ပထမတပည့်အုပ်စု
Vol. 55 Ch. 770
ညချမ်းအချိန်........
တောက်ပသော လစန္ဒာသည် ကောင်းကင်ထက်တွင် တွဲလဲခိုနေ၏။
မှိန်ပြပြ လရောင်အောက်တွင် သေးငယ်သော ပုံရိပ်လေးတစ်ခုမှာ ကျောက်ဆောင်ပေါ်တွင် တရားထိုင်နေသည်။
သူမသည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ ပထမဆုံးနှင့် တစ်ဦးတည်းသောတပည့် ယဲ့လင် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ထဲတွင် သက်ရှိစွမ်းအင် အနည်းငယ်မျှ စီးဆင်းနေပြီ ဖြစ်သောကြောင့် သွေးကြောနှင့် စွမ်းအင်ဝင်ပေါက်များ ပွင့်နေပြီဖြစ်ကြောင်း ထင်ရှားနေသည်။ သူမသည် သက်ရှိစွမ်းအင်များအား ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ပြီဖြစ်ကာ တာအိုခန္ဓာအဆင့်တစ်သို့ ရောက်ရှိနေလေပြီ။
ယဲ့လင်သည် ကြည်လင်တောက်ပသော မျက်ဝန်းများကိုဖွင့်ကာ အဝေးတွင်ရှိနေသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်အား ငေးမောကြည့်ရှုလိုက်သည်။
အချိန်တစ်ခုမျှ ကြာမြင့်ပြီးနောက် သူမ အသိစိတ်ဝင်ကာ ခေါင်းခါလိုက်သည်။
"ဆရာ..... သမီး ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်။"
သူမ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဆရာ့ရဲ့ ကျေးဇူးတွေကို ပြန်ဆပ်နိုင်တဲ့အထိ သန်မာလာအောင် လုပ်ပါ့မယ်။"
"လင်အာ့ကို ဆရာ စိတ်မပျက်စေရပါဘူး။"
(လင်အာဆိုတာ ချစ်စနိုးခေါ်တဲ့ နာမည်မျိုးပါ။ ကောင်မလေး နာမည်က ယဲ့လင်မို့လို့ လင်အာလို့ ပြောတာပါ။)
ယဲ့လင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူမ၏ နူးညံ့သော မျက်နှာပေါ်တွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူမ၏ ကျင့်ကြံရေး ပါရမီမှာ ကောင်းမွန်သောကြောင့် အနာဂတ်တွင်လည်း ထူးချွန်ပြောမြောက်သော ကျင့်ကြံသူတစ်ဦး မလွဲဧကန် ဖြစ်လာပေလိမ့်မည်။
...........
နောက်တစ်နေ့၌
ဇာမဏီသုတေသနဋ္ဌာနမှာ ပြားပြားဝိုင်းဝိုင်းသဏ္ဍာန် စက်တစ်ခု ပျံသန်းထွက်ခွာလာပြီး စုကျိုးအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ထက်တွင် ပျံဝဲနေသည်။
ထိုအရာသည် အချင်း မီတာတစ်ရာခန့်ရှိပြီး အဖြူရောင် ကိုယ်ထည်မှာ နံနက်ခင်း နေရောင်ခြည်အောက်တွင် တောက်ပလို့နေသည်။ အလွန်ခေတ်ရှေ့ပြေးကာ သိပ္ပံဆန်သော ခံစားချက်ကိုလည်း ပေးစွမ်းနေပေသည်။
လျှိုချင်းဟွမ် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။
"ဝိုး..... ဒါက ပန်းကန်ပြားပျံမလား။"
ရွှမ်းယွမ်ချန်လည်း အံ့အားသင့်နေလေသည်။
"ဒါမျိုးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။"
"ကောင်းကင်အင်မော်တယ် ရှောင်ယန်အုတ်ဂူမှာ တွေ့ခဲ့တဲ့ ပန်းကန်ပြားပျံနဲ့ ဆင်တယ်လေ။"
အန်လင်း စကားဆိုလိုက်သည်။
၎င်းတို့အားလုံး ရုတ်ချည်းဆိုသလို အမှတ်ရသွားကြသည်။
အဲ့ဒါကြောင့် တွေ့ဖူးသလို ဖြစ်နေတာကိုး.......
ရွှမ်းယွမ်ချန်နှင့် အခြားသူများမှာ ကတုံးကြီးအား ပြန်လည်မြင်ယောင်မိသလို တစ်ဖက်တွင်မူ ထျန်းရှီမန်မှာ အသုံးမဝင် ဖြစ်ခဲ့ရသည်ကို ပြန်တွေးမိသွားသည်။
ဝှစ်........
အဖြူရောင် ပန်းကန်ပြားပျံမှာ တိမ်တိုက်များကြား ပျောက်ကွယ်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
ယနေ့သည် တပည့်ဖြစ်လာနိုင်သူများ စမ်းသပ်ချက် ခံယူရမည့်နေ့ပင်။
တရားဝင် မဟုတ်သော တွက်ချက်မှုများအရ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ဝင်ချင်ကြသူများမှာ အရေအတွက် သန်းနှင့်ချီသည်ဟုဆိုသည်။
ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အရွယ်မရွေး၊ အသက်မရွေး စုကျိုးအင်မော်တယ်ဂိုဏ်းထံ ရောက်ရှိလာကြသည်။
ငါးရက်တာမျှ သေသေချာချာ ရွေးချယ်ပြီးနောက် ကြေးခွံဖြူဝံပုလွေနတ်ဘုရား၊ လျှိုချင်းဟွမ်၊ စုချန်းရန်နှင့် ရှောင်ဇယ်တို့သည် လူဦးရေအား သောင်းဂဏန်းအထိ လျှော့ချနိုင်ခဲ့သည်။ ယခု ရွေးချယ်ထားသူများသည် အနိမ့်ဆုံး သတ်မှတ်ချက်များအား ပြည့်မှီထားသူများ ဖြစ်သည်။
ပိုင်လင်သည် သောင်းနှင့်ချီသည့် ရွေးချယ်ထားသူများအား စမ်းသပ်ချက် ခံယူနိုင်ရန်အတွက် ခရမ်းကြယ်စင် ရွေးချယ်ခြင်းကွင်းပြင်သို့ ဦးတည်သွားနေသည်။ အဆုံးတွင် ပါရမီရှင်များကိုသာ အလိုရှိသော အန်လင်းတို့သည် လူဦးရေ ဆယ်ဂဏန်းမျှကိုသာ အတွင်းစည်းတပည့်အဖြစ် လက်ခံမည် ဖြစ်သည်။ အသေးအဖွဲ ကိစ္စများ ဆောင်ရွက်ပေးရမည့် အပြင်စည်းတပည့်များကိုမူ ၎င်းတို့၏ စိတ်အလိုကျ လက်ခံမည်ပင်။
တပည့်အဖြစ် လာရောက်လျှောက်ထားသူများအား ရွေးချယ်ပြီးသည့်နောက် ရှောင်ဇယ်မှာ သတင်းပို့ရန်အတွက် အန်လင်းအနားသို့ ပြန်လည်ရောက်ရှိလာသည်။
"ဆရာ..... စမ်းသပ်ချက် ခံယူမယ့် သူတွေထဲမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဆယ့်ခြောက်ယောက်၊ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ သုံးရာ့ကိုးယောက်၊ တာအိုခန္ဓာအဆင့်ခြောက်ထက်မြင့်တဲ့ ကျင့်ကြံသူ နှစ်ထောင့်သုံးရာသုံးဆယ့်သုံးယောက်၊ တာအိုခန္ဓာအဆင့်ခြောက်ထက်နိမ့်တဲ့ ကျင့်ကြံသူ ငါးထောင့်နှစ်ရာ့တစ်ယောက်နဲ့ ပါရမီကောင်းတဲ့ သေမျိုးလူသား တစ်ထောင့်နှစ်ရာ့ဆယ်ယောက် ရှိပါတယ်။"
"အမ်..... ဆရာ..... ကျွန်တော် အရမ်းအဆင့်အတန်းမြင့်တဲ့ ကောင်မလေးတစ်ယောက်ကိုလည်း တွေ့ထားသေးတယ်။ ဆရာ စိတ်ဝင်စားလား။"
ရှောင်ဇယ် အန်လင်းနားကပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။
သူသည် စကားပြောနေရင်း စုရှောင်လန်၏ အရိပ်အခြေကိုလည်း ကြည့်ရသေးသည်။
ဟူး...... ဆရာ့မိန်းမ မကြားဘူးပဲ......
အန်လင်း ရယ်မောမိသည်။
ဒုက္ခ..... ဒီကောင်ငါ့ကို ဘာထင်နေတာလဲဟ...... ကိုယ့်ဂိုဏ်းကတပည့် ကိုယ်ပြန်ကြိုက်စရာလား.......
"ရှောင်လေး......ငါမင်းကို ဆူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းက နန်းဆောင်သခင်တစ်ယောက် ဖြစ်နေပြီလေ။ ဘာလို့ မရင့်ကျက်နိုင်သေးတာလဲ။"
"ငါတို့က ဂိုဏ်းကိုတိုးတက်စေချင်တယ်ဆိုရင် စည်းချက်ကျပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရလိမ့်မယ်။ လှတဲ့မိန်းကလေးတစ်ယောက် မြင်လိုက်ရုံနဲ့ မရိုးမရွ ဖြစ်နေရင် တခြားသူတွေရဲ့ စံပြပုဂ္ဂိုလ် ဘယ်လိုဖြစ်နိုင်တော့မှာလဲ။"
"ငါတို့တွေက အားလုံးရဲ့ စံပြအနေနဲ့ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် နေထိုင်ရမယ်။ ထိပ်တန်းအဆင့် ကျင့်ကြံရေးဂိုဏ်းဆိုတာ အဲ့လိုပဲ ဖြစ်သင့်တယ်။ နားလည်ရဲ့လား။"
အန်လင်း ကူကယ်ရာမဲ့စွာ ဆုံးမလိုက်မိသည်။
ရှောင်ဇယ် ရှက်ရွံ့စွာ ခေါင်းငုံ့သွားလေသည်။
"ဆရာပြောတာ မှန်ပါတယ်။"
"ကဲ.... ပြောပါဦး။ ဘယ်မိန်းကလေးကများ မင်းကိုဒီလို တွေးစေတာလဲ။"
အန်လင်း အေးအေးဆေးဆေးပင် မေးမြန်းလိုက်သည်။
ရှောင်ဇယ် စကားဆိုလိုက်သည်။
"သူမက အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ကျင့်ကြံသူပါ။"
သူခပ်တိုးတိုး ပြောလိုက်သည်။
"သူမက ငေးလောက်အောင် လှရုံတင်မကဘူး။ ပါရမီကောင်းပြီး အရည်အချင်းလည်းရှိတယ်။ သူမရဲ့ သွေးမျိုးဆက်က အရမ်းသန့်စင်လွန်းတယ်။ ကြိုးကြိုးစားစားသာ ကျင့်ကြံမယ်ဆိုရင် တာအိုပေါင်းစည်းခြင်းအဆင့်ထိ ရောက်ဖို့တောင် အခွင့်အရေး ရှိတယ်။ ဘယ်လိုလဲ။ သူမက တကယ်ကို အဆင့်အတန်းမြင့် အမျိုးသမီးပဲမလား။"
အန်လင်း အံ့အားသင့်သွားသည်။
"အဲ့လောက်တော်တဲ့ မိန်းကလေးက စုကျိုးအင်မော်တယ်ဂိုဏ်းကို ဝင်ချင်တယ်တဲ့လား။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်လာနိုင်တဲ့သူကို အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က လက်လွှတ်ချင်ပါ့မလား။"
သူသည် စုကျိုးအင်မော်တယ်ဂိုဏ်းအား အထင်သေးခြင်း မဟုတ်ပါသော်လည်း ထိုမျှပါရမီကောင်းသော မိန်းမပျိုအနေဖြင့် ၎င်းတို့ထံ ရောက်လာစရာ အကြောင်းမရှိပေ။ နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုခု ရှိကိုရှိပေလိမ့်မည်။
တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ထိပ်တန်းအဆင့် မဟာဂိုဏ်းတစ်ခုလုံးနှင့်ပင် ယှဉ်နိုင်၏။
"သူမရဲ့ ဇာတ်လမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော် ကြားမိတာတော့ ကိစ္စတချို့ကြောင့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ကနေ သူမ ထွက်လာခဲ့တာ ကြာပြီတဲ့။ အဲ့လိုမှမဟုတ်ရင် အခုလို ပါရမီရှင် တစ်ယောက်က ကျွန်တော်တို့ဆီ ရောက်လာစရာ မရှိဘူးလေ။ ဘယ်လိုလဲ။ ဆရာ စိတ်ဝင်စားလား။"
ရှောင်ဇယ်၏ အမူအရာသည် "ဆရာ....နားလည်မှာပါ။"ဟု ဆိုနေသလိုပင်။
အန်လင်းမှာ ထိုဇာတ်လမ်းအား ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"မင်းပြောတဲ့ အရမ်းအဆင့်အတန်းမြင့်တဲ့ နဂါးအမျိုးသမီးက ပေလျန်လား။"
ရှောင်ဇယ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"သောက်ကျိုးနည်း..... ဆရာက ဘယ်လိုသိတာလဲ။"
အန်လင်း : "........"
ထိုအချိန်တွင် အဖြူရောင် ပန်းကန်ပြားပျံ ပြန်လည်ပေါ်ထွက်လာကာ ဖြည်းညင်းစွာ သက်ဆင်းလာသည်။
စမ်းသပ်ချက် ခံယူတော့မည့် ကျင့်ကြံသူများမှာ စုကျိုးအင်မော်တယ်ဂိုဏ်းထံ ရောက်ရှိလာကြသည်။
အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ ရှောင်ဇယ်နှင့် အန်လင်းရှေ့သို့ ရောက်လာလေသည်။
ရှောင်ဇယ်မှာ အမျိုးသမီးအား ညွှန်ပြကာ အန်လင်းနှင့် မိတ်ဆက်ပေးရန် ပြင်လိုက်သည်။
သို့သော် အမျိုးသမီးမှာ အန်လင်းအားကြည့်ကာ တက်တက်ကြွကြွပင် လက်တစ်ဖက် ထုတ်ပေးလိုက်သည်။
"အန်လင်း.... ကျွန်မတို့ တွေ့ကြပြန်ပြီနော်။"
အန်လင်း ပြုံးကာလက်ဆွဲနှုတ်ဆက်လိုက်သည်။
"နဂါးမင်းသမီးလေး..... စုကျိုးအင်မော်တယ်ဂိုဏ်းကနေ ကြိုဆိုပါတယ်။"
ပေလျန် ခပ်ဖွဖွ ပြုံးလိုက်လေသည်။
"ဂိုဏ်းချုပ်အန်လင်းက ကျွန်မကို အထင်မသေးဖို့ မျှော်လင့်ပါတယ်။"
"ဘာလို့အထင်သေးရမှာလဲ။ မင်းသာ စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင် စမ်းသပ်ချက်တွေ လုပ်ဖို့တောင် မလိုပါဘူး။ အနောက်တံခါး ဖွင့်ပေးထားမှာပါ။"
အန်လင်း ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လာသည်။
"မဖြစ်ဘူး။ စည်းကမ်းတွေကို လိုက်နာမှဖြစ်မယ်။ ဂိုဏ်းချုပ်ဆိုတာ တရားမျှတမှု ရှိရမယ်လေ။ ကျွန်မကို ဘက်လိုက်စရာ မလိုပါဘူး။"
ပေလျန် ပြုံးကာပြောလိုက်သည်။
"အဲ့လိုလည်း ဖြစ်ပါတယ်။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် စမ်းသပ်ချက်လောက်က အေးဆေးပဲဟာ။ ဒါနဲ့ ဒီနှစ်နှစ်လုံး မင်းဘာတွေလုပ်နေတာလဲ။".
"ကျွန်မလား......"
..........
ရှောင်ဇယ်မှာ အန်လင်းနှင့် ပေလျန်အားကြည့်ကာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။
၎င်းတို့နှစ်ဦးမှာ ရယ်ရယ်မောမော စကားပြောနေကြပြီး သူကသာ လူပိုတစ်ယောက် ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ဇယ်မှာ ဆရာဖြစ်သူအား လေးစားနေမိလေသည်။
ဆရာကတော့ ဆရာပါပဲ......
လှတဲ့မိန်းကလေးဆိုတာနဲ့ ဆရာနဲ့ သိပြီးသားပဲ..... ဒီကမ္ဘာပေါ်က မိန်းမလှတွေအားလုံး ဆရာမသိတာ ဘယ်သူမှ မရှိဘူး..... ဆရာက တကယ်ကို စော်ကြည်ဘဲပါလား...... ငါတောင် မနာလို ဖြစ်မိတယ်......
ရှောင်ဇယ် ကူကယ်ရာမဲ့စွာဖြင့် ဆရာ့အမျိုးသမီးအား လှမ်းကြည့်လိုက်မိသည်။
သူမ မျက်ဝန်းတွေက မီးဟုန်းဟုန်း တောက်နေသလိုပဲ.....
အန်လင်းသည်လည်း ရုတ်တရက် ကြက်သီးထလာကာ ရယ်မောလိုက်သည်။
"ပေလျန်......စမ်းသပ်ချက်မှာ အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်။ ငါတို့ရဲ့ မိသားစုကြီးထဲ မင်းကိုလည်း ပါစေချင်တယ်။"
အန်လင်းသည် စကားစဖြတ်ချင်နေကြောင်း သိသာနေသောကြောင့် ပေလျန်မှာ အခြားစမ်းသပ်ခံများထံ ပြန်သွားခဲ့သည်။
ရှောင်ဇယ်မှာ ဆရာအတွက် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချမိသည်။
စော်ကြည်ဘဲ မကလို့ ဘော်ကြည်စဲပဲ ဖြစ်ပါစေဦး.... မိန်းမက မျက်စောင်းတစ်ချက်ထိုးတာနဲ့ အားလုံး ပွဲသိမ်းသွားတာပဲ....