အန်လင်း၏အဓိကအတားအဆီး
Vol. 55 Ch. 768
စုကျိုးအင်မော်တယ်ဂိုဏ်း၌
ပိုင်လင်၊ လျှိုချင်းဟွမ်၊ ရှောင်ဇယ်နှင့် လန်လေးတို့မှာ တပည့်လက်ခံရေး ကိစ္စများအတွက် အလုပ်ရှုပ်နေကြသည်။
ဂိုဏ်းချုပ်အန်လင်းမှာမူ ဂိုဏ်းတခွင် လှည့်ပတ်သွားလာကာ လှပသော တောင်တန်းနှင့် စမ်းချောင်းများကြားတွင် ကိုယ့်ကိုယ်ကို မြှုပ်နှံထားလေသည်။
ဂိုဏ်းချုပ်ဖြစ်နေပါသော်လည်း မည်သည့်အလုပ်မှ ရှုပ်စရာ မရှိလှပေ။
ဝတ္ထုများနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် ဖော်ပြထားသည့်အတိုင်း ကမ္ဘာပျက်မတတ် အရေးပါသော ကိစ္စများမှာသာ ဂိုဏ်းချုပ်များ ပေါ်ထွက်လာပေလိမ့်မည်။ ၎င်းတို့၏ အံ့အားသင့်ဖွယ် အစွမ်းများနှင့် အခြေအနေအား ပြောင်းလဲပစ်ကာ အားလုံးရှေ့တွင်လည်း တည်တည်ငြိမ်ငြိမ်ပင် ကြွားလုံးထုတ်မည် ဖြစ်သည်။
ကျန်ရှိနေသော အချိန်များတွင် ထိုဂိုဏ်းချုပ်များ ဘာလုပ်နေသည်ကို မည်သူမှ သိမည်မဟုတ်ပေ။
သီးသန့်ကျင့်ကြံနေသည်ဟုသာ ရိုးရှင်းစွာ ပြောကြပေလိမ့်မည်။
ပြင်ပတွင် သောက်စားပျော်ပါးနေသည်ကို လူမိသွားလျှင်လည်း သေမျိုးကမ္ဘာတွင် ဘဝအတွေ့အကြုံ ယူနေသည်ဟုသာ ပြောလာမည်ဖြစ်ပြီး မည်သူကမှ ထိုစကားအား သံသယ ဝင်မည်မဟုတ်ပေ။ ထို့အပြင် နားလည်ရန် ခက်ခဲကာ သိမ်မွေ့နက်နဲသော ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ကြပေဦးမည်။
အန်လင်းနှင့် စုရှောင်လန်သည် အတူတကွ လက်တွဲကာ လျှောက်သွားနေရင်း လပြည့်ဝန်းတောင်တန်းထံ ရောက်ရှိလာကြသည်။
တောင်ထိပ်မှကြည့်လျှင် ဂိုဏ်းတစ်ခုလုံးသာမက အဝေးရှိ မြက်ခင်းစိမ်းများကိုပင် တွေ့မြင်နိုင်သည်။
အန်လင်းစိတ်ထဲတွင် ဂုဏ်ယူခြင်းများ ဖြစ်ပေါ်လာပြီး အဆောက်အဦးများကို လက်ညှိုးထိုးကာ ဘေးတွင်ရှိနေသော မိန်းမငယ်လေးအား ကြည့်ရှုလိုက်သည်။
"ရှောင်လန်...... တောင်အောက်ကိုကြည့်လိုက်။ မင်းဘာမြင်လဲ။"
စုရှောင်လန် မျက်တောင်ခတ်ကာ တွေဝေစွာ တုံ့ပြန်လာသည်။
"စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ပိုင်နက်လေ။"
"မှားတယ်။ ကိုယ်ရဲ့ဧကရီလေး..... အဲ့ဒါက ဒီဧကရာဇ်ကိုယ်တိုင် မင်းအတွက် တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြေပဲ။"
အန်လင်း စကားဆိုလိုက်သည်။
စုရှောင်လန်မှာ ပန်းနုရောင် နှုတ်ခမ်းလေးအား ခပ်ဖွဖွ ဖိကိုက်လိုက်သည်။
"နင်က တစ်နေ့တစ်နေ့ ပိုပေါလာတာပဲ။"
သူမ စူပုပ်ပုပ်ဖြင့် ပြောလိုက်လေသည်။
"ကိုယ့်ဧကရီလေးက သဘောမကျဘူးလား။"
အန်လင်း စိတ်မကောင်းဖြစ်သွားသည်။
စုရှောင်လန်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရပါသော်လည်း သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းသဖွယ် မှေးစင်းနေလေပြီ။
သူမသည်လည်း အန်လင်းနှင့်အတူ အပေါပါရမီဖြည့်ကာ ချိုကြည်စွာ စကားဆိုလိုက်သည်။
"ဒီကိုယ်လုပ်တော်က အရှင်မင်းကြီးရဲ့ သိမ်းပိုက်မှုတွေကို စိတ်မဝင်စားပါဘူး။ မိုးပဲကြီးကြီး၊ လေပဲထန်ထန် ဒါမှမဟုတ် ဘာတွေပဲဖြစ်နေပါစေ အရှင်မင်းကြီးအတွက် အမြဲတမ်း နွေးထွေးစေမယ့် နှလုံးသားတစ်စုံ ရှိနေတယ်ဆိုတာပဲ သိစေချင်မိတာပါ။"
အန်လင်းမှာ ငေးငေးကြောင်ကြောင် ဖြစ်သွားမိသည်။ စုရှောင်လန်မှ ပြီးပြည့်စုံသော အဖြေအား ပြောကြားလာလိမ့်မည်ဟု တွေးထင်မထားခဲ့ပေ။
စုရှောင်လန်သည် စစနောက်နောက်ဟန်ပန်ဖြင့် ပြောကြားလာခြင်း ဖြစ်ပါသော်လည်း ထိုစကားများထဲတွင် စိတ်ရင်းများကို မြင်နေရသည်။
သေအံ့ဆဲဆဲအချိန်တွင် စုရှောင်လန် သူ့အတွက် ပေးဆပ်ခဲ့သည်များကို ပြန်လည်မြင်ယောင်လာမိသည်။
မိုးကြီးကာ လေထန်ပါစေ၊ မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ နှလုံးသားတစ်စုံသည် သူ့အတွက် အမြဲတစေ နွေးထွေးနေပေလိမ့်မည်။
အန်လင်းသည် ရှေ့တွင်ရှိနေသော အမျိုးသမီးလေးအား ငေးမောကြည့်ရှုနေမိသည်။ ကမ္ဘာပေါ်တွင် ခံစားချက်များစွာ ရှိပါသော်လည်း ထိုအမျိုးသမီးလေး၏ ကြည်နူးဖွယ် တောက်ပနေသော အပြုံးကို မည်သည့်အရာက ယှဉ်နိုင်ပါမည်နည်း။
"ငါက မြန်မြန် တုံ့ပြန်နိုင်တာကို ကြောင်သွားတာလား။"
စုရှောင်လန်မှာ အန်လင်း၏ ပုံစံအားကြည့်ကာ ရယ်ချင်လာသည်။
"ဘာမပြောနဲ့တော့။ ကိုယ့်ကိုနမ်း....."
အန်လင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
စုရှောင်လန် ကြောင်အမ်းအမ်း ဖြစ်သွားရလေပြီ။
ထိုသို့နှင့် ၎င်းတို့၏ နှုတ်ခမ်းများ ထိတွေ့သွားကြသည်။
ထိုအနမ်းသည် အချိုမြိန်ဆုံး ဝတ်ရည်ထက်ပင် ပိုမိုချိုမြိန်နေပြီး ကမ္ဘာပေါ်ရှိ အရာအားလုံးထက် အရေးပါနေသလိုပင်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် တောင်စောင်းထိပ်တွင်ရှိသော ကျောက်ဆောင်ပေါ်တွင်ထိုင်ကာ အဝေးရှိ လှပသော ရှုခင်းများကို ကြည့်ရှုနေခဲ့ကြသည်။
ကြည်လင်သော ကောင်းကင်ပြာ၊ သန့်စင်သော တိမ်လွှာဖြူနှင့် စိမ်းစိုသော တောင်ကုန်းများသည် သီးခြားရောင်စဉ်များ ဖြစ်ပါသော်လည်း တစ်စုတစည်းတည်း တွေ့မြင်ရသောအခါ အမှန်တကယ်ပင် မျက်စိပဒါသ ဖြစ်စေသည်။
"ဒီရှုခင်းက အရမ်းလှတာပဲ။"
စုရှောင်လန် ရေရွတ်လိုက်သည်။
သူမသည် လက်နောက်ပစ်ကာ မှီထိုင်ထားရင်း ကောင်းကင်အား မျက်နှာမူထားသည်။ လေပြေများ ကလူကျီဆယ်နေသောကြောင့် ကခုန်နေသော ဆံနွယ်များမှာ သူမ၏ အလှအား ပိုမိုရစ်မူးစေသည်။
အန်လင်းမှာ စုရှောင်လန်အားငေးကာ မှတ်ချက်ပြုလာသည်။
"လှပတဲ့ နွေဦးရှုခင်းတောင် မင်းအလှကို မမှီလောက်ဘူး။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"နင်မပြီးတော့ဘူးလား။"
"ရိုးသားတဲ့လူတွေက စကားကို ဒဲ့ပဲပြောတတ်တယ်။"
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
စုရှောင်လန် : "......."
၎င်းတို့နှစ်ဦးမှာ အချိန်အတော်ကြာအောင် စကားစမြည် ပြောနေခဲ့သည်။
စုရှောင်လန်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ တိုးတက်နှုန်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။
ထိုသည်မှာ သူမ၏ ဗာမီလီယမ်ငှက်သွေးမျိုးဆက်ကြောင့် ဖြစ်ပေလိမ့်မည်။ မြင့်မြတ်သောသားရဲ၏ အဆီအနှစ် သွေးမျိုးဆက် မဟုတ်လော။ စုရှောင်လန်သည် ကျင့်ကြံရေး ပါရမီလည်း ကောင်းမွန်သူ ဖြစ်သောကြောင့် ထိုသို့မြန်ဆန်နေသည်မှာ မထူးဆန်းတော့ပေ။
စုရှောင်လန်သည် အန်လင်းနှင့် ကျင့်ကြံရေးအဆင့် တူညီနေပြီး အချိန်မရွေး ကျော်တက်သွားနိုင်ပေသည်။
အန်လင်းမှာ ထိုအချက်အား အတော်ဖိအားဖြစ်ရသည်။ သူ့အနေဖြင့် ယောက်ျားဆန်စွာ အရှေ့မှ ရှိနေချင်သည်။ အန်ရီထျန်းသည် ရှောင်လန်၏ နောက်လိုက် မဖြစ်သင့်ပေ။
ငါဘာလုပ်သင့်လဲ........
အန်လင်းမှာ သက်ရှိစွမ်းအင်ပင်လယ်အား အာရုံစိုက်လိုက်သည်။
ဒါတွေအားလုံးက အန်ကီရင်ကြောင့်ပဲ.......
လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေးအား ကူညီပေးခဲ့စဉ်က ဝတ်ရုံတစ်ထည် ရရှိခဲ့သောကြောင့် အောင်မြင်တော့မည်ဟု ထင်မှတ်ခဲ့မိသည်။
အန်ကီရင်သည် သူ၏လျှပ်စစ်ရုပ်သေးလိုပင်။ အန်ကီရင်တွင်ရှိသော စွမ်းရည်မှန်သမျှ သူလည်းအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ ပါဝင်နေသော အဖြူရောင် လျှပ်စီးတို့ ဖြစ်သည်။
မီးလျှံဖြူ ဗာမီလီယမ်ငှက်၏ စွမ်းအင်ကိုလည်း သူငှားရမ်းနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ဗာမီလီယမ်ငှက်သည် ရူးလောက်အောင် မောက်မာသောကြောင့် အချိန်အများစုတွင် ၎င်း၏စွမ်းအင်များ မသုံးစွဲနိုင်ပေ။
ဝေလငါးငယ်လေးသည် အန်ကီရင်၏ စီးတော်ယဉ် ဖြစ်နေပြီး ဘာမှသုံးစားမရပေ။ အန်လင်းသည်လည်း ၎င်းနှင့်ပက်သတ်၍ ဘာမှမတတ်နိုင်ပဲ ချီပင်လယ်အတွင်း လွတ်လပ်စွာ ကူးခတ်ခွင့် ပေးထားရသည်။
"ရှောင်လန်......ကိုယ်မိုးကြိုးကပ်ဘေး ခံယူတုန်းက အန်ထုတ်လိုက်တဲ့ ကလေးလေးကို မှတ်မိသေးလား။"
အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။
"မှတ်မိတာပေါ့။ အန်ကီရင်လေ......ဟုတ်တယ်မလား။ ငါပဲနာမည်ပေးထားတာကို။ နင်သူ့ကို စားလိုက်ပြီ မဟုတ်ဘူးလား။"
စုရှောင်လန် သိချင်စိတ် ဖြစ်မိသွားသည်။
အန်လင်း မျက်နှာပျက်သွားသည်။
"ကိုယ်မစားပါဘူး။ ချီပင်လယ်ထဲ ထည့်လိုက်တာပါ။"
စုရှောင်လန် ခွန်းတုံ့ပြန်လာသည်။
"တူတူပဲလေ။"
"သူက ကိုယ့်ရဲ့ ချီပင်လယ်ထဲ လျှောက်သွားနေတော့ တုံးလုံးကြီး မြင်ရတာ အဆင်မပြေဘူး။ အဝတ်အစားလေးဘာလေး လုပ်ပေးချင်တာ။ ဒါပေမယ့် ကိုယ်က အဲ့ဒါတွေ သိပ်နားမလည်ဘူးလေ။ မင်းမှာအကြံတွေဘာတွေ ရှိလား။"
စုရှောင်လန် : "......."
"သူက အရင်တည်းက တုံးလုံးလေးပဲလေ။ အဲ့တုန်းက နင်ဘာမှမပြောပါဘူး။"
"ဘာလို့ အခုမှ မျက်စိရှက်သလို လာပြောနေတာလဲ။"
စုရှောင်လန် ရယ်ချင်လာမိသည်။
အန်လင်း ပြောစရာ စကားများ ပျောက်ရှသွားရသည်။ စင်စစ်အားဖြင့် အန်ကီရင် ဖောင်ပြင်နေသည်ကို သူအဆင်မပြေ မဖြစ်ပေ။ သူသည် အပြစ်ကင်းစင်သော ကလေးငယ်လေးလိုပင်။
အန်လင်းမှာ အဖြစ်မှန်အား ပြောပြလိုက်ရသည်။
"အန်ကီရင်ကိူ အဝတ်အစားပေးပြီး အရှက်တရားအကြောင်း သင်ပေးမလို့ပါ။ အဲ့ဒါမှ ကိုယ်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ကို တက်နိုင်မှာ။"
စုရှောင်လန် အံ့အားသင့်သွားသည်။
"အန်လင်း....... နင့်ရဲ့ကျင့်ကြံရေးက တဖြည်းဖြည်းနဲ့ လမ်းမှန်နဲ့ ပိုဝေးလာတယ်နော်။"
အန်လင်း စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
"ကိုယ်လည်း အဲ့လိုမဖြစ်ချင်ပါဘူး။ ဒါပေမယ့် ရွေးချယ်စရာ မရှိဘူးလေ။ ဒီအဆင့်မှာ သောင်တင်နေတာ တစ်နှစ်နီးပါး ရှိနေပြီ။ ကိုယ်ဘာလုပ်ရမှာလဲ။"
"စိတ်အေးအေးထားပါ။ တစ်နှစ်တောင် မရှိသေးတာကို။ တချို့ကျင့်ကြံသူတွေဆိုရင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်မှာတင် နှစ်ထောင်နဲ့ချီကြာတာ။ အရမ်းလောတာ မကောင်းဘူး။ ဖြည်းဖြည်းချင်းပဲသွား။"
စုရှောင်လန် လက်ခါပြကာ ပြောလိုက်သည်။
အန်လင်း ခေါင်းခါပြလာသည်။
"မဖြစ်ဘူး။ အဆင့်မတက်နိုင်တော့ ကိုယ်အဆင်မပြေဘူး။ တစ်နှစ်တောင် ရှိနေပြီကို အဆင့်မတက်မှတော့ ဘာလို့ကျင့်ကြံနေရဦးမှာလဲ။"
စုရှောင်လန် : "......."
"ငါတို့ကျောင်းတော်က ကျောင်းသားတွေက တကယ်ထူးထူးဆန်းဆန်းတွေလို့ ခံစားရတယ်။"
အန်လင်းမှာ သူမ၏စကားအား နားလည်နေသည်။
"အားနည်းတဲ့သူ သောက်ကြွားထူရင် သမခံရမှာပဲ။ ဒါပေမယ့် အင်အားကြီးတဲ့ ကြွားလုံးထုတ်ရင်တော့ အားလုံး သဘောကျလိမ့်မယ်။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"ငါတို့တိုက်ရင်တောင် နင့်ကိုငါမနိုင်ပါဘူး။"
"ဟုတ်တယ်။"
အန်လင်း ရယ်မောလိုက်သည်။
"ရှောင်လန်..... ဒီပြဿနာကို ဘယ်လိုကူညီပေးမှာလဲ။"
"မပြောတတ်ဘူး။ ငါဘယ်ကလေးမှ မထိန်းဖူးဘူး။ ချီပင်လယ်ထဲက ကလေးဆိုပိုဆိုး။"
စုရှောင်လန် စကားဆိုလိုက်သည်။
"နင့်ဘာသာ အဖြေရှာကြည့်ပေါ့။"
အန်လင်း စုရှောင်လန်၏လက်အား ဆွဲကိုင်လိုက်သည်။
"အဲ့လိုမလုပ်ပါနဲ့။ ကိုယ့်ကိုကူညီပါကွာ.... နော်။"
စုရှောင်လန်မှာ မယုံကြည်နိုင်စွာဖြင့် အန်လင်းအား ခြေတပြန်၊ ခေါင်းတပြန် ကြည့်ရှုလိုက်သည်။
"အန်လင်း.....နင်ငါ့ကို ချွဲနေတာလား။"
အန်လင်း : "......."
ဟုတ်သားပဲ.....ငါဘာလို့ ချွဲနေမိတာလဲ.....
အန်ရီထျန်းက အဲ့လိုလုပ်သင့်လို့လား......
စုရှောင်လန်ရဲ့ အရှိန်အဝါက အရမ်းကြီးလာလို့ ငါမှီခိုချင်သွားတာလား......
အန်လင်းမှာ မော်ကြွားစွာဖြင့် စုရှောင်လန်၏ မေးဖျားလေးအား ကိုင်မော့လိုက်သည်။
"ကိုယ့်အတွက် အကြံစဉ်းစားပေးရမယ်နော်.... အမျိုးသမီးလေး။ မဟုတ်ရင် ဒီဂိုဏ်းချုပ် ပျော်မှာမဟုတ်ဘူး။"
စုရှောင်လန် : "......"