← Chapters

တပိုင်ဘာဖြစ်နေတာလဲ

Vol. 56 Ch. 775

တပိုင်ဘာဖြစ်နေတာလဲ

Vol. 56 Ch. 775

ပေလျန်သည် အတွင်းစည်းတပည့် ဖြစ်လာသောကြောင့် ပျော်ရွှင်နေပြီး အန်လင်းထံ အပြေးရောက်လာသည်။

"ဂိုဏ်းချုပ်အန်လင်း...... နောက်ကြရင်လည်း ကျွန်မကို စောင့်ရှောက်ပေးပါဦး။"

သူမ ရယ်မောကာ ပြောလိုက်သည်။

"အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံနော်။ ငါ့တပည့် ရှောင်ဇယ်က ရှေးဟောင်းနဂါးမျိုးနွယ်စုကဆိုတော့ သူ့ရဲ့အမွေအနှစ်က အရမ်းစစ်မှန်တယ်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က အမွေအနှစ်လိုမျိုး မပြည့်မစုံ မဟုတ်ဘူး။ ကိုယ့်ဘာသာ ရှာဖွေဖော်ထုတ်ရတာမျိုးလည်း မဟုတ်ဘူး။"

ပေလျန်မှာ အန်လင်း၏ စကားအား အာရုံစိုက်မိသွားသည်။

"ခဏလေး..... ဘာပြောလိုက်တာလဲ။ ရှင့်တပည့်ဟုတ်လား။ ဘယ်သူက ရှင့်တပည့်လဲ။ ကျွန်မကို မပြောနဲ့နော်....."

ပေလျန် မျက်လုံးအပြူးသား ဖြစ်နေလေပြီ။

"ရှောင်ဇယ်က ငါ့တပည့်လေ။"

အန်လင်း ရှောင်ဇယ်အား ညွှန်ပြကာ ပြောလိုက်သည်။

"ငါ့သူငယ်ချင်းတွေပဲ အဲ့လျှို့ဝှက်ချက်ကိုသိတာ။ ငါတို့ဆက်ဆံရေးကို တရားဝင် ထုတ်မပြထားဘူးလေ။ ဘယ်လိုလဲ မင်းအံ့သြသွားလား။"

ပေလျန် ဒယိမ်းဒယိုင်ဖြစ်ကာ အန်လင်းအား မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်သည်။

သူမ အသက်ပြင်းပြင်းရှူကာ ပြောလိုက်လေသည်။

"ရှင် ကျွန်မကို စနေတာလား။"

"ဆရာ...... ကျွန်တော် အတွင်းစည်းတပည့်တွေကို နဂါးနန်းဆောင်ဆီ ခေါ်သွားပြီး ဂိုဏ်းထဲမှာ သိထားသင့်တဲ့ ကိစ္စတွေဘာတွေ နည်းနည်းပါးပါး ပြောပြထားလိုက်မယ်။"

ထိုအချိန်မှာပင် ရှောင်ဇယ် ရောက်ရှိလာသည်။

"အင်း..... သွားလေ။"

အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။

ပေလျန်၏ နူးညံ့သော ပန်းရောင်နှုတ်ခမ်းလွှာ နှစ်ခုသည် စေ့မရအောင် ဟသွားပြီး မျက်စိရှေ့ရှိ မြင်ကွင်းအား ငေးကြောင်ကြည့်နေမိသည်။ သူမ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

ရှောင်ဇယ်သည် သူမ၏ ဆရာ ဖြစ်သည်။

သို့သော် အန်လင်းသည် ရှောင်ဇယ်၏ဆရာ ဖြစ်နေသည်။

ထိုသို့ဆိုလျှင် အန်လင်းသည် သူမ၏ ဆရာဘိုးဘိုး ဖြစ်နေလေပြီ။

အံ့အားသင့်စရာ ကောင်းသည်ထက်ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ပေလျန် ရင်ဘတ်အား လက်ဖြင့်ဖိထားမိသည်။ နှလုံးသားပေါ် ကုလားအုတ်အကောင်တစ်သိန်းမျှ ဖြတ်ပြေးသွားသလိုပင်။

သူမ အန်လင်းအား စူပုပ်ပုပ်ဖြင့် ကြည့်ရှုလိုက်သည်။ မည်သည့်စကားမှ မပြောပါသော်လည်း စိတ်ထဲတွင် အန်လင်းအား အနိုင်ကျင့်သူတစ်ဦးအဖြစ် သတ်မှတ်ထားလိုက်လေသည်။

ငါတို့တူတူ ရှေ့ဆက်ကြမယ်ဆို..... အခုတော့ နင်က ဆရာဘိုးဘိုး ဖြစ်သွားတယ်တဲ့လား......

ပေလျန်မှာ သူမ၏ ခံစားချက်အား ဖော်ပင်မဖော်ပြနိုင်ပေ။

သူမ စိတ်ညစ်ညစ်နှင့်ပင် ရှောင်ဇယ်နှင့်အတူ နဂါးနန်းဆောင်သို့ လိုက်သွားကာ ဂိုဏ်းအကြောင်း မိတ်ဆက်ပေးနေသည်ကို နားထောင်နေလိုက်သည်။

တစ်ရက်ကြာပြီးနောက် အပြင်စည်းတပည့် စမ်းသပ်ချက်လည်း ပြီးဆုံးသွားလေသည်။

ထုတ်ပယ်နှုန်း နည်းပါးသောကြောင့် စမ်းသပ်ခံ လူငါးထောင်တွင် သုံးထောင်မျှ အောင်မြင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူငါးထောင်လုံး အသက်မဲ့နေကြသလိုပင်။ ၎င်းတို့အား ကြည့်ရသည်မှာ ခြောက်ကပ်နေအောင် သွေးစုပ်ခံရကာ အလွန်အမင်း နှိပ်စက်ခံထားရသည်နှင့် တူနေသည်။ စမ်းသပ်ချက် အောင်မြင်သွားသော ကျင့်ကြံသူအချို့မှာ ပျော်ရွှင်စွာ စတင်ရယ်မောလာသည်။ သို့သော် ၎င်းတို့၏ ရယ်သံမှာ ခါးသက်နေလေသည်။

"သူတို့ ဘာတွေကြုံခဲ့ရတာလဲ။"

အန်လင်း အံ့သြမိသွားသည်။

ရွှမ်းယွမ်ချန် ခေါင်းခါပြလိုက်သည်။

"မပြောတတ်ဘူး။ အစ်မကြီးပိုင် ပြောတာတော့ သူတို့ရဲ့ အရည်အချင်း အားလုံးကို ခြုံငုံပြီး စစ်ဆေးတာတဲ့။ ဒါပေမယ့် သူတို့က အနက်ရောင်အလုံပိတ်အခန်းတစ်ခုထဲ ထည့်ခံလိုက်ရပြီး ပတ်ဝန်းကျင်မျိုးစုံ၊ အခြေအနေမျိုးစုံ ကြုံလိုက်ရတယ်လေ။ သူတို့ရဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေချင်တာလား ဒါမှမဟုတ် ဘာလဲတော့ မပြောတတ်တော့ပါဘူး။"

"အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ..... ဝုတ်။"

တပိုင်မှာ စပ်စုချင်နေဟန် ရှိသည်။

"တပိုင် ကြည့်ရတာ မင်းကစမ်းချင်နေပုံပဲ။"

အန်လင်း ရယ်မောလိုက်သည်။

တပိုင် ချီတုံချတုံ ဖြစ်သွားလေသည်။ မည်သူကမှ ကိုယ့်ကိုယ်ကို မနှိပ်စက်လိုပါသော်လည်း ထိုအနက်ရောင်အခန်းသည် ပဟေဠိတစ်ခု ဖြစ်နေသည်။

ဘာမှန်းမသိရလေ၊ စိတ်ဝင်စားစရာ ကောင်းလေပင်။

ထို့အပြင် ခွေးတစ်ကောင်၏ စပ်စုလိုစိတ်မှာ အကန့်အသတ်မဲ့၏။

စပ်စုခြင်းသည် ခွေးကိုသေစေသည်ဟူသော ဆိုရိုစကားပင် ရှိသည်မဟုတ်လော။

ပိုင်လင်မှာ လုပ်စရာရှိသည်များ လုပ်ပြီးသွားသောကြောင့် ထွက်လာလိုက်သည်။

အပြင်စည်းတပည့် သုံးထောင်အား ဘရိုင့်စ်မှ ဂိုဏ်းနှင့်ပက်သတ်သည်များကို မိတ်ဆက်ပေးနေသည်။

"အစ်မကြီးပိုင် အနက်ရောင်အခန်းထဲ ဘာတွေရှိလဲ.... ဝုတ်။"

တပိုင်သည် ပိုင်လင်ထံ ခုန်အုပ်ကာ လျှာဖြင့်လျက်လိုက်သည်။

"မပြောပြဘူး။"

ပိုင်လင် လျှို့ဝှက်စွာ ပြုံးလိုက်လေသည်။

"နင်သိချင်ရင် ကိုယ့်ဘာသာ ဝင်ကြည့်လေ။"

တပိုင် တွေဝေစွာ အမြှီးရမ်းလိုက်သည်။

စမ်းသပ်ခံများ၏ အသက်မဲ့သော မျက်နှာများကို သူကောင်းစွာမှတ်မိနေသေးသည်။ ၎င်းတို့အား ကြည့်ရသည်မှာ အလွန်ဆိုးရွားသော အတွေ့အကြုံများအား ကျော်ဖြတ်ခဲ့ရသလိုပင်။

"တပိုင်..... စမ်းသပ်ခံတွေထဲမှာ တာအိုခန္ဓာအဆင့် ကျင့်ကြံသူတွေအပြင် သေမျိုးလူသားတွေတောင် ပါသေးတယ်။ သူတို့တောင် ကျော်ဖြတ်နိုင်သေးတာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုခြေလှမ်းတဝက်ရောက်နေတဲ့ သားရဲက သူရဲဘောကြောင်နေစရာလား။"

အန်လင်း တပိုင်အား အားပေးလိုက်သည်။

"ချဗျာ.... ဝုတ်။"

တပိုင် အံကြိတ်ကာ ဆုံးဖြတ်လိုက်သည်။

"တပိုင်ကွ..... ဟေး....."

အန်လင်း အပီအပြင် အားပေးနေသည်။

စမ်းသပ်မှု အောင်မြင်ခဲ့သော အပြင်စည်းတပည့် သုံးထောင်အား သွားရောက်မေးမြန်းနိုင်သည်ကို တပိုင်အား ပြောပြမည် မဟုတ်ပေ။

"တပိုင်..... သားကြီး..... ချ.... ချ"

တပိုင် တက်ကြွစွာ လျှောက်လှမ်းလာသည်။

ပိုင်လင်၏ လမ်းပြမှုနှင့်အတူ အနက်ရောင်အခန်းထဲ ရောက်ရှိသွားလေသည်။

အန်လင်းတို့မှာ စကားစမြည်ပြောကာ တပိုင် ပြန်အလာကို စောင့်နေကြသည်။

"အစ်မကြီးပိုင်..... အထဲမှာ ဘာတွေရှိတာလဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ပိုင်လင် ပြုံးလိုက်သောကြောင့် မျက်ဝန်းလေးများပင် လခြမ်းသဏ္ဍာန် ဖြစ်သွားသည်။

"မပြောပြဘူး။ ဒါပေမယ့် သဲလွန်စ နည်းနည်းပေးမယ်။ တပိုင်က ခွေးဘဝရဲ့ တန်ဖိုးကို ရှာတွေ့သွားလိမ့်မယ်။"

အန်လင်း : "........"

နည်းနည်းတော့ ကြက်သီးထစရာပဲ.......

ပိုင်လင်သည် စမ်းသပ်ချက်များ ပြုလုပ်ရာတွင် နာမည်ကြီးသူ ဖြစ်သောကြောင့် ခွေးဘဝ၏တန်ဖိုးဟူသော စကားအား ကြားလိုက်ရသောအခါ အန်လင်း ကျောရိုးများပင် အေးစိမ့်သွားမိသည်။

တစ်နာရီကြာပြီးနောက်......

အဖြူရောင်ပုံရိပ်တစ်ခု အနက်ရောင်အခန်းထဲမှ ထွက်လာသည်။

ထိုပုံရိပ်သည် ဒယိမ်းဒယိုင်ဖြစ်ကာ ဖြည်းညင်းစွာသာ လမ်းလျှောက်နိုင်လေသည်။

တပိုင်မှာ လျှာတစ်လစ်ထွက်ကာ သွားရေများ စီးကျနေပြီး မျက်ဝန်းများမှာလည်း ဆောက်တည်ရာမရပေ။

အန်လင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

တပိုင် ရူးများရူးသွားပြီလား.....

စမ်းသပ်ချက်သည် ကျင့်ကြံရေးနှင့် မသက်ဆိုင်ပါသော်လည်း တပိုင်မှာ သေမျိုးလူသားများထက်ပင် အခြေအနေ ဆိုးရွားနေသည်။

"တပိုင်..... ဘယ်လိုနေသေးလဲ။"

အန်လင်း ဖြူဖပ်ဖြူရော်ဖြစ်ကာ တပိုင်ထံ ပြေးသွားလိုက်သည်။

တပိုင်သည် အန်လင်း၏ မေးခွန်းအား ခေါင်းတခါခါဖြင့် ရယ်မောလိုက်သည်။

"၅၂၈မေတ္တာကဘာလဲ။ ၁၅၀၀မေတ္တာကရော ဘာလဲ။"

အန်လင်း : ".........."

အန်လင်း ပိုင်လင်အား လှမ်းကြည့်လိုက်သည်။

"သူဘာတွေကြုံခဲ့ရတာလဲ။"

တပိုင် ရုတ်တရက် ခေါင်းမော့လာသည်။

"ဘဝဆိုတာ ပစ္စုပ္ပန် တစ်ခုထက် အများကြီးပိုတယ်။"

အန်လင်း တပိုင်အား ကြည့်ရှုလိုက်သည်။

"ကဗျာတွေစာတွေ စိတ်ဝင်စားနေပြီလား။"

တပိုင် တိတ်ဆိတ်သွားသည်။

"အဓိပ္ပါယ် ဖွင့်မရတဲ့ ကဗျာနဲ့ လှမ်းမမှီနိုင်တဲ့ ပန်းတိုင်ဆိုတာလည်း ရှိသေးတယ်မလား။"

အန်လင်း စကားဆိုလိုက်သည်။

တပိုင် သွားရေများကိုသုတ်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးအန် ရှေ့မှာလည်း ရူးနေတဲ့ ခွေးတစ်ကောင် ရှိနေတယ်ဗျ။"

အန်လင်း : "........"

ဘဝက ပစ္စုပ္ပန်ထက်ပိုပြီး ရူးနေတဲ့ ခွေးတစ်ကောင်က ငါ့ရှေ့မှာ ရှိနေတယ်ဟုတ်လား......

အန်လင်း ပိုင်လင်အားကြည့်ကာ ပြောလိုက်သည်။

"ခွေးဘဝရဲ့ တန်ဖိုးဆိုတာ ဒါကိုပြောတာလား။"

စုရှောင်လန်လည်း စိတ်မကောင်းဖြစ်နေသည်။

"တပိုင်က ခွေးဖြစ်ရတာကို မေးခွန်းထုတ်နေသလိုပဲ။ ရူးသွားတာတော့ မဟုတ်ဘူးမလား။"

အားလုံးမှာ ပိုင်လင်အား ကြည့်ရှုလိုက်ကြသည်။

ပိုင်လင် : ".......... "

သူမလည်း ဖိအားများကြောင့် အရှုံးပေးလိုက်ရသည်။

"ကောင်းပြီ။ အနက်ရောင်အခန်းထဲမှာ ခွေးဘဝရဲ့ အတက်အကျတွေကို သူခံစားခဲ့ရတယ်။ ဟုတ်ပြီလား။"

"တစ်နာရီအတွင်း ဘဝတစ်ခုလုံးစာ ကြုံခဲ့ရတာ။ ခွေးတစ်ကောင် ကြုံသင့်တဲ့ဟာတွေပေါ့။ ပြီးတော့ သူနဲ့ပက်သတ်တဲ့ အချက်အလက်တွေ ငါရလာတယ်။"

"ဘာအချက်အလက်လဲ။"

အန်လင်း စိုးရိမ်တကြီး မေးလိုက်သည်။

"အချက်အလက်က......"

ပိုင်လင် တပိုင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။

"တပိုင်က ခွေးတစ်ကောင်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူး။"

အန်လင်း : "........"

အားလုံး : "......"

"အဲ့ဒါနဲ့ သူအခုလို ဖြစ်လာတာ ဘာဆိုင်လို့လဲ။"

အန်လင်း ခက်ခဲစွာ မေးလိုက်သည်။

ပိုင်လင် သက်ပြင်းချလိုက်သည်။

"သူက ခွေးမဖြစ်ချင်ပေမယ့် ခွေးတစ်ကောင်ရဲ့ ဘဝကို ကြုံခဲ့ရတာလေ။ နင်တို့ဆိုရင်ရော ရူးချင်မှာလား၊ ပျော်နေမှာလား။"

၎င်းတို့အားလုံး ပြန်မဖြေနိုင်ပေ။

အန်လင်း တပိုင်အား ခေါင်းပုတ်ပေးလိုက်သည်။

"ခွေးတစ်ကောင်လို နေလိုက်ရလို့ စိတ်ထိခိုက်သွားတာလား။ အဲ့ဒါကြောင့် ပုံမှန်လို မဟုတ်တော့တာလား။"

ပိုင်လင် မျက်ခုံးနှိပ်နေရသည်။

"ဟုတ်တယ်။"

စုချန်းရန် မျက်တောင်ခတ်လိုက်သည်။

"ပုံမှန်မဟုတ်တဲ့ တပိုင်က ပုံမှန်လို နေလိုက်ရတော့ ပုံမှန်မဟုတ်တာထက်ပိုပြီး ပုံမှန်မဟုတ်ဘူး ဖြစ်သွားတာလား။"

လျှိုချင်းဟွမ် မေးဖျားထောက်ကာ ပြောလိုက်သည်။

"ကြားရတာ ရူးချင်စရာပဲ။"

"တပိုင်.... ထတော့။"

အန်လင်းသည် သူ၏တပိုင်ကိုသာ ပြန်လိုချင်ပြီး ရူးနေသော တပိုင်နှင့် ရင်မဆိုင်ချင်ပေ။

ဖြောင်း..... ဖြောင်း...... ဖြောင်း.....

ပါးရိုက်ခံရပြီးနောက် တပိုင်၏ အပြုံးမှာ ကြောက်မက်ဖွယ် ကောင်းလာသည်။

အန်လင်း ပျော်ရွှင်သွားသည်။

ငါ့တပိုင်လေး ပြန်လာပြီပဲ......

ထိုအချိန်မှာပင် တပိုင် စတင်ကာ ရေရွတ်လိုက်သည်။

"ကျွန်...... ကျွန်တော် ခွေးတစ်ကောင်ကို ဟိုဒင်းဟိုဟာ လုပ်ခဲ့တယ်။ ဟီးဟီး....... ဝါး...... ဘာလို့လဲ။ ဘာလို့ ခွေးတစ်ကောင်လဲ။ ငါဘာမှားနေတာလဲ.... ဝါး....."

တပိုင်မှာ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့သည်။

အန်လင်း : "......"

All Chapters