ငါကချန်ပီယံလား......
Vol. 55 Ch. 772
လီထုံ သတိလစ်သွားသည်။ တလောကလုံး မှောင်အတိကျကာ အလွန်တရာ ရှည်ကြာသော အချိန်ကာလ တစ်ခုလိုပင်။
သူဖြည်းညင်းစွာ အသိစိတ် ပြန်ဝင်လာကာ မျက်လုံးများကို ကြိုးစားဖွင့်လိုက်သည်။
အဖြူရောင် ပတ်ဝန်းကျင်ကသာ စောင့်ကြည့်နေလေသည်။
ဘေးတွင်မူ စမ်းသပ်ချက်၏ တစ်သောင်းပုံတစ်ပုံအား အောင်မြင်သွားပြီဖြစ်ကြောင်း ရေးထိုးထားသည့် ကျောက်ပြတစ်ခု ရှိနေသည်။
ဆာလောင်မွတ်သိပ်မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုတို့မှာ ခန္ဓာကိုယ်အား ဒုက္ခပေးနေသည်။
လီထုံ သည်းမခံနိုင်တော့ပေ။
ဒီလောက် လူမဆန်တဲ့ စမ်းသပ်ချက်ကို အောင်မယ့်သူရော ရှိပါ့မလား.........
စမ်းသပ်ချက် တစ်သောင်းမပြည့်မီ သူ၏ခန္ဓာကိုယ်မှာ သေဆုံးသွားပေလိမ့်မည်။ ယခုပုံစံနှင့် အနိုင်ရရှိရန် မည်သို့မှ မဖြစ်နိုင်ပေ။ စမ်းသပ်ချက်အတွင်းမှာပင် မာလကီးယားသွားမည်မှာ ကျိန်းသေပေါက်ပင်။
စမ်းသပ်ချက် တစ်သောင်းပုံတစ်ပုံသာ ပြီးမြောက်သွားပါသော်လည်း သေမလို ဖြစ်နေလေပြီ။
ဘယ်လိုအတွေ့အကြုံကြီးလဲကွာ......
ထို့ကြောင့်ပင် ကျောက်ပြားပေါ်မှစာအား တွေ့လိုက်ရသောအခါ သတိလစ်သွားခဲ့ရသည်။
ယခု သတိပြန်ရလာပါသော်လည်း စိတ်အဆင်မပြေတော့ပေ။
"မဖြစ်နိုင်ဘူး။ ဒီစမ်းသပ်ချက်ကို ဘယ်သူက အောင်မြင်တော့မှာလဲ။"
"ငါတို့ကို ကစားနေတာလား။"
လီထုံ ကောင်းကင်အားကြည့်ကာ အော်ဟစ်လိုက်သည်။
မည်သည့်တုံ့ပြန်မှုမှ မရပဲ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။
လီထုံ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်ကာ တွေဝေနေမိသည်။
အဆုံးတွင်မူ အဆုံးမဲ့ လှေကားထစ်များအားကြည့်ကာ ခက်ခက်ခဲခဲ ခြေထောက်အား မတင်လိုက်သည်။
ငါဆက်လျှောက်မယ်.......
လုံးဝအရှုံးမပေးဘူး.....
မဖြစ်နိုင်သော စမ်းသပ်ချက် ဖြစ်ပါသော်လည်း အကြောင်းအရင်းအချို့ကြောင့် သူလက်မလျှော့လိုပေ။
သူ၏ဇွဲလုံ့လသည် ပြင်းထန်သောကြောင့် မသေမချင်း ကြိုးစားနေမည်သာ။
သူ၏ခန္ဓာကိုယ်သည် စိတ်အလိုကို မလိုက်နိုင်တော့ကြောင်း သူစတင်သတိပြုမိလာသည်။
အချိန်အတော်ကြာသွားပါသော်လည်း လှေကားထစ်တစ်သောင်းမျှသာ ပြီးမြောက်သေးသည်။
လီထုံ ချိနဲ့စွာ ပြုံးလိုက်သည်။
ဒုတိယမြောက် ကျောက်ပြားကို မမြင်ခင် ငါအရင်သေမှာပဲ........
သူသည် ကောင်းကင်တိုက်ပွဲဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ပိုမိုအင်အားကြီးလိုသော အိပ်မက်အတွက် စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ကီလိုမီတာပေါင်း ထောင်နှင့်ချီ ခရီးနှင်ခဲ့ရသည်။ သို့သော် အိပ်မက်များအားလုံး အငွေ့ပျံ ပျောက်ကွယ်ရတော့မည်ပင်။
ဒီလိုအဆုံးသတ်မျိုး ငါမလိုချင်ဘူး....... ငါကဘာလို့ ခွေးတစ်ကောင်လို ရှုံးနိမ့်ရမှာလဲ......
သူအံကြိတ်ကာ ဆက်လက်တက်လှမ်းလိုက်သည်။
သူသည် လက်လျှော့လိုက်ရန် အကြိမ်ပေါင်းများစွာ တွေးမိခဲ့သည်။ ဆိုးရွားလှအောင် နာကျင်နေသော ခန္ဓာကိုယ်သည် လက်လျှော့ရန် တောင်းပန်နေသည်။ ပါရမီရှင်တစ်ဦး၏ မာနသည်လည်း လက်လျှော့လိုက်ရန် ပြောနေသည်။ သူ့ကိုယ်သူလည်း အကြောင်းပြချက်ကောင်းကောင်းဖြင့် လက်လျှော့လိုက်ရန် အော်ဟစ်ချင်မိသည်။
မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ အရှုံးမပေးလိုက်ချင်ပေ။
လီထုံ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်သည်။ လှေကားထစ်အား ဆက်တက်ရန်မှလွဲ၍ မည်သည့်အတွေးမှ မရှိတော့ပေ။
အဆိုးဆုံး အခြေအနေသို့ ရောက်လာပါက သူသေသွားပေလိမ့်မည်။
တစ်ခါတရံတွင် ရုတ်တရက် ရင့်ကျက်သွားရန် ခြေတစ်လှမ်းသာ လိုအပ်သည်။
လီထုံသည် အချိန်ကာလအား မမှတ်မိတော့ပေ။ ခဏခဏဆိုသလို သတိလစ်ပါသော်လည်း အသိစိတ် ပြန်ဝင်လာသည်နှင့် ဆက်လက်တက်လှမ်းခဲ့သည်။
ဒုတိယမြောက် ကျောက်ပြားအား ယခုထိတိုင် မမြင်ရသေးပေ။
သူသည် သတိလစ်သည်အထိ ကုပ်တွယ်တက်နေခဲ့ပြီးနောက် သတိပြန်ရလာသောအခါ ခန်းမကျယ်ကြီးတစ်ခုထဲ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ခန်းမထဲတွင် သူ့ကဲ့သို့ပင် စမ်းသပ်ချက် ခံယူသူများလည်း ရှိနေလေသည်။
"ငါကျရှုံးသွားတာလား။"
လီထုံ သွေးမျက်ရည်များ ကျဆင်းလာသည်။
ထို့နောက် ခန်းမတစ်ခုလုံးသည် သူ့အားကြည့်နေကြသည်ကို သတိပြုမိသွားသည်။
ဘာတွေဖြစ်နေတာလဲ.......
ဘာလို့ သူတို့အကြည့်တွေမှာ မနာလိုမှုတွေ ပါနေတာလဲ...... ဒါမှမဟုတ် လေးစားမှုတွေလား........
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးမှာ သူ၏ရှေ့သို့ ရောက်ရှိလာသည်။
ထိုသည်မှာ စမ်းသပ်ချက်အား ပြင်ဆင်ခဲ့သူ ပိုင်လင် ဖြစ်သည်။
"ဂုဏ်ယူပါတယ် လီထုံ ဒီစမ်းသပ်ချက်မှာ နင်ပထမရတယ်။"
ပိုင်လင် ဂုဏ်ပြုလိုက်သည်။
"ပ.....ပထမလား။"
လီထုံ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဒါ.... ဒါပေမယ့် လှေကားအဆုံးကို မရောက်ခဲ့ဘူးလေ။"
သူသည် ဒုတိယကျောက်ပြားကိုပင် မတွေ့ရသေးပဲ အကြိမ်ကြိမ်အခါခါ သတိလစ်ပြီးနောက် ဤခန်းမထဲ ရောက်ရှိလာခြင်း ဖြစ်သည်။
"အဆုံးထိလား။"
ပိုင်လင် မျက်တောင်ခတ်လိုက်သည်။
"အဲ့လှေကားက အဆုံးမရှိဘူးလေ။"
လီထုံ ဒိန်းခနဲ ဖြစ်သွားပါသော်လည်း စိတ်ကိုတည်ငြိမ်စေကာ စကားဆိုလိုက်သည်။
"ဒါပေမယ့် အဆုံးထိရောက်မှ စမ်းသပ်ချက် အောင်မြင်မယ်လို့ ပြောခဲ့တာမလား။ ပြီးတော့ အမှတ်အသားပေးတဲ့ ကျောက်ပြားကိုလည်း တွေ့ခဲ့တယ်။"
"အော်...... ငါလိမ်လိုက်တာလေ။ တကယ်တော့ အဲ့လှေကားက အဆုံးမရှိဘူး။ အဲ့ဒါကြောင့် ဘယ်တော့မှလည်း အဆုံးကို ရောက်နိုင်မှာ မဟုတ်ဘူး။"
လီထုံ : ".........."
လီထုံ သွေးအန်တော့မလို ခံစားနေရသည်။
အခြားသော ကျင့်ကြံသူများမှာ သူ့အားသနားဟန်ဖြင့် ကြည့်ရှုလာကြသည်။ လီထုံအကြောင်း ကြားခဲ့ရစဉ်က ၎င်းတို့သည်လည်း အလွန်အံ့သြခဲ့ကြပြီး အချို့ဆိုလျှင် ဒေါသကြောင့် သတိလစ်မတတ် ဖြစ်ခဲ့ရသည်။
ပိုင်လင်သည် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ အချိန်စီးဆင်းမှုအား မြင်နေရဟန်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့လှေကားက အဆုံးမရှိဘူး။ တာအိုရှာဖွေမှု ခရီးစဉ်ကရော အဆုံးရှိရဲ့လား။"
"တာအိုရှာဖွေမှု ခရီးစဉ်မှာ ကျရှုံးသွားသူတွေ ဘယ်လောက်ရှိနေပြီလဲ။ ကံကြမ္မာအဆုံးသတ်ကို ဘယ်သူမှ မမြင်နိုင်ဘူးလေ။ ငါတို့လုပ်နိုင်တာက ရှေ့ကိုဆက်လျှောက်နေဖို့ပဲ။ ဘယ်သူက ရှေ့ပိုရောက်မလဲဆိုတာတော့ အဆုံးမရှိတဲ့ ကိစ္စလိုပဲ။"
"တာအိုရှာဖွေရေးမှာ အခက်အခဲတွေက လူကိုဒုက္ခပေး ပြိုလဲစေလိမ့်မယ်။ တချို့က မြန်မြန်ဆန်ဆန်ပဲ လက်လျှော့သွားကြမယ်။ ဘာပဲဖြစ်ဖြစ် ရောက်နေတဲ့နေရာမှာ ရပ်မနေချင်တဲ့ သူတွေလည်း ရှိနေဦးမှာပဲ။ သူတို့တွေကတော့ ရှေ့ကိုအမြဲတမ်း ဆက်လျှောက်နေကြမှာ။ သူတို့ရဲ့ ခရီးလမ်းမှာ တစ်နေရာရာကတော့ ပန်းတိုင်လို့ ထင်ရပေမယ့် တကယ့်အဆုံးသတ်ဆိုတာ မရှိပါဘူး။ နောက်ဆုံးတော့ သူတို့လည်း ပင်ပန်းနွမ်းနယ်လာပြီး ဘဝခရီးလမ်းပဲ အဆုံးသတ်သွားတာပဲ။"
ကျင့်ကြံသူများသည် ပိုင်လင်၏ စကားကို နားထောင်ရင်း လေးလေးနက်နက် တွေးတောကာ အချို့မှာ ရှက်ရွံ့စွာဖြင့် ခေါင်းငိုက်စိုက်ကျသွားကြသည်။ ဇွဲလုံ့လကို စမ်းသပ်သော စမ်းသပ်ချက်ဖြစ်ကြောင်း ၎င်းတို့အားလုံး ကောင်းစွာနားလည်ခဲ့ကြသည်။
သို့သော် နားလည်ခြင်းနှင့် လုပ်ဆောင်ခြင်းမှာ ကွဲပြားပေသည်။
ပိုင်လင်သည် လီထုံအား စိတ်ကျေနပ်စွာ ကြည့်ရှုလိုက်သည်။
"အားလုံးထဲမှာ နင်တစ်ယောက်ပဲ လက်မလျှော့တာ။ နင်က အဝေးဆုံးကို လျှောက်ခဲ့တယ်။ လှေကားထစ် အများဆုံး ရောက်ခဲ့တယ်။ ပထမနေရာက နင်နဲ့ထိုက်တန်တယ်။"
လီထုံမှာ ပိုင်လင်၏ စကားကြောင့် ကိုယ့်ကိုယ်ကို လေးစားသွားမိသည်။
ဖြောင်း..... ဖြောင်း...... ဖြောင်း.......
လက်ခုပ်သံများလည်း သောသောညံသွားလေသည်။
ကျင့်ကြံသူများမှာ လီထုံ၏ ဇွဲနပဲအား အံ့သြမိကြသည်။
လီထုံ မျက်ရည်အဝဲသား ဖြစ်လာသည်။
"ထင်ထားတဲ့အတိုင်း ငါက အရမ်းတော်တဲ့ ပါရမီရှင်ပဲ။ အရမ်းထူးချွန်တဲ့သူပဲ။"
အခြားသူများသည် လီထုံ၏ စကားကြောင့် လက်ခုပ်ဆက်မတီးကြတော့ပေ။
ပိုင်လင် : ".........."
"ထိပ်ဆုံး အယောက်တစ်ထောင်က ဒုတိယ စမ်းသပ်ချက်ကို ကျော်ဖြတ်ရမယ်။ ကျန်တဲ့သူတွေကတော့ အပြင်စည်းတပည့် ဖြစ်ခွင့်ရှိတယ်။ ဒါပေမယ့် စမ်းသပ်ချက်တစ်ခုတော့ ရှိလိမ့်မယ်။ ဆက်နေမလား၊ ထွက်သွားမလားဆိုတာကို ဆုံးဖြတ်လို့ရတယ်။"
"စမ်းသပ်ချက်တွေ ရှိသေးတာလား။"
လီထုံ မျက်လုံးပြူးသွားသည်။
ပိုင်လင် အေးစက်စွာ ရယ်မောလိုက်သည်။
"စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့က ဒီလောက်လွယ်ပါ့မလား။"
လီထုံ ပြန်မဖြေနိုင်ပေ။
စမ်းသပ်ချက် တစ်ခုနှင့်ပင် လူကိုးထောင်မှာ ထုတ်ပယ်ခံလိုက်ရသည်။ ကျန်ရှိနေသော စမ်းသပ်ချက်များသည် ပိုမိုရက်စက်မည်မှာ သေချာပေသည်။ လီထုံ သေမင်းနှုတ်ခမ်းဝသို့ ရောက်နေသလို ခံစားလာရသည်။
အန်လင်း၊ ရွှမ်းယွမ်ချန်နှင့် အခြားသူများသည်လည်း အံ့အားသင့်ကုန်သည်။
စမ်းသပ်ချက်အကြောင်း တွေးရုံနှင့်ပင် စိတ်ဆင်းရဲစရာ ကောင်းနေလေပြီ။ ၎င်းတို့သည်ပင် လီထုံလောက် ဇွဲရှိရန် မလွယ်ကူပေ။
အဆုံးမရှိသော လှေကားအား သေသည်အထိ တက်လှမ်းနေရမည်လော။
ပိုင်လင်သည် အမှန်တကယ်ပင် နှလုံးသား မရှိသည့် စမ်းသပ်သူ ဖြစ်သည်။
ထုတ်ပယ်ခံရသူများမှာ အစောဆုံး လက်လျှော့သွားကြသူများပင်။
၎င်းတို့သည် စိတ်ပျက်လက်ပျက် ဖြစ်နေကြပါသော်လည်း ဘာမှမတက်နိုင်ကြပေ။ စုကျိုးအင်မော်တယ်ဂိုဏ်း၏ အပြင်စည်းတပည့်အဖြစ် စမ်းသပ်ချက် ခံယူသင့်မသင့် တွေးတောနေရသည်။
အပြင်စည်းတပည့်များသည် အရေးမပါသော တာဝန်များကိုသာ လုပ်ဆောင်ရပြီး ထောက်ပံ့မှုသည်လည်း အတွင်းစည်းတပည့်များထက် များစွာလျော့နည်းသည်။
သို့သော် ဂိုဏ်းချုပ်အန်လင်း၏ ပြောကြားချက်အရ ထူးချွန်ထက်မြက်သော အပြင်စည်းတပည့်များသည် အတွင်းစည်းတပည့် ဖြစ်လာရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
လီထုံနှင့် အခြားအောင်မြင်သူများသည် ပိုင်လင်နှင့်အတူ ဒုတိယ စမ်းသပ်ချက်ထံ သွားနေကြလေပြီ။