ကမ္ဘာကျော်ဖြစ်လာခြင်း
Vol. 55 Ch. 767
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားအကြောင်းမှာ ကိုးပြည်ထောင်တခွင် ပျံ့နှံ့သွားပြီ ဖြစ်သည်။
ကြီးကျယ်လှသော အခမ်းအနားတွင် ပထမအဆင့် ဂိုဏ်းပေါင်းအားလုံးနီးပါး တက်ရောက်ခဲ့ကြပြီး ကျင့်ကြံသူပေါင်း သောင်းနှင့်ချီ စုဝေးခဲ့ကြသောကြောင့် အာရုံစိုက်စရာ အကြောင်းအရာတစ်ခု ဖြစ်လာသည်။
ရှားပါးသော အမွေအနှစ်များ၊ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ၊ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် လျှိုမင်ရွှမ်းကိုပင် ထွက်ခွာသွားစေနိုင်သော ကြောက်မက်ဖွယ် အကာအကွယ် ဝင်္ကပါနှင့် ဂိုဏ်းချုပ်အန်လင်း၏ ထူးခြားသော မိန့်ခွန်းများသည် ကိုးပြည်ထောင် တခွင်လုံးနှင့် ထိုက်ချူကုန်းမြေတို့ကို အံ့အားသင့်သွားစေသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် ချက်ချင်းဆိုသလို နာမည်ကြီးလာပြီး အလွန်စိတ်ဝင်စားခံရသော အခြေအနေသို့ နေ့ချင်းညချင်း ရောက်ရှိသွားသည်။ နေရာတိုင်းတွင် စုကျိုးအင်မော်တယ်ဂိုဏ်းအကြောင်းသာ ပြောနေကြသောကြောင့် ကျင့်ကြံရေးအခြေခံ မရှိသော သာမန်လူသားများပင် သိရှိနေကြလေပြီ။
မကြာမီမှာပင် စုကျိုးအင်မော်တယ်ဂိုဏ်းသည် တပည့်များ လက်ခံတော့မည်ဖြစ်ကြောင်း ကြေညာလာသောကြောင့် ကိုးပြည်ထောင်တခွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြရသည်။ ကျင့်ကြံသူပေါင်းများစွာမှာ စုကျိုးအင်မော်တယ်ဂိုဏ်းအား မျှော်လင့်တကြီး စောင့်စားနေကြသည်။
...............
ပိုင်ဟွားပြည်နယ်၏ လက်ဖက်ရည်ဆိုင်တစ်ခု၌
လှပလွန်းသော အမျိုးသမီးတစ်ဦး ရှိနေသောကြောင့် အနီးနားရှိ ကျင့်ကြံသူများသည်ပင် ကူကယ်ရာမဲ့စွာနှင့် သူမအား ငေးမောကြည့်ရှုနေမိကြသည်။
သို့သော် ရေခဲတမျှ အေးစက်နေသော သူမ အမူအရာကြောင့် မည်သူကမှ အလောကြီးစွာ မလှုပ်ရှားရဲကြပေ။ သူမသည် နှောင့်ယှက်နိုင်မည့် သူမျိုးမဟုတ်ကြောင်း ထင်ရှားနေသလိုပင်။
ထိုအမျိုးသမီး၏ ဦးခေါင်းထက်တွင် သန့်စင်လှပလွန်းသော နဂါးဦးချိုများ ရှိနေပြီး နွေးထွေးသော နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေသည်။ သူမသည် သတင်းစာထဲမှ အမျိုးသား၏ ပုံရိပ်အားကြည့်ကာ အေးစက်မှုများ ပျောက်ကွယ်သွားသည်။
"အချိန်တိုအတွင်း အဲ့လောက်အောင်မြင်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ။"
သူမ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများသည် သိမ်မွေ့နူးညံ့ကာ ပြုံးယောင်သမ်းနေသလိုပင်။ စိတ်ထဲတွင်လည်း ထိုအမျိုးသားအား စွန့်စားမှုများကြားမှ အောင်မြင်သွားသူအဖြစ် တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။
"စုကျိုးအင်မော်တယ်ဂိုဏ်း...... နဂါးနန်းဆောင်က ရှေးဟောင်းနဂါးမျိုးနွယ်စု အမွေအနှစ်က စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် နဂါးမျိုးနွယ်စုကနေ ထွက်ပြေးလာတဲ့သူကို လက်ခံပါ့မလား မသိဘူး။"
.....
အရှေ့ပင်လယ်ရှိ ကျွန်းတစ်ခု၌
လုံးဝန်းနေသော သစ်သီးနှင့်တူသည့် မှင်စာမှာ သတင်းစာတစ်စောင်အား ပုလ္လင်ထံ လှမ်းပေးလိုက်သည်။
"အ....အ......အရှင် စုကျိုးအင်မော်တယ်ဂိုဏ်းက တပည့်လက်ခံတော့မှာပါ။"
ပုလ္လင်ထက်တွင် ရှိနေသော အစိမ်းရောင်ဆံပင်နှင့် အမျိုးသားသည် သတင်းစာအား စူးစိုက်ကြည့်ရှုကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"သူပဲ..... တကယ်ကိုသူပဲ။"
"ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲ။ ငယ်ရွယ်ပြီး မရင့်ကျက်တဲ့ ကောင်လေးက အခုတော့ အင်အားကြီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်တောင် ဖြစ်နေပြီပေါ့လေ။ ပြီး..... ပြီးတော့ အချိန်ကလည်း နှစ်နှစ်ဝန်းကျင်ပဲ ရှိသေးတာ။"
"အခုတလော......နဂါးမင်းပိုင်နက်ကလည်း ငါ့ကိုအတင်းအကြပ် စစ်မှုထမ်းစေချင်နေတာ။ စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ခုံလှုံခွင့် တောင်းလိုက်ရင် ကောင်းမလား။ ဆောင်းနဂါးသင်္ချိုင်းမှာ ဆုံဖူးတာကိူ ထောက်ထားပြီး အန်လင်းက ဒီကျွန်းကို စောင့်ရှောက်ပေးလောက်မှာပါ။"
ထိုအမျိုးသားသည် လေးလေးနက်နက် တွေးတောကာ ဆုံးဖြတ်ချက် ချလိုက်သည်။
စုကျိုးအင်မော်တယ်ဂိုဏ်းလိုမျိုး အကောင်ကြီးကြီး၊ အမြှီးရှည်ရှည်ကို ဆွဲကိုဆွဲထားရမှာပေါ့.....
........
ထိုက်ချူကုန်းမြေ၌
ရက်စက်သော စိတ်ဝိဉာဉ်နှင့် ကြမ်းတမ်းသော သားရဲများ ကြီးစိုးနေသော နေရာတစ်ခု ရှိသည်။
အလောင်းပုံနှင့် သွေးပင်လယ်ကြား ရပ်နေသော နဂါးမျိုးနွယ်စု အမျိုးသားတစ်ဦးသည် သတင်းအချက်အလက် ဝေမျှသော ကျောက်စိမ်းပြားတစ်ခုအား ဆုပ်ကိုင်ထားသည်။ သူသည် ထိုကျောက်စိမ်းပြားအား သားရဲတစ်ကောင်၏ သိုလှောင်လက်စွပ်မှ ရရှိလာခြင်းပင်။ ထိုအမျိုးသား ခပ်ဖွဖွ ပြုံးလိုက်သည်။
"ရှေးဟောင်းနဂါးမျိုးနွယ်စု အမွေအနှစ်တဲ့လား။ စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ငါ့ဘိုးဘေးတွေနဲ့ တွေ့ရတော့မယ် ထင်တယ်။ လုံအော့ထျန်းဆိုတဲ့ငါ့ကို ဘိုးဘေးတွေ စိတ်မပျက်ဖို့ပဲ မျှော်လင့်တယ်။"
.........
မြင့်မြတ်တဲ့ ရေခဲကုန်းမြေ၌
အမျိုးအမည် မသိသော စွမ်းအင်တစ်ခုကြောင့် မြို့တော်မှာ ပေါက်ကွဲသွားခဲ့သည်။
နှင်းပျိုမဒီ ရာပေါင်းများစွာလည်း သေဆုံးခဲ့ရလေသည်။
ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခုသည် မြင့်မြတ်သော ရေခဲကုန်းမြေတလျှောက် ပျံ့နှံ့နေပြီး အေးခဲဒေသတွင်သာ နေထိုင်သော နှင်းပျိုမဒီများမှာ မည်သို့မှ ခံနိုင်ရည် မရှိကြပေ။ ထို့ကြောင့် ထောင်နှင့်ချီသော နှင်းပျိုမဒီများသည် မြင့်မြတ်သော ရေခဲကုန်းမြေအား မဖြစ်မနေ စွန့်ခွာလာရသည်။
ထိုထဲတွင် ရွှေရောင်မျက်ဝန်းနှင့် အဖြူရောင်ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသော အမျိုးသမီး တစ်ဦးသည် သတင်းစာအားဖတ်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"ဘာလို့ သတင်းစာကို အဲ့လောက်အကြာကြီး ကြည့်နေရတာလဲ။ သူ့ကိုမြင်တာနဲ့ နှလုံးတွေ အောင့်လွန်းလို့။ တကယ်မခံစားနိုင်ဘူး။"
ရန်ဟွားမှာ သိုလှောင်လက်စွပ် ဓားပြတိုက်ခံရသော မြင်ကွင်းအား ပြန်လည်မြင်ယောင်လာသည်။
ရှန့်ကွမ်းယီ သတင်းစာအားသိမ်းကာ ရှင်းပြလိုက်သည်။
"ဒါက ကိုးပြည်ထောင်က အင်အားကြီးဂိုဏ်းအသစ်လေ။ ရန်သူတွေကို ခုခံတိုက်ခိုက်ဖို့ဆိုရင် သူတို့အကြောင်း ကောင်းကောင်းနားလည်ထားမှရမယ်။"
ရန်ဟွား ခေါင်းခါလိုက်သည်။
"ကိုးပြည်ထောင်အပေါ် ထားတဲ့စိတ်က ကြီးမြတ်ဧကရီနဲ့ တော်တော်တူတာပဲ။ ဘာပဲဖြစ်ဖြစ် ထားလိုက်ပါ။ ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေကို အရင်သွားကြတာပေါ့။"
ရှန့်ကွမ်းယီမှာ မြင့်မြတ်သော နန်းတော်ခေါင်းဆောင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ရန်ဟွားသည် စိတ်သဘောထား ဆိုးယုတ်ခြင်း မရှိပဲ ဖြူစင်ရိုးရှင်းသောကြောင့် ထိုနှင်းပျိုမဒီအား သူမ မမုန်းတီးပေ။
စင်စစ်အားဖြင့် နှင်းပျိုမဒီများသည် တဲ့တိုးဆန်ပြီး ရှုပ်ထွေးသောအတွေးများ မရှိကြပေ။ ၎င်းတို့၏ တိုက်ပွဲအများစုသည် ရှင်သန်လွတ်မြောက်ရန်သာ ဖြစ်ကြသည်။ သို့သော် ထိုသို့ရှင်သန်လွတ်မြောက်လိုစိတ်ကြောင့်ပင် ၎င်းတို့၏ လုပ်ရပ်များမှာ ကြမ်းတမ်းခက်ထန်လာပြီး အခြားသော မျိုးနွယ်စုများအမြင်တွင် မိန်းမမိစ္ဆာများ ဖြစ်လာသည်။
ဥပမာအားဖြင့် လက်ရှိအချိန်တွင် ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေသို့ သွားနေသည်မှာ ခိုလှုံရန်သက်သက် မဟုတ်ပဲ တိုက်ခိုက်သိမ်းပိုက်ရန် ဖြစ်သည်။ မြင့်မြတ်သော ရေခဲကုန်းမြေသည် ၎င်းတို့အတွက် အဆင်မပြေတော့သဖြင့် ရှင်သန်လွတ်မြောက်ရန် အခြားသော နယ်မြေများထံ သွားရတော့မည်ပင်။
ကိုးပြည်ထောင်သည် အလွန်အင်အားကြီးသောကြောင့် ၎င်းတို့သာ စစ်ပွဲစတင်ခဲ့ပါက မျိုးတုန်းသွားနိုင်ခြေ ရှိသည်။ အရှေ့အရပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ခြောက်ကပ်သေဆုံးနေသောကြောင့် နှင်းပျိုမဒီများအနေဖြင့် မရဏဝိဉာဉ်နယ်မြေဟု ကောလဟလများ ထွက်ပေါ်နေသော အနောက်အရပ်သို့သာ ဦးတည်သွားရတော့သည်။ ထိုနေရာသို့ ရောက်ရှိသွားမှသာ ထိုဝိဉာဉ်များအား အနိုင်ကျင့်၍ရမရ သိရှိရလိမ့်မည်ပင်။
..............
ကျေးငှက်သံများ၊ ပန်းရနံ့များ သင်းထုံနေသော ပုံရိပ်ယောင်နယ်မြေတစ်ခု၌
မြင့်မြတ်သော အရောင်အဝါများ ဖြာထွက်နေသည့် အမျိုးသမီးတစ်ဦးသည် ပန်းပွင့်အား ရေလောင်းကာ သံစဉ်ညည်းနေသည်။
ထိုရေသည် ကောင်းကင်၏ အမြင့်ဆုံးတွင်ရှိသော အိပ်မက်ဝိဉာဉ်အင်မော်တယ်ကျောက်စိမ်းရေ ဖြစ်သည်။ သေမျိုးလူသား တစ်ဦးသာ ထိုရေတစ်ခွက်မျှ သောက်မိပါက နှစ်သုံးထောင်တိတိ အိပ်မောကျကာ ပုံရိပ်ယောင် ဘဝပေါင်းများစွာကို ကြုံတွေ့ရပေလိမ့်မည်။
ထိုသေမျိုးလူသားသည် ဘဝကူးသွားသည်ဟု ထင်မှတ်နေမည် ဖြစ်သည်။
ထို့နောက် ပျော်ရွှင်ဝမ်းနည်းခြင်းများ ပြည့်နှက်နေသော ဘဝတစ်ခုအား ဖြတ်ကျော်ရမည်ဖြစ်ကာ အခက်အခဲများစွာကို ရင်ဆိုင်ပြီးနောက် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး လူသားတစ်ဦး ဖြစ်လာပေလိမ့်မည်။ ၎င်းသည် ကမ္ဘာကြီးအား ကယ်တင်ကာ အင်မော်တယ်လောကသို့ပင် တက်ရောက်လာမည်ပင်။
အင်မော်တယ်လောကသို့ ရောက်လာပြီးနောက်တွင် အိပ်မက်မှ နိုးထလာမည် ဖြစ်ပေသည်။
ရင်းနှီးစိမ်းသက်နေသော အိပ်ရာပေါ်တွင်လှဲကာ အရာအားလုံးသည် အိပ်မက်တစ်ခုသာဖြစ်ကြောင်း သဘောပေါက်လာပေလိမ့်မည်။ ကမ္ဘာကြီး၏ အရှင်သခင်၊ အကြီးမြတ်ဆုံး ဧကရာဇ် အားလုံးသည် သောက်ကျိုးနည်း အိပ်မက်တစ်ခုသာ ဖြစ်သည်။
အမှိုက်သည် အမှိုက်သာဖြစ်ပြီး ပြုပြင်မရပေ။
ထိုသေမျိုးလူသားသည် လွန်စွာစိတ်ထိခိုက်ကာ သေသည်အထိ ငိုကြွေးနေလိမ့်မည်။
တုနှိုင်းမဲ့တာအိုအား ရရှိထားခဲ့သူသည် ငိုကြွေးရင်း သေဆုံးသွားရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ပန်းပင်ရေလောင်းရာမှ ထွက်ပေါ်လာသောအသံသည် အလွန်သာယာဖွယ်ကောင်းကာ ပြီးပြည့်စုံနေသည်။
"ဘာကအမှန်လဲ။ ဘာကအိပ်မက်လဲ။"
"သူတို့ အင်မော်တယ်လောက ရောက်သွားချိန်မှာသာ ငါမနှိုးလိုက်ရင် သူတို့က အိပ်မက်ကမ္ဘာထဲမှာပဲ ပိတ်မိနေတော့မှာ။ အဲ့အိပ်မက်ကပဲ အမှန်တရားလို ဖြစ်လာလိမ့်မယ်။"
"ရှောင်ဟေး..... ငါတို့ကရော နိုးထမလာမယ့် အိပ်မက်ကမ္ဘာထဲ ရောက်နေတယ် မထင်ဘူးလား။"
အရောင်အဝါများ ဖြာထွက်နေသော အမျိုးသမီးသည် နက်မှောင်သော ဆံကေသာရှိသည့် မြွေအမြှီးနှင့် အမျိုးသမီးအားကြည့်ကာ မေးလိုက်သည်။
ထိုအနက်ရောင် ဆံကေသာနှင့် အမျိုးသမီးသည် အန်လင်း တွေ့ဆုံခဲ့သော မြွေနက်ဝိဉာဉ်ပင်။
(ရှောင်ဟေးဆိုတာ အနက်လေးလို့ ခေါ်တာပါ။)
မြွေနက်ဝိဉာဉ် ရယ်မောလိုက်သည်။
"အရှင်မရယ်..... ဒါက အိပ်မက်ဖြစ်နေရင်တောင် ကျွန်မတို့ရဲ့ အိပ်မက်က ပျော်စရာအကောင်းဆုံး ဖြစ်လိမ့်မယ်။"
တစ်ဖက်အမျိုးသမီး ပြုံးလိုက်သောအခါ မြင့်မြတ်သော အရောင်အဝါများ ပိုမိုဖြာထွက်လာသည်။
"ရှောင်ဟေး...... နင်စိတ်အလိုမကျ ဖြစ်နေတာကို ငါအာရုံခံမိတယ်။"
မြွေနက်ဝိဉာဉ် စကားဆိုလိုက်သည်။
"ကျွန်မ အိမ်နဲ့ဥကို ဆုံးရှုံးလိုက်ရတယ်လေ။ တစ်ချိန်ကြရင် ဒင်းကိုတစ်ခုခု ပြန်လုပ်ကိုလုပ်မှာ။ ဒါပေမယ့် အရှင်မက ကံကောင်းစေတဲ့မြေကိုတောင် သူ့အတွက် ချီးမြှင့်လိုက်သေးတယ်။ ကျွန်မ...... ကျွန်မ....."
ထိုအမျိုးသမီး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အဲ့ဒါကို မကျေမနပ်ဖြစ်ပြီး တစ်ယောက်ယောက်ကို ရိုက်ချင်နေတာလား။"
မြွေနက်ဝိဉာဉ် : "........"
"ဒီကမ္ဘာက အခြေအနေ ဆိုးရွားလာပြီဆိုတော့ ငါ့ရဲ့အပိုင်းအစတွေကို ပြောင်းရွှေ့ရတော့မှာလေ။ အန်လင်းက အရမ်းမြန်မြန် တိုးတက်လာတာကိုက ကောင်းကင်ဘုံရဲ့ ကောင်းချီးရထားတာ သိသာနေတယ်။ သူနဲ့ ကံကြမ္မာကောင်း ဖန်တီးတာ ကောင်းတဲ့ကိစ္စပဲ။ မဟုတ်တာတွေ တွေးမနေနဲ့တော့။"
မြွေနက်ဝိဉာဉ် ခေါင်းငုံ့ကာ လေးလေးစားစား တုံ့ပြန်လိုက်သည်။
"ရှောင်ဟေး မလုပ်ရဲပါဘူး။"
သို့သော် သူမ၏အတွေးမှာ ဆန့်ကျင်ဘက် ဖြစ်သည်။
ကံကြမ္မာကောင်းဟုတ်လား..... ဘာကိစ္စပဲရှိရှိ ဒင်းကိုအရင်ဆော်ရမှ ကျေနပ်မယ်.....