← Chapters

ကြောက်မက်ဖွယ်စမ်းသပ်ချက်

Vol. 55 Ch. 771

ကြောက်မက်ဖွယ်စမ်းသပ်ချက်

Vol. 55 Ch. 771

သောင်းနှင့်ချီသော စမ်းသပ်ခံများမှာ မျက်စိရှေ့တွင် ရှိနေသော ဂိုဏ်းအားကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။

"အရမ်းအံ့သြဖို့ ကောင်းတာပဲ။ အင်မော်တယ်ဂိုဏ်းဆိုတာ ဒါမျိုးပေါ့။ ရှုခင်းနဲ့ ပတ်ဝန်းကျင်က အင်ပါယာနန်းတော်တွေနဲ့တောင် ယှဉ်လို့ရတယ်။"

"အဲ့ဒါတင်မကဘူး။ အသက်ရှူလိုက်တိုင်း အရမ်းသက်တော့သက်သာဖြစ်ပြီး စိတ်ကလန်းဆန်းသွားတယ်။ ဒီနေရာမှာ သက်ရှိစွမ်းအင် တော်တော်ကြွယ်ဝတယ်ကွ။"

"ဟုတ်တယ်။ ငါလည်း ဓားထောင်ချီအင်ပါယာမိသားစုမှာ အစောင့်တပ်သားခေါင်းဆောင်အဖြစ် အလုပ်လုပ်ဖူးတယ်။ ဒီနေရာမှာရှိတဲ့ သက်ရှိစွမ်းအင် သိပ်သည်းမှုက အင်ပါယာမြို့တော်ထက်တောင် သာနေသေးတယ်။"

ထိုစကားကြောင့် အခြားသူများပါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကိုးပြည်ထောင်၏ အင်ပါယာမြို့တော်များထက်ပင် သက်ရှိစွမ်းအင် ကြွယ်ဝသောနေရာသည် ကျင့်ကြံရေးအတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်နေမည်မှာ မလွဲဧကန်ပင်။

ထိုအတွေးကြောင့် အားလုံးမှာ ပိုမိုစိတ်လှုပ်ရှားလာပြီး အတွင်းစည်းတပည့်ဖြစ်ရန် သံဓိဋ္ဌာန်လည်း ပိုမိုခိုင်မာလာသည်။

"အဲ့လူက ဒဏ္ဍာရီလာ အန်လင်းမလား။"

"သေချာတာပေါ့။ ဒီလောက်တောင် ကျက်သရေရှိနေတာ။ မျက်ဝန်းနက်တွေက ကြယ်ပင်လယ် တစ်ခုလုံး သိမ်းထည့်ထားသလို ကြည်လင်တောက်ပနေလိုက်တာများ...... အရမ်းချောတာပဲ။"

အမျိုးသမီး ကျင့်ကြံသူများမှာ မျက်တောင်မခတ် ငေးမောနေမိကြသည်။

"အား....... သူဒီဘက်ကို လျှောက်လာနေပြီ။ ဘုရားရေ......"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ စမ်းသပ်ခံများအနီးသို့ ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်......"

"မင်္ဂလာပါ ဂိုဏ်းချုပ်......"

............

ကျင့်ကြံသူများစွာမှာ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ကြသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

"အာ...... ငါက ဂိုဏ်းချုပ် မဟုတ်ပါဘူး။ စိတ်ဝိဉာဉ်နန်းဆောင်သခင်ပါ။ ဂိုဏ်းချုပ်က ဟိုမှာလေ။"

ထိုအမျိုးသားမှာ တစ်နေရာတွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးအား လက်ညှိုးထိုးပြလိုက်သည်။

အားလုံး : "........."

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။

အားပါးတရ အော်ဟစ်နှုတ်ဆက်ခဲ့ကြသော ကျင့်ကြံသူများမှာ မိုးကြိုးပစ်ချခံရသလို ခံစားရကာ ငေးငေးကြောင်ကြောင် ဖြစ်နေကြသည်။

ကသိကအောက်နိုင်လိုက်တာ.........

အချို့မှာမူ ၎င်းတို့အားကြည့်ကာ စိတ်ကျေနပ်နေကြသည်။

မင်းတို့တွေက ဒီကိုမလာခင် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်ပုံကို မကြည့်ခဲ့ကြဘူးလား......... မင်းတို့က တကယ့်ငတုံးပဲ....... ငါတို့ကလည်း တမင်သက်သက်ကို မပြောပြတာလေ....... အဲ့ဒါမှ မင်းတို့တွေ သောက်တလွဲဖြစ်မှာ....... ငါတို့လည်း အခွင့်အရေး ပိုရတာပေါ့..... ဟဟ.....

ရွှမ်းယွမ်ချန် တည်ငြိမ်စွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့။ ဂိုဏ်းချုပ်ကို ဒီအကြောင်း ပြန်မပြောပါဘူး။ နောက်ဆိုရင်သာ သေချာသတိထား။ စမ်းသပ်ချက်ကို အကောင်းဆုံး ကြိုးစားကြ။ အားလုံးမှာ ညီတူမျှတူ အခွင့်အရေးရှိတယ်။"

သူ၏အပြုံးမှာ တောက်ပသော နေရောင်ခြည်လို နွေးထွေးလွန်းလှသည်။

ကျင့်ကြံသူများအားလုံးမှာ ထိုအပြုံးကြောင့် ဘာမှမပြောနိုင်တော့ပေ။

ဘာလို့ လူတစ်ယောက်က အဲ့လောက်ချောနိုင်ရတာလဲ.......

"နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး။"

"နန်းဆောင်သခင် ရွှမ်းယွမ်ချန်...... ဒီစမ်းသပ်ချက်မှာ ကျွန်မ ရေကုန်ရေခမ်း ကြိုးစားမှာပါ။"

ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။ မိန်းမပျိုများမှာ ရှက်သွေးဖြာနေပြီး ယောက်ျားလေးများသည်ပင် ရွှမ်းယွမ်ချန်အား မငေးပဲ မနေနိုင်ကြပေ။

နူးညံ့သိမ်မွေ့ပြီး စိတ်ထားကောင်းလိုက်တဲ့သူ......

၎င်းတို့၏စိတ်ထဲတွင် ရွှမ်းယွမ်ချန်အား အလွန်အမင်း လေးစားနေကြလေပြီ။ ရွှမ်းယွမ်ချန်အတွက် စုကျိုးအင်မော်တယ်ဂိုဏ်း၏ စမ်းသပ်ချက်အား အသေအလဲ ကြိုးစားကြတော့မည်ပင်။

ပိုင်လင်၏ လမ်းညွှန်မှုနှင့်အတူ စမ်းသပ်ချက် ခံယူမည့်သူများမှာ ကြီးမားလှသော တံခါးပေါက်တစ်ခုထံ ရောက်ရှိလာသည်။

ထိုတံခါးတဖက်ခြမ်းတွင် ဇာမဏီသုတေသနဋ္ဌာန ရှိသည်။ ယခုအခါ ဇာမဏီသုတေသနဋ္ဌာနအား ဇာမဏီကမ္ဘာငယ်ဟု အမည်ပေးထားလေသည်။

"အထဲမှာ ဘာပဲဖြစ်ဖြစ် နင်တို့သိထားရမှာ ရှိတယ်။"

ပိုင်လင် စကားဆိုလိုက်သည်။

"အဲ့ဒါက မဆုတ်မနစ် ကြိုးစားမှုနဲ့ လုံ့လဝီရိယပဲ။ နားလည်လား။"

"ဒါက ဘယ်လိုစမ်းသပ်မှုမျိုးလဲဆိုတာ မေးလို့ရမလား။"

အမျိုးသမီး ကျင့်ကြံသူတစ်ဦး မေးမြန်းလိုက်သည်။

ပိုင်လင် ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"မပြောပြဘူး။ အံ့သြသွားရအောင်လို့။"

အားလုံး : "............."

ကြည့်ရတာ ကြောက်ဖို့ကောင်းမယ့်ပုံပဲ.......

အန်လင်းမှာ ပထမဆုံး အတွေ့အကြုံကို ပြန်လည်အမှတ်ရကာ ထိုကျင့်ကြံသူများမှာလည်း သေရာပါမှတ်ဉာဏ်တစ်ခု ရရှိတော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။

စမ်းသပ်ချက်အား တာဝန်ယူထားသူသည် နှလုံးသား မရှိသူ မဟုတ်ပါလော။

...........

ငါ့နာမည်က လီထုံ...... ငါက ကောင်းကင်တိုက်ပွဲဂိုဏ်းက အရည်အချင်း အရှိဆုံး အတွင်းစည်းတပည့်ပဲ......

ကောင်းကင်တိုက်ပွဲဂိုဏ်းသည် နာမည်ကြီးပါသော်လည်း ကိုးပြည်ထောင်တွင် အလယ်အလတ် ဂိုဏ်းအဆင့်သာရှိပြီး ထိုဂိုဏ်းရှိ အထူးချွန်ဆုံး ကျင့်ကြံသူမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

လီထုံသည် အသက်တစ်ရာသာ ရှိသေးပါသော်လည်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ကြောင့် အလွန်ပါရမီကောင်းသူဟု ဆိုနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်တောင်ထက် တစ်တောင်က ပိုမြင့်သည်ဟူသော ဆိုရိုးစကား ရှိသည်မဟုတ်လော။

ဥပမာအားဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းသည် ထိုက်ချူကုန်းမြေ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့် ဂိုဏ်းတစ်ခု ဖြစ်သည်။

လူတိုင်းသည် တိုးတက်ရေးအတွက် ကြံဆရန် လိုအပ်သောကြောင့် လီထုံသည်လည်း ကိုယ့်အရည်အချင်းကို စိန်ခေါ်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

ဂိုဏ်းဟောင်းကို စွန့်ခွာ၍ စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်ရောက်ကာ ဘဝစာမျက်နှာသစ်ကို ဖွင့်လှစ်ရင်း လောကကြီး၏ ထိပ်ဆုံးသို့ တက်လှမ်းတော့မည်ပင်။

လီထုံသည် တိုက်ပွဲစိတ်ဆန္ဒ ပြင်းပြစွာဖြင့် ယုံကြည်ချက်ရှိစွာ အလင်းတံခါးပေါက်ထဲ ဝင်သွားသည်။

လေဟာနယ်များ တွန့်လိမ်ကာ မြင်ကွင်းလည်း ပြောင်းလဲသွားလေသည်။

သူသည် အဖြူရောင် ပတ်ဝန်းကျင်တစ်ခုကို ရောက်ရှိသွားပြီး ရှေ့တည့်တည့်တွင် ကောင်းကင်ထက်တိုင် ထိုးတက်နေသော လှေကားတစ်ခု ရှိနေသည်။

"လှေကားအဆုံးကိုရောက်ရင် စမ်းသပ်ချက် အောင်မြင်လိမ့်မယ်။ အရှုံးပေးပြီလို့ ပြောလိုက်တာနဲ့ စမ်းသပ်ချက်ကနေ ထွက်သွားလို့ ရပါပြီ။"

ပိုင်လင်၏ စကားသံ ထွက်ပေါ်လာသည်။

လီထုံ ခပ်ဖွဖွ ပြုံးလိုက်သည်။

"လုံ့လနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကို စမ်းသပ်တာပေါ့လေ။ ဟက်...... အပိုပြောတာတော့ မဟုတ်ဘူး။ ငါက မသေမချင်း ဇွဲမလျှော့တဲ့ ကောင်မျိုးပဲ။"

ဝုန်း......

ဆန်းကြယ်သော စွမ်းအင်တစ်ခု ကျဆင်းလာကာ ၎င်း၏အင်မော်တယ် စွမ်းအင်များအားလုံး ဖြတ်တောက်ပစ်လိုက်သည်။

"ငါသေမျိုးဖြစ်သွားတာလား။"

လီထုံ မျက်တောင်ခတ်လိုက်ပါသော်လည်း အံ့အားသင့်ပုံ မရပေ။

ထိုသည်မှာ စမ်းသပ်ချက်အတွက် လိုအပ်သော သတ်မှတ်ချက်ပင် ဖြစ်သည်။

လီထုံသည် အဆုံးမရှိသော လှေကားအား တစ်ထစ်ချင်းစီ စတင်တက်လှမ်းလိုက်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတွင် ခြေရာများ ထင်ကျန်ရစ်ခဲ့လေသည်။

သူသည် တည်တည်ငြိမ်ငြိမ်ပင် ဆက်လျှောက်နေသည်။ လှေကားအဆုံးကို မမြင်ရပါသော်လည်း တစ်နေရာတွင် စမ်းသပ်ချက် အောင်မြင်သွားမည်ဖြစ်ကြောင်း သိရှိနေသောကြောင့် စိတ်လက်ပေါ့ပါးနေလျက် ရှိသည်။

အချိန်အတော်ကြာလာပြီးနောက် လီထုံ ချွေးပျံကာ ဒူးတုန်နေလေပြီ။

"ဟူး....... တော်တော်ပင်ပန်းတာပဲ။ သေမျိုးလူသားလို မခံစားရတာ တော်တော်ကြာနေပြီပဲ။"

လီထုံ တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။

စမ်းသပ်ချက်သည် လွယ်ကူနေပါက မည်သူမှ ထုတ်ပယ်ခံရမည် မဟုတ်ပေ။

ခက်ခဲလေလေ ပိုကောင်းလေလေပင် ဖြစ်သည်။

လီထုံသည် မည်သည့်အခက်အခဲပင် ရှိနေပါစေ အတွင်းစည်းတပည့် ဖြစ်လာရမည်ဟု ဆုံးဖြတ်ချက် ချထားသည်။

"တစ်၊ နှစ်......တစ်၊ နှစ်....."

"တစ်၊ နှစ်......တစ်၊ နှစ်....."

သူမသိလိုက်ခင်မှာပင် နောက်ထပ်လှေကားထစ်တစ်သောင်း ကျော်ဖြတ်ပြီးသွားသည်။

လီထုံ ချွေးသုတ်ကာ ပင်ပန်းစွာ ထိုင်ချလိုက်သည်။

သူသည် လှေကားအောက်ခြေကိုပင် မမြင်ရတော့ပေ။

"ယီးထဲမှ......ဘယ်တော့မှ ဆုံးမှာလဲကွာ။"

လီထုံ မကျေမနပ် ရေရွတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူလက်မလျှော့သေးပေ။ အဆုံးထိ မရောက်ပဲ လက်လျှော့သွားမည် မဟုတ်ပေ။

ခေတ္တမျှ အနားယူပြီးနောက် လှေကားထစ်များပေါ် ဆက်လက်တက်လှမ်းသွားသည်။

သွားလိုက် နားလိုက်၊ ပင်ပန်းလာလျှင် ထိုင်ချလိုက်ဖြင့် သူရှေ့ဆက်ခဲ့သည်။

ထိုသို့ဖြင့် လှေကားထစ်တစ်သောင်း ကျော်လွန်ခဲ့ပြန်သည်။

လှေကားထစ် တစ်သိန်းနီးပါးခန့် ရှိနေပြီပင်။

လီထုံ ပင်ပန်းနွမ်းနယ်ကာ ဆာလောင်လာသည်။

သူ့ကိုယ်သူလည်း လေးစားနေမိသည်။

"သောက်ကျိုးနည်း...... ဒီလှေကားက ဘယ်လောက်တောင် ရှည်တာလဲ။ ငါတော်တော်ဇွဲကောင်းလို့သာပဲ။ ဘာပဲဖြစ်ဖြစ် မကြာခင် အဆုံးကို ရောက်မှာပါ။"

လှေကားထစ်တစ်သောင်းအား ဖြတ်ကျော်ခဲ့ပြန်သည်။

လီထုံမှာ လမ်းပင်မလျှောက်နိုင်တော့ပဲ လှေကားထစ်များအား တွယ်တက်နေရသည်။

လှေကားထစ်ပေါင်း သန်းနှင့်ချီနေလေပြီ။

လီထုံ၏ ခြေထောက်များ ယောင်ကိုင်းကာ လက်ဖဝါးမှ သွေးများစီးကျလာသည်။

လှေကားအောက်ခြေကို မမြင်ရသလို အဆုံးကိုလည်း မတွေ့ရပေ။

"အား..... ဒီလှေကားက ဘယ်ထိရှိတာလဲ။"

သူဒေါသဖြစ်လာသည်။

လီထုံ စိတ်ထိခိုက်စွာ ငိုကြွေးရင်း လှေကားအား ဆက်လက်တက်လှမ်းနေသည်။

ကောင်းကင်တိုက်ပွဲဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ဦး ဖြစ်သောကြောင့် လီထုံ၏ စိတ်ဓာတ်မှာ ခံနိုင်ရည်အားကောင်းမွန်သည်။

သူသည်ပင် သူ့ကိုယ်သူ အကြိမ်ကြိမ်အခါခါ ချီးကျူးနေမိသည်။

တက်ပြီးရင်းတက်၊ တက်ပြီးရင်းတက်၊ တက်ပြီးရင်းတက်နေခဲ့သည်။

ဆာလောင်စိတ်မှာ ခန္ဓာကိုယ် တစ်ခုလုံး လွှမ်းမိုးလာသည်။ ရေဆာလွန်းသောကြောင့် ဘာကိုမှ မတွေးနိုင်တော့ပေ။ အားမရှိတော့သဖြင့် စကားပင် မပြောနိုင်တော့ပဲ လူသည်လည်း ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။

လီထုံ လက်မလျှော့ပေ။ ကောင်းကင်ဘုံသည် စိတ်ဝိဉာဉ်ကိုရော၊ ခန္ဓာကိုယ်ကိုပါ ရူးချင်လောက်အောင် အရင်စမ်းသပ်လေ့ ရှိပေသည်။

...........

နောက်ဆုံးတော့........

ငါအဆုံးကို မြင်နေရပြီ......

လှေကားအဆုံးတွင် ကျောက်ပြားတစ်ခု ရှိနေသည်။

လီထုံ မျက်ရည်များ စီးကျလာသည်။

သို့သော် ကျစရာ မျက်ရည်ပင် မရှိတော့ပေ။

သူကျောက်ပြားကိုကြည့်ကာ အလွန်အမင်း ငိုချင်နေမိသည်။

အဆုံးတွင် ထိုကျောက်ပြားထံ ရောက်ရှိသွားခဲ့သည်။

စမ်းသပ်ချက်အား အောင်မြင်ကာ ကြိုးစားမှု မှန်သမျှ အရာထင်ခဲ့လေပြီ။

လီထုံ ကျောက်ပြားပေါ်မှစာအား ဖတ်ရှုလိုက်သည်။

"ဂုဏ်ယူပါတယ်။ စမ်းသပ်ချက် တစ်သောင်းထဲက တစ်ခုကို အောင်မြင်သွားပါပြီ။"

လီထုံ စာကိုဖတ်ကာ မျက်ဝန်းများကို ပွတ်လိုက်သည်။

တစ်သောင်းထဲကတစ်ခု...... ငါက သေလုမျောပါးတောင် ဖြစ်နေပြီ......

နောက်ထပ် ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးခု ကျန်နေသေးတာလား....

"မင်း.... မင်းမေယောနိ...."

လီထုံ အက်ကွဲစွာ ဆဲဆိုလိုက်ပြီးနောက် သွေးတိုးကာ သတိလစ်သွားတော့သည်။

All Chapters