ဂိုဏ်းတည်ထောင်ခြင်းအခမ်းအနားမိန့်ခွန်း
Vol. 55 Ch. 763
အန်လင်းသည် ယဲ့လင်နှင့် ရှန့်ရူရွှမ်းတို့အား အထူးဧည့်သည်နေရာတွင် ထိုင်စေလိုက်သည်။
ကောင်းကင်ဓားဂိုဏ်းနှင့် စုကျိုးအင်မော်တယ်ဂိုဏ်းတို့၏ ပဋိပက္ခအား တက်ရောက်လာသော အင်မော်တယ်ဂိုဏ်းများမှ ဆွေးနွေးနေကြဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ထိုပြဿနာသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အဆင့်အတန်းအား များစွာမြင့်တက်သွားစေသည်။ အင်မော်တယ်ဂိုဏ်း ကိုယ်စားလှယ် အများစုသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား အင်ပါယာမိသားစုကိုးခုနှင့် တစ်တန်းတည်းထားကာ တွေးနေကြပြီ ဖြစ်သည်။
ဂိုဏ်းချုပ်များမှာ အန်လင်းအား လေးလေးစားစား ဆက်ဆံကြသည်။
သို့သော် အန်လင်းမှာ စိတ်မသက်မသာ ဖြစ်နေရလေသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် အဖိုးအိုတစ်ဦးသည် သူ့အား စီနီယာအန်လင်းဟု ခေါ်ဆိုလာသည် မဟုတ်လော။
ထိုစဉ်က အန်လင်းမှာ မည်သို့တုံ့ပြန်ရမည် မသိအောင် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။
ယီးထဲမှ...... ခင်ဗျားက ကျုပ်ထက်လည်း ကျင့်ကြံရေးအဆင့် မြင့်တယ်...... ကျုပ်ထက်လည်း အသက်ကြီးရဲ့သားနဲ့ ဘာလို့ စီနီယာလို့ ခေါ်နေရတာတုန်း.......
အန်လင်းသည် ကျင့်ကြံသူ အဖိုးအို၏ စီနီယာဟူသော အခေါ်အဝေါ်အား ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပါသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ အန်လင်းသည် ထိုက်ချူကုန်းမြေ၏ အတော်ဆုံး ဓားအင်မော်တယ်အား စိန်ခေါ်ရဲသောကြောင့် ၎င်း၏စံပြပုဂ္ဂိုလ် တစ်နည်းအားဖြင့် စီနီယာ ဖြစ်သင့်သည်ဟု ဆိုလာသည်။
အန်လင်းမှာ ဘာမှမပြောနိုင်တော့ပေ။ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစား ဆိုသည့်အတိုင်း အဖိုးအို စိတ်ပျော်သလို လွှတ်ထားပေးလိုက်ရသည်။
ကိုးပြည်ထောင်၏ အရေးပါသော ဂိုဏ်းကိုယ်စားလှယ်များစွာ ရောက်ရှိနေပြီဖြစ်ပြီး စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲ အခမ်းအနားမှာလည်း စတင်တော့မည်ပင်။
ကောင်းကင်ဘုံခုံရုံး၏ ကိုယ်စားလှယ်၊ ဂိုဏ်းကြီးသုံးဂိုဏ်း၊ အင်ပါယာမိသားစုကိုးခု၊ ပထမအဆင့် ဂိုဏ်းကြီးငါးဆယ့်ငါးခုနှင့် အလယ်အလတ်အဆင့် အင်အားကြီး ဂိုဏ်းပေါင်းငါးရာကျော်တို့သည် အာကာပြင်မီးခိုးကျောက်စိမ်းဖြင့် တည်ဆောက်ထားသော တာအိုကွင်းပြင်၌ စုဝေးနေကြသည်။ ရောက်ရှိနေကြသော ကျင့်ကြံသူ စုစုပေါင်းမှာ တစ်သောင်းကျော်မျှ ရှိပေသည်။
အန်လင်းသည် တာအိုကွင်းပြင်၏ စင်မြင့်ထက်သို့ လျှောက်လှမ်းလာရင်း ဂုဏ်ပြုရန် လာရောက်ခဲ့ကြသော ကိုးပြည်ထောင်တခွင်မှ ဂိုဏ်းကိုယ်စားလှယ်များအားကြည့်ကာ ဂုဏ်ယူပီတိများ ဖြစ်လာသည်။
ဒီလူတွေအားလုံးက ငါတို့ရဲ့ဂိုဏ်းကို ဂုဏ်ပြုဖို့ ရောက်လာကြတာပဲ......
စင်မြင့်ထက်တွင် ရှိနေသော အန်လင်း၏ မျက်ဝန်းများမှာ တောက်ပနေပြီး အဖြူရောင်ဝတ်စုံမှာလည်း တင့်တယ်လိုက်ဖက်နေသည်။ ပုခုံးကျော်ခန့်ရှည်သော ဆံပင်များသည် လေနှင့်အတူ ဝေ့ဝဲကာ တော်ဝင်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
အားလုံးမှာ အန်လင်းကိုသာ အာရုံစိုက်နေကြသည်။
အမျိုးသမီး ကျင့်ကြံသူများဆိုလျှင် စင်မြင့်ထက်ရှိ လူငယ်လေးအားကြည့်ကာ ချစ်ခင်နှစ်သက်နေကြသည်။
အမျိုးသား ကျင့်ကြံသူများသည်ပင် ကြင်နာသဘောကောင်းကာ ရဲရင့်လွန်းသော အန်လင်းအား လေးစားအားကျနေမိကြသည်။
ထိုအချိန်တွင် အန်လင်းမှာ အရောင်အဝါများ ဖြာထွက်နေသလိုပင်။
ထိုသည်မှာ ဂိုဏ်းချုပ်ဟူသည့် အဆင့်အတန်းကြောင့် မဟုတ်ပဲ ရဲစွမ်းသတ္တိနှင့် ခွန်အားတို့ကြောင့် ဖြစ်သည်။
အန်လင်း လည်ချောင်းရှင်းကာ ဂိုဏ်းတည်ထောင်ခြင်း မိန့်ခွန်းအား စတင်ပြောကြားလိုက်သည်။
ပထမဆုံးအနေဖြင့် မအားလပ်သော လုပ်ငန်းတာဝန်များကြားမှ စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲအခမ်းအနားသို့ တကူးတက အချိန်ပေးကာ ရောက်ရှိလာသော ဂိုဏ်းကိုယ်စားလှယ်များအား ကျေးဇူးတင်လိုက်သည်။
၎င်းတို့သည် ဂုဏ်ပြုလက်ဆောင်များ သယ်ဆောင်လာကြသောကြောင့် အန်လင်းအနေဖြင့် ကျေးဇူးတင်ရမည်ပင်။
ထို့နောက် စုကျိုးအင်မော်တယ်ဂိုဏ်း တည်ထောင်ဖြစ်ခဲ့သော အကြောင်းများကို ဆက်လက်ပြောကြားလိုက်သည်။
အတိတ်ကာလများတွင် အန်လင်းသည် ပျင်းရိဖွယ်ကောင်းကာ အဓိပ္ပါယ် ကင်းမဲ့သော အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မိန့်ခွန်းအား အမြဲလိုလို မုန်းတီးခဲ့သည်။
သို့သော် သူကိုယ်တိုင် မိန့်ခွန်းပြောရသော အချိန်မှသာ လူအများရှေ့တွင် စကားပြောရသည်မှာ အလွန်ကောင်းမွန်ကြောင်း သိရှိလိုက်ရသည်။
ထောင်သောင်းချီသော ကျင့်ကြံသူများသည် ထိုမိန့်ခွန်းဆိုနေသူကိုသာ အာရုံစိုက်နေမည် ဖြစ်သောကြောင့် ကရားရေလွှတ် လျှောက်ပြောနေလျှင်ပင် ခံစား၍ ကောင်းနေပေလိမ့်မည်။
အန်လင်း၏ မိန့်ခွန်းအား အားလုံးမှ အားပေးထောက်ခံလိုက်ကြသည်။
အန်လင်းမှာ လက်ခုပ်သံများကို နားထောင်ရင်း အလွန်ပင် စိတ်ကျေနပ်နေမိသည်။
အခွင့်အရေးသာ ရပါက တစ်နေကုန် ရွှီရှောင်ရိုက်နေနိုင်ပေသည်။
ထို့အပြင် စင်မြင့်ထက်တွင် ရှိနေကြသော အဆင့်မြင့် ပုဂ္ဂိုလ်များသည် အမြဲလိုလို စိတ်အားထက်သန်နေရသည့် အကြောင်းအား သူသိလိုက်ရပြီ ဖြစ်သည်။ စင်အောက်တွင် အာရုံစိုက်ကာ နားထောင်ပေးနေသည့်သူများ ရှိနေသောကြောင့် တဖြည်းဖြည်း ပို၍အားပါလာကြသည်ပင်။
အန်လင်း ခေတ္တမျှ ရပ်တန့်ကာ စကားဆက်လိုက်သည်။
"အခု စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အဓိက တန်ဖိုးထားသွားမယ့် အချက်တွေကို ပြောပြချင်ပါတယ်။ အဲ့ဒါတွေကတော့ အောင်မြင်ကြီးပွားခြင်း၊ တရားမျှတခြင်း၊ ယဉ်ကျေးမှု၊ စည်းချက်ကျခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ဂိုဏ်းအပေါ် သစ္စာရှိခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနဲ့ ခင်မင်ရင်းနှီးခြင်းတို့ပဲ ဖြစ်ပါတယ်။"
စုကျိုးအင်မော်တယ်ဂိုဏ်း အဓိက အဖွဲ့ဝင်များ ခပ်ဖွဖွ ပြုံးမိလိုက်ကြသည်။
တစ်ဖက်တွင်မူ သောင်းနှင့်ချီသော ကိုယ်စားလှယ်များ ကြောင်တောင်တောင် ဖြစ်သွားကြလေသည်။
ဤသည်မှာ ကျင့်ကြံရေးလောက ဖြစ်သောကြောင့် အန်လင်း ပြောသွားသော စကားများမှာ ကြောင်တောင်တောင် နိုင်လှသည်။
အန်လင်း စကားဆက်လိုက်သည်။
"အရင်ဆုံး အောင်မြင်ကြီးပွားခြင်းအကြောင်း ပြောပါမယ်။ ကြွယ်ဝချမ်းသာခြင်းနဲ့ ရင်းမြစ်တွေက ဒီဂိုဏ်းရဲ့ အခြေခံအုတ်မြစ်အတွက် အရေးပါပါတယ်။ ဒီအရာတွေကြောင့်ပဲ ကျုပ်တို့ဂိုဏ်းက ပိုပြီးတိုးတက်သန်မာလာမှာ ဖြစ်တယ်။ ကျုပ်တို့အနေနဲ့ သူများထက်ပိုပြီး စိတ်ဝိဉာဉ်ကျောက်တုံး ရှိရမယ်။ သူများထက်ပိုပြီး မှော်ရတနာတွေ ရရမယ်။ သူများတွေထက် ပိုကောင်းတဲ့ ကျင့်ကြံရေးလမ်းစဉ်တွေ ရှိရမယ်။ အင်အားဆိုတာ ဒီစကြာဝဠာမှာ အရေးအပါဆုံး စည်းမျဉ်းဥပဒေသပဲ။ စုကျိုးအင်မော်တယ်ဂိုဏ်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဂိုဏ်းတစ်ခု ဖြစ်လာရမယ်လို့ ရည်ရွယ်ထားတယ်။"
လျှိုချင်းဟွမ်၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် အခြားသော စုကျိုးအင်မော်တယ်ဂိုဏ်းသားများ အားပါးတရ လက်ခုပ်တီးလိုက်ကြသည်။
သောင်းနှင့်ချီသော ဂိုဏ်းကိုယ်စားလှယ်များမှာမူ တွေဝေစွာနှင့်ပင် လက်ခုပ်လိုက်တီးလိုက်ရသည်။
အောင်မြင်ကြီးပွားခြင်းဆိုတာဒါလား......
"ဒုတိယ အချက်ကတော့ တရားမျှတခြင်းအကြောင်း ပြောချင်ပါတယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ဂိုဏ်းချုပ်ကပဲ အစစအရာရာ အာဏာရှိမှာ မဟုတ်ပါဘူး။ ကိစ္စတစ်ခုခုကို ဆုံးဖြတ်စရာ ရှိလာရင် နန်းဆောင်သခင်တွေနဲ့ အကြီးအကဲတွေအားလုံး အစည်းအဝေးထိုင်ပြီး မဲပေးတဲ့စနစ်နဲ့ သွားမှာပါ။"
"တတိယအချက်ကတော့ ယဉ်ကျေးမှုပါ။ ကျုပ်တို့က သေမျိုးလူသားတွေ၊ အားနည်းသူတွေကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး။ မကောင်းတဲ့ အပြုအမူတွေကို ကျုပ်တို့ မထောက်ခံပါဘူး။ ကျုပ်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းအနေနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ အလိုရှိပါတယ်။"
"စတုတ္ထအချက်တော့ စည်းချက်ကျခြင်းပါ။ ကျုပ်တို့အနေနဲ့ အကြောင်းပြချက် မရှိပဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတိုက်ခိုက်ဘူး။ ဒါပေမယ့် တစ်ဖက်ကစပြီး စိန်ခေါ်လာမယ်ဆိုရင်တော့ ကျုပ်တို့ စုကျိုးအင်မော်တယ်ဂိုဏ်းကလည်း ရေဆုံးမြေဆုံးထိ လက်တုံ့ပြန်မှာ ဖြစ်တယ်။
"ပဉ္စမအချက်ကတော့ လွတ်လပ်ခြင်းပါ။ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ကန့်သတ်ချက်တွေ ထွေထွေထူးထူး မရှိပါဘူး။ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ကိစ္စသာ မဟုတ်ရင် လုပ်ချင်ရာ လုပ်လို့ရပါတယ်။ တခြားဂိုဏ်းတွေအနေနဲ့လည်း ကျုပ်တို့ဂိုဏ်းရဲ့ ကိစ္စတွေထဲ ဝင်မပါဖို့ မျှော်လင့်ပါတယ်။ ကိုယ်နဲ့မဆိုင်တဲ့ ပြဿနာထဲ ဝင်ရှုပ်ဖို့ ကြိုးစားရင်တော့ စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ ထိပ်တိုက်တွေ့တဲ့ အခါကြမှ မလန့်ကြပါနဲ့။"
"ဆဋ္ဌမအချက်ကတော့ သာတူညီမျှမှုပါ........"
.........
နာမည်ကြီး သတင်းစာတိုက်များမှ သတင်းထောက်များမှာ အန်လင်း၏ မိန့်ခွန်းအား မှတ်တမ်းယူနေကြသည်။ ၎င်းတို့သည် တဖြည်းဖြည်းနှင့် အဓိကတန်ဖိုးများသည် မည်မျှအံ့အားသင့်ဖွယ်ကောင်းကြောင်း နားလည်လာကြသည်။
ထိုသည်ကိုသာ သတင်းအဖြစ် ထုတ်ဝေလိုက်ပါက ထိုက်ချူကုန်းမြေ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။
အန်လင်းသည် အဓိကတန်ဖိုးများနှင့်ပက်သတ်၍ သူ၏အမြင်အား အသေးစိတ် ဆက်လက်ရှင်းပြနေသည်။
ထိုအဓိကတန်ဖိုးများသည် ဂိုဏ်း၏အပြင်ဘက်၊ အတွင်းဘက် ဆက်နွယ်မှု အစရှိသဖြင့် အရာအားလုံးကို ခြုံငုံမိစေသည်။ ပရိသတ်များမှာ စုကျိုးအင်မော်တယ်ဂိုဏ်းအား အလွန်ထူးခြားသော ဂိုဏ်းတစ်ခုအဖြစ် ခံစားလာရသည်။
မိန့်ခွန်းပြီးစီးသွားသည်နှင့်အတူ လက်ခုပ်သံများ သောသောညံသွားလေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ စိတ်ကျေနပ်စွာ ပြုံးမိနေကြသည်။
ဂိုဏ်းကိုယ်စားလှယ်များ၏ စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် အမြင်များလည်း ပြောင်းလဲသွားရလေပြီ။
အမျိုးသမီး ကျင့်ကြံသူများမှာ အန်လင်းအပေါ် နှစ်သက်သဘောကျစိတ်များ ပိုမိုတိုးပွားလာကြသည်။
၎င်းတို့၏အမြင်တွင် အန်လင်းသည် အလွန်ထူးချွန်သော ဂိုဏ်းချုပ်တစ်ဦးပင်။
ထိုကဲ့သို့ ဂိုဏ်းချုပ်နှင့် ချစ်ကျွမ်းဝင်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေကြပြီ ဖြစ်သည်။
လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အဓိကတန်ဖိုးတွေက အရမ်းကြီးကျယ်လွန်းတယ် မထင်ဘူးလား။ တကယ်ကို ကြောက်စရာ ခံယူချက်တွေပဲ။ အန်လင်းလို အရှက်မရှိတဲ့သူကပဲ ကိုးပြည်ထောင် တစ်ခုလုံးရှေ့မှာ အဲ့လိုပြောရဲလိမ့်မယ်။"
"အန်လင်းက စုကျိုးအင်မော်တယ်ဂိုဏ်းအတွက် ပြီးပြည့်စုံတဲ့ ဂိုဏ်းချုပ်ပဲ။"
ကောင်းကင်ဘုံခုံရုံး အဖွဲ့ဝင်တစ်ဦး စကားဆိုလိုက်သည်။
အခြားသော ဂိုဏ်းကိုယ်စားလှယ်များမှာလည်း အချင်းချင်း တီတိုးဆွေးနွေးနေကြလေသည်။
ဂိုဏ်းငယ်တစ်ခုကသာ ထိုအဓိကတန်ဖိုးများကို ပြောကြားလာပါက ဟားတိုက်ရယ်မောခံရပေလိမ့်မည်။
သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အင်အားကို အားလုံး သိရှိထားကြသောကြောင့် ပေါ့ပေါ့ပါးပါးသာ ဆွေးနွေးဖြစ်ကြသည်။
ဂိုဏ်းငယ်များ၏ ကိုယ်စားလှယ်များမှာ စုကျိုးအင်မော်တယ်ဂိုဏ်းမှ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်နိုင်ခြေကို ဆွေးနွေးနေကြပြီး အနီးနားရှိ အခြားသော ဂိုဏ်းကိုယ်စားလှယ်များပါ စိတ်ဝင်စားလာသည်။
မည်သို့ပင်ဆိုစေကာမူ တည်ထောင်ကာစ ဂိုဏ်းတစ်ခုအား ထိုကဲ့သို့ မှန်းဆနေသည်မှာ ကလေးတစ်ဦး စိတ်ကူးယဉ်နေသည်နှင့် မခြားလှပေ။
"စုကျိုးအင်မော်တယ်ဂိုဏ်းကို တရားဝင် တည်ထောင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။"
လက်ခုပ်သံများမှာ ကောင်းကင်ထက်တိုင် လွင့်ပျံသွားသည်။
ဝုန်း......
မြင့်မြတ်သော အလင်းတန်းများလည်း ဖြာဝေနေလေသည်။
နတ်သံစဉ်များလည်း ကြားနိုင်ပြီး နဂါးနှင့် ဇာမဏီ ပုံရိပ်များ ကခုန်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။
ရွှေမီးလျှံငှက်မွှေးများသည်လည်း မိုးစက်မိုးပေါက်များသဖွယ် ကျဆင်းလာတော့သည်။
အပြာရောင်မိုးကြိုးများလည်း တိမ်တိုက်များကြား ရှပ်ပြေးနေလေသည်။
ကျင့်ကြံသူများသည် ထိုမြင်ကွင်းအား ပါးစပ်အဟောင်းသားဖြင့် ငေးမောမိနေကြသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းအား တရားဝင် တည်ထောင်ခဲ့ပြီပင် ဖြစ်တော့သည်။