသိသော သေမျိုးလူသား နှစ်ဦးအတွက် ထိုဝှက်ဖဲများထုတ်ကာ သူ့အားစိန်ခေါ်လာခြင်း ဖြစ်သည်။
"ဘာလို့လဲ။"
လျှိုမင်ရွှမ်း နားမလည်နိုင် ဖြစ်မိသည်။
"ဒါက ကျုပ်ဂိုဏ်းလေ။ ခင်ဗျားတို့ပုံစံကို ကျုပ်မကြိုက်ဘူး။ ရှင်းရှင်းလေးပါ။"
အန်လင်း တဲ့တိုးပြောချလိုက်သည်။
လျှိုမင်ရွှမ်း : "........."
တစ်ကမ္ဘာလုံး၏ အထက်တွင် ရှိနေခဲ့သော ဓားအင်မော်တယ်ကြီး တိတ်ဆိတ်သွားသည်။
သူ၏စိတ်ထဲတွင် တွေဝေခြင်းများ ပြည့်နှက်နေသည်။
အဆုံးတွင်မူ လျှိုချင်းဟွမ်အားကြည့်ကာ သက်ပြင်းချလိုက်သည်။
"သွားရအောင်။"
ကောင်းကင်ဓားဂိုဏ်း အဖွဲ့ဝင်များမှာ ဂိုဏ်းချုပ်ဖြစ်သူအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိကြသည်။
ဂိုဏ်းချုပ်က အလျှော့ပေးလိုက်တာလား........ တကယ်ကြီးလား.......
ကျူးရှန်မှာ စိတ်ဝိဉာဉ် မရှိတော့ဟန်ဖြင့် လျှိုမင်ရွှမ်းနောက်မှ လိုက်ပါသွားသည်။
လျှိုဝမ်ပင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး မည်သည့်စကားမှ မပြောနိုင်တော့ပေ။
"ဂိုဏ်းချုပ်လျှို.......ကျုပ်အကြံပေးချင်တာရှိတယ်။"
အန်လင်း ရုတ်တရက် စကားဆိုလိုက်သည်။
လျှိုမင်ရွှမ်း၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။
"ခင်ဗျားသားကို ကောင်းကောင်းလေး ဆုံးမထားသင့်တယ်။ အခု ဒီလောက်အသက်ငယ်ငယ်လေးမှာတောင် အဲ့ကလေးက အန္တရာယ်များတဲ့လမ်းကို လျှောက်နေပြီ။"
"ဒီအတိုင်း ဆက်သွားနေရင် သွားမရှုပ်သင့်တဲ့သူကို ရှုပ်မိပြီး စောစောစီးစီး ဘဝပြောင်းသွားလိမ့်မယ်။ အဲ့အချိန်ရောက်မှ ခင်ဗျား နောင်တရနေလည်း မှီမှာမဟုတ်တော့ဘူး။"
လျှိုမင်ရွှမ်း : "..........."
ကျူးရှန် : "........."
စောင့်ကြည့်နေသူများ : "........"
လျှိုဝမ်ပင်းလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။
လျှိုမင်ရွှမ်းမှာ အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ထွက်ခွာသွားတော့သည်။
ထိုသို့ဖြင့် ကောင်းကင်ဓားဂိုဏ်းမှာ စုကျိုးအင်မော်တယ်ဂိုဏ်း၏ အခမ်းအနားတွင် ရှိမနေတော့ပေ။
တိတိကျကျ ပြောရလျှင် ၎င်းတို့သည် အန်လင်း၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။
"တောင်းပန်ပါတယ် အန်လင်း........ ငါလည်း ပြဿနာတွေ မဖြစ်စေချင်ပါဘူး။"
လျှိုချင်းဟွမ် အားတုံ့အားနာဖြစ်စွာ ပြောလိုက်သည်။
"ခင်ဗျား အမှားမဟုတ်ပါဘူး။"
အန်လင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။
"ဒါပေမယ့် ခင်ဗျား မိသားစုက တကယ့်ငကြောင်တွေချည်းပဲ။ ကျူးရှန်က အော်စကာရလောက်တဲ့ မိန်းမ၊ လျှိုဝမ်ပင်းကတော့ မလောက်လေးမလောက်စား အမှိုက်ကောင်လေး ပြီးတော့ ခင်ဗျားအဖေ သြဇာအာဏာ ကြီးမားတဲ့ ဓားအင်မော်တယ် ဖြစ်နေပြီးတော့ ကိုယ့်သားကိုယ်တောင် လမ်းမှန်ရောက်အောင် မဆုံးမနိုင်ဘူး။"
လျှိုချင်းဟွမ်မှာ အန်လင်းစကားကြောင့် အားပါးတရ ရယ်မောလိုက်သည်။ ဖြာကျနေသော နေရောင်ခြည်အောက်တွင် သူမ၏ မျက်နှာလေးမှာ တောက်ပလို့နေသည်။
"အဲ့ဒါကြောင့် ငါအိမ်မပြန်ချင်တာလေ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။"
အားလုံးမှာ အန်လင်းအား ကြည့်ရှုနေကြပါသော်လည်း ၎င်းတို့၏ မျက်ဝန်းထဲတွင် အထင်သေးမှုများ ရှိမနေတော့ပေ။
ယုန်နှစ်ကောင်အား ကယ်တင်ရန် ရှေးဟောင်းသားရဲအား စိန်ခေါ်သူကို မည်သူမဆို ငတုံးဟု သမုတ်ကြပေလိမ့်မည်။
သို့သော် ထိုသားရဲအား နှင်ထုတ်နိုင်ခဲ့ပါက အားလုံးမှ သူရဲကောင်းသဖွယ် ဆက်ဆံကြမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ပြဿနာ ဖြစ်စေခဲ့သော ယုန်နှစ်ကောင်အား မည်သူကမှ အရေးစိုက်နေမည် မဟုတ်ပေ။
အန်လင်းအား ကျိန်ဆဲခဲ့ကြသော အမျိုးသမီး ကျင့်ကြံသူများသည် ယခုအခါ ချီးကျူးမဆုံးဖြစ်ကာ သဘောကျနေကြသည်။ အချို့ဆိုလျှင် သေမျိုးလူသား နှစ်ဦးအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့သော အန်လင်းအား ကြင်နာသဘောကောင်း မနောဖြူသူဟုပင် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
ယနေ့မှစ၍ စုကျိုးအင်မော်တယ်ဂိုဏ်းအား အထင်သေးရဲသူ ရှိမည်မဟုတ်တော့ပေ။
လျှိုမင်ရွှမ်းကိုပင် နှင်ထုတ်နိုင်သောဂိုဏ်းအား မည်သူလျှော့တွက်ရဲပါသနည်း။
အင်ပါယာမိသားစု ကိုးခုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းသည် အချင်းချင်း ဆက်သွယ်ကာ ဂုဏ်ပြုလက်ဆောင်များ တိုးသင့်မတိုးသင့် ဆွေးနွေးနေကြသည်။
"သူတို့က တကယ့်အကောင်ကြီးကြီး၊ အမြှီးရှည်ရှည်ပဲ။ အဲ့အမြှီးကို သေချာဆွဲထားသင့်တယ်။"
"ဒါပေမယ့် ငါတို့က စုကျိုးအင်မော်တယ်ဂိုဏ်းဘက်မှာနေရင် ကောင်းကင်ဓားဂိုဏ်းကို ဆန့်ကျင်သလို ဖြစ်မနေဘူးလား။ ဂိုဏ်းနှစ်ခုက အခုကစပြီး ရန်ကြွေးရှိသွားမယ့်ဟာကို။"
"ဟုတ်တယ်...... ကောင်းကင်ဓားဂိုဏ်းက လက်စားချေခဲ့ရင် ငါတို့ကိုပါ ထိခိုက်လာလိမ့်မယ်။"
"ဒါပေမယ့် တခြားဂိုဏ်းကြီးတွေကလည်း စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ တော်တော်ရင်းနှီးတယ်လေ။ ကောင်းကင်ဓားဂိုဏ်းက မကျေနပ်ရင်တောင် လှုပ်ရှားနိုင်ပါ့မလား။"
ထိုအချိန်တွင် ကြေညာချက်တစ်ခု ပေါ်ထွက်လာသည်။
"ကောင်းကင်နတ်မိမယ် ထျန်းယွီ ရောက်ရှိလာပါတယ်။"