စုကျိုးအင်မော်တယ်ဂိုဏ်းမှအလိုရှိသောတပည့်များ
Vol. 55 Ch. 773
လီထုံမှာ ကျယ်ပြန့်လှသော သွေးနီရောင် ပတ်ဝန်းကျင် တစ်ခုသို့ ရောက်ရှိလာသည်။ တောက်ပသော သွေးရောင်အပင်များသည် မြေပြင်တခွင် ပေါက်ရောက်နေပြီး အချို့ဆိုလျှင် မီးတောက်မီးလျှံများပါ လောင်ကျွမ်းနေသေးသည်။
"ဟမ်...... ဒါက ဘယ်နေရာလဲ။"
စူးရှရှ မိန်းမငယ်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။
"ဒါက ကောလဟလ ထွက်နေတဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ မှော်နယ်မြေ ဇာမဏီကမ္ဘာငယ် ထင်တယ်။"
ကြမ်းရှရှ အမျိုးသားတစ်ဦး၏ စကားသံအား ကြားလိုက်ရပြန်သည်။
လီထုံ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရလေသည်။ ၎င်းတို့သည်လည်း ဒုတိယ စမ်းသပ်ချက်သို့ ပါဝင်ခွင့်ရသူများ ဖြစ်ပေလိမ့်မည်။ ထိုနှစ်ဦး၏ ကျင့်ကြံရေးအဆင့်သည်လည်း သူ့ကဲ့သို့ပင် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်များ ဖြစ်သည်။
ထိုအချိန်တွင် ပိုင်လင်၏ စကားသံ ထွက်ပေါ်လာသည်။
"ဒီစမ်းသပ်ချက်ကို အောင်မြင်ဖို့အတွက် ဒီကမ္ဘာထဲမှာ အနက်ရောင်ရေကန်ကို တွေ့အောင်ရှာရမယ်။"
လီထုံမှာ စမ်းသပ်ချက်အား ချက်ချင်းနားလည်သွားသည်။
ရှာဖွေရေးပုံစံ စမ်းသပ်ချက်လား.....
အဲ့ဒါဆို ဘေးမှာရှိနေတဲ့ ကျင့်ကြံသူတွေကို ပိုင်လင်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ပေးထားတာပဲ...... သူတို့က ငါ့ပြိုင်ဘက်တွေ မဟုတ်ပဲ အဖွဲ့သားတွေပါလား......
"ငါက လီထုံပါ။ မင်းတို့တွေ ငါနဲ့တူတူ အနက်ရောင်ရေကန် ရှာကြမလား။"
လီထုံ ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။
လှပသော မိန်းမငယ်လေးမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ခပ်ဖွဖွ ရယ်မောလာသည်။
"မင်္ဂလာပါ လီထုံ...... ငါ့ရဲ့တာအိုနာမည်က တင်းရှန်းပါ။ အနက်ရောင်ရေကန်ကို အတူတူ ရှာကြရအောင်။"
ဗလတောင့်တောင့်နှင့် အမျိုးသားလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
"လီထုံ.... ငါက ချန်းရင်ရှုံးပါ။ မင်းကိုမှတ်မိတယ်။ ခုနက စမ်းသပ်ချက်မှာ မင်းရဲ့ဇွဲကြီးချက်က သြချလောက်စရာပဲ။ ငါတို့အတူတူ ရေကန်ရှာကြတာပေါ့။"
"မြှောက်မနေပါနဲ့။ ငါက ကံကောင်းသွားရုံပါ။"
လီထုံ စကားဆိုလိုက်သည်။ စိတ်ထဲတွင်မူ အခါတစ်သိန်းလောက် ကခုန်နေလေပြီ။
ပထမ စမ်းသပ်ချက်ကြောင့် အခြားသူများ၏ အမြင်တွင် သူ့အားအတော် အထင်ကြီးသွားပုံ ရသည်။
ကြည့်လိုက်လေ...... အခု ကောင်မလေး ချောချောလေးကတောင် ယုံကြည်လေးစားမှုတွေနဲ့ ငါ့ကိုငေးကြည့်နေတာမလား...... အဲ့ဒါ ဘာလို့လဲဆိုတော့ ငါကဆရာကျလို့ပေါ့.......
ထိုသို့ဖြင့် ၎င်းတို့သုံးဦးမှာ အဖွဲ့တစ်ခု ဖြစ်လာပြီး အနက်ရောင်ရေကန်အား အတူတကွ ရှာဖွေခဲ့ကြသည်။
အနက်ရောင်ရေကန် ရှာဖွေရသော စမ်းသပ်ချက်သည် ထင်မှတ်ထားသလို မရိုးရှင်းပဲ အန္တရာယ်များနှင့် ပြည့်နှက်နေပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မည်သူမှ ထုတ်ပယ်ခံရမည် မဟုတ်ပေ။
၎င်းတို့သည်လည်း ခရီးစဉ်တလျှောက် မီးမှုတ်သော အပင်များ၊ မီးလျှံသားရဲနှင့် ငှက်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။
လီထုံတို့ သုံးဦးလုံးသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် ထိုရန်သူများအား ရင်ဆိုင်ရသည်မှာ ပြဿနာ မရှိလှပေ။ အံ့အားသင့်စရာများ ကြုံခဲ့ရပါသော်လည်း ခက်ခဲလှသည်တော့ မဟုတ်ပေ။
အချိန်နှစ်ရက်ခန့် ကုန်လွန်သွားစေကာမူ အနက်ရောင်ရေကန်အား ရှာမတွေ့သေးပေ။ သို့သော် ၎င်းတို့အချင်းချင်း အတော်ပင် ခင်မင်ရင်းနှီးနေလေပြီ။
တတိယမြောက်နေ့တွင် သွေးနီရောင် လျှိုမြောင်တစ်ခုထံ ရောက်ရှိခဲ့ပြီး အဆုံးသတ်တွင် ရေကန်တစ်ခု ရှိနေသည်ကို လှမ်းမြင်လိုက်ရသည်။
"ဟိုမှာရေကန်ပဲ။"
တင်းရှန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လီထုံနှင့် ချန်းရင်ရှုံးတို့သည်လည်း ပျံသန်းနေသော ဓားအရှိန်အား မြှင့်တင်လိုက်လေသည်။
၎င်းတို့သည် ရေကန်တွေ့တိုင်း ပျော်ရွှင်ရစမြဲပင်။ ပိုင်လင် ပြောထားသော အနက်ရောင်ရေကန် ဟုတ်မဟုတ် ကံစမ်းရမည်ပင်။
ချန်းရင်ရှုံးမှာ ရေကန်ထံ ပထမဆုံး ရောက်ရှိသွားသည်။
"ရေနောက်ပြီး နီနေပေမယ့် အနက်ရောင်ရေကန် လုံးဝမဟုတ်ဘူး။"
သူမျက်မှောင်ကျုံ့လိုက်သည်။
လီထုံနှင့် တင်းရှန်းသည်လည်း ရေကန်အားကြည့်ကာ စိတ်ပျက်သွားသည်။
ထိုအချိန်မှာပင် ရေမျက်နှာပြင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။
ဝုန်း.......
ပေတစ်ရာကျော်ရှိသော ရေနဂါးကြီးတစ်ကောင် ခုန်ထွက်လာကာ ချန်းရင်ရှုံးအား ကိုက်ဆွဲလိုက်သည်။
ချန်းရင်ရှုံး မျက်စိမျက်နှာပျက်ကာ ကာကွယ်ရေးမန္တာန်အား အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် ရေနဂါးကြီးမှာ သူ၏ခန္ဓာကိုယ်အား ဝါးမြိုနေလေသည်။ သူသည် ချက်ချင်းပင် ဓားအားမြှောက်တင်ကာ ရေနဂါးကြီး ပါးစပ်ပိတ်မသွားအောင် ခုခံထားရသည်။
"အား...... ကယ်ကြပါဦး။"
ချန်းရင်ရှုံးမှာ အတော်ပင် ဒုက္ခရောက်နေပြီး အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်မည် မဟုတ်ပေ။
ဝုန်း.......
အန္တရာယ် အငွေ့အသက်များ ဖြာထွက်နေသော ရေနဂါးကြီး နှစ်ကောင်လည်း ထပ်မံပေါ်ထွက်လာသည်။
"ချန်းရင်ရှုံး....."
လီထုံ ပြေးကယ်တော့မည့် အချိန်မှာပင် တင်းရှန်းမှ ဆွဲထားလိုက်သည်။
"လီထုံ.... မလောနဲ့။"
တင်းရှန်း အော်ဟစ်လိုက်သည်။
"နဂါးသုံးကောင်လုံးက စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အလယ်အလတ် အဆင့်တွေပဲ။ သူတို့က ငါတို့ကို စောင့်နေတာ အသိသာကြီး။ ငါတို့က စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း စဦးအဆင့်ပဲ ရှိသေးတယ်။ ဘယ်လိုမှ ယှဉ်မတိုက်နိုင်ဘူး။"
"ဒါပေမယ့် မျှော်လင့်ချက် ရှိပါသေးတယ်။"
လီထုံ အံကြိတ်ကာ ပြောလိုက်သည်။
"နင်ရူးနေတာလား။"
တင်းရှန်း ဟိန်းဟောက်လိုက်သည်။
"ငါတို့ ရည်ရွယ်ချက်ကို မေ့သွားပြီလား။ အနက်ရောင်ရေကန် ရှာဖို့နော်။ လူကယ်ပြီး သေဖို့မဟုတ်ဘူး။"
ဝုန်း......
ရေနဂါးနှစ်ကောင်မှာ အတောင်များဖြန့်ကာ လီထုံနှင့် တင်းရှန်းထံ ခုန်ဝင်လာသည်။ ၎င်းတို့၏ အရှိန်မှာ လျင်မြန်လွန်းလှပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြောင်း သိသာလှသည်။
"ပြေးတော့......"
တင်းရှန်း အော်ဟစ်ကာ တချိုးတည်း ထွက်ပြေးတော့သည်။
လီထုံမှာ ချီတုံချတုံ ဖြစ်နေလေသည်။
ချန်းရင်ရှုံးမှာ ရေနဂါးကြီး၏ ဝါးမြိုမှုအား ခံရတော့မည်ဖြစ်ပြီး သူသည်လည်း မကယ်တင်နိုင်လောက်ပေ။ ရေနဂါးများမှာ အန္တရာယ် ကြီးလှပေသည်။
"တောင်းပန်ပါတယ် ချန်းရင်ရှုံး....... ငါ့ရဲ့အိပ်မက်က တုနှိုင်းမဲ့တာအိုကို ရဖို့ပဲ။ ဒီနေရာမှာ မသေချင်သေးဘူး။"
သူသည် နှလုံးသားထဲမှ အပြစ်ရှိစိတ်အား ဖြေဖျောက်ရန် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် လှည့်မကြည့်ပဲ ထွက်ပြေးလိုက်သည်။
"လီထုံ...... ငါ့ကိုကယ်ပါ။"
ချန်းရင်ရှုံး ကူကယ်ရာမဲ့စွာ လှမ်းအော်နေလေသည်။
လီထုံ အံကြိတ်ကာ လျစ်လျူရှုလိုက်သည်။
ရေနဂါးကြီးများ၏ ဒေါသသံနှင့် ချန်းရင်ရှုံး၏ အသွေးအသားများ ပျက်စီးသွားသံမှာ သူ၏နားအား နှိပ်စက်နေသလိုပင်။
လီထုံမှာ မြင်ကွင်းတစ်ခုလုံး မှောင်အတိကျသွားသည်အထိ ထွက်ပြေးနေခဲ့သည်။
သူမူးနောက်နောက် ဖြစ်လာကာ သတိလစ်သွားတော့သည်။
အရာအားလုံးမှာ အဆုံးမဲ့ အမှောင်ထုကြီး ဖြစ်နေသည်။
ထို့နောက် ဖြည်းညင်းစွာ သတိပြန်ရလာလေသည်။
လီထုံ မျက်ဝန်းများကို အားယူကာ ဖွင့်လိုက်သည်။
"ဒါ..... ငါဘာလို့ ဒီရောက်နေတာလဲ။"
ဆိုးရွားသည့် ခံစားချက်တစ်ခု နှလုံးသားထဲ ဆန်တက်လာသည်။
ထို့နောက် ခန်းမအတွင်း ပေါ်ထွက်လာသော ကျင့်ကြံသူများအား ကြည့်ရှုလိုက်သောအခါ ၎င်းတို့အားလုံးလည်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
"နင်ကျရှုံးသွားပြီ။"
ပိုင်လင်မှာ လီထုံအား တစ်ချက်ပင် မကြည့်ပဲ စကားဆိုလာသည်။
"ဘာ..... ဘာဖြစ်လို့လဲ။"
လီထုံ အော်ဟစ်လိုက်သည်။
"အနက်ရောင်ရေကန်ကို မတွေ့သေးပေမယ့် သေလည်းမသေသေးဘူးလေ။ စမ်းသပ်ချက်လည်း မပြီးသေးတဲ့ဟာကို။"
"အ..... အချိန်ကန့်သတ်ချက် ရှိလို့များလား။"
ဖြစ်နိုင်ခြေတစ်ခုအား ပြောလိုက်သည်။
ပိုင်လင် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"အနက်ရောင်ရေကန် ဟုတ်လား။ ဒီမှာ ဘာအနက်ရောင်ရေကန်မှ မရှိဘူး။"
ဝုန်း.......
လီထုံမှာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလို ဖြစ်နိုင်ခြေ နောက်တစ်ခုအား တွေးမိသွားသည်။
အနက်ရောင်ရေကန် ရှာခိုင်းတာက အလိမ်အညာ တစ်ခုပဲ........
အဆုံးမရှိတဲ့ လှေကားထစ်ကို တက်ခိုင်းသလိုပဲ......
"အဲ့ဒါဆို ကျွန်တော်......"
ပိုင်လင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ နင့်မှာ အခွင့်အရေး ရှိရက်သားနဲ့ သူငယ်ချင်းတစ်ယောက်ကို လျစ်လျူရှုခဲ့လို့ပဲ။"
လီထုံမှာ အမှန်တရားအား လက်မခံနိုင်သောကြောင့် အသက်ရှူပင် မမှန်တော့ပေ။
"ဘာလို့လဲ။ သူ့ကိုကယ်ဖို့က အန္တရာယ်များတယ်လေ။"
သူအကြောင်းပြချက် ပေးလိုက်သည်။
"အသက်ရှင်ဖို့အတွက် အဲ့လိုဆုံးဖြတ်တာ မမှန်ဘူးလား။"
ပိုင်လင် ရယ်မောလိုက်သည်။
"နင်မှားတယ်လို့ မပြောပါဘူး။ အဲ့လိုအခြေအနေမှာ နင့်ဆုံးဖြတ်ချက်က နားလည်ပေးလို့ ရတယ်လေ။ ဒါပေမယ့် စုကျိုးအင်မော်တယ်ဂိုဏ်းက အချင်းချင်း အသက်ပေးရဲတဲ့သူကိုပဲ အလိုရှိတာ။ ငါစိတ်ပျော်သလို ရွေးမှာပဲ။ နင့်အကြောင်းပြချက်တွေ စိတ်မဝင်စားဘူး။"
လီထုံ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထိုအချိန်တွင် သူ၏ဘေးသို့ ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦး ရောက်ရှိလာသည်။
"ဟမ်..... လီထုံ ငါမင်းကို ရေနဂါး ပါးစပ်ထဲကနေ ကယ်နေတုန်း ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။"
လီထုံမှာ တစ္ဆေတစ်ကောင်ကို မြင်နေရသည့်အလား လွန်စွာလန့်ဖြန့်သွားသည်။
"ချန်း.... ချန်းရင်ရှုံး မင်းအသက်ရှင်နေသေးတာလား။"
ချန်းရင်ရှုံးမှာ လီထုံ၏ ရင်ဘတ်အား ခပ်ဖွဖွ ထိုးလိုက်သည်။
"မင်းကြောက်နေခဲ့တယ်မလား။"
သူရယ်ရယ်မောမော စကားဆိုလာသည်။
"ငါသေတော့မလို ဖြစ်သွားပေမယ့် မင်းကိုကယ်ပြီး အတူတူ ထွက်ပြေးလာနိုင်တယ်လေ။"
"အမ်..... ဒါက ဘယ်နေရာလဲ။"
ရင်းနှီးနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"အား..... လီထုံ နင်အသက်ရှင်နေသေးတာ ငါအရမ်းဝမ်းသာတာပဲ။"
တင်းရှန်း ငိုကြွေးလိုက်သည်။
"ငါနင့်ကို ပြေးကယ်ပေမယ့် ရေနဂါးကြီးက မြိုသွားတာလေ။ ငါအရမ်းဝမ်းနည်းခဲ့ရတာ။"
သူမသည် အသက်ရှင်နေသော လီထုံကိုကြည့်ကာ လွန်စွာပျော်ရွှင်နေသည်။
လီထုံမှာ ရင်ဘတ်ထဲ တစ်ခုခု ခံနေသလို ခံစားလိုက်ရသည်။
အတုတွေ..... အားလုံးက အတုတွေ...... မြင်ခဲ့ရသမျှ အတုတွေကြီးပဲ......
အဲ့ဒါကိုမှ ငါက သောက်တလွဲ လုပ်ပစ်လိုက်တယ်......
"ဂုဏ်ယူပါတယ်။ ချန်းရင်ရှုံးနဲ့ တင်းရှန်း နင်တို့ စမ်းသပ်ချက်ကို အောင်မြင်သွားပြီ။"
ပိုင်လင် ပြုံးကာပြောလိုက်သည်။
ချန်းရင်ရှုံးနှင့် တင်းရှန်းတို့ စိတ်လှုပ်ရှားသွားကြသည်။
စမ်းသပ်ချက်အား အဘယ့်ကြောင့် အောင်မြင်သွားသည်ကို မသိပါသော်လည်း ပိုင်လင်မှ တရားဝင် ကြေညာလာလေပြီ။
"ဟုတ်သားပဲ။ လီထုံ နင်ကအရင်ရောက်နေတာဆိုတော့ နင်ရောစမ်းသပ်ချက် အောင်သွားလား။"
တင်းရှန်း ပျော်ရွှင်စွာ မေးလိုက်သည်။
လီထုံ ခေါင်းခါပြလိုက်သည်။
"ငါ..... ငါကျတယ်။"
"ဟမ်..... ဘာဖြစ်လို့လဲ။"
ချန်းရင်ရှုံး အံ့အားသင့်သွားသည်။
လီထုံမှာ ချန်းရင်ရှုံးအားကြည့်ကာ ဘာမှမပြောနိုင်ပဲ မျက်ရည်များ ကျဆင်းလာသည်။
ယခုအခြေအနေမှာ ကသိကအောက် နိုင်လွန်းလှသည်။
သူသည် ချန်းရင်ရှုံးအား မကယ်ပဲ ပစ်ထားခဲ့သောကြောင့် ရှုံးနိမ့်သွားရသည်ကို မည်သို့မှ ထုတ်မပြောနိုင်ပေ။