← Chapters

စုကျိုးအင်မော်တယ်ဂိုဏ်း၏တိုးတက်ရေးလမ်းစဉ်

Vol. 55 Ch. 766

စုကျိုးအင်မော်တယ်ဂိုဏ်း၏တိုးတက်ရေးလမ်းစဉ်

Vol. 55 Ch. 766

အခမ်းအနားများ ကျင်းပရေးနှင့် ပက်သတ်သော ဆွေးနွေးမှုများ ပြီးဆုံးသွားခဲ့လေပြီ။

အန်လင်းနှင့် အခြားသူများသည် ဂိုဏ်း၏တိုးတက်ရေးနှင့် ပက်သတ်သော အကြောင်းအရာများအား စတင်ဆွေးနွေးလိုက်ကြသည်။

"ဂိုဏ်းတိုးတက်ရေးနဲ့ ပက်သတ်ပြီး အဓိက အာရုံစိုက်ရမှာ လေးခုရှိတယ်။ အဲ့ဒါကအင်အားနဲ့ အရင်းမြစ်၊ ကျင့်ကြံရေးနည်းလမ်း၊ မှော်နယ်မြေနဲ့ ပါရမီရှင် တပည့်တွေပဲ။"

အန်လင်း အားလုံးကို ကြည့်ရှုလိုက်သည်။

"ငါတို့ထဲက တဝက်လောက်က ကောင်းကင်ဘုံခုံရုံးမှာ စာဆက်သင်ရဦးမှာ။ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်း ဂိုဏ်းတိုးတက်အောင် ဘာတွေလုပ်ရမလဲဆိုတာ အကြံပေးနိုင်တဲ့သူရှိလား။"

"ကျင့်ကြံရေးနည်းလမ်းကိုတော့ စိတ်ပူစရာ မလိုဘူး။"

စုရှောင်လန် စကားဆိုလိုက်သည်။

"ငါတို့ဆီမှာရှိတဲ့ ကျင့်ကြံရေးနည်းလမ်းတွေက ကျယ်ပြန့်တဲ့အပြင် အသန့်စင်ဆုံးနဲ့ အလေးနက်ဆုံးပဲ။ ကိုးပြည်ထောင်မှာတောင် ငါတို့ကို ယှဉ်နိုင်မယ့်သူ မရှိလောက်ဘူး။"

"ကောင်းကင်ဘုံခုံရုံးနဲ့ တန်းတူလောက်ပေါ့။"

လင်ကျွင်းကျွင်း စကားထောက်လိုက်သည်။

စုရှောင်လန်မှာ လင်ကျွင်းကျွင်းအား မျက်စောင်းထိုးလိုက်လေသည်။

လင်ကျွင်းကျွင်း တည်ငြိမ်စွာပြုံးကာ မေးကိုချီထားသည်။ သူမ၏ ဖြူဖွေးဝင်းမွတ်သော ရွှေလည်တိုင်လေးမှာ ဂုဏ်မောက်နေသော ငန်းဖြူမလေးလိုပင်။

အန်လင်း မျက်ဆံလှန်လိုက်မိသည်။

သောက်ကျိုးနည်း...... ဂိုဏ်းထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေသလိုပဲ.......

"မှော်နယ်မြေကတော့ ကံနဲ့ဆိုင်တယ်ပဲ ပြောရမှာ။"

ရွှမ်းယွမ်ချန် စကားဆိုလာသည်။

"လောစရာ မလိုပါဘူး။ အဲ့ဒါကြောင့် ကျင့်ကြံရေးရင်းမြစ်နဲ့ ပါရမီရှင် တပည့်တွေကိုပဲ အာရုံစိုက်ရမယ်။"

"ကျင့်ကြံရေးအခြေခံ တိုးတက်စေတဲ့ အရာတိုင်းကို ရင်းမြစ်အဖြစ် မှတ်လိုက်လို့ရတယ်။ စိတ်ဝိဉာဉ်ကျောက်တုံး၊ ဆေးလုံးနဲ့ ဆေးရည်၊ ရတနာပစ္စည်းနဲ့ တခြားရှိသမျှ အကုန်ပဲ။ အစားအသောက်နဲ့ တချို့ပစ္စည်းတွေကလည်း ကျင့်ကြံရေးအခြေခံ တိုးတက်စေနိုင်တယ်။ အဲ့ရင်းမြစ်တွေကို ငါတို့ဂိုဏ်းက ရှာရမှာပေါ့။"

ပိုင်လင် သူမ၏အမြင်အား ပြောပြလိုက်သည်။

"ငါတို့မှာ လူသားအရင်းအမြစ်တွေ နည်းနေတယ် မထင်ဘူးလား။"

လျှိုချင်းဟွမ်မှာ ဂိုဏ်းတွင်တပည့်နည်းပါးလွန်းသည်ကို တွေးမိသွားသည်။

"စိတ်ဝိဉာဉ်ကျောက်တုံးတွေ တူးဖော်ဖို့ဆိုရင် လူအင်အားကို အလုံးအရင်းနဲ့ လိုမှာနော်။ ငါတွေးမိတာတော့ အဲ့ဒါပဲ။"

အန်လင်း အားလုံးကိုကြည့်ကာ စကားဆိုလိုက်သည်။

"စိတ်မပူပါနဲ့။ ဂိုဏ်းက အရမ်းမြန်မြန်ကြီး တိုးတက်လာဖို့ မလိုသေးပါဘူး။ ရင်းမြစ်တွေရှာဖို့ကို နောက်ပို့ထားလို့ ရပါတယ်။ ဂိုဏ်းထောင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း မမေ့ကြနဲ့ဦး။ ဒီနေရာက ငါတို့သူငယ်ချင်းတွေ အေးအေးဆေးဆေး အတူရှိနေနိုင်ဖို့ပဲ။ ဂိုဏ်းတိုးတက်ဖို့ကို အသည်းအသန် မတွေးကြနဲ့ဦး။ ဖြည်းဖြည်းအေးအေးပဲ သွားကြတာပေါ့။"

အားလုံး စိတ်သက်သာရာရကာ သက်ပြင်းချရင်း ပြုံးမိလိုက်ကြသည်။

အန်လင်းမှ တာဝန်ဝတ္တရားများ လွှတ်ချရန် ပြောလာသည်ကို ၎င်းတို့ မကောင်းမမြင်ကြပေ။ ၎င်းတို့သည်လည်း ဤဂိုဏ်းအား ထိုကဲ့သို့ ဖြစ်စေချင်ခဲ့ကြသည် မဟုတ်လော။

လင်ကျွင်းကျွင်းမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် အန်လင်းအား လှမ်းကြည့်လိုက်မိသည်။

လျှိုချင်းဟွမ် မျက်ဝန်းများ တောက်ပသွားသည်။

"နင်က ဂိုဏ်းကို ကံကြမ္မာအလိုကျ ဖြစ်စေချင်နေတာလား။"

"ဘာကိုပြောချင်တာလဲ။"

အန်လင်း နားမလည်နိုင် ဖြစ်သွားသည်။

"နင်သိပါတယ်.... ဒီတိုင်း အေးအေးဆေးဆေးပဲ နေတာမျိုးလေ။ နေ့တိုင်း ပျော်ပွဲရွှင်ပွဲတွေပဲ လုပ်နေတာမျိုး။ အချိန်ကျလာရင် ကံကြမ္မာအလိုကျ အားလုံးက သူ့ဟာနဲ့သူ ဖြစ်သွားတာမျိုးပေါ့။"

လျှိုချင်းဟွမ် ပြုံးကာပြောလိုက်သည်။

အန်လင်း : "............"

အခြားသူများ : "..........."

အန်လင်း မျက်နှာပျက်သွားသည်။

"အစ်မကြီးလျှိုက ကံကြမ္မာအလိုကျဆိုတဲ့ စကားကို နားလည်မှု လွဲနေတယ်ထင်တယ်။"

"နေ့တိုင်း ပျော်ပွဲရွှင်ပွဲတွေ လုပ်မယ့်ဂိုဏ်းဆိုတော့ ပျော်စရာတွေကြီး ဖြစ်နေမှာပဲ။"

စုရှောင်လန် မျှော်လင့်တကြီး ပြောလိုက်သည်။

"ငါလည်း အဲ့လိုထင်တယ်။"

ထျန်းရှီမန်၏ပုံစံမှာ စိတ်တူကိုယ်တူ သူငယ်ချင်းအား တွေ့လိုက်ရသလိုပင်။

"ဒါပေမယ့် အဲ့လိုဆို ဂိုဏ်းကိုဆက်ထိန်းသိမ်းဖို့ မဖြစ်နိုင်လောက်ဘူး။ ဘယ်လိုဆက်သွားကြမှာလဲ။ ပျော်ပွဲရွှင်ပွဲနဲ့ အစားအသောက်တွေအတွက် ပိုက်ဆံက ဘယ်ကရမှာလဲ။"

ရွှမ်းယွမ်ချန်မှာ ထိုအကြံအား စိတ်ကူးယဉ်ဆန်လွန်းသည်ဟု တွေးမိသည်။

"အခမ်းအနားတွေ ပိုပြီးကျင်းပလိုက်ရုံပေါ့။"

လျှိုချင်းဟွမ် တွေဝေခြင်းမရှိ စကားဆိုလိုက်သည်။

"အဓိပ္ပါယ်ရှိတယ်။ အဲ့ဒါက ငွေရဖို့ အမြန်ဆုံး နည်းလမ်းပဲ။"

စုချန်းရန် သဘောတူလိုက်သည်။

စုရှောင်လန်လည်း ခေါင်းညိတ်ထောက်ခံလာသည်။

"ငါသဘောတူတယ်။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"အကြံကောင်းပဲ။"

ထိုသို့ဖြင့် စကားဝိုင်းမှာ ပျော်ပွဲရွှင်ပွဲများထံ ဦးတည်သွားသည်။

လင်ကျွင်းကျွင်းသည် အကြီးအကဲများအားကြည့်ကာ အမှန်တကယ် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်နေရလေပြီ။ ၎င်းတို့သည် ဂိုဏ်းတိုးတက်ရေးအကြောင်း တစ်မိနစ်ပင်ပြည့်အောင် မဆွေးနွေးရသေးခင်မှာပင် ပျော်ပွဲရွှင်ပွဲများထံ ရောက်ရှိသွားပြန်သည်။

ကံကောင်းထောက်မစွာဖြင့် ပိုင်လင်သည် အနာဂတ်အတွက် အဓိက အာရုံစိုက်ရမည်မှာ ကျင့်ကြံရေးသာဖြစ်ကြောင်း ထောက်ပြလာသည်။

ကျင့်ကြံရေးအား ပစ်ပယ်ထားရန် မဖြစ်နိုင်သောကြောင့် ဂိုဏ်းသည်လည်း ပျော်ပွဲရွှင်ပွဲများကိုသာ အာရုံစိုက်နေရန် မဖြစ်နိုင်ပေ။ တိုးတက်သင့်သလောက် တိုးတက်လာမှသာ ကျင့်ကြံရေးရင်းမြစ်များအား ရှာဖွေနိုင်ပေလိမ့်မည်။

၎င်းတို့မှာ ကူကယ်ရာမဲ့စွာဖြင့် ဂိုဏ်းတိုးတက်ရေးအား ပြန်လည်ဆွေးနွေးရပြန်သည်။

လင်ကျွင်းကျွင်း ကျေးဇူးတင်စွာဖြင့် ပိုင်လင်အား ကြည့်ရှုလိုက်သည်။

တော်သေးတာပေါ့..... ဂိုဏ်းမှာ အစ်မကြီးအမိရာလိုလူ ရှိနေသေးလို့...... မဟုတ်လို့ကတော့ တွေးတောင်မတွေးရဲဘူး......

အန်လင်း လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။

"ရင်းမြစ်တွေရှာဖို့က လူသားအရင်းအမြစ် လုံလောက်မှရမယ်။ အဲ့ထဲမှာ ထူးချွန်တဲ့ ဆရာနဲ့ ပါရမီရှင် တပည့်တွေလည်းပါတယ်။ စာသင်မယ့်သူတွေကို အတည်ပြုမှရမယ်။ ကျောင်းပိတ်ရက်ကြရင် ဘယ်သူ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ နေချင်လဲ။"

လျှိုချင်းဟွမ်၊ ရှင်းကျူ၊ ပိုင်လင်၊ ရှောင်ချိုး၊ ကြေးခွံဖြူဝံပုလွေနတ်ဘုရားနှင့် ရှောင်ဇယ်တို့ လက်ထောင်ပြလိုက်သည်။

အန်လင်း အံ့အားသင့်သွားလေသည်။

"လန်လေး..... မင်းထျန်းလေးကို အဆင့်တက်ဖို့ ကူညီပေးနေတာ မဟုတ်ဘူးလား။"

"သူ့ကို သင်ပေးစရာရှိတာအားလုံး သင်ပေးပြီးပါပြီ။"

ကြေးခွံဖြူဝံပုလွေနတ်ဘုရား တုံ့ပြန်လာသည်။

"အခု ဒီဗဟုသုတတွေပေါ်မှာ သူ့ရဲ့ နားလည်နိုင်စွမ်းနဲ့ပဲ ရှေ့ဆက်ရတော့မှာ။ သခင် ကျွန်တော် သခင့်အတွက် တာဝန်ထမ်းဆောင်ချင်ပါတယ်။"

ရွှယ်ကျန်ထျန်းမှာလည်း ချစ်စဖွယ် တောင်ပံများဖြန့်ကာ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

"အေးဆေးပါသခင်.....ရွှယ်ကျန်ထျန်းဆိုတဲ့ ကျွန်တော်က တကယ့်ပါရမီရှင်ပါဗျ။ အခုတလော ကျွန်တော် ဉာဏ်အလင်းတွေ ပွင့်နေတာ။ အဆင့်တက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်။ သခင့်ကို စိတ်မပျက်စေရပါဘူး။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆိုလည်း အဆင်ပြေပါတယ်။ အစ်မကြီး လျှိုချင်းဟွမ်ရဲ့ ဓားနန်းဆောင်၊ အစ်မကြီးပိုင်ရဲ့ ခရမ်းကြယ်စင်နန်းဆောင်သခင်၊ လန်လေးရဲ့ လူသားနန်းဆောင်နဲ့ ရှောင်လေးရဲ့ နဂါးနန်းဆောင်မှာပဲ တပည့်အရင်ခေါ်ကြတာပေါ့။ တပည့်အရေအတွက်ကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်။ အတွင်းစည်းတပည့်ကို ပါရမီရှိတဲ့သူ နည်းနည်းပါးပါးလောက်ပဲ ခေါ်ထားဖို့ အကြံပေးချင်တယ်။ ကျန်တာကတော့ အပြင်စည်းတပည့်ပေါ့။ အဲ့ဒါကတော့ များများခေါ်ထားလည်း ကိစ္စမရှိပါဘူး။"

အပြင်စည်းတပည့်များအတွက် ကန့်သတ်ချက်မှာ နည်းပါးသည့်အပြင် ၎င်းတို့သည် ကျင့်ကြံရေးရင်းမြစ်များနှင့်ပက်သတ်၍ ကံဆိုးတတ်သူများ ဖြစ်သည်။

တစ်ဖက်တွင်မူ အတွင်းစည်းတပည့်များမှာ ဂိုဏ်းအတွက် တန်ဖိုးထားရသူများဖြစ်ပြီး ၎င်းတို့၏ အရည်အချင်းအား စစ်ဆေးပြီးမှသာ ဂိုဏ်းဝင်ခွင့် ရရှိကြပေလိမ့်မည်။

ပိုင်လင်သည် စမ်းသပ်ချက်များ ပြုလုပ်ရန် လိုလိုလားလားပင် တာဝန်ယူခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုသို့စမ်းသပ်ရသည်ကို သူမ အမှန်တကယ် နှစ်သက်သောကြောင့်ပင်။

အန်လင်း၊ တပိုင်နှင့် အခြားသူများမှာ ခရမ်းကြယ်စင် အပျက်အစီးပုံရှိ မှတ်ဉာဏ်များ ပြန်လည်မြင်ယောင်ကာ တွန့်သွားရသည်။ ရင်ထဲတွင်လည်း အနာဂတ် အတွင်းစည်းတပည့်များအတွက် ကြိုတင်၍ သနားနေမိလေသည်။

အန်လင်းသည် အခြားသူများကိုလည်း တပည့်လက်ခံမည့် နည်းလမ်းကို ဆုံးဖြတ်ခိုင်းလိုက်သည်။ ဤသို့ဖြင့် ထိုကိစ္စမှာ ဆွေးနွေးပြီးစီးသွားခဲ့သည်။

၎င်းတို့၏ ဆွေးနွေးခန်းမှာ ကျင့်ကြံရေးရင်းမြစ်များထံ တဖန်ရောက်ရှိလာသည်။

အန်လင်းသည် စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်အားတွေးမိကာ ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေကိုရော ဘယ်မှာသုံးကြမလဲ။"

"ငါတို့ဂိုဏ်းကို သာမန်ဆောက်လုပ်ရေး လုပ်လိုက်ရင်ရော။"

စုချန်းရန်နှင့် လျှိုချင်းဟွမ်တို့ အတူတကွ စကားဆိုလိုက်ပြီးနောက် အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။

လှပသော နေရာများသည် မိန်းကလေး အများစု၏ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ပုံရသည်။

အန်လင်းသည်လည်း ဂိုဏ်းအား သာမန်ဆောက်လုပ်ရေးအဖြစ် မြှင့်တင်လိုမိသည်။

အဆင့်အမြင့်ဆုံး ဗိသုကာပညာရှင်အားခေါ်အား စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်အား ပစ်ပေးလျက် "ဂိုဏ်းကိုမြန်မြန်ပြင်ပေးစမ်း"ဟု ပြောလိုက်ချင်သည်။

ကျွတ်.... အဲ့လိုဆို သောက်ရမ်းမိုက်မှာပဲ.....

မည်သို့ပင်ဆိုစေကာမူ အန်လင်းတစ်ယောက်တည်း ဆုံးဖြတ်၍မရပဲ အခြားသူများ၏ အမြင်အား မေးမြန်းရဦးမည်ပင်။

အရေးကြီးသည့် ကိစ္စများအားလုံး မဲပေးစနစ်ဖြင့် ဆုံးဖြတ်ရမည်သာ။

ရွှမ်းယွမ်ချန်၊ ထျန်းရှီမန်၊ ရှောင်ချိုးနှင့် အခြားသူများသည် စိတ်ဝိဉာဉ်ကျောက်တုံးများအား ဂိုဏ်းချဲ့ထွင်ရေးအတွက်သုံးကာ အခြားအရာများအား နောက်မှစဉ်းစားသင့်သည်ဟု ဆိုလာကြသည်။

ဂိုဏ်းသည် စတင်တည်ထောင်ကာစ ဖြစ်သောကြောင့် စိတ်ဝိဉာဉ်ကျောက်တုံး သန်းသုံးဆယ်မှာ တိုးတက်ရေး အတွက် အလွန်အရေးပါသည်။

ဆုံးဖြတ်ချက်အား မဲစနစ်ဖြင့် သွားသောကြောင့် ငြင်းခုံနေစရာ မလိုအပ်ပေ။

ဂိုဏ်း၏ အကြီးအကဲ ခြောက်ဆယ်ရာခိုင်နှုန်းသည် စိတ်ဝိဉာဉ်ကျောက်တုံးများအား ဂိုဏ်းတိုးတက်အောင်သာ အသုံးပြုစေချင်ကြောင်း မဲပေးလာကြသည်။

သာမန်ဆောက်လုပ်ရေးအတွက် အကြံပြုချက်မှာ မရှုမလှ ရှုံးနိမ့်သွားလေသည်။

အစည်းအဝေးမှာ ကြာမြင့်ခဲ့ပါသော်လည်း ပျင်းရိစရာ မကောင်းပေ။ ၎င်းတို့သည် အတန်းဖော်များ၊ သူငယ်ချင်းများ ဖြစ်ကြသောကြောင့် ဟိတ်ဟန်ထုတ်စရာ မလိုအပ်ပဲ ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်ကြသည်။

ဂိုဏ်းချုပ်အန်လင်းသည်လည်း မည်သည့်အရာကိုမှ ကန့်သတ်ချက် မထားပဲ ပြောချင်ရာပြောရန် ခွင့်ပြုထားသောကြောင့် အကြောင်းအရာ အတော်ပင် စုံလင်ခဲ့သည်။ ၎င်းတို့အတွက် အိမ်သစ်တစ်လုံးအား အတူတကွ ဆောက်လုပ်နေသလိုပင်။

အဆုံးတွင်မူ အရေးကြီးသော အကြောင်းအရာအချို့ထံ ရောက်ရှိလာကြသည်။

ငွေရေးကြေးရေး ကိစ္စများအား တပိုင်နှင့် ရှောင်ဇယ်မှ စီမံကြမည် ဖြစ်သည်။ လက်ရှိတွင် တပိုင်သည် အန်လင်းနှင့် ရှိနေမည် ဖြစ်သောကြောင့် ရှောင်ဇယ်ကသာ အလုံးစုံ တာဝန်ယူရပေလိမ့်မည်။

နဂါးမျိုးနွယ်စုများသည် ရတနာများအား စီမံခန့်ခွဲရာတွင် ထူးချွန်ကြသောကြောင့် ရှောင်ဇယ်အတွက် ပြဿနာ မရှိပေ။

ဓားနန်းဆောင်၊ ခရမ်းကြယ်စင်နန်းဆောင်၊ လူသားနန်းဆောင်နှင့် နဂါးနန်းဆောင်တို့အတွက် တပည့်များလည်း စတင်ခေါ်ယူတော့မည်ပင်။

ခရမ်းကြယ်စင် လူမျိုးစု၏ ဇာမဏီသုတေသနဋ္ဌာနသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ပထမဆုံး မှော်နယ်မြေ ဖြစ်လာပြီး ပိုင်လင်သည် ကျင့်ကြံရေးနှင့် လေ့ကျင့်ရေးအတွက် ပိုမိုသင့်တော်အောင် ပြုပြင်ပေးမည် ဖြစ်သည်။

ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးအား ထိန်းသိမ်းကြတော့မည်ဟု ဆိုနိုင်သည်။

ဂမ္ဘီရဋ္ဌာနနှင့် အံ့ဖွယ်ကြေးမုံဋ္ဌာနတို့ကိုလည်း တရားဝင် ဖွင့်လှစ်လိုက်လေတော့သည်။

All Chapters