တပိုင်အဆင့်တက်ခြင်း
Vol. 55 Ch. 769
လွှမ်းမိုးနိုင်သောပုံစံကြောင့် စုရှောင်လန်မှာ ရုတ်တရက် အံ့အားသင့်ကာ နူးညံ့သော ပါးပြင်လေးပေါ်တွင် ရှက်သွေးများ ဖြာလာရသည်။
မည်သို့ပင်ဆိုစေကာမူ အန်လင်း စကားမဆက်နိုင်ခင်မှာပင် ဖြူဖွေးဖွေး လက်တစ်စုံမှာ သူ၏ပုခုံးအား အရှိန်ဖြင့် တွန်းလာသည်။
ဝုန်း......
အန်လင်းမှာ စုရှောင်လန်ကြောင့် ကျောက်ဆောင်ပေါ် လဲကျသွားရသည်။
အမျိုးသမီး၏လက်များသည် အမျိုးသား၏ ပုခုံးပေါ် ဖိနှိပ်ထားပြီး မြင့်မြတ်သောမီးလျှံများလည်း ဖြာထွက်နေသည်။ နဂါးအရှိန်အဝါများ ပါဝင်နေသော မျက်ဝန်းတစ်စုံသည် အမျိုးသားအား ခနဲ့တဲ့တဲ့ ကြည့်ရှုလိုက်သည်။
"မင်း......."
အန်လင်း စုရှောင်လန်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"နင်ရုတ်တရက်ကြီး ပုံစံပြောင်းသွားတာ ငါမကြိုက်ဘူး။"
စုရှောင်လန်မှာ အောင်နိုင်သူပုံစံဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"မင်းနေသားကျသွားမှာပါ။"
ဝုန်း.......
အံ့ဖွယ်မီးတောက်လေးခု တပြိုင်တည်း ပေါ်ထွက်လာသည်။
မီးတောက်များ ပေါက်ကွဲမှုကြောင့် တောင်တန်းများပါ တုန်ခါသွားရသည်။
ချက်ချင်းဆိုသလို စုကျိုးအင်မော်တယ်ဂိုဏ်း၏ လပြည့်ဝန်းတောင်တန်းမှာ ဓားစိတ်ဆန္ဒများ ပြည့်လျှံသွားပြီး ကောင်းကင်ထက်တွင်လည်း မိုးကြိုးလျှပ်စီးများ လက်လက်ထလာသည်။
ဂိုဏ်းသားများမှာ တောင်ထိပ်ရှိ အခြေအနေအား လှမ်းမျှော်ကြည့်ကာ တအံ့တသြ ဖြစ်နေကြသည်။
ရွှယ်ကျန်ထျန်း စိတ်လှုပ်ရှားနေလေသည်။
"သခင်နဲ့ သခင်မက ကော်လိုကပ်နေကြပြန်ပြီ။ တိုက်ပွဲအလှည့်အပြောင်းတွေနဲ့ ပွဲခေါ်သံ သောသောညံနေပြီဟေ့။"
တပိုင်မှာ ရွှယ်ကျန်ထျန်း၏ ခန္ဓာကိုယ်အား ပုတ်ချလိုက်သည်။
"ဘာဖြစ်မလဲဆိုတာ ကြည့်စရာတောင် မလိုဘူး။ အစ်ကိုကြီးအန်က စုရှောင်လန် လက်ချက်နဲ့ ပက်လက်လန်မှာပဲ......ဝုတ်။"
"ဘာလို့လဲ။"
ရွှယ်ကျန်ထျန်း နားမလည်နိုင် ဖြစ်သွားသည်။
"သခင်က ကောင်းကင်ကိုတောင် ယီးနဲ့ထိုးနိုင်တယ်ကွ။ စုရှောင်လန် ဘယ်လောက်တော်တော် သခင့်ကိုနိုင်ဖို့ မဖြစ်နိုင်ဘူး။"
တပိုင် ရယ်မောလိုက်သည်။
"မင်းနားမလည်ပါဘူး။ အချစ်ဆိုတဲ့ စွမ်းအင်က အစ်ကိုကြီးအန်ကို ဖိနှိပ်ပစ်လိုက်လိမ့်မယ်။ အဲ့ဒါကြောင့် စုရှောင်လန်ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး..... ဝုတ်။"
"အချစ်လား....."
ရွှယ်ကျန်ထျန်း ကြောင်တောင်တောင်ပင် ခေါင်းညိတ်လိုက်သည်။
ပြင်းထန်သော အားပြိုင်ပွဲ ပြီးသွားပြီးနောက် အန်လင်းမှာ စုရှောင်လန်၏ ဖိနှိပ်မှုကို ခံလိုက်ရပြန်သည်။
၎င်းတို့နှစ်ဦးလုံး တိုက်ပွဲကြောင့် စွမ်းအင်ကုန်ခမ်းကာ အသက်ပြင်းပြင်း ရှူနေရသည်။
"ဟူး......ခံစားလို့ ကောင်းလိုက်တာ။"
စုရှောင်လန် သက်ပြင်းချကာ ချွေးသုတ်လိုက်သည်။
"မင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ရောက်လာပြီးတော့ တော်တော်သန်မာသွားပြီပဲ။"
အန်လင်း စကားဆိုလိုက်သည်။
"ဒီလိုသာ ဆက်ဖြစ်နေရင် ကိုယ်တကယ်ပဲ နောက်ကျကျန်နေရတော့မယ်။"
စုရှောင်လန်သည် လက်ကိုင်ပုဝါတစ်ထည်ဖြင့် အန်လင်း၏ချွေးများကို သုတ်ပေးလိုက်သည်။
"ဘယ်လိုခံစားရလဲ။"
သူမ ညင်သာစွာ မေးလိုက်သည်။
"ရေကုန်ရေခမ်း တိုက်လိုက်ရတော့ ကျင့်ကြံရေး တိုးတက်လာသလို ခံစားရလား။"
အန်လင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"ဟင့်အင်း..... အဲ့ဒါတင်မကဘူး။ ရွှေရောင်ဟာလာပြင်လျှပ်စီးကို ငှားယူရင်တောင် အန်ကီရင်က မတုံ့ပြန်တော့ဘူး။ အိပ်ပဲအိပ်နေတော့တာ။ အရင်ကဆို သူ့ဆီကနေ အစွမ်းငှားတိုင်း ယောင်ပေပေနဲ့ ကောင်းကင်ကို လက်ညှိုးထိုးနေကြ။"
စုရှောင်လန် : "........ "
"အဲ့ဒါ ပိုကောင်းတာ မဟုတ်ဘူးလား။"
အန်လင်း သက်ပြင်းချလိုက်သည်။
"ကိုယ်တော့သွားပြီ။ အန်ကီရင်က ကြွားလုံးထုတ်ဖို့တောင် စိတ်မပါမှတော့ အဝတ်ဘယ်ဝတ်တော့မလဲ။ အဲ့ကောင်လေး သောက်ပျင်းဖြစ်လာတော့မှာ။"
အန်လင်းမှာ အဆင့်တက်နိုင်ပါ့မည်လားပင် မသိတော့ပေ။
စနစ်သည် သုံးစားမရဟု ထင်မှတ်လာမိသည်။ လိုအပ်သော အခြေအနေအား ဖော်ပြထားရုံ မဟုတ်ပဲ အန်ကီရင်အား အဝတ်အစား မည်သို့ဆင်ရမည်ကိုပါ ဖော်ပြ ထားသင့်သည်။
ထိုမေးခွန်းအား အကြိမ်ကြိမ်အခါခါ မေးနေပါသော်လည်း စနစ်မှာ ပျက်စီးနေသည့်အလား မည်သည့်တုံ့ပြန်မှုမှ မလာခဲ့ပေ။
ထိုသို့ဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အန်လင်း ပျင်းရိနေသည်မှာ အချိန်နှစ်ရက်မျှ ကုန်လွန်သွားခဲ့သည်။
ပိုင်လင်သည် ဇာမဏီသုတေသနဋ္ဌာနတွင် တစ္ဆေစစ်သည်တော်ဟုခေါ်သော စမ်းသပ်ချက်အား ပြင်ဆင်ထားပြီး ဖြစ်သည်။
စမ်းသပ်ခံများ၏ တာအိုနှလုံးသားနှင့် အံ့ဖွယ်အာရုံအား အဓိက ပစ်မှတ်ထားမည်ပင်။
မှိန်ပြပြ တောက်ပနေသောနေရာ၌
တစ္ဆေစစ်သည်တော်များသည် စမ်းသပ်ခံများထံ ပြေးဝင်လာမည်ဖြစ်ပြီး ဆန်းကြယ်သော ပုံရိပ်များစွာ ရုပ်လုံးပေါ်လာကာ စမ်းသပ်ခံများ၏စိတ်အား တုန်လှုပ်စေလိမ့်မည်။
တပိုင်သည် စမ်းသပ်ခံကြွက်တစ်ကောင် အဲလေ ခွေးတစ်ကောင်အဖြစ် နေရာယူထားသည်။
စမ်းသပ်ချက်များတွင် ခက်ခဲမှု အတိမ်အနက်ကိုပါ ထိန်းချုပ်နိုင်အောင် ပြုလုပ်ထားလေသည်။ ထိုသို့မဟုတ်ပါက စမ်းသပ်ခံများ သေဆုံးသွားနိုင်ပြီး လူသတ်ကွင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။
တပိုင်သည် စမ်းသပ်ချက်၏ အခက်အခဲအား လေ့လာရမည်ဖြစ်ကာ ရရှိလာသော သတင်းအချက်အလက်များအပေါ် မူတည်၍ ပိုင်လင်မှာ လိုအပ်သည်များကို ပြင်ဆင်မည် ဖြစ်သည်။
သို့သော် တပိုင်သည် အခက်ခဲဆုံး တစ္ဆေစစ်သည်တော်များနှင့် တွေ့ဆုံရစဉ်တွင် ရုတ်တရက် ဉာဏ်အလင်းပွင့်လာသည်။ ကြောက်မက်ဖွယ် ငွေရောင်လေလှိုင်းများသည် တစ္ဆေစစ်သည်တော်များအား အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နေသည်။
ပိုင်လင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ကွာစေ့စားကာ ကြည့်ရှုနေသော အန်လင်းမှာလည်း မတ်တပ်ထရပ်လိုက်သည်။
တပိုင်သည်လည်း ခေတ္တမျှ ပါးစပ်အဟောင်းသား ဖြစ်နေပြီးနောက် အသိစိတ် ဝင်လာကာ ပျော်ရွှင်သွားသည်။
"ဟမ့်..... နောက်ဆုံးတော့ ကိုယ်ပိုင်နယ်ပယ် ရလာပြီပဲ..... ဝုတ်။"
တပိုင်၏ နယ်ပယ်သည် အလွန်အားကောင်းပြီး လေစွမ်းအင်သာမက တစ်ဖက်လူ၏ အံ့ဖွယ်အာရုံကိုပါ တိုက်ခိုက်နိုင်စွမ်း ပါရှိသည်။ စိတ်ရောကိုယ်ရော ထိခိုက်စေနိုင်သော တိုက်ခိုက်မှုဟု ဆိုနိုင်ပေသည်။
ထိုညတွင် တပိုင်၏ အဆင့်တက်ခြင်းအတွက် အားလုံး ပျော်ရွှင်စွာ အောင်ပွဲခံကြသည်။
"ကျွန်တော့်ကို အင်မော်တယ်ဆေးလုံးတွေပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးအန်၊ ပင်လယ်ပုလဲသွယ်အင်မော်တယ်သစ်သီးအတွက် ကျေးဇူးတင်ပါတယ် အစ်မကြီးပိုင်၊ ကျွန်တော့်ကို ကူညီပေးခဲ့ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးပဲ...... ပျော်ကြမယ်..... ဝုတ်။"
တပိုင် ဝိုင်ခွက်ကိုမြှောက်ကာ တကျိုက်တည်း သောက်ပစ်လိုက်သည်။ သူသည် အတော်ပင် စိတ်ရွှင်မြူးနေပုံ ရသည်။
၎င်းတို့အားလုံး ခွက်များကိုမြှောက်ကာ တပိုင် အင့်တက်ခြင်းကို ဂုဏ်ပြုလိုက်ကြသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းတွင် အားလုံးသည် မိသားစုဝင်များ ဖြစ်သောကြောင့် ကိစ္စတစ်ခုခု ရှိပါက အတူတကွ ပျော်ရွှင်ကြမည်ပင်။
"တပိုင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ခြေလှမ်းတဝက် ရောက်သွားတာ ငါအရမ်းဝမ်းသာတယ်။"
အန်လင်း ဝိုင်ခွက်ကိုမြှောက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါ့သားရဲတွေထဲမှာ သူတစ်ယောက်ပဲ အဆင့်မတက်သေးတာလေ။ သခင်တစ်ယောက်အနေနဲ့ ငါစိတ်ပူရတာပေါ့။ တွေးကြည့်လိုက်စမ်းပါ။ တစ်နှစ်လုံးလုံး အဆင့်မတက်နိုင်တာက ဘယ်လောက်တောင် ရှက်စရာကောင်းလဲဆိုတာ။"
"ဟင်....."
အားလုံး ကြောင်တောင်တောင် ဖြစ်သွားရသည်။
ငါတို့က မင်းလိုမဟုတ်ဘူးဟ..... သောက်ကျိုးနည်း......
"ကံကောင်းလို့ တပိုင်ကတော့ အဆင့်တက်သွားပြီ။ ငါလည်း စိတ်သက်သာရာ ရတာပေါ့။ ကဲ..... တပိုင်ကို ဂုဏ်ပြုလိုက်ရအောင်။"
အန်လင်း စကားဆိုလိုက်သည်။
အခြားသူများသည်လည်း တပိုင်အတွက် ခွက်မြှောက်လိုက်ကြသည်။
ကျောင်းပြီးတော့မည် ဖြစ်ပါသော်လည်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သာ ရှိသေးသော ထျန်းရှီမန်မှာ စိတ်ဓာတ်ကျသွားရသည်။
"ငါက အသုံးမကျတဲ့ ပါရမီရှင်လား။"
သူမျက်ရည်များနှင့် မေးခွန်းထုတ်လိုက်သည်။
"ခွေးတောင်ငါ့ထက်သာနေပြီ။"
ရွှမ်းယွမ်ချန် ပုခုံးပုတ်ကာ နှစ်သိမ့်ပေးလာသည်။
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်လည်း ဖိအားဖြစ်တာပဲ။ ဒီကျောင်းပိတ်ရက်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် ရောက်ကိုရောက်ရမယ်လို့ ဆုံးဖြတ်လိုက်ပြီ။ အဆင့်မတက်ရင် ကျောင်းမပြန်တော့ဘူး။"
ထျန်းရှီမန် : "..........."
"မင်းကငါ့ကို နှစ်သိမ့်နေတာလား။ နှစ်သတ်နေတာလားကွာ။"
"အစ်ကိုကြီးအန်ရဲ့ သားရဲတွေနဲ့ သွားယှဉ်မနေနဲ့။ သူ့သားရဲတွေ အားလုံးက အနိမ့်ဆုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိတယ်။ အဲ့ဒါကြောင့် တွေးမနေပါနဲ့ စီနီယာရယ်။"
မုန့်ထျန်း စကားဆိုလိုက်သည်။
ထျန်းရှီမန်သည် မုန့်ထျန်း၏ ချစ်စဖွယ် အပြုံးအားကြည့်ကာ စိတ်ပျော်ရွှင်သွားရသည်။
ဂျူနီယာကျောင်းသားတွေက ဘာမှသုံးစားမရဘူး....... ဂျူနီယာကျောင်းသူလေးတွေကမှကောင်းတာ..... ဟီးဟီး.......
"ဟုတ်တယ်။ ကျောင်းသူမုန့်ထျန်းပြောတာ အမှန်ပဲ။"
လောင်ကျိပင် ခေါင်းညိတ်သဘောတူလိုက်သည်။
"ရွှယ်ကျန်ထျန်းကိုပဲကြည့်လေ။ သူဆို ဘောလုံးလေးလိုပဲ။ ဒါတောင်မှ ဟင်းလင်းပြင်သို့အပြန်အဆင့်နဲ့ တူတဲ့အဆင့်ကို တက်တော့မယ်။ ဒါပေမယ့် စီနီယာ ထျန်းရှီမန်ကို ဘောလောက်တောင် သုံးစားမရဘူးလို့ ဘယ်ပြောလို့ရမလဲ။ ဟုတ်တယ်မလား။ အဓိပ္ပါယ်မှ မရှိတာ။"
ထျန်းရှီမန် မျက်နှာပျက်သွားကာ လောင်ကျိပင်အား အော်ဟစ်လိုက်သည်။
"ထွက်သွား...... နှလုံးသား မရှိတဲ့ကောင်။"
အားလုံး ဝါးခနဲ ပွဲကျသွားရသည်။ ပတ်ဝန်းကျင်မှာ သာယာနေလေသည်။
လျှိုချင်းဟွမ်သည် ဝိုင်ခွက်အား တစ်ငုံမျှသောက်ကာ လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်သည်။
အောင်ပွဲခံရန် အန်လင်းအား အကြံပေးခဲ့ပါသော်လည်း အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ဟွမ်ဟွမ်..... ငါတို့ရဲ့ ဓားနန်းဆောင်အတွက် တစ်ခွက်လောက် ဂုဏ်ပြုရအောင်။"
ဆံနွယ်ရှည်နှင့် လှပသော အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။
ထိုသည်မှာ ကောင်းကင်ဘုံခုံရုံးမှ ဘွဲ့ရပြီးနောက် သူမနောက်သို့ လိုက်လာခဲ့သော ရှင်းကျူပင်။
လျှိုချင်းဟွမ် ပြုံးကာခွက်ချင်းတိုက်လိုက်သည်။
"စိတ်မပူပါနဲ့။ နောက်ကြရင် ငါတို့ ဓားနန်းဆောင်က ကောင်းကင်ဓားဂိုဏ်းထက် ပိုသာသွားလိမ့်မယ်။"
ထိုစကားနှင့်အတူ လျှိုချင်းဟွမ်မှာ ဝိုင်ခွက်အား မော့ချလိုက်တော့သည်။