ကံကြမ္မာဖန်သူ
Vol. 55 Ch. 762
ရိုးရှင်းသော တာအိုဝတ်စုံအား ဆင်မြန်းထားသည့် အမျိုးသမီး တစ်ဦးသည် အန်လင်းနားသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။
သူမ၏ ရောက်ရှိလာမှုသည် စောင့်ကြည့်နေသူများအားလုံး၏ အာရုံကို ဆွဲခေါ်သွားနိုင်သည်။
သူမ ကိုယ်စားပြုနေသော အင်အားစုသည် အရေးပါလှသောကြောင့် မည်သူကမှ ဂရုမစိုက်ပဲ မနေနိုင်ပေ။
ကိုးပြည်ထောင်တွင် ကောင်းကင်ဘုံခုံရုံးသည် လူသားမျိုးနွယ်အား အုပ်စိုးပြီး ဂိုဏ်းကြီးလေးဂိုဏ်းထက်ပင် များစွာသာလွန်သော အနေအထားတွင် ရှိသည်။
ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင် ကောင်းကင်ဘုံခုံရုံး၏ သြဇာအာဏာမှာ ပထမအဆင့် ဖြစ်သည်။
ကျင့်ကြံသူများသည် ကောင်းကင်နတ်မိမယ် ထျန်းယွီအား မမြင်ဖူးပါသော်လည်း သူမအကြောင်း မကြားဖူးသူ မရှိပေ။ သူမသည် ကောင်းကင်အရှင်သခင်၏ သတ္တမမြောက်နှင့် အချစ်ရဆုံး သမီးတော်လေး ဖြစ်သည်။ သူမ ရောက်ရှိလာခြင်းနှင့်ပင် စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် ထားရှိသော ကောင်းကင်ဘုံခုံရုံး၏ သဘောထားအား ခန့်မှန်းရန် လုံလောက်ပြီပင်။
"ကောင်းကင်ဘုံခုံရုံးကတောင် ဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို ရောက်လာတယ်ဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းက တကယ်အင်အားကြီးတာပဲ။"
"ကောင်းကင်ဘုံခုံရုံးက ကျောထောက်နောက်ခံ ရှိနေမှတော့ ကောင်းကင်ဓားဂိုဏ်းကို ဘယ်ကြောက်တော့မလဲ။"
"မြန်မြန်.... တစ်ယောက်ယောက်ကို ဂုဏ်ပြုလက်ဆောင်တွေ ထပ်ပေးလာဖို့ပြောလိုက်။ ခုနက လက်ဆောင်တွေက ပထမတစ်ပိုင်းအတွက်လို့..... အခုက ဂိုဏ်းဖွင့်ပွဲ အခမ်းအနားရဲ့ ဒုတိယပိုင်း ရောက်နေပြီလို့ပြောလိုက်။"
ရောက်ရှိနေသော ကျင့်ကြံသူများအားလုံးသည် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် ဆက်ဆံရေး ပြေလည်စေရန်အတွက် ဦးနှောက်ခမ်းအောင် တွေးတောနေရလေပြီ။
အချို့ဂိုဏ်းများသည် စုကျိုးအင်မော်တယ်ဂိုဏ်းနှင့် မဟာမိတ် မဖြစ်လိုပါသော်လည်း ပြဿနာလည်း မတက်ချင်ကြပေ။
"အန်လင်း.... ခုနက တကယ်ပွဲကြီးပွဲကောင်းပဲနော်။ နင်က ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားငယ်လို့ကို မပြောရဘူး။"
လင်ကျွင်းကျွင်း တင့်တယ်စွာ ပြုံးလိုက်သောကြောင့် သူမ၏ပုံစံမှာ ပန်းချီကားထဲမှ နတ်မိမယ်လေးအလား ပိုမိုလှပသွားသည်။
သူမသည် အန်လင်းအား ချီးကျူးနေသည်ဟု ထင်ရပါသော်လည်း ကောင်းကင်ဘုံခုံရုံး၏ စစ်နတ်ဘုရားငယ်ဟူသော ဂုဏ်ပုဒ်အားထည့်ကာ ကောင်းကင်ဘုံခုံရုံး၏ဂုဏ်အား မြှင့်တင်လိုက်ခြင်းပင်။
"ခင်ဗျားလည်း ဒီနားမှာ ရှိနေတာလား။"
အန်လင်း မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ဒါပေမယ့် နင်ကြွားနေတာတွေ ဝင်မပါချင်လို့ အခုမှလာလိုက်တာ။"
လင်ကျွင်းကျွင်း ပြုံးကာပြောလိုက်သည်။
အန်လင်း : "..........."
အဲ့လောက်ထိ ရိုးသားပြနေစရာ လိုလို့လား.......
"စုကျိုးအင်မော်တယ်ဂိုဏ်းက ငါ့ကိုတကယ် အံ့သြစေတာပဲ။ ဒါပေမယ့် အဓိကဇာတ်လိုက်က ကောင်းကင်ဘုံခုံရုံးရဲ့ ဧကရာဇ်ချန်းရှန် ဖန်တီးထားတဲ့ ဝင်္ကပါပြား ထင်တယ်နော်။ အဲ့ဝင်္ကပါကြောင့်ပဲ ကမ္ဘာပေါ်မှာ အတော်ဆုံး ဓားအင်မော်တယ်ကို နှင်ထုတ်လိုက်နိုင်တာမလား။"
လင်ကျွင်းကျွင်းမှာ တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းအားကြည့်ကာ ချီးကျူးလိုက်သည်။
အန်လင်း မျက်နှာပျက်သွားသည်။
ဒင်းက မပြီးနိုင် မစီးနိုင် ကောင်းကင်ဘုံခုံရုံးကိုပဲ မရရအောင် ရှာကြံပြီး ချီးကျူးနေတော့မှာလား.......
ထိုအချိန်တွင် တပိုင်မှာ အန်လင်းနားသို့ အပြေးအလွှား ရောက်ရှိလာသည်။
"အစ်ကိုကြီးအန်က အရမ်းမိုက်တာပဲ။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားနဲ့ ရင်ဆိုင်ရတာတောင် တည်တည်ငြိမ်ငြိမ် နေနိုင်တယ်။ အဲ့ဒါတင် မကသေးဘူး ကောင်းကင်ဓားဂိုဏ်းကိုလည်း နှင်ထုတ်လိုက်နိုင်သေးတယ်။ အစ်ကိုကြီးအန်က တကယ့်ပါရမီရှင်ပဲ။ အစ်ကိုကြီးလောက် တော်တဲ့ဂိုဏ်းချုပ် ရှိမှာမဟုတ်ဘူး...... ဝုတ်။"
"ဘာမှမဟုတ်ပါဘူး။ ရေးကြီးခွင်ကျယ် လုပ်မနေနဲ့။"
အန်လင်း ပြုံးကာပြောလိုက်သည်။
ဟမ့်...... ဒါမျိုးပဲ ဖြစ်သင့်တာပေါ့...... ချီးကျူးတယ်ဆိုတာ ဒီလိုဖြစ်သင့်တာလေ........
လင်ကျွင်းကျွင်း ချစ်စဖွယ်ကောင်းစွာ မျက်စောင်းထိုးလိုက်သည်။
ထိုအချိန်တွင် အန်လင်းနောက်မှ ကလေးမလေးမှာလည်း လှမ်းကြည့်လာလေသည်။
တီနာ ကယ်တင်ပေးထားသော အဖွားအိုမှာလည်း အန်လင်းနှင့် တပိုင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အစောပိုင်းတွင် အခြေအနေများ ရှုပ်ထွေးနေသောကြောင့် ၎င်းတို့သည် အန်လင်းအား သေသေချာချာ အာရုံမစိုက်ခဲ့ပေ။
သို့သော် တပိုင်အား တွေ့လိုက်ရသောအခါ အရာအားလုံး ဆက်စပ်မိသွားပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၊ ကြီးမားလွန်းသော ခွေးကြီးတစ်ကောင်အား ၎င်းတို့ပြန်လည်အမှတ်ရလာသည်။
ခွေးကြီးအားစီးကာ မိုးကုပ်စက်ဝိုင်းထံ တိုးဝင်သွားသော ပုံရိပ်အား ဘယ်သောအခါမှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
ကလေးမလေးသည် အန်လင်းအားကြည့်ကာ မျက်လုံးအပြူးသားနှင့် တွေဝေနေပုံ ရသည်။
အဆုံးတွင်မူ သတ္တိများကိုစုကာ တုန်ရီစွာ ရေရွတ်လိုက်သည်။
"ခွေး..... ခွေးစီးသူရဲကောင်း......"
သူမ၏ စကားသံမှာ တိုးညင်းပါသော်လည်း အားလုံးသည် ကျင့်ကြံသူများ ဖြစ်သောကြောင့် မကြားပဲ မနေကြပေ။
တပိုင်သည် ခွေးဟူသော စကားကြောင့် နားရွက်ထောင်လာပြီး အန်လင်းမှာ သူရဲကောင်းဟူသော စကားကြောင့် စိတ်ဝင်စားသွားသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးလုံးမှာ ကလေးမလေးအား ကြည့်ရှုလိုက်ကြလေသည်။
"ကလေးမ..... ငါ့ကို ခေါ်နေတာလား။"
အန်လင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။
"အစ်ကိုကြီးအန်....... ဒီကလေးကို ရင်းနှီးနေသလိုပဲ..... ဝုတ်။"
တပိုင်၏ မျက်ဝန်းများ တောက်ပလာသည်။
"မကောင်းဆိုးဝါးကောင်...... ဒီလောက်ငယ်တဲ့ ကလေးကို စိတ်ဝင်စားနေစရာလား။"
အန်လင်းမှာ တပိုင်၏ စကားကြောင့် ဒေါသထွက်သွားရသည်။
ကလေးမလေးသည် အန်လင်းအား သေသေချာချာ ကြည့်ရှုလိုက်သည်။
"ခွေးစီးသူရဲကောင်း..... သမီးလေ။ အရင်တစ်ခါ သမီးတို့ တွေ့တုန်းက သမီးတို့ မြေးအဖွားက စိတ်ဝိဉာဉ်ကျောက်တုံး နှစ်ရာ လိမ်ဖို့လုပ်ပေမယ့် ကိုကြီးက ငါးရာတောင် ပေးသွားတယ်လေ။"
ကလေးမလေးမှာ စကားဆိုနေရင်း မျက်ရည်များ စီးကျလာသည်။
အန်လင်းနှင့် ဒုတိယအကြိမ် တွေ့ဆုံရခြင်းမှာ ပျော်ရွှင်စရာ ဖြစ်သင့်သည်။
ပထမအကြိမ် တွေ့ခဲ့စဉ်က အန်လင်းအား လိမ်လည်ရန် ကြိုးစားခဲ့သောကြောင့် သူမစိတ်ထဲတွင် ခံစားချက်များ ရောယှက်နေသည်။
ကလေးမလေးသည် ၎င်းတို့တွေ့ဆုံခဲ့ပုံကို ပြန်လည်ပြောပြနေပါသော်လည်း နှလုံးသားထဲတွင် နောင်တတရားများ တလှိမ့်လှိမ့် တက်လာလေသည်။
ကလေးမလေး ကြေကွဲဝမ်းနည်းစွာ ပြောလိုက်သည်။
"ဝါး...... သမီး.... သမီး..... ခွေး.... စီးသူရဲကောင်း ကိုကြီးက လူကောင်းပဲ။ ဒါပေမယ့် ကိုကြီးရဲ့ ကျေးဇူးကို သမီးက ဒီလိုပုံစံနဲ့ ဆပ်လိုက်တယ်။ သမီးက တကယ် မကောင်းတဲ့သူပဲ.... ဝါး......"
ကလေးမလေးမှာ ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသည်။
အန်လင်းသည် ကလေးမလေးအား ပွေ့ချီကာ ပြုံးပြလိုက်လေသည်။
"ငါမှတ်မိပြီ။ မင်းက လေဟာပြင်ပြည်နယ်က ကလေးမလေးပဲ။ တော်တော်လှလာပါလား။ စိတ်ဝိဉာဉ်ကျောက်တုံး ငါးရာပေးခဲ့တာက မင်းအဖွား ကျန်းမာရေး အတွက်လေ။ အခု အဖွားက ကျန်းကျန်းမာမာရှိနေတော့ ငါလည်း မြင်ရတာ စိတ်ချမ်းသာတာပေါ့။"
"ဒါပေမယ့် သမီး....."
ကလေးမလေးမှာ စိတ်မကောင်း ဖြစ်နေဆဲပင်။
သို့သော် အန်လင်းမှာ သူမ၏ နှုတ်ခမ်းအား လက်ညှိုးဖြင့် ပိတ်လိုက်သည်။
"အဲ့တုန်းက မင်းတို့ အခြေအနေကို ငါးနားလည်တယ်။ အဖွားအတွက် ဆေးဖိုးလိုနေခဲ့တာလေ..... ဟုတ်တယ်မလား။"
ကလေးမလေး အသည်းအသန် ငိုကြွေးတော့သည်။
"ကိုကြီးက အရမ်းကောင်းတာပဲ။"
စောင့်ကြည့်နေသူများမှာလည်း ကံကြမ္မာ၏ ဆန်းကြယ်ပုံကို အံ့အားသင့်နေမိကြသည်။
ဗာမီလီယမ်ငှက်ဂိုဏ်းနှင့်အတူ ရှိနေသော စုရှောင်လန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
"အန်လင်းက မိန်းကလေးတွေနဲ့ ပက်သတ်ပြီး တော်တော်ကံပါတာပဲ။ စိတ်ဝိဉာဉ်ကျောက်တုံး ငါးရာတည်းနဲ့ ကလေးမလေးရဲ့စိတ်ကို သိမ်းပိုက်လိုက်တယ်။ ဒီအရင်းအနှီးက တကယ်မဆိုးဘူးပဲ။"
လန်ရန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟဲ့..... ရှောင်လန် နင်ကလေးမလေးကို သဝန်တိုနေတာတော့ မဟုတ်ဘူးမလား။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"အဲ့ခေါင်းထဲမှာ တစ်နေ့တစ်နေ့ ဘာတွေတွေးနေတာလဲ။"
မိုဟိုင်မှာ အခွင့်အရေးအား အမိအရယူကာ အန်လင်းကို ကူညီပေးလိုက်သည်။
"ရှောင်လန်..... ငါကတော့ မင်းတစ်ခုခု လုပ်ထားသင့်တယ် ထင်တာပဲ။ မင်းနဲ့အန်လင်းရဲ့ နှစ်တစ်ရာ သဘောတူညီချက် ပြည့်တဲ့အချိန်ကြရင် ဒီကလေးမလေးလည်း အရမ်းကို လှသွေးကြွယ်နေလောက်ပြီ။"
လန်ရန်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဒီကလေးမလေးက အရမ်းကို ချစ်ဖို့ကောင်းတယ်။ နောက်ကြရင်လည်း သိပ်လှတဲ့ အပျိုမလေး ဖြစ်လာမှာ သေချာတယ်။ အန်လင်းက သူမ ငွေလိုနေတဲ့ အချိန်မှာ စိတ်ဝိဉာဉ်ကျောက်တုံး ငါးရာပေးခဲ့တဲ့အပြင် သူမအတွက်နဲ့ ကောင်းကင်ဓားဂိုဏ်းကိုလည်း ရင်ဆိုင်ခဲ့သေးတယ်။ ကျွတ်.... ကျွတ် ပြောရရင် ဒီကိစ္စတွေက ပေါ့ပေါ့သေးသေး မဟုတ်ဘူးနော်။ ကလေးမလေးက အန်လင်း ကျေးဇူးတွေကို သေတဲ့အထိ မေ့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူမ အရွယ်ရောက်လာလို့ ဘဝတစ်ခုလုံးနဲ့ရင်းပြီး ကျေးဇူးဆပ်နေရင် ဘယ်လိုလုပ်မလဲ။ နင်အဲ့ဒါကို တွေးမပူဘူးလား။"
စုရှောင်လန် မျက်နှာပျက်သွားသည်။
"ငါတကယ် တစ်ခုခုလုပ်ဖို့ လိုလာပြီလို့ ခံစားနေရတယ်။"
အားလုံးမှာ ဝါးခနဲနေအောင် ရယ်မောလိုက်ကြလေသည်။
စုရှောင်လန်မှာအူ အမှန်တကယ် စိတ်အဆင်မပြေ ဖြစ်နေသည်။
နှစ်တစ်ရာ သဘောတူညီချက်က တကယ်ကြာလွန်းနေတာလား...... အချိန်ကာလကို တိုပေးလိုက်ရမလား.....
ထို့နောက် ခေါင်းခါယမ်းကာ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
"ဟူး..... ငါဘာလို့ အတွေးများနေရတာလဲ။ အန်လင်းကို မယုံသင့်ဘူးလား။ အရည်အချင်းရှိတဲ့ ယောက်ျားကို မိန်းကလေးတိုင်း သဘောကျတာ သဘာဝပဲလေ။ ဒါပေမယ့် အန်လင်းချစ်တာ ငါတစ်ယောက်တည်းပဲ။"
အန်လင်းမှာ ကလေးမလေးအားကြည့်ကာ ပြုံးလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီကိုရောက်လာရတာလဲ။"
ကလေးမလေးသည် တပိုင်အား တွေ့လိုက်ရချိန်မှသာ သူ့အားမှတ်မိသွားခြင်း ဖြစ်သည်။
သေမျိုးလူသား နှစ်ဦးသည် အင်မော်တယ်ဂိုဏ်းဖွင့်ပွဲသို့ ရောက်ရှိလာသည်မှာ ပုံမှန်မဟုတ်ပေ။
"နွားနှာခေါင်းနဲ့ တာအိုသခင်ကြီးတစ်ယောက်က ဒီကိုလာရင် ကံကြမ္မာဖန်တဲ့သူနဲ့ တွေ့မယ်ဆိုလို့ပါ။"
ကလေးမလေး စကားဆိုလိုက်သည်။
"နွားနှာခေါင်းနဲ့ တာအိုသခင်......."
အန်လင်းမှာ စိတ်ကူးထဲ ပုံဖော်၍ မရပေ။
"သူနဲ့ပက်သတ်တဲ့ တခြားသတင်းအချက်အလက်တွေရော ရှိလား။ သူ့နာမည်က ဘယ်သူလဲ။ ဒါမှမဟုတ် သူကဘယ်ဂိုဏ်းကလဲ။"
ကလေးမလေး ခေါင်းခါပြလာသည်။
"သူမအကြောင်း ဘာမှမသိဘူး။ ဒါပေမယ့် အဲ့လူကြီးက အရမ်းသန်မာပြီး မိုးပေါ်လည်း ပျံနိုင်တယ်။ သူပြောတာက သမီးရဲ့ အနာဂတ်ကို တွေ့တယ်တဲ့။ ဒီကိုလာရင် ကံကြမ္မာရှိတဲ့သူနဲ့ ဆုံမယ်ပြောလို့ လာဖို့ဆုံးဖြတ်လိုက်တာ။"
အန်လင်းမှာ နွားနှာခေါင်းနှင့် တာအိုသခင်အား အမှန်တကယ် တွေ့ချင်နေမိသည်။
ကလေးမလေးနှင့်သူတို့ တွေ့ဆုံဖူးသည်ကို မည်သူမှ မသိကြပေ။
သို့သော် ထိုတာအိုသခင်သည် ကံကြမ္မာကြိုးမျှင်အား ခန့်မှန်းနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်းမှာ အတွေးလွန်တတ်သူ မဟုတ်ပေ။ သူသည် ကလေးမလေးအား အမှန်တကယ် သဘောကျသောကြောင့် ထိုသည်ကပင် လုံလောက်နေပြီ ဖြစ်သည်။
အန်လင်း ကလေးမလေးအား ညင်သာစွာ မေးလိုက်သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ။"
"သမီးနာမည်က ယဲ့လင်ပါ။"
ကလေးမလေးမှာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးနိုင်ပြီ ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထို့နောက် အဖွားဖြစ်သူကိုပါ ညွှန်ပြလိုက်သည်။
"သမီး ဖွားဖွားက ရှန့်ရူရွှမ်းတဲ့။"
"ငါ့နာမည်က အန်လင်းပါ။"
အန်လင်းသည်လည်း အပြန်အလှန် မိတ်ဆက်လိုက်သည်။
"ကိုကြီးအန်လင်း......"
ကလေးမလေး၏ အပြုံးများမှာ ချိုမြိန်တောက်ပနေလေသည်။