အတွင်းစည်းတပည့်များ
Vol. 55 Ch. 774
ကောင်းကင်ထက်၌ ဒုတိယမြောက် စမ်းသပ်ချက်တွင် ပါဝင်ခဲ့သူများအား ကြည့်ရှုနိုင်မည့် မျက်နှာပြင်ကြီးတစ်ခု ရှိနေသည်။
ထျန်းရှီမန်မှာ လီထုံအားကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။
"သူက ကျင့်ကြံရေးအတွက်တော့ တကယ်သင့်တော်ပါတယ်။ ခြွင်းချက်အနေနဲ့ လက်ခံပေးလို့ မရဘူးလား။"
"ငါလည်းသဘောတူတယ်။ ဒုတိယ စမ်းသပ်ချက်မှာ ပါရမီရှင်တွေ အများကြီး လက်လွှတ်လိုက်ရသလိုပဲ။"
စုချန်းရန်လည်း အတော်ပင် စိတ်မကောင်း ဖြစ်နေသည်။
အန်လင်း ခေါင်းခါပြလိုက်သည်။
"ပါရမီရှင်တွေကို လက်လွှတ်ရတာ ငါနားလည်တယ်။ ခင်မင်ရင်းနှီးမှုဆိုတာကလည်း ကျင့်ကြံရေးအတွက် အဲ့လောက်ထိ အရေးမပါဘူး။ ကိုယ့်ကိုယ်ကို သူများထက် ပိုအလေးထားတဲ့သူက အနာဂတ်မှာ အောင်မြင်လာနိုင်ခြေ ရှိတယ်။"
"ဒါပေမယ့် ငါတို့ဂိုဏ်းကိုတော့ တစ်ယောက်နဲ့တစ်ယောက် လေးလေးနက်နက် အလေးထားစေချင်တယ်။ အင်အားအကြီးဆုံးဂိုဏ်းလည်း ဖြစ်စရာ မလိုပါဘူး။ ဂိုဏ်းထဲမှုရှိသမျှလူ အချင်းချင်းတော့ ခင်မင်ရင်းနှီးစေချင်တယ်။ ငါတို့က မိသားစုကြီးတစ်ခု ဖြစ်လာမှာလေ။"
"စဉ်းစားကြည့်...... ဂိုဏ်းသားတွေက တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိကြရင် တစ်ယောက်အန္တရာယ် တစ်ယောက်တွေးပေးကြရင် ငါတို့လည်း ကျင့်ကြံရေးလမ်းစဉ်တွေ သူတို့ဆီ သင်ပေးရတာ ပိုပြီးသက်တောင့်သက်သာ ဖြစ်တာပေါ့။ မဟုတ်ဘူးလား။"
အန်လင်း၏ စကားကြောင့် ထျန်းရှီမန်နှင့် စုချန်းရန် အတွေးများသွားသည်။
ဟုတ်တယ်....... တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး နားလည်မှုရှိတဲ့ ဂိုဏ်းကိုပဲ ငါတို့လိုချင်ခဲ့တာလေ........
ဂိုဏ်းက အင်အားကြီးနေပေယ့် သွေးအေးပြီး အတ္တကြီးတဲ့သူတွေပဲရှိရင် ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ.......
စုရှောင်လန်မှာ ဂုဏ်ယူနေသော မျက်ဝန်းတောက်တောက်များဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
သူမ၏ အကြည့်များမှာ "ငါ့တာအိုလက်တွဲဖော်က ဘယ်လောက်တောင် မြတ်နိုးစရာကောင်းပြီး ဂရုစိုက်တတ်သလဲ။"ဟု ဆိုနေသလိုပင်။
ရွှမ်းယွမ်ချန်နှင့် လျှိုချင်းဟွမ်တို့သည်လည်း အန်လင်း၏ စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
၎င်းတို့သည် သေရေးရှင်ရေး အခြေအနေများကိုပင် အတူတကွ ကျော်ဖြတ်လာသော သူငယ်ချင်းများ ဖြစ်သောကြောင့် အန်လင်း၏ စကားထက် မှန်သောအရာ မရှိနိုင်ပေ။
အဆုံးတွင်မူ ဒုတိယ စမ်းသပ်ချက်ထဲ ပါဝင်သူ လူတစ်ထောင်အနက် ငါးဆယ့်နှစ်ဦးသာ အောင်မြင်ခဲ့ကြသည်။
ကျရှုံးသူတိုင်းသည် သွေးအေးသူများ မဟုတ်ကြပေ။ ကျင့်ကြံသူများအနေဖြင့် အခြားသူများ၏ အသက်ထက် မိမိအသက်အား တန်ဖိုးထားကာ ထွက်ပြေးကြမည်သာဖြစ်ပြီး ထိုသည်မှာ နားလည်ပေးနိုင်သောအရာ ဖြစ်သည်။
စင်စစ်အားဖြင့် လီထုံ၏ လုပ်ဆောင်ချက်မှာလည်း ကောင်းမွန်ပေသည်။ သူသည် ထွက်မပြေးခင် အချိန်အထိ ချီတုံချတုံဖြစ်ကာ ဆုံးဖြတ်မရ ဖြစ်နေခဲ့သည်။ ပိုင်လင်၏ ပုံရိပ်ယောင် အဖွဲ့သားသည် သူ့အားထွက်ပြေးရန် မပြောခဲ့ပါက သူ့အနေဖြင့် ကယ်တင်ကောင်း ကယ်တင်ပေးလောက်သည်။
မိမိအသက်ကိုပင် ပဓာနမထားပဲ သူငယ်ချင်းအား ကယ်တင်ပေးခဲ့သူများအား အများစုမှာ ငတုံးများဟုသာ မြင်ကြပေလိမ့်မည်။
သို့သော် စုကျိုးအင်မော်တယ်ဂိုဏ်းအနေဖြင့် ထိုကဲ့သို့ ငတုံးများကိုသာ အလိုရှိပေသည်။
ထိုသို့ဖြင့် အောင်မြင်သူ ငါးဆယ့်နှစ်ဦးမှာ နောက်ဆုံးစမ်းသပ်ချက်ထံ ဝင်ရောင်နိုင်ခဲ့ကြသည်။
ဒုတိယ စမ်းသပ်ချက်အား ကျရှုံးခဲ့သော လီထုံသည် အံ့အားသင့်စရာ ကောင်းစွာပင် အပြင်စည်းတပည့် စမ်းသပ်ချက်အတွက် ကျန်ရစ်ခဲ့သည်။
စင်စစ်အားဖြင့် ဂုဏ်မောက်ကာ ပါရမီကောင်းသော လီထုံကဲ့သို့ သူမျိုးသည် အခြားဂိုဏ်းများနှင့် ပိုမိုသင့်တော်သည်။
"သူက အတွင်းစည်းတပည့် ဖြစ်လာဖို့ အပြင်စည်းတပည့် အဖြစ်ကနေ ကြိုးစားချင်နေတာလား။ စိတ်ဝင်စားစရာပဲ။"
အန်လင်း စကားဆိုလိုက်သည်။
သူသည် လီထုံအား သဘောမကျခြင်း မရှိပေ။ ထိုအစား ရိုးသားကာ တဲ့တိုးဆန်သည်ဟု မြင်မိပေသည်။
ထို့ကြောင့် လီထုံနှင့်ပက်သတ်၍ အနည်းငယ် မျှော်လင့်ထားမိသည်။
စမ်းသပ်ခံ ကျင့်ကြံသူပေါင်း တစ်သောင်းတွင် တဝက်ခန့်ကသာ အပြင်စည်းတပည့် စမ်းသပ်ချက်အတွက် နေရစ်ခဲ့သည်။
စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာသူများသည် အပြင်စည်းတပည့်ဖြစ်ရန် စိတ်မဝင်စားပဲ အတွင်းစည်းတပည့် အတွက်သာ မျှော်လင့်ထားကြသည်။ အပြင်စည်းတပည့်များသည် အရေးမပါသော ကိစ္စများကိုသာ ဆောင်ရွက်ရပြီး တိုးတက်ရန် အခွင့်အရေးလည်း နည်းပါးကြောင်း ၎င်းတို့သိရှိထားပေသည်။
ရွှမ်းယွမ်ချန်သည် အပြင်စည်းတပည့် စမ်းသပ်ရေးအား တာဝန်ယူထားသောကြောင့် ၎င်းတို့အား ဒုတိယ စမ်းသပ်ကွင်းပြင်သို့ ခေါ်သွားလိုက်သည်။
ကျင့်ကြံသူများသည် ပိုင်လင်၏ ကြောက်မက်ဖွယ် စမ်းသပ်ချက်အား အမှတ်ရနေသောကြောင့် အချို့ဆိုလျှင် ဒူးများပင် တုန်နေကြသည်။
ဘယ်လိုထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ စမ်းသပ်ချက်က စောင့်ကြိုနေမှာလဲ.......
...........
လေဟာနယ် တွန့်လိမ်သွားပြီးနောက် ဒုတိယ စမ်းသပ်ချက်အား အောင်မြင်ခဲ့သော ငါးဆယ့်နှစ်ဦးမှာ အန်လင်းတို့ရှေ့ ရောက်ရှိလာသည်။
ထိုကျင့်ကြံသူ ငါးဆယ့်နှစ်ဦးတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှစ်ဦး၊ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ့်ငါးဦး၊ တာအိုခန္ဓာအဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ်နှင့် သေမျိုးလူသား ကိုးဦး ပါဝင်သည်။
သေမျိုးလူသား ကိုးဦးအနက် အန်လင်းသည် နင်းရီခက်ဟူသော ကောင်လေးအား အထင်ကြီးမိသည်။
အခြားသူအား ကယ်တင်ရန်အတွက် နင်းရီခက်သည် ခွေးရိုင်းတစ်ကောင်အား ဖက်ကိုက်ခဲ့သည်။ ထို့နောက် ခဲများနှင့် ပစ်ပေါက်ကာ အဆုံးတွင် ထိုခွေးအား ခြောက်ထုတ်နိုင်ခဲ့လေသည်။
လှေကားထစ် စမ်းသပ်ရေးတွင်လည်း ထိုကောင်လေးမှာ တတိယနေရာ ရရှိခဲ့သည်။
ထိုကဲ့သို့ ဇွဲလုံ့လနှင့် ရင့်ကျက်မှုတို့သည် သာမန် ငါးနှစ်ခြောက်နှစ် ကလေးငယ်တစ်ဦးတွင် မရှိနိုင်ပေ။
နဂါးမင်းသမီး ပေလျန်သည်လည်း လှေကားထစ် စမ်းသပ်ရေးတွင် ဒုတိယ ရရှိခဲ့သည်။ သူမသည် မရေမတွက်နိုင်အောင် သတိလစ်ပြီးမှသာ လက်လျှော့သွားခြင်းဖြစ်ပြီး အန်လင်းသည်ပင် ထိုသည်ကို မကြည့်ရက်နိုင်ပေ။
ပေလျန်သည် စမ်းသပ်ချက်အား အောင်မြင်ပြီးနောက် ပိုင်လင်အား စူပုပ်ပုပ်ဖြင့် ကြည့်နေသည်ကို သူမမေ့နိုင်သေးပေ။
အန်လင်းသည် စမ်းသပ်ခံ ငါးဆယ့်နှစ်ဦးရှေ့တွင် ရှိနေသည်။ အဖြူရောင်ဝတ်စုံသည် ကျက်သရေရှိစွာ လွင့်ပျံနေပြီး စူးရှတောက်ပသော မျက်ဝန်းတစ်စုံနှင့်အတူ အန်လင်း၏ပုံစံမှာ လေးစားချင်စဖွယ် ဖြစ်နေလေသည်။
"ခက်ခဲတဲ့ စမ်းသပ်ချက် နှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ အခုက နောက်ဆုံးစမ်းသပ်ချက်ကို ကျော်ဖြတ်ရတော့မှာပါ။"
"အခုလက်ရှိ တပည့်လက်ခံမယ့် နန်းဆောင်တွေက နဂါးနန်းဆောင်၊ ဓားနန်းဆောင်၊ ခရမ်းကြယ်စင်နန်းဆောင်နဲ့ လူသားနန်းဆောင်တို့ပဲ။"
"မင်းတို့အားလုံး အဲ့နန်းဆောင်လေးခုထဲက ကိုယ်သွားချင်တဲ့ နန်းဆောင်ကို ရွေးချယ်လို့ရတယ်။ ဆုံးဖြတ်ပြီးရင်တော့ ပြန်ပြင်ခွင့် မရှိဘူး။ နန်းဆောင်သခင်တွေကလည်း အဲ့ထဲကနေ ပြန်ရွေးချယ်လိမ့်မယ်။ နန်းဆောင်သခင်တွေရဲ့ ရွေးချယ်ခံရသူက အောင်မြင်ပြီး အရွေးမခံရရင်တော့ ကျရှုံးမှာပါ။"
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ရွေးချယ်လိုက်သော နန်းဆောင်သခင်များသည် ၎င်းတို့အား ပြန်လည်မရွေးချယ်ပါက ကျရှုံးမည်ဖြစ်သောကြောင့် ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ဒီလိုနည်းလမ်းက အရမ်းတရားလွန်တယ် မဟုတ်ဘူးလား........
မည်သို့ပင်ဆိုစေကာမူ စုကျိုးအင်မော်တယ်ဂိုဏ်း၏ ပုံမှန်မဟုတ်သော စမ်းသပ်ချက်များအား နေသားကျနေပြီ ဖြစ်သောကြောင့် မည်သူကမှ မကျေမနပ် မတုံ့ပြန်ပဲ လေးလေးနက်နက် စတင်တွေးတောကြတော့သည်။
၎င်းတို့သည် ရှောင်ဇယ်၊ လျှိုချင်းဟွမ်၊ ပိုင်လင်နှင့် လန်လေးတို့ကိုကြည့်ကာ မည်သည့်နန်းဆောင်သခင်သည် ၎င်းတို့အား သဘောကျနိုင်ကြောင်း ဆွေးနွေးလိုက်ကြသည်။
ပေလျန်သည် ယုံကြည်ချက်ရှိစွာ ရှောင်ဇယ်ထံ လျှောက်လှမ်းလာသည်။
ရှောင်ဇယ်၏ မျက်ဝန်းများ တောက်ပသွားသည်။
"ပေလျန်...... မင်းလို ပါရမီရှင်ကို ငါတို့နဂါးနန်းဆောင်က လိုအပ်တယ်။"
ပေလျန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကျွန်မကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နန်းဆောင်သခင် ရှောင်ဇယ်။ အနာဂတ်မှာလည်း စောင့်ရှောက်ပေးပါဦး။"
အခြားသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
ဒီလောက်တောင် လွယ်တာလားဟ.......
အမျိုးသား ကျင့်ကြံသူတစ်ဦးလည်း သတ္တိရှိလာပြီး လျှိုချင်းဟွမ်ထံ သွားလိုက်သည်။
"နန်းဆောင်သခင်မ လျှိုချင်းဟွမ် အခုကစပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး။"
လျှိုချင်းဟွမ်၏ မျက်ဝန်းထဲတွင် ရှေးဟောင်းဓားပုံရိပ်တစ်ခု ထင်ဟပ်လာပြီးနောက် စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်သည်။
"နင့်ရဲ့ ဓားပါရမီက အားနည်းလွန်းတယ်။ ငါမသင်ပေးနိုင်ဘူး။"
ဝုန်း......
မိုးကြိုးပစ်ချခံရသလိုပင်။
ထိုအမျိုးသားသည် လျှိုချင်းဟွမ်၏ စကားကြောင့် သတိလစ်တော့မလို ဖြစ်သွားရသည်။
ငါကျရှုံးသွားတာလား...... ငါ့ရဲ့ ဓားပါရမီက အရမ်းအားနည်းတယ်တဲ့လား......
အသင်္ချေတောင်တန်းနယ်မြေမှလာသော အမြှီးလေးချောင်းမြေခွေး သုံ့ကျန်းသည် ကြေးခွံဖြူဝံပုလွေနတ်ဘုရား၏ လူသားနန်းဆောင်ထံ သွားလိုက်သည်။
အမျိုးသမီး ကျင့်ကြံသူ တစ်ဦးမှာလည်း ဝံပုလွေနတ်ဘုရားသည် ပိုမိုအဆင်ပြေမည် ထင်သောကြောင့် အပြေးသွားခဲ့ပါသော်လည်း ငြင်းပယ်ခံလိုက်ရလေသည်။
စမ်းသပ်ခံများ တစ်ဦးပြီးတစ်ဦး ထုတ်ပယ်ခံနေရသောကြောင့် ကျန်ရှိနေသူများလည်း ပိုမိုကြောက်ရွံ့လာသည်။
ငြင်းပယ်ရသည့် အချက်များမှာလည်း အမျိုးစုံလှသည်။
ပါရမီ မလုံလောက်ခြင်း၊ အဆင်မပြေခြင်း၊ ကံမပါလာခြင်း၊ ဉာဏ်မကောင်းခြင်း၊ "မင်းကလူကောင်းပါ.... ဒါပေမယ့်....." စသဖြင့် မရိုးနိုင်ပေ။
စမ်းသပ်ခံများမှာ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ပင် ဖြစ်လာသည်။
လူဦးရေ ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့သည့်အတွက် အတွင်းစည်းတပည့် ဖြစ်လာရန် အခြေအနေ ကောင်းမွန်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် နောက်ဆုံးစမ်းသပ်ချက်တွင်လည်း ထုတ်ပယ်နှုန်း မြင့်မားနေသည့်အပြင် အကြောင်းပြချက်များမှာလည်း သွေးအန်ထျင်စရာ ဖြစ်နေသည်။
အဆုံးတွင်မူ ငါးဆယ့်နှစ်ဦးအနက် ဆယ့်ငါးဦးကသာ အတွင်းစည်းတပည့် ဖြစ်လာသည်။
လျှိုချင်းဟွမ်၏ ဓားနန်းဆောင်သည် နင်းရီခက်၊ တင်းရှန်းနှင့် ဖန်းယွီ သုံးဦးအား လက်ခံခဲ့သည်။ ဖန်းယွီသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်ရှိသော ဓားကျင့်ကြံသူ ဖြစ်သည်။
ရှောင်ဇယ်၏ နဂါးနန်းဆောင်သည်လည်း ကျင့်ကြံသူ သုံးဦးကိုသာ လက်ခံခဲ့သည်။ ၎င်းတို့မှာ ပေလျန်၊ စွန်းရှောင်သဲ့နှင့် ကုန်းရှီချန်တို့ ဖြစ်ကြသည်။ ပေလျန်သည် နဂါးမျိုးနွယ်စုမှဖြစ်ပြီး ကျန်နှစ်ဦးသည် နဂါးသွေးဆက်ပါသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင်။
ကြေးခွံဖြူဝံပုလွေနတ်ဘုရား၏ လူသားနန်းဆောင်တွင် ဟယ်ရှန်း၊ အော့ဟွမ်၊ သုံ့ကျန်းနှင့် ကျန်းပတို့လေးဦးအား လက်ခံခဲ့သည်။ ဟယ်ရှန်းနှင့် အော့ဟွမ်နှစ်ဦးသည် တာအိုခန္ဓာအဆင့် ကျင့်ကြံသူများဖြစ်ပြီး သုံ့ကျန်းသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် အမြှီးလေးချောင်း မြေခွေးဖြစ်ကာ ကျန်းပသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ရွှေသားမွေးခြင်္သေ့လူသား ဖြစ်သည်။
စမ်းသပ်ခံများ ကြောက်ရွံ့နေခဲ့သော ပိုင်လင်သည် တပည့်အများဆုံး လက်ခံသူ ဖြစ်လာသည်။
သူမ၏ ခရမ်းကြယ်စင်နန်းဆောင်သည် ချူးမင်၊ ကျိုးယွီ၊ မုန့်မေ၊ ချန်းရင်ရှုံးနှင့် လျှိုပေးတို့ ငါးဦးကို လက်ခံခဲ့လေသည်။ ချူးမင်နှင့် ကျိုးယွီသည် ဉာဏ်ရည်ထက်မြက်သော သေမျိုးလူသားများဖြစ်ပြီး မုန့်မေသည် တာအိုခန္ဓာအဆင့်ရှိကာ ချန်းရင်ရှုံးနှင့် လျှိုပေးတို့သည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျရှုံးသွားသူများထဲမှ အချို့သည် ထွက်ခွာသွားကြကာ အချို့သည် အပြင်စည်းတပည့် စမ်းသပ်ချက်အတွက် နေရစ်ခဲ့သည်။
အန်လင်းမှာ ထွက်ခွာသွားသူများကိုကြည့်ကာ သက်ပြင်းချမိသည်။
တစ်ခါတရံတွင် ပါရမီကောင်းရုံမျှဖြင့် မလုံလောက်ပေ။ နောက်ဆုံးစမ်းသပ်ချက်သည် ကံကြမ္မာအတွက်ပင် ဖြစ်ပေတော့သည်။