← Chapters

ထီပေါက်သလိုခံစားချက်

Vol. 55 Ch. 765

ထီပေါက်သလိုခံစားချက်

Vol. 55 Ch. 765

စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား ကျင်းပချိန်မှာ တစ်ရက်တာ ကြာမြင့်ခဲ့သည်။

နေ့ရောညပါ အကအလှများစွာဖြင့် ဖျော်ဖြေခဲ့ကြလေသည်။

သောင်းနှင့်ချီသော ကျင့်ကြံသူများမှာလည်း တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောကာ အဓိပ္ပါယ်မရှိသော အကြောင်းအရာများ လေဖောခဲ့ကြသည်။

ညအချိန်၌ ကောင်းကင်ထက်တွင် မီးရှူးမီးပန်းများ ဖောက်ခဲ့ကြသောကြောင့် အလွန်လှပသော ရောင်စဉ်နှင့် မြင်ကွင်းများကို တွေ့ခဲ့ကြရသည်။

ညလုံးပေါက် အောင်ပွဲခံခဲ့ကြပြီးနောက် ဝေလီဝေလင်း အချိန်သို့ ရောက်သောအခါ ဂိုဏ်းကိုယ်စားလှယ်များအားလုံး နှုတ်ဆက်ထွက်ခွာသွားလေသည်။

အန်လင်းသည် စုကျိုးအင်မော်တယ်ဂိုဏ်း တစ်ခုလုံးအား အဓိကနန်းတော်ထံခေါ်ကာ အနာဂတ် အစီအစဉ်များနှင့်ပက်သတ်၍ စတင်ဆွေးနွေးလိုက်သည်။

ဂိုဏ်းချုပ်၊ နန်းဆောင်သခင် ဆယ်ဦးနှင့် အကြီးအကဲ ငါးဦးတို့မှာ ကြီးမားသော စားပွဲဝိုင်းတစ်ခုတွင် ပတ်ပတ်လည် ထိုင်နေကြသည်။

နန်းဆောင်အကြီးအကဲ ဆယ်ဦးနှင့် တပည့်တစ်ဦးမှာမူ အနီးတွင် ခုံများနှင့်ထိုင်ကာ ဆွေးနွေးမှုအား နားထောင်နေကြသည်။

ယဲ့လင်၏အဖွား ရှန့်ရူရွှမ်းမှာမူ ဟင်းချက်ရန် ထွက်ခွာသွားလေသည်။

အန်လင်းသည် ဂိုဏ်း၏ကံကောင်းစေသော လာဘ်ကောင် နန်းဆောင်သခင် တပိုင်အားခေါ်ကာ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် ရရှိထားသော ဂုဏ်ပြုလက်ဆောင်များအကြောင်း မေးလိုက်သည်။

တပိုင်မှာ သိုလှောင်လက်စွပ် ဆယ်ကွင်းအား စားပွဲပေါ် တင်ပေးလိုက်သည်။

ထို့နောက် လည်ချောင်းရှင်းကာ ဆရာကြီးဟန်ဖြင့် စကားဆိုလိုက်သည်။

"ဒီနေ့တစ်နေလုံး အကြီးအကဲထျန်းနဲ့အတူ ပစ္စည်းတွေ ရေတွက်နေရတာ ငါ့ရဲ့ခွေးလက်လေးတွေ ထုံတောင်ထုံနေပြီ။ ဘာပဲပြောပြော ပြီးအောင်တော့ ရေတွက်ခဲ့ပါတယ်။"

အားလုံးမှာ တပိုင်အား ကြည့်ရှုနေကြသည်။

တပိုင် ဆက်ပြောလိုက်သည်။

"ပြောရရင် အင်မော်တယ်ရတနာ တစ်ခုမှ မရခဲ့ဘူး။"

အားလုံးမှာ တည်တည်ငြိမ်ငြိမ် ရှိနေကြဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများထံတွင်ပင် အင်မော်တယ်ရတနာ တစ်ခုရရန် မလွယ်ကူပေ။ အခြားသော ဂိုဏ်းများအနေဖြင့် အင်မော်တယ်ရတနာအား ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါက ရူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"အင်မော်တယ်ဆေးလုံး ရှစ်လုံးနဲ့ အင်မော်တယ်သစ်သီး ဆယ့်ရှစ်လုံးရတယ်....... ဝုတ်။"

ထိုစကားကြောင့် အားလုံး စိတ်ပျော်သွားကြသည်။ ကျင့်ကြံရေးအတွက် လိုအပ်သော ရင်းမြစ်များ ရရှိလာပြီပင်။

အင်မော်တယ်ဆေးလုံးနှင့် အင်မော်တယ်သစ်သီးတို့အား ဂိုဏ်းတစ်ခု၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးရင်းမြစ်များအဖြစ် သတ်မှတ်နိုင်ပြီး ထိုမျှများပြားသော ပမာဏအား လက်ဆောင်အဖြစ် ရရှိလိုက်သည်မှာ အမှန်တကယ် ကောင်းမွန်လွန်းလှသည်။

တပိုင်၏ ရှင်းပြချက်အရ ထိုအင်မော်တယ်အဆင့် ပစ္စည်းလက်ဆောင်များသည် ကောင်းကင်ဘုံခုံရုံး၊ ဂိုဏ်းကြီးလေးဂိုဏ်းနှင့် အင်ပါယာမိသားစု ကိုးခုထံမှဖြစ်ကြောင်း သိလိုက်ရသည်။

ကောင်းကင်ဓားဂိုဏ်းသည်လည်း အင်မော်တယ်ဆေးလုံး တစ်ခုအား ပေးအပ်ခဲ့လေသည်။

အန်လင်းမှာ ရင်ထဲထိနေရပြီ ဖြစ်သည်။

တပိုင်မှာ ရရှိခဲ့သော လက်ဆောင်များအား ဆက်လက်ပြောပြနေသည်။

"စိတ်ဝိဉာဉ်လက်နက် ခုနစ်ဆယ်၊ စိတ်ဝိဉာဉ်ဆေးလုံး တစ်ရာ့ခြောက်ဆယ်၊ စိတ်ဝိဉာဉ်သစ်သီး နှစ်ရာ့နှစ်ဆယ်၊ မှော်လက်နက် လေးရာ့ငါးဆယ်၊ ဆေးပင်အမျိုးအစား တစ်ရာကျော် အလေးချိန် ကီလိုဂရမ် ခြောက်ရာကျော်၊ လက်နက်သန့်စင်တဲ့ ပစ္စည်းပေါင်း နှစ်ထောင့်ငါးရာကျော်နဲ့ ထူးခြားရတနာ သုံးဆယ့်ငါးခု...."

၎င်းတို့အားလုံး အသက်ရှူသံများ ပြင်းပြကုန်သည်။.

ထိုပစ္စည်းများ၏ တန်ကြေးကပင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းခန့် ရှိသည်။

တပိုင်မှာ စားပွဲအားပုတ်ကာ အားလုံးကို စိတ်ငြိမ်စေလိုက်သည်။

"စိတ်ဝိဉာဉ်ကျောက်တုံးရော ဘယ်လောက်ရခဲ့လဲသိလား..... ဝုတ်။"

"ဆယ်သန်းလောက်လား။"

အန်လင်း တွေဝေစွာ ခန့်မှန်းလိုက်သည်။

တပိုင် အစွယ်များပေါ်အောင်ပြုံးကာ ဝံ့ကြွားစွာ ပြောလိုက်သည်။

"သုံးဆယ့်နှစ်သန်းငါးသိန်းဗျ..... ဝုတ်။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဝါး...."

လျှိုချင်းဟွမ်မှာ အသက်ရှူရန်ပင် မေ့လျော့သွားမိသည်။

"အဲ့လောက်တောင် များတာလား။"

လျှိုတပေါင်မှာ ထိုင်ခုံပေါ်မှပင် ပြုတ်ကျကာ မျက်လုံးအပြူးသား ဖြစ်သွားသည်။

"မှားတွက်ထားတာတော့ မဟုတ်ဘူးမလား။"

ထျန်းရှီမန် စကားဆိုလာသည်။

"လုံးဝမမှားဘူး။ တပိုင်နဲ့ငါနဲ့ သုံးခေါက်တိတိ တွက်ထားရတာ။"

"ဝါး....."

၎င်းတို့မှာ တအံ့တသြနှင့် တစ်ဦးကိုတစ်ဦး ကြည့်မိကြပါသော်လည်း မည်သည့်စကားမှ မပြောနိုင်ကြပေ။

ကျင့်ကြံရေးလောကတွင် အားလုံးသည် စိတ်ဝိဉာဉ်ကျောက်တုံးအား လက်ဆောင်အဖြစ် ပေးရသည်ကို နှစ်သက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် စိတ်ဝိဉာဉ်ကျောက်တုံးများသည် အလွန်အသုံးဝင်သောကြောင့်ဖြစ်ကာ ကျင့်ကြံရေး၊ လက်နက်သန့်စင်ခြင်း၊ ဆေးလုံးသန့်စင်ခြင်း၊ ဝင်္ကပါတည်ဆောက်ခြင်း စသဖြင့် နေရာတိုင်းလိုလိုတွင် အသုံးပြုနိုင်သည်။

စိတ်ဝိဉာဉ်ကျောက်တုံးသည် ဘယ်သောအခါမှ တန်ဖိုးကျမသွားမည့် ငွေကြေးစနစ် တစ်ခုပင်။

ဂိုဏ်းပေါင်းများစွာ တက်ရောက်လာခဲ့သောကြောင့် အန်လင်းသည် ဂိုဏ်းတစ်ခုလျှင် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်းမျှ လက်ဖွဲ့လာပါက အလွန်ကောင်းမည်ဟု တွေးတောထားခဲ့သည်။ သို့သော် စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်ကျော်မျှ ရရှိလိမ့်မည်ဟု အမှန်တကယ် ထင်မှတ်မထားခဲ့ပေ။ အချို့သော ဂိုဏ်းများသည် စိတ်ဝိဉာဉ်ကျောက်တုံး တစ်သိန်းကျော် ပမာဏထိ ဂုဏ်ပြုခဲ့ကြပုံ ရသည်။

"ငါတို့ဂိုဏ်းက အဲ့လောက်တောင် ချမ်းသာနေပြီလား။"

စုရှောင်လန် ရေရွတ်လိုက်သည်။

"တစ်ရက်တည်းနဲ့ အများကြီး ချမ်းသာသွားတာပဲ။ ကောင်းလိုက်တာ။"

စုချန်းရန်မှာ အနာဂတ်ကို တွေးမြင်နေသည့်နှယ် မျက်ဝန်းလေးများ တလက်လက် တောက်ပနေသည်။

"ကျောင်းသားအန်လင်း ပြောတာမှန်တယ်။ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားက တကယ်ကို ချမ်းသာစေတာပဲ။ ပြောရရင် အခုလောက် ပမာဏကြီးက ငါ့ကိုမူးနောက်နောက်တောင် ဖြစ်စေတယ်။"

ရွှမ်းယွမ်ချန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

၎င်းတို့သည် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား တစ်ခုတည်းနှင့်ပင် စိတ်ဝိဉာဉ်ကျောက်တုံး သန်းလေးဆယ်ကျော်မျှ ရရှိခဲ့လေသည်။

စုကျိုးအင်မော်တယ်ဂိုဏ်း အကြီးအကဲများမှာ အိပ်မက်မက်နေသလို ခံစားနေမိသည်။

ညတွင်းချင်း ထီပေါက်သွားသလို ခံစားချက်မျိုးပင်။

ဂိုဏ်းချုပ်ဖြစ်သူ အန်လင်းမှ စကားဆိုလိုက်သည်။

"ငါ့မှာအကြံတစ်ခု ရှိတယ်။"

တပိုင် ချက်ချင်းပင် တုံ့ပြန်လာသည်။

"ကျွန်တော့်မှာလည်း အကြံပေးစရာရှိတယ်။"

လျှိုချင်းဟွမ် စိတ်မရှည်တော့ပေ။

"အဓိပ္ပါယ် မရှိတာတွေ စကားပုလ္လင် ခံမနေနဲ့။ ငါတို့ ဂိုဏ်းမှာ အခမ်းအနား ဘယ်လောက်ထပ်လုပ်ကြမှာလဲ။ ပြောသာပြောလိုက်တော့။"

"အမြဲတမ်း ကျင်းပသွားရင် မကောင်းဘူးလား။ လက်ဆောင်တွေယူပြီး သူဋ္ဌေးလုပ်ကြတာပေါ့။"

ရွှယ်ကျန်ထျန်း စိတ်လှုပ်ရှားနေသည်။

အန်လင်းသည် ရွှယ်ကျန်ထျန်း၏ အမွှေးပွပွ ခန္ဓာကိုယ်အား ရိုက်ပစ်လိုက်သည်။

"ယီးစကားတွေ ပြောမနေနဲ့။ နေ့တိုင်းသာ ပျော်ပွဲရွှင်ပွဲ လုပ်နေရင် ဘယ်သူက လာတော့မှာလဲ။ အားလုံး စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်လာမှာပေါ့။ အခမ်းအနားတွေ တစ်ခုနဲ့တစ်ခုကြားမှာ နားချိန်ထားမှဖြစ်မယ်။"

ရွှမ်းယွမ်ချန် ခါးထောက်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။

"အခမ်းအနား ကျင်းပဖို့ကလည်း သင့်တော်တဲ့ အကြောင်းပြချက် လိုသေးတယ်။ မဟုတ်ရင် တခြားဂိုဏ်းတွေက ဘယ်လာကြပါ့မလဲ။ ပြီးတော့ အချိန်အခါကိုကြည့်ပြီး ကျင်းပမှရမယ်။ အဲ့တော့မှ ပိုက်ဆံဆက်ရနေမှာလေ။"

စုရှောင်လန် လက်ဖြောက်တီးကာ ပြောလိုက်သည်။

"ဂိုဏ်းတည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေ ဘာလို့မလုပ်တာလဲ။ တစ်နှစ်ပြည့် အထိမ်းအမှတ်၊ နှစ်နှစ်ပြည့် အထိမ်းအမှတ်၊ သုံးနှစ်ပြည့် အထိမ်းအမှတ်...... အဲ့လိုဆိုရင် နှစ်တိုင်းပွဲလုပ်လို့ ရပြီလေ။"

အားလုံး၏ မျက်ဝန်းများ တောက်ပသွားသည်။

"အကြံကောင်းပဲ။"

အန်လင်းမှာလည်း ချမ်းသာသောဂိုဏ်း ဖြစ်လာတော့မည်ကိုတွေးကာ စိတ်ချမ်းသာနေလေသည်။

သူခေတ္တမျှတွေးကာ မေးမြန်းလိုက်သည်။

"အကြံပေးစရာ ရှိသေးလား။"

အကြီးအကဲ တစ်ဦးအဖြစ် ရှိနေသော လင်ကျွင်းကျွင်းမှာ မယုံကြည်နိုင်ဟန်ဖြင့် အားလုံးကို ကြည့်ရှုလိုက်သည်။

"ဒီဂိုဏ်းရဲ့ တိုးတက်ရေး အစည်းအဝေးက ငါတက်ဖူးသမျှထဲ အထူးဆန်းဆုံးပဲ။ အကြီးအကဲတွေ ဖြစ်ပြီးတော့ အခမ်းအနားလုပ်ပြီး ပိုက်ဆံရှာဖို့ပဲ တွေးနေကြတာလား။"

အားလုံးမှာ လင်ကျွင်းကျွင်းအား ကြောင်တောင်တောင် ကြည့်မိလိုက်ကြသည်။

၎င်းတို့၏ အမူအရာသည် "ပြဿနာတစ်ခုခု ရှိလို့လား။"ဟု မေးနေသယောင်။

လင်ကျွင်းကျွင်းမှာ ဒေါသထွက်လာရလေသည်။

ငါပြောတာ ဘယ်နားမှားနေလို့လဲ......

"ကောင်းကင်နတ်မိမယ် လင်ကျွင်းကျွင်း ကြောင်ဖြူပဲဖြစ်ဖြစ်၊ ကြောင်မည်းပဲဖြစ်ဖြစ် ကြွက်ဖမ်းနိုင်ရင် ကြောင်ကောင်းပဲ။ အဲ့သဘောတရားကို နားလည်မယ် ထင်ပါတယ်။"

အန်လင်း စကားဆိုလိုက်သည်။

"အခမ်းအနားတွေလုပ်ပြီး ပိုက်ဆံရှာနိုင်မှတော့ နောက်ထပ်ရှာဖို့ ဘာလို့မလုပ်ရမှာလဲ။"

"ဒါ..... ဒါပေမယ့် ဒီနည်းလမ်းက မဖြစ်သင့်ဘူးလေ။"

လင်ကျွင်းကျွင်း လက်သင့်မခံနိုင်ပေ။

"ဂိုဏ်းတစ်ခုမှာ ပုံမှန်လည်ပတ်နေတဲ့ စီးပွားရေးဖြစ်ဖြစ် တစ်ခုခုတော့ ရှိသင့်တာပေါ့။"

"တခြားနည်းလမ်းတွေ မလုပ်ဘူးလို့ မပြောပါဘူး။ အခမ်းအနားတွေလုပ်ပြီး ပိုက်ဆံရှာဖို့ကို အရင်ဆွေးနွေးနေတာပါ။"

"ဒုတိယမြောက် အခမ်းအနားမှာ အခုလောက် ပိုက်ဆံမရရင်တောင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်း ဒါမှမဟုတ် သန်းအနည်းငယ်လောက်ပဲ ဆိုရင်တောင်မှ ဘာမှမရတာထက်စာရင်တော့ ကောင်းတာပဲလေ။ စိတ်ဝိဉာဉ်ကျောက်တုံး သန်းချီကို တစ်ရက်တည်း ရှာနိုင်မယ့်နည်းပဲ။ ခင်ဗျားက ဘာဖြစ်နေတာလဲ။"

အန်လင်း၏ အကြောင်းပြချက် ပေးနိုင်သော ရှင်းပြချက်ကြောင့် လင်ကျွင်းကျွင်းမှာ ပြောစရာ စကားများ ပျောက်ရှသွားရသည်။

ထို့နောက် စုကျိုးအင်မော်တယ်ဂိုဏ်း တစ်ခုလုံးမှာ အခမ်းအနားများ ကျင်းပရန် အကြိတ်အနယ် ဆွေးနွေးကြတော့သည်။

လင်ကျွင်းကျွင်းသည် သောက်ကျိုးနည်း အကြီးအကဲများအားကြည့်ကာ ခေါင်းထဲသို့ အတွေးများ ဝင်ရောက်လာသည်။

ကောင်းကင်ဘုံခုံရုံးမှာရော အဲ့လိုအခမ်းအနားတွေလုပ်ပြီး ပိုက်ဆံရှာရမလား......

ပြောရရင် ငါ့မွေးနေ့လိုမျိုးပေါ့.... ပြီးတော့ အစ်မခြောက်ယောက်ရဲ့ မွေးနေ့တွေအတွက်လည်း အခမ်းအနား လုပ်လို့ရတာပဲ......

ဒါမှမဟုတ် ကောင်းကင်မက်မွန်သီးပွဲတော် ကျင်းပရင် ကောင်းမလား.....

All Chapters