ရွိုက်ကော၏ အတွေး
Vol. 24 Ch. 332
မိုဝူကျီ၏ ဘေးပတ်လည်မှ ဝိညာဉ် စွမ်းအားများက လှုပ်ရှားလာပြီး ဝိညာဉ် စွမ်းအားများ အရိပ်အယောင်ကိုပင် အပြင်ဘက်မှ မြင်နေရလေသည်။ သူ့တွင် ရှိနေသော ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံး များမှာလည်း တစ်စစီ ဖြစ်နေခြင်းက သူ့စုပ်ယူနှုန်း မည်မျှ ကြီးမားသည်ကို ပြသနေခြင်း ဖြစ်ပေသည်။
“ဘမ်း” မိုဝူကျီ၏ ၁၀၅ ခုမြောက် ချီသွေးကြော ရုတ်တရက် ပွင့်လာသည့်အခါ သူ့ခန္ဓာတစ်ခုလုံး ပွင့်ထွက် လာသလို ခံစားလိုက် ရလေ၏။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂
သူ့ခန္ဓာအတွင်းမှ သဘာဝ စွမ်းအားများက တိုးမြင့်လာပြီး သူ့အသိစိတ် ပင်လယ်မှာလည်း ကျယ်ပြန့် လာလေသည်။ သူ့အသိစိတ် ပင်လယ်ထဲက ကြီးမားလှသည့် ခရမ်းရေကန်မှာ ပျောက်ပျက်မသွားဘဲ နောက်တစ်ဖန် ကြီးမား လာပြန်သည်။
ထိုမျှတင် မကပေ။ ခရမ်းရေကန် အတွင်းမှ ခရမ်းစွမ်းအားမှာ ပိုမို၍ သိပ်သည်း လာပေသည်။ မိုဝူကျီက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်ရှိပြီး နောက်တွင် ဝေဝါးနေသည့် ကမ္ဘာဦး စိတ်ဝိညာဉ် အချို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်ပေ လိမ့်မည်။ သို့သော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂သို့ ရောက်ရှိပြီး နောက်တွင် သူက ခရမ်းရေကန် အတွင်းမှ ခရမ်းစွမ်းအားများ တိုးပွားလာရုံက လွဲ၍ ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်ပေါ်မလာပေ။ ထိုသည်က ယခင် ရရှိမှုမျိုးနှင့် သိပ် မကွာခြားလှပေ။
ထိုသို့ဆိုလျှင်ပင် မိုဝူကျီက စိတ်ထဲ မထားပေ။ အကြောင်းမှာ တခြားသူများ ယွမ်ဒန် အဆင့်တွင် ရွှေရောင်အမြုတေ ဖြစ်လာစဉ် သူ့၌ ခရမ်း စွမ်းအားများသာ သိပ်သည်း လာခဲ့သည်။
ထိုသို့ဆိုမှတော့ သူ့အတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်အတွင်း ကမ္ဘာဦး စိတ်ဝိညာဉ် မဖြစ်ပေါ်လာခြင်းက သာမာန် ကိစ္စရပ် ဖြစ်လေ၏။ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ပြုပြင် ပြောင်းလဲပြီးနောက် သူက ပြောင်းပြန်ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့မိသည်။ ထို့ကြောင့် အပြောင်းအလဲ ဖြစ်လာလျှင်ပင် သူက စိတ်ထဲ မထားပေ။ သူသာ ဆက်အဆင့် တက်နိုင်ပြီး ကျင့်ကြံနိုင်သရွေ့ ကိစ္စမရှိပေ။
သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၁မှ အဆင့်၃ ရောက်ဖို့ရာ အချိန်သုံးလ ကြာမြင့်ခဲ့ သော်လည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၃တွင် ချီသွေးကြော ၁၀၅ ခုမြောက်ကို ဖွင့်နိုင်ခဲ့ပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂သို့ ရောက်ဖို့ရာ စုစုပေါင်း သုံးနှစ် ကြာမြင့်ခဲ့သည်။ ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံး အကူအညီဖြင့် မဟုတ်လျှင် အပြင်ဘက်တွင် ကျင့်ကြံနေပါက နှစ်များစွာ ပိုမို ထပ်ကြာမြင့် ပေလိမ့်မည်။
အကယ်၍ သူသာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်၃မှ အဆင့် ၁၂ အထိ ဆယ်နှစ်ကျော် အချိန်ယူခဲ့ ရပါက လခြမ်းကွေး အင်မော်တယ် နန်းတော်ကိုပင် ဆိုမထားနှင့်။ လဝန်းပြည့် အင်မော်တယ် နန်းတော် ဖြစ်လာလျှင်ပင် အဆင်သင့် ဖြစ်မည် မဟုတ်ချေ။
ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂သို့ တက်လှမ်းပြီး နောက်တွင် မိုဝူကျီက မရပ်တန့်ပစ်ပဲ ဝိညာဉ် စွမ်းအားကွင်းမှ စွမ်းအားများကို ဆက်လက် အပြင်းအထန် စုပ်ယူ လိုက်တော့သည်။ အကြောင်းမှာ သူက စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းချင်၍ ဖြစ်သည်။
စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်ပြီးမှသာ သူ့အနေဖြင့် အာကာသ အတွင်း ခြေကုပ်ရမိ လိမ့်မည်။ အာကာသ အတွင်း လောက အင်မော်တယ်များစွာ မရှိချေ။ အများစုက အာကာသထဲ လှည့်ပတ် နေကြခြင်း မဟုတ်ပေ။ ထိုအဆင့်မြင့် ပါရမီရှင်များက အဆင့် ထပ်မြင့်ဖို့ရန် တံခါးပိတ် ကျင့်ကြံလေ့ ရှိကြသည်။
ထို့ကြောင့် ကြယ်တာရာ တိုက်ပွဲကွင်းတွင် ဖြစ်စေ၊ လောက ခန်းမတွင် ဖြစ်စေ သို့မဟုတ် အာကာသ အတွင်း ဖြစ်စေ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများက ကြီးစိုး နေကြလေသည်။ အကယ်၍ သူ့ကိုယ်သူ ကာကွယ် နိုင်ဖို့ရန်အတွက် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်းရမည်။
သူ့ချီသွေးကြော ၁၀၅ ခုလုံးမှာ ဆက်တိုက် လှည့်ပတ်နေပြီး ထိုစွမ်းအားများ တိုးပွား လာခြင်းမှာ ချီသွေးကြော တစ်ခု တိုးလာရုံ တစ်ချက်တည်းဖြင့် မရိုးရှင်းလှပေ။
မှိုကျောက်တုံးများ တစ်စစီ ကွဲကြေ သွားသံများလည်း အကြိမ်ရေ စိတ်လာလေသည်။ သို့သော်လည်း မိုဝူကျီက တစ်လက်မမျှ မလုပ်ဘဲ အနှောင့်အယှက် မရှိ ဆက်လက် လေ့ကျင့် နေလေသည်။
ကာကွယ်ရေး အစီအရင် အတွင်းတွင် ရှိနေသည်က ငှက်ရုပ်ဆိုး ရွှိုက်ကော ဖြစ်လေ၏။ သူက မိုဝူကျီကြောင့် ဝိညာဉ် စွမ်းအားကွင်းမှ မှိုကျောက်တုံးများ စွမ်းအားများ စုပ်ယူခံ လိုက်ရပြီး တစ်စစီ ဖြစ်သွားသည်ကို တအံ့တဩ ပါးစပ် ဟောင်းလောင်းဖြင့် ကြည့်နေလေသည်။
ခဏအကြာတွင် ခေါင်းလေး အသာငုံ့ရင်း သူ့ဘေးနားမှ ဝိညာဉ် စွမ်းအားကွင်းမှ မှိုကျောက်တုံးများကို ကြည့်လိုက်သည်။ ထိုအရာများမှာ သူ ကိုက်စားထား၍ ကျန်ရှိနေသော ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများ ဖြစ်ပေသည်။
မိုဝူကျီနှင့် ယှဉ်လျှင် မဖြစ်စလောက်လေး ဖြစ်နေသည်။ သူကဲ့သို့ ငှက်တစ်ကောင်ပင် မိုဝူကျီ၏ ဝိညာဉ်စွမ်းအား အဆီအနှစ်များကို စုပ်ယူနှုန်းကို ကြည့်ရင်း မခံချိ မခံသာ ဖြစ်လာလေသည်။ သူက အစအနလေးသာ ကိုက်စားထားခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူက အခက်မတွေ့ပေ။ မိုဝူကျီ ၏ အပြုအမူများကို အတုခိုးပြီး ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးပေါ် ထိုင်ချလိုက်သည်။ ထိုမှသာ သူလည်း ဝိညာဉ် စွမ်းအားများကို ကြောက်ခမန်းလိလိ စုပ်ယူ နိုင်လိမ့်မည်။
သူ့ခြေသုံးချောင်းကို မြေကြီးပေါ် ထားလိုက်သည်က ဟာသ အနည်းငယ် မြောက်နေသော်လည်း မိုဝူကျီကို လိုက်လံ အတုခိုးနေသည့် ရွိုက်ကောအတွက် သူက မည်မျှ ဟာသပုံ ပေါက်နေစေကာမူ ပြဿနာ မဟုတ်ပေ။
နာရီများစွာ ကုန်လွန် သွားသည့်အခါ ရွိုက်ကောက သူ့ပတ်ဝန်းကျင်၌ ဘာမှ အပြောင်းအလဲ မရှိကြောင်းနှင့် ဝိညာဉ် စွမ်းအားများကို မစုပ်ယူနိုင်ကြောင်း သတိထားမိ လိုက်သည်။ သူက မိုဝူကျီကို ဆက်လက် ကြည့်နေရင်း သူ့ပါးစပ်ကို ကျယ်ကျယ် ဟထားပြီး ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးကိုသာ မျိုချ လိုက်တော့သည်။
ရွှိုက်ကောက သူဟာ အခြေအနေများကို ကောင်းစွာ နားလည်နိုင်သည့် ဉာဏ်ကောင်းသည့် ငှက်လေးဟု အမြဲ တွေးမိခဲ့သည်။ သို့သော်လည်း သူက ဝိညာဉ် စွမ်းအားကွင်းကို စားရုံသာ တတ်နိုင်လေကာ ဖေဖေကတော့ သူ မသိသည့် နည်းလမ်းများ အသုံးပြုကာ ဝိညာဉ် စွမ်းအားများကို စုပ်ယူ နိုင်လေသည်။
ဖေဖေက သူ့ဆီကို ကျင့်စဉ်ပေးအောင် ဘယ်လို ကြံဆရပါ့ ...
ရွိုက်ကောက မျက်လုံးလေး ဟိုကြည့် ဒီကြည့်ဖြင့် စဉ်းစား နေပြီးနောက် သူ ကာကွယ် နေရသည့် ကျောက်စိမ်း ခေါင်းတလားကို ကြည့်ကာ အကြံပေါ် သွားလေသည်။ သူ့သခင်မက အထဲမှာ ရှိနေလေ၏။ ကြည့်ရသည်မှာ ဖေဖေက တော်တော် ဂရုစိုက်ဟန် ပေါ်သည်။
ထိုအတွေးဖြင့် ငှက်ရုပ်ဆိုးလေးက သူ့ကိုယ်သူ ဉာဏ်ကောင်းသည့် အတွက် ချီးမွမ်း လိုက်တော့သည်။ ထို့နောက် ကျောက်စိမ်း ခေါင်းတလားရှေ့၌ ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများဖြင့် စင်သေးသေးလေး လုပ်လိုက်သည်။ ထို့အပြင် ထိုစင်မြင့်ရှေ့တွင် ဒူးထောက်ဖို့ရာ အတွက် ဝိညာဉ် စွမ်းအားကွင်း ထိုင်နေရာလေး ပြုလုပ် လိုက်လေသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ငှက်လေးမှာ တစ်ခုခု လိုအပ်နေကြောင်း ခံစားမိနေပြီး အမွေးပွပွ တောင်ပံမှ ငှက်မွေး သုံးခုကို ဆွဲနုတ်ကာ စင်မြင့်ပေါ်တွင် ကပ်ထားလိုက်သည်။
နောက်ဆုံးတွင် ရွှိုက်ကောက ထိုနေရာလေးကို တုန်တုန်ယင်ယင်ဖြင့် လျှောက်လှမ်းသွားပြီး ဆုတောင်းဖို့ရာ ကြိုးစား လိုက်သော်လည်း သူ့ခြေထောက် သုံးချောင်းက ဒူးထောက်ဖို့ရာ အဆင် သိပ်မပြေလှချေ။
သို့သော်လည်း ဖေဖေက ကျင့်ကြံနေဆဲ ဖြစ်သည့်အတွက် အဆင်ပြေလေသည်။ သူ ကျင့်ကြံခြင်း ရပ်လိုက်တော့မှ ကောင်းကောင်း ပြုမူလိုက်မည် ....
ငှက်မွေးသုံးခု အတွက်တော့ ...
ရွိုက်ကောက မီးမမှုတ်ထုတ်ခင် အထိ ခေါင်းလေးစောင်းကာ ခဏတာ စဉ်းစား လိုက်သေးသည်။ သူ့ အမွေအနှစ် မှတ်ဉာဏ်များမှ ထိုငှက်မွေး သုံးချောင်းကို မီးထွန်းပေး ရမည် ဖြစ်၏။
မဟုတ်သေးပါဘူး ...
သူက ကျင့်ကြံနေဆဲ ဖြစ်သည့် မိုဝူကျီကို လှမ်းကြည့်လိုက်ပြီး မီးတောက်ကို ပြန်မျိုချ လိုက်လေသည်။ သူက ထိုအမွေးတောင် သုံးခုကို မီးထွန်းညှိဖို့ရာ လိုအပ်သော်လည်း ဖေဖေ မြင်အောင် စောင့်ရလေမည်။ မဟုတ်လျှင် သူ့အမွေးများကို နောက်ထပ် နုတ်နေရ ပေလိမ့်မည်။ သူ့အမွေးများက မီးရှို့ဖို့ရာ အတွက် အလွန် အဖိုးတန်လွန်း လှပေသည်။
မိုဝူကျီက ရွိုက်ကော လုပ်နေသည့် အရာများကို ဂရုစိုက်ဟန် မပေါ်ပေ။ သူက သိလျှင်ပင် အာရုံမစိုက်ပေ။ ထိုစဉ် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှ ကောင်းကင်နယ်ပယ် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ တက်လှမ်း လိုခြင်းသာ ကြီးစိုးနေလေ၏။
ထို့ကြောင့် သူ့ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ နောက်တစ်ကြိမ် မြင့်လာပြီး ဆက်လက် အရူးအမူး ကြီးထွားနေဆဲ ဖြစ်သည်။ ထို့နောက် သူ့နားမှ ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးများ ဆက်တိုက် ကွဲကြေ ကုန်ကြသည်။ မျက်စိတစ်မှိတ် အတွင်း မိုဝူကျီက တစ်နှစ်တာ ကျင့်ကြံ နေခဲ့မိသည်။
မိုဝူကျီက နောက်ဆုံးတွင် မျက်လုံးဖွင့်ကာ သက်ပြင်း အရှည်ကြီး ချလိုက်တော့သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က သူသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂သို့ ရောက်လာသော်လည်း ယခုအထိ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ၁၂သာ ရှိနေသေး၏။ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်ပင် မရောက်ရှိသေးပေ။
ယခု သူ လက်ရှိ အခြေအနေမှာ နောက်ဆယ်နှစ် အထိ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ရောက်မည့်ပုံ မပေါ်ပေ။
ဤနေရာတွင် ဝိညာဉ် စွမ်းအားများ ပြတ်လပ် နေခြင်းကြောင့် သေချာပေါက် မဟုတ်ပေ။ တခြားနည်းဖြင့် ဆိုရလျှင် ဝိညာဉ်စွမ်းအား သိပ်သည်းခြင်းကို ဤနေရာနှင့် ယှဉ်လိုသည့် တခြား နေရာများစွာ မရှိပေ။
ကြည့်ရသည်မှာ ဤနေရာက သူ့အတွက် ကောင်းကင်နယ်ပယ် တက်လှမ်းရန် မသင့်တော်ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းလိုပါက ဤနှင်းခါး ပင်လယ်မှ ထွက်သွား ရလိမ့်မည်။
ထိုအတွေးဖြင့် မိုဝူကျီက ထရပ် လိုက်တော့သည်။
သူက ရွှိုက်ကောသည် ငှက်မွေး သုံးခုကို မီးထွန်းညိုပြီး စင်မြင့်ရှေ့တွင် အလေးအနက် အမူအရာဖြင့် အရိုအသေ ပေးနေသည်ကို မြင်သောအခါ အံ့ဩ သွားလေသည်။ ခြေသုံးချောင်းဖြင့် ဒူးထောက်နေသည့် မြင်ကွင်းမှာ ဟာသ မြောက်လှ၏။
“ရုပ်ဆိုးလေး ဘာလုပ် နေတာလဲ” မိုဝူကျီက မေးလိုက်သည်။
လေးနှစ် အကြာတွင် ရွိုက်ကောမှာ အရမ်းတော့ ရုပ်မဆိုးတော့ပေ။ အနည်းဆုံးတော့ အမွေးအတောင် စုံလင်လာပြီး သူ့ဦးခေါင်း ထက်မှ ဦးချို သုံးခုမှာလည်း ထူးခြားသည့် ငှက်မျိုးစိတ်နှင့် တူစေသည်။ ငှက်နှုတ်သီးက ငှက်နှုတ်သီး ရှိနေဆဲ ဖြစ်ကာ မျက်လုံး ဝိုင်းများလည်း ဝိုင်းဝန်းကာ ကျန်ရှိနေဆဲ ဖြစ်သည်။ ခြေသုံးချောင်းမှာလည်း နဂိုအတိုင်း ဖြစ်လေသည်။
“ဖေဖေ ကျွန်တော်က သခင်မကို အရိုအသေ ပေးနေတာလေ။ သခင်မကို အရိုအသေ ပေးရင် မကြာခင် ကျွန်တော့်မှာ ...” ရွိုက်ကောက “ကျင့်စဉ် ရလာအောင်လို့” ဟူသော စကားစုကို အတင်းမျိုချ လိုက်ရသည်။
မိုဝူကျီက ကြောင်တောင်တောင် ဖြစ်သွားကာ
“ငှက်ရုပ်ဆိုး ... ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ။ မင်းကို ဘယ်သူက ဖေဖေလို့ ခေါ်ဖို့ ပြောလို့လဲ။ နောက်တစ်ခါ ထပ်ခေါ်တာနဲ့ မင်းကို အသားကင် လုပ်ပစ်မယ် .... ခဏ ... မင်းက ဘယ်အချိန်က စကားပြောတတ် နေတာလဲ ....”
“ဖေ ... ကျွန်တော့် နာမည်က ရွိုက်ကောလေ .... ငှက်ရုပ်ဆိုးလို့ မခေါ်ပါနဲ့။ သခင်မကို စောင့်ရှောက်ဖို့ ပြောထားပြီးတော့ ကျင့်စဉ်မှ မပေးတာ ဘယ်လိုလုပ် ကျွန်တော် စကားပြော တတ်တာကို သိမှာလဲ ...” ရွိုက်ကောက နဂိုကတည်းမှ ရည်ရွယ်ထားသည့် စကားကိုတော့ ရအောင် ပြောလိုက်သေးသည်။
မိုဝူကျီက မျက်မှောင်ကြုတ်ကာ
“ငါ့ကို ဖေဖေက လွဲပြီး ကြိုက်တာခေါ် ...”
သူ့စိတ်ထဲတွင် ဤငှက်မှာ ခြေသုံးချောင်း ရှိပြီး မီးမှုတ်နိုင်သည့် အတွက် ခြေသုံးချောင်း ရွှေကျီးနှင့် ဆက်စပ် နေတာလားဟု တွေးမိသွားသည်။ ခြေသုံးချောင်း ရွှေကျီးမှာ ရှေးဟောင်းသားရဲ့ အမျိုးအစား ဖြစ်ကာ ငှက်ရုပ်ဆိုး၏ ဦးခေါင်းပေါ်တွင် ဦးချိုသုံးခု ရှိသည့်အတွက် ခြေသုံးချောင်း ရွေကျီ၏ မျိုးဆက် ဖြစ်လျှင်ပင် တိုက်ရိုက် မျိုးဆက်တော့ မဖြစ်နိုင်ချေ။
“အဲဒါဆို လူအိုကြီးလို့ ခေါ်ရမလား။ လူအိုကြီး ကျွန်တော့်ကို လူအိုကြီးရဲ့ ကျင့်စဉ်တစ်ခု ပေးလို့ ရမလား” ရွိုက်ကောက ကျင့်စဉ်ကိစ္စကို မမေ့သေးပဲ ထပ်ပြောလိုက်သည်။ သူက တစ်နှစ်တာလောက် စောင့်ဆိုင်းပြီး သူ့အမွေးနုတ်ပြီး ဒူးထောက်ခဲ့သည့် ဖြစ်ရပ်များ အားလုံးမှာ ကျင့်စဉ်ကြောင့် မဟုတ်ပါလော။
မိုဝူကျီက ကာကွယ်ရေး အစီအရင်ဆီ ရောက်လာကာ ရွိုက်ကော၏ နှုတ်သီးမှ ဆတ်ခနဲ ဆွဲကာ ဘေးကို ပစ်လွှတ်လိုက်သည်။
“မင်းသာ လူအိုကြီး ... ငါက မင်းအတွက် အဲဒီလောက် အသက် ကြီးနေလား ...”
ရွိုက်ကောက မိုဝူကျီ မကျေနပ်ကြောင်း သတိပြုမိပြီး ထပ်မပြောတော့ပေ။ ကျင့်စဉ်နှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ထပ်မဖွင့်ဟတော့ပေ။
မိုဝူကျီက ချိန်စုယင်ဆီ လျှောက်လှမ်းလာပြီး ကျောက်စိမ်း ခေါင်းတလားမှာ ဘေးကင်း နေသေးသည်ဟု ခံစားလိုက် ရသည်။ အကာအကွယ် အစီအရင် အထပ်ထပ်များ အောက်မှ ချိန်စုယင်ကို စစ်ဆေးကြည့် လိုက်ပြီး သူမပေါ်တွင် အမာရွတ် အသစ် မတွေ့သော်လည်း သူ့စိတ်နှလုံးမှာ တစ်ဖန် လေးလံ လာပြန်သည်။
သက်ပြင်းရှည်ကြီး ချပြီးနောက် သူက ပျောက်ဆုံး နယ်မြေကို ပြန်သင့်ကြောင်း တွေးမိလေသည်။ ချိန်စုယင်ကို သူမ အမေနားတွင် မြှုပ်နှံပေးချင် မိသည်။ မည်သို့ပင် ဖြစ်စေ သူမ မိသားစုနှင့် ပြန်လည် နီးကပ်စေလိုသည်။ ချိန်စုယင်၏ စိတ်ထဲတွင်လည်း သူမ မိခင်ကသာ သူမနှင့် အရင်းနှီးရဆုံး သွေးရင်း ဖြစ်ပေလိမ့်မည်။
ခဏ အကြာတွင် မိုဝူကျီက ရွိုက်ကောဘက် လှည့်၍ ပြောလိုက်သည်။
“ငါ့ကျင့်စဉ်တွေက လူသားတွေ အတွက် ... မင်းလို ငှက်က ငါ့ကျင့်စဉ် ကျင့်လို့ ဘာအသုံးဝင်မှာလဲ ...”
“ကျွန်တော်လည်း ငှက်အဖြစ် အသုံးဝင် ချင်တာပေါ့ ... လို့ ...” ရွိုက်ကောက မကျေမနပ်ဖြင့် တစ်ခွန်းတည်းသာ ပြန်ဖြေလိုက်သည်။ သူက ငှက်အဖြစ် အသုံးဝင်မည်မှန်း သိသော်လည်း ကျင့်ကြံခွင့် ပြုဖို့ရာ ငြင်းဆန်နေဆဲ ဖြစ်သည်။
ဒီဖေဖေ ... အဲလေ ဒီလူအိုကြီးက တော်တော် ကပ်စေးနှဲတာပဲ ...
မိုဝူကျီက ခဏတာ ပြန်မပြောနိုင် ဖြစ်သွားပြီး ရွိုက်ကောကိုသာ ကြည့်လိုက်တော့သည်။
ရွိုက်ကောက ကျင့်စဉ် လိုချင်တာက ငှက်အဖြစ် အသုံးဝင်ချင် လို့လား ....
“ထားလိုက်တော့။ မင်းကို ရှင်းပြလည်း နားလည်မှာ မဟုတ်ဘူး။ ငါ ဒီဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံးတွေကို တူးလိုက်ဦးမယ်။ ပြီးရင် ဒီကနေ ထွက်သွားကြမယ်။ ငါတို့ ထွက်သွားတာနဲ့ မင်းကို ကျင့်ကြံဖို့ အတွက် ငှက်ကျင့်စဉ် ရဖို့ ဖန်တီးပေးမယ် ...” မိုဝူကျီက ရွိုက်ကောကို လက်ခါပြကာ ပြောလိုက်သည်။ သူက ဤထူးဆန်း အံ့ဩဖွယ် ငှက်ဖြင့် စကား များများစားစား မပြောချင်ပေ။
မိုဝူကျီက ငှက်ကျင့်စဉ် ရရှိဖို့ရာ ကူညီပေးမည်ဟု ပြောသည်ကို ကြားလိုက်သည့် အခါ ရွိုက်ကော မျက်လုံးများက လင်းလက်လာပြီး သူ့စိတ်ထဲတွင် ပျားရည် သောက်ထားသည့် အလား ချိုမြိန် နေလေသည်။
လဝက် အကြာတွင် မိုဝူကျီက တူးနေခြင်းကို ရပ်တန့်လိုက်သည်။ နှစ်များစွာ ကျင့်ကြံပြီး နောက်တွင် ဝိညာဉ် စွမ်းအားကွင်း မှိုကျောက်တုံး အရေအတွက်မှာ နည်းပါး လာလေပြီ။ ယခု သူက များစွာ တူးဖော်လိုက်သည့် အတွက် ကျန်ရှိနေသည့် မှိုကျောက်တုံး သိပ်မကျန်တော့ပေ။
“စုယင် သွားကြစို့ ...” မိုဝူကျီက ကျောက်စိမ်း ခေါင်းတလားဆီ သွားကာ သယ်ယူလိုက်သည်။ ရွိုက်ကောက အခွင့်အရေးကို ပြည့်ပြည့်ဝဝ အသုံးချ၍ မိုဝူကျီ ပခုံးပေါ် နားလိုက်လေသည်။ အကြောင်းမှာ သူသာ မိုဝူကျီ၏ အကာအကွယ်အောက် မရှိပါက အအေးဓာတ်ကြောင့် တစ်စစီ ဖြစ်သွား လိမ့်မည်မှန်း သိ၏။
***