← Chapters

မိတ်ဆွေဟောင်းများ

Vol. 55 Ch. 764

မိတ်ဆွေဟောင်းများ

Vol. 55 Ch. 764

စုရှောင်လန်သည် ဆံနွယ်များအား နားနောက်သို့သပ်ကာ ကောင်းကင်ကို ငေးကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ဤဂိုဏ်းသည် သူမနှင့် အန်လင်းတို့ အတူတကွ တည်ထောင်ခဲ့ခြင်းဖြစ်ကာ အနာဂတ်တွင်လည်း သူမတို့နှစ်ဦး အတူတကွ ရှိနေကြပေဦးမည်။

ယခုအချိန်သည် အင်အားပြရမည့် အချိန်ပင်။

ဂိုဏ်း၏ခေါင်းဆောင်များ အားလုံးနှင့် မိတ်ဆက်ပေးရတော့မည် ဖြစ်သည်။

စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဗဟိုအဖွဲ့ဝင်များ စင်မြင့်ထက်သို့ တက်လာကြသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းတွင် နန်းဆောင်ဆယ်ခု ဖွင့်လှစ်ထားသည်။ စုရှောင်လန်၏ မီးလျှံနန်းဆောင်၊ လျှိုချင်းဟွမ်၏ ဓားနန်းဆောင်၊ ရွှမ်းယွမ်ချန်၏ စိတ်ဝိဉာဉ်နန်းဆောင်၊ စုချန်းရန်၏ လစန္ဒာနန်းဆောင်၊ ရှောင်ဇယ်၏ နဂါးနန်းဆောင်၊ တပိုင်၏ သားရဲနန်းဆောင်၊ လန်လေး၏ လူသားနန်းဆောင်၊ တီနာ၏ နယ်မြေနန်းဆောင်၊ ဘရိုင့်စ်၏ သွေးနန်းဆောင်နှင့် ပိုင်လင်၏ ခရမ်းကြယ်စင်နန်းဆောင်တို့ပင် ဖြစ်သည်။

ရောက်ရှိနေကြသော ဂိုဏ်းကိုယ်စားလှယ်များမှာ စုကျိုးအင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်များကြောင့် အထိတ်တလန့်ပင် ဖြစ်မိရသည်။

ဂိုဏ်းကြီးလေးဂိုဏ်း၏ အမွေအနှစ်များ၊ သွေးမျိုးနွယ်စု၏ အမွေအနှစ်များ၊ ကောင်းကင်ဘုံခုံရုံး၏ လနန်းတော်မှ အမွေအနှစ်များ..... အစရှိသဖြင့် အံ့အားသင့်ဖွယ် အမွေအနှစ်များ ပါဝင်နေသည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အမွေအနှစ်များ၊ နတ်သမီးမျိုးနွယ်စု၏ အမွေအနှစ်များ၊ ရှေးဟောင်းလူသားမျိုးနွယ်စု၏ အမွေအနှစ်များနှင့် ခရမ်းကြယ်စင် အမွေအနှစ်များဆိုလျှင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှားပါးစာရင်းဝင် အမွေအနှစ်များ ဖြစ်သည်။ ထိုအမွေအနှစ်များ ပြန်လည်ပေါ်ထွက်လာခြင်းမှာ ဂိုဏ်းကိုယ်စားလှယ်များစွာအား ပါးစပ်အဟောင်းသား ဖြစ်စေလေသည်။

ထိုနန်းဆောင်ဆယ်ခုအား သီးသန့်ဂိုဏ်းများအဖြစ် ခွဲထုတ်လိုက်လျှင်ပင် ကိုးပြည်ထောင်တွင် ပထမအဆင့် ဂိုဏ်းများအဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။

နန်းဆောင်သခင်များအား မိတ်ဆက်ပေးပြီးနောက် ၎င်းတို့နှင့် အဆင့်အတန်းချင်းတူသော အကြီးအကဲများ စင်မြင့်ပေါ် ရောက်ရှိလာသည်။

ထိုသည်မှာ ထျန်းရှီမန်၊ ရှောင်ဟုန်၊ ရှောင်ချိုး၊ ထျန်းလေးနှင့် လင်ကျွင်းကျွင်းတို့ ဖြစ်ကြပြီး စောင့်ကြည့်နေသူများမှာ မျက်လုံးအပြူးသား ဖြစ်ကုန်ရပြန်သည်။

"ဘာတွေဖြစ်နေတာလဲ။"

ပရိသတ်ထဲမှ ကျင့်ကြံသူတစ်ဦး စကားဆိုလိုက်သည်။

"ကောင်းကင်အရှင်သခင်ရဲ့ သမီးတော်က စုကျိုးအင်မော်တယ်ဂိုဏ်းမှာ အကြီးအကဲ ဖြစ်နေတာလား။"

"ကြည့်ရတာ ကောင်းကင်ဘုံခုံရုံးနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ပက်သတ်ဆက်နွယ်မှုကို လျှော့တွက်မိပုံပဲ။"

"အခုတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ။ စုကျိုးအင်မော်တယ်ဂိုဏ်းကို ဘယ်သူကမှ စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။"

ကျင့်ကြံသူများစွာမှာ အကြိတ်အနယ် ဆွေးနွေးနေကြပြီး စုကျိုးအင်မော်တယ်ဂိုဏ်းအပေါ် လေးစားမှုများ ပိုတိုးလာသည်။

စင်မြင့်ထက်တွင် ရှိနေသော ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် တင့်တယ်လှပသော အမျိုးသမီးမှာ နွေးထွေးစွာ ပြုံးပြနေလေသည်။

သူမ၏ အပြုံးသည် ချိုမြလတ်ဆတ်ကာ အလှတရားမှာလည်း စိတ်ကြည်နူးဖွယ် ကောင်းစေသောကြောင့် ပန်းချီကားချပ်ထဲမှ ကောင်းကင်နတ်မိမယ်လေးသဖွယ် ထင်မှတ်ရသည်။

"မင်းတို့ သတိထားမိလား။ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ အလှလေးတွေ တော်တော်များတယ်နော်။"

"ဟုတ်တယ်ကွ။ လှလည်းလှ၊ တော်လည်းတော်တဲ့ မိန်းကလေး ကျင့်ကြံသူဆိုတာ ကိုးပြည်ထောင် တစ်ခုလုံးမှာတောင် အရမ်းရှားတာနော်။ ဒါပေမယ့် စုကျိုးအင်မော်တယ်ဂိုဏ်းမှာတော့ အဲ့လိုမိန်းကလေးတွေအကုန် ရောက်နေသလိုပဲ။ အန်လင်းကိုတောင် မနာလို ဖြစ်မိတယ်။"

"ယောက်ျားလေးတွေလည်း တော်တော်ချောကြတယ်ကွ။ သာမန်ရုပ်ရည် ဖြစ်နေတဲ့ ထျန်းရှီမန်ကလွဲရင် အားလုံးကြည့်ကောင်းတယ်။ အထူးသဖြင့် ရွှမ်းယွမ်ချန်ပေါ့..... သူက တကယ်ကို ခန့်ညားလွန်းတာနော်။"

ထို့နောက် နန်းဆောင်အကြီးအကဲများ မိတ်ဆက်ရမည့် အချိန်သို့ ရောက်ရှိလာသည်။

ယောင်မင်ရှီ၊ ယောင်ရှိုး၊ ရှင်းကျူ၊ ကျောက်ဟွိုက်ရင်၊ ဟူကွမ်း၊ လျှိုတပေါင်၊ မုန့်ထျန်း၊ လောင်ကျိပင်၊ ကျုံးရိုယန်နှင့် စွန်းရှန့်လျန်တို့မှာ နန်းဆောင်အကြီးအကဲများ ဖြစ်ကြသည်။

အကြီးအကဲများ မိတ်ဆက်ပေးပြီးသွားသောကြောင့် တပည့်များကို မိတ်ဆက်ပေးရတော့မည်ပင်။

စုကျိုးအင်မော်တယ်ဂိုဏ်းတွင် တပည့်တစ်ဦးသာရှိပြီး ထိုသည်မှာ အစောပိုင်းက ပြဿနာတက်စေခဲ့သော ယဲ့လင် ဖြစ်ပေသည်။

ကလေးမလေးသည် စင်မြင့်ထက်တွင် တောင့်တောင့်ကြီး ဖြစ်နေမိပါသော်လည်း အန်လင်းမှ သူမ၏လက်အား ဆုပ်ကိုင်လာချိန်တွင် စိတ်လှုပ်ရှားမှုများ လျော့ကျသွားသည်။

သောသောညံသော လက်ခုပ်သံများနှင့်အတူ အန်လင်း ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသောအခါ ကူကယ်ရာမဲ့စွာ ပြုံးရယ်မိလေသည်။

သူမသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ပထမဆုံးတပည့် ဖြစ်လာသည်မှာ ထူးခြားလှသည်။

အဘယ့်ကြောင့်ဆိုသော် သူမသည် ကလေးငယ်တစ်ဦး ဖြစ်ရုံသာမက ကျင့်ကြံရေးအခြေခံပင် မရှိသည့် သေမျိုးလူသား တစ်ဦးပင်။

သို့သော် ဆန်းကြယ်သော ကံကြမ္မာကြောင့် စုကျိုးအင်မော်တယ်ဂိုဏ်းထံ ဝင်ရောက်နိုင်ခဲ့သည်။

ထိုသို့ဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းမှာလည်း ပြီးပြည့်စုံသွားသည်။ ဂိုဏ်းတွင် များပြားလှသော နန်းဆောင်သခင်များ၊ အကြီးအကဲများနှင့် နန်းဆောင်အကြီးအကဲများသာမက တပည့်တစ်ဦးပါ ရှိနေလေပြီ။

အန်လင်း၏ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာလည်း အဆုံးသတ်သွားသည်။

ယခုအချိန်သည် ဧည့်ခံကျွေးမွေးရန်နှင့် ယဉ်ကျေးစွာ စကားစမြည် ပြောဆိုရမည့် အချိန်ဖြစ်သည်။

ထိုသည်မှာ အဓိပ္ပါယ်ကင်းမဲ့သော လုပ်ထုံးလုပ်စဉ် တစ်ခုပင်။

ဂိုဏ်းကိုယ်စားလှယ်အချို့အား နှုတ်ဆက်ပြီးသည့်နောက် အန်လင်းမှာ သူငယ်ချင်းဟောင်းများနှင့် စတင်တွေ့ဆုံလိုက်သည်။

သူသည် စုရှောင်လန်နှင့်အတူ ဗာမီလီယမ်ငှက်ဂိုဏ်း၏ ကိုယ်စားလှယ်များထံသွားကာ မိုဟိုင်၊ လန်ရန်နှင့် အခြားသူများအား နှုတ်ဆက်လိုက်သည်။

အန်လင်းသည် ရှေးဟောင်းထိုက်ချူကုန်းမြေ၌ ရှန့်ကွမ်းယီနှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းတို့အား ပြောပြလိုက်သည်။ သူမ၏ သွေးမျိုးဆက်မှာ ပြောင်းလဲသွားပြီဖြစ်ပြီး နှင်းပျိုမဒီများမှာလည်း အကာအကွယ်ပေးနေကြောင်း အစရှိသဖြင့် သိထားသမျှ ပြောဖြစ်ခဲ့သည်။

အားလုံးမှာ ခံစားချက်ကိုယ်စီနှင့် သက်ပြင်းချမိကြလေသည်။ ကံကြမ္မာဆိုသောအရာမှာ မှန်းဆမရနိုင်လောက်အောင် အပြောင်းအလဲ များလွန်းလှသည်။

"ဟူး..... ရှန့်ကွမ်းယီက ကံဆိုးလွန်းတယ်။ ဘာလို့ သူမဘဝက အမြဲခက်ခဲနေရတာလဲ။"

လန်ရန် တိုးညင်းစွာ ညည်းညူလိုက်သည်။

သူမအား ကြည့်ရသည်မှာ ရှန့်ကွမ်းယီကို သတိရနေဟန်ပင်။

"စိတ်မပူပါနဲ့။ အရာအားလုံး အဆင်ပြေသွားမှာပါ။"

ယန်ယွမ် စကားဆိုလိုက်သည်။

"ကြားမိတာတော့ မြင့်မြတ်သော ရေခဲကုန်းမြေက ပျက်စီးနေပြီလို့ ပြောတယ်။ နှင်းပျိုမဒီတွေက အခုတည်နေရာပြောင်းဖို့ လုပ်နေကြတာတဲ့။"

ယန်ယွမ်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ဗာမီလီယမ်ငှက်ဂိုဏ်း၏ အကြီးအကဲလည်း ဖြစ်သောကြောင့် သတင်းအချက်အလက် အတော်စုံလင်သည်။

အန်လင်း စိတ်ဝင်စားသွားသည်။

"ဘယ်လိုမျိုး တည်နေရာ ပြောင်းမှာလဲ။"

ယန်ယွမ် ခေါင်းခါပြလိုက်လေသည်။

"မပြောတတ်ဘူး။ သူတို့ရဲ့ ပထမ အစီအစဉ်ကတော့ ရှေးဟောင်းထိုက်ချူကုန်းမြေကနေ နယ်မြေအူတိုင်ရှာပြီး ကမ္ဘာငယ်တစ်ခု ဆောက်မလို့ဆိုလားပဲ။"

"ဒါပေမယ့် ကံမကောင်းတော့ ဘာကိုမှ မရှာနိုင်ခဲ့ဘူးလေ။ နယ်မြေအူတိုင် မပြောနဲ့..... နယ်မြေအဆီအနှစ်သလင်းကျောက်တောင် မရခဲ့ဘူးတဲ့။ အဲ့တော့ တခြားနည်းလမ်းပဲ ရှာရတော့မှာပေါ့။"

အန်လင်း နှာခေါင်းပွတ်လိုက်သည်။

အင်း..... နယ်မြေအဆီအနှစ်သလင်းကျောက် မရတာ ငါကြောင့်ထင်တယ်......

သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများထံမှ သိုလှောင်လက်စွပ်များ ဓားပြတိုက်ခဲ့သောကြောင့် ထိုနှင်းပျိုမဒီများမှာ သူ့အားသတ်ပစ်ချင်နေလောက်သည်။

ဗာမီလီယမ်ငှက်ဂိုဏ်းနှင့် စကားစမြည် ပြောဆိုပြီးသည့်နောက် ဒဏ္ဍာရီသားရဲဂိုဏ်း ကိုယ်စားလှယ်များထံ လျှောက်သွားလိုက်သည်။

တပိုင်နှင့် ဆင်တူသောခွေးများ ဆော့ကစားနေကြသောကြောင့် သူတိတ်တဆိတ်ပင် ဖြတ်ကျော်လာခဲ့လေသည်။

ထိုသည်မှာ ခွေးများ၏ ပျော်မွေ့ရာနေရာ ဖြစ်သောကြောင့် သူ့အနေဖြင့် ဝင်မသွားသင့်ပေ။ ထိုသို့မဟုတ်ပါက ၎င်းတို့၏ တံထွေးများဖြင့်လျက်ကာ ရေချိုးပေးခံနေရလိမ့်မည်။

အန်လင်းမှာ သစ်တောစိမ်းအင်ပါယာမိသားစုထံ ဆက်လျှောက်လာလိုက်သည်။ အင်ပါယာမိသားစု၏ ပရော်ဖက်ဆာယန်အား တွေ့လိုက်ရသည်။ ပရော်ဖက်ဆာယန်သည် ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်တို့အတွက် စွမ်းအင်ဗဟိုလုံး ပြုလုပ်ကာ အန်လင်းအား အတော်ကူညီပေးခဲ့သူပင်။

ပရော်ဖက်ဆာယန်သည် လက်နှစ်ဖက်အားပွတ်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် ပိုင်လင်အား ကြည့်ရှုနေသည်။ သူ၏အမူအရာမှာ ရှားပါးရတနာတစ်ခုအား တွေ့နေရသလို ထင်မှတ်မှားရလောက်သည်။

ပရော်ဖက်ဆာယန်မှာ ပိုင်လင်အား နှစ်သက်သဘောကျနေသည်ဟုပင် အန်လင်း အတွေးရောက်သွားမိသည်။ ၎င်းအား ထိုကိစ္စနှင့်ပက်သတ်၍ သေသေချာချာ မေးမြန်းပြီးသည့်နောက် ပိုင်လင်နှင့် သိပ္ပံသဘောတရားများ ဆွေးနွေးလိုသည်ဟု ဆိုလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အန်လင်းသည် ပိုင်လင်၏ သဘောတူညီချက်အား တောင်းခံရဦးမည် ဖြစ်သောကြောင့် အလျင်စလို သဘောမတူလိုက်ပေ။

ထို့နောက် အန်လင်းသည် အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်း၏ ကိုယ်စားလှယ်များအား သွားရောက်နှုတ်ဆက်လိုက်သည်။ ဂေါင်းရီနှင့် တန်ရှီယွမ်တို့လည်း ရှိနေကြလေသည်။

ဂေါင်းရီ၏ ပုံစံသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားပေ။

တစ်ဖက်တွင်မူ တန်ရှီယွမ်သည် ယခင်ကထက် ပိုမိုသွက်လက်လာပြီး ထူးထူးဆန်းဆန်း ပုံစံနှင့် စကားမဆိုတော့ပေ။

"အန်လင်း..... ရှင်အဲ့လောက် ပြောင်းလဲသွားမယ်လို့ ထင်မထားဘူး။ ရှင့်မိန့်ခွန်းကို နားထောင်ရတာ ကျွန်မ အိပ်မက်ထဲ ရောက်နေသလိုပဲ။"

တန်ရှီယွမ်မှာ သူငယ်ချင်းတစ်ဦးလို ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုလာသည်။

အန်လင်း တည်တည်ငြိမ်ငြိမ် ရယ်မောလိုက်သည်။

"ငါကြုံခဲ့တာတွေလည်း မနည်းတော့ဘူးလေ။ ပြောရရင် ဒီဂိုဏ်းထောင်မိတာတောင် နည်းနည်းနောင်တရတယ်။ အပျော်သဘောနဲ့ပဲ လုပ်လိုက်တာကို ကိုးပြည်ထောင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ်လို့ ထင်မထားဘူး။ ပုခုံးပေါ်ကို ဝန်ထုပ်ဝန်ပိုးတွေ ရောက်လာသလိုပဲ။ တော်တော်ဖိအားများတယ်။"

"ရှင်ကမပြောင်းလဲသေးဘူးပဲ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ကိုယ့်ရဲ့ အစစ်အမှန် ပုံစံအတိုင်း နေဖို့က အရေးကြီးတယ်လေ။ ငါက အမြဲတမ်း သိုသိုသိပ်သိပ်ပဲ နေချင်တာ။"

တန်ရှီယွမ် ခေါင်းညိတ်ပြလိုက်သည်။

မဟုတ်ပါဘူး..... တကယ်တော့ ရှင်က အရှက်ကလည်းမရှိ အကြွားကလည်း ထူသေးတယ်......

၎င်းတို့နှင့် စကားစမြည် ပြောဆိုပြီးနောက် အန်လင်းမှာ နှုတ်ဆက်လမ်းခွဲလိုက်သည်။

တန်ရှီယွမ်သည် ထွက်ခွာသွားသော အန်လင်း ပုံရိပ်အားကြည့်ကာ ကျောက်စိမ်းဆွဲပြားတစ်ခုကို တိတ်တဆိတ် သိမ်းဆည်းလိုက်လေသည်။

ဝါးရုံတောထဲရှိ စကားများအား ယခုထိတိုင် အမှတ်ရနေမိဆဲပင်။

ချစ်ခြင်းမေတ္တာ၏ မွေးဖွားခြင်းအား မမှန်းဆနိုင်သလို အဆုံးသတ်ချိန်ကိုလည်း ခန့်မှန်းမရပေ။

အချို့သော ဆက်ဆံရေးများသည် ပြန်အဖက်ဆယ်နိုင်ပါသော်လည်း တစ်ဖက်နှင့်တစ်ဖက် အကြီးအကျယ် ထိခိုက်နစ်နာစေသော ဆက်ဆံရေးများလည်း ရှိတတ်သည်။

တန်ရှီယွမ်သည် အန်လင်းအားကြည့်ကာ လွတ်လပ်ပေါ့ပါးစွာပြုံးရင်း စိတ်ထဲမှ နှုတ်ဆက်စကား ဆိုနေမိတော့သည်။

All Chapters