← Chapters

မိုဝူကျီ၏ မိုးကြိုး ခံယူမှု

Vol. 25 Ch. 336

မိုဝူကျီ၏ မိုးကြိုး ခံယူမှု

Vol. 25 Ch. 336

ပထမ မိုးကြိုးလျှပ်စီး ကျရောက် မလာခင် မိုဝူကျီက လျှပ်စီးအလုံး တော်တော်များများ ထုတ်လွှင့် လိုက်လေသည်။ သူ့ ချီသွေးကြော ပထမဆုံး ဖွင့်သည့် အချိန်မှစ၍ သူက လျှပ်စီးအား များကို ကြုံတွေ့ခဲ့ပြီး အသက်ရှင်ခဲ့၏။ သူက လျှပ်စီးရိုက်ချက် များကို မကြောက် သော်လည်း ထိုအရာမှာ ကောင်းကင်ဘုံ စမ်းသပ်ချက် ဖြစ်ကာ ထိုမိုးကြိုးလျှပ်စီး အားများက မည်မျှ အားပြင်း နေမည်ကို မည်သူ သိမည်နည်း။

သူက ဤကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူဖို့ရာ အတွက် ပြင်ဆင်မှု ဘာမျှ မလုပ်ခဲ့သည့် အပြင် လက်ထဲ၌ ကာကွယ်ရေး ဝိညာဉ်ပစ္စည်း တစ်ခုပင် မပိုင်ဆိုင် ထားပေ။ ထို့အပြင် သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ၌ အဆင့် ၆ သားရဲ့ မိုးကြိုးဒဏ် ခံယူသည်ကို မျက်မြင် ကိုယ်တွေ့ ကြုံတွေ့ဖူး၏။ ထိုမြင်ကွင်းက သူ့မျက်လုံးထဲ လတ်လတ် ဆတ်ဆတ် မြင်ယောင်နေဆဲ ဖြစ်သည်။

“ဘမ်း ဘမ်း ဘမ်း ”

မိုဝူကျီ၏ လျှပ်စီးအလုံး များက ကျရောက် လာသည့် မိုးကြိုးလျှပ်စီး အားများနှင့် ထိတွေ့ကာ မီးပွားများပင် လွှင့်ထွက်လာသည်။ အပေါ်မှ မိုးကြိုး လျှပ်စီးအားက မိုဝူကျီ၏ လျှပ်စီးအားကို အပိုင်းပိုင်း အစစ လုပ်ကာ အတားအဆီး မရှိသည့်အလား သူ့အပေါ် ကျရောက် လာတော့သည်။

“ဘမ်း ဘမ်း ”

မိုဝူကျီ၏ အရိုးကျိုးသံ များကိုပင် ကြားနေရသည်။ မိုးကြိုးလျှပ်စီးအား တစ်ချက်စီက နဖူးမှ မေးဖျားအထိ ဒဏ်ရာရသွား စေနိုင်သည်။

ထိုသို့ ကြောက်မက်ဖွယ် မိုးကြိုးနှင့် ရင်ဆိုင်ရသည့် အတွက် မိုဝူကျီ၏ စိတ်မှာ လေးလံလာ လေသည်။ သူက မည်သို့ အသက်ရှင် နိုင်မည်နည်း။ ထိုအရာက ပထမဆုံး လျှပ်စီးကြိမ်ရေ ဖြစ်ကာ သူ့အား မည်သည့် အရာများက စောင့်ကြို နေမည်ကို မည်သူ သိမည်နည်း။

ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးက ဝိညာဉ် စွမ်းအားများ တောက်ပနေပြီး မိုးကြိုး ချက်များမှ ပေါက်ကွဲမှုများ ပေါင်းထည့် လိုက်သည့်အခါ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူနေသည့် မိုဝူကျီကို လုံးဝလွှမ်းခြုံ သွားလေ၏။

အပြင်ဘက်ရှိ လူအားလုံးက မိုဝူကျီ အခြေအနေကို မသိကြပေ။ အကယ်၍ သူတို့သာ မိုဝူကျီက ပထမ လျှပ်စီးချက် များကြောင့် အခြေအနေ မကောင်းမှန်း သိပါက တချို့လူများက သူ့အား ရင်ဆိုင်ဖို့ ပြင်ဆင်ကြ လိမ့်မည်။

“ဘမ်း ဂျွတ် ...”

သူက ကုသဆေးလုံး အချို့ သောက်ပြီးသည်နှင့် မိုးကြိုးက ဒုတိယအကြိမ် ကျရောက်လာ ပြန်သည်။

မိုဝူကျီက အံကို ကြိတ်ကာ ထိုအတွင်းမှ လျှပ်စီး အဆီအနှစ်များကို စုပ်ယူဖို့ရာ အတွက်  ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို အဆုံးစွန်အထိ သုံးဖို့ ကြိုးစားရင်း တုတ်အရိပ်များကို အကာအဖြစ် အသုံးပြု လိုက်ရသည်။

မိုးကြိုးဒဏ် ခံယူမှုမှ မလွတ်မြောက် နိုင်ပေ။ အဆုံးထိ တောင့်ခံရမည် ဖြစ်၏။

“ဘမ်း ဘမ်း ဘမ်း ဘမ်း  ...”

ပြင်းထန်သည့် မိုးကြိုးလျှပ်စီး အားများက တျန်းဂျီတုတ် အရိပ်များပေါ် ကျရောက်လာပြီး အရိပ်များကို အငွေ့အဖြစ် ချက်ချင်း ပြောင်းသွား စေသည်။ ထိုကြီးမား လှသည့် မိုးကြိုး လျှပ်စီးများက မိုဝူကျီ၏ ခန္ဓာအပေါ်သို့ နောက်တစ်ဖန် ကျရောက် လာပြန်၍ အရိုးများမှာ နောက်တစ်ဖန် ကျိုးကြေသွား ပြန်သည်။

သို့သော်လည်း မိုဝူကျီက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်ကို ထုတ်ဖော်ဖို့ရာ ချီသွေးကြော  ၁၀၅ ခုလုံး အသုံးပြု ထားပြီး လျှပ်စီး အဆီအနှစ်များကို စုပ်ယူဖို့ အတွက်သာ အာရုံစိုက်ထား လေသည်။ ထို့ကြောင့် ကောင်းကင်ဘုံ စမ်းသပ်ချက်မှ ထိခိုက်နှုန်းမှာ အတော်လေး  ကြီးသော်လည်း အသက် အန္တရာယ်တော့ မရှိတော့ပေ။

အသက်ရှူကြိမ် ဆယ်ကြိမ် အကြာတွင် တတိယ အကြိမ် မိုးကြိုး လျှပ်စီးများက ကျရောက်လာ ပြန်သည်။

တျန်းဂျီတုတ်ကို ဒုတိယအကြိမ် ဝှေ့ယမ်းလိုက်ပြီး အဆုံးမဲ့ နိဗာနတုတ် အရိပ်များကို ဖြစ်ပေါ်စေ လိုက်သလို မိုဝူကျီက ပို၍ပင် အားချိနှဲ့လာ လေ၏။ အကယ်၍ သူက ငြိမ်ငြိမ်လေး ထိုင်နေပြီး မိုးကြိုးများ အားလုံးကို ခံယူနေပါက သူ အောင်မြင်လျှင်ပင် သေခြင်းတရားက သေချာပေါက် စောင့်ကြိုနေ ပေလိမ့်မည်။

ထိုစဉ် သူက ခြေထောက်မှ အရိုများမှာ ပျောက်ကွယ် သွားသောကြောင့်  သဘာဝ စွမ်းအားများနှင့် စိတ်စွမ်းအားပေါ် မူတည်ပြီး ခန္ဓာကို မတ်မတ်ထား လိုက်သည်။

သန်မာသည့် မိုးကြိုးလျှပ်စီး အားများက တျန်းဂျီတုတ် အရိပ်များ‌အပေါ် ဆက်တိုက် ကျရောက်လာပြီး ယခင်ကထက် မြန်မြန်ဆန်ဆန် ကျရောက်လာ လေသည်။

မိုဝူကျီက ကျရောက်လာသည့် လျှပ်စီးများကို ဂရုမစိုက် နိုင်သေးဘဲ လက်ဖြင့် လက်ဟန်မျိုးစုံ ပြုလုပ်ပြီး သူ့ ၁၀၅ ခုမြောက် ချီသွေးကြောကို အဆုံးစွန်အထိ ပြောင်းပြန် လှည့်ပတ်စေရန် လှုံ့ဆော်လိုက်သည်။ ရှေ့မှာ ရှိနေသည့် မိုးကြိုး လျှပ်စီးများကို တိုက်ဖို့ရာ မဖြစ်နိုင် သောကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ ထိုလျှပ်စီး အဆီအနှစ်များကို စုပ်ယူဖို့ရာ ဖြစ်၏။

အံ့ဖွယ် လက်ဟန်များက တောက်ပအလင်း အစီအရင်ကဲ့သို့ လင်းလက်လာပြီး မိုဝူကျီ ဘေးပတ်လည်တွင် လှိုင်းတွန့်များ ပေါ်လာရင်း စက်ဝိုင်း သဏ္ဌာန် ဖြစ်ပေါ်လာသည်။ ထိုလှိုင်းတွန့်များက ဖြည်းဖြည်းချင်း ဧရာမ နဂါးပုံရိပ်ကြီး ဖြစ်ပေါ်လာသည်။ ထိုစဉ် သူက ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်မှ ရှင်းပထမ အဆင့် ဖြစ်သည့် ကြယ်တာရာ နဂါး လှည့်ပတ်ခြင်းကို ထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။

“ဘမ်း”

မိုဝူကျီ၏ လက်ဟန်များကြောင့် တျန်းဂျီတုတ် အရိပ်ကို ဖြတ်၍ ကျရောက်လာသော မိုးကြိုး လျှပ်စီးအားမှာ ဦးတည်ရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ခြေထောက် အောက်မှ မြေကြီး၌ ဝင်သွားလေသည်။

ထိုမိုးကြိုး လျှပ်စီးများ စွမ်းအားကို အနည်းဆုံးအထိ လျှော့ချပစ်လိုက်၍ လျှပ်စီးအဆီ အနှစ်များကို စုပ်ယူဖို့ရာ အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သွား၏။ မိုဝူကျီဘေးတွင် ရှိနေသော မိုးကြိုး လျှပ်စီးများ အားလုံးမှာ  ရေမြှုပ်နှင့် ရေကို စုပ်ယူလိုက်သည့် အလား သူ့အတွင်း စီးဝင်လာ ကြသည်။

ထိုသို့သော မိုးကြိုး လျှပ်စီးများက စိတ်ဝိညာဉ်ကွင်း ကဲ့သို့သော ဝိညာဉ်စွမ်းအား များပြားသည့် နေရာဆီ ခေါ်ဆောင် နိုင်ပါက သူ့ကျင့်ကြံဆင့်မှာ အံ့မခန်း မြင့်တက်သွားပြီး သူ့ကို နှောင်ဖွဲ့ထားသည့် အတားအဆီးများ အားလုံးမှ လွတ်မြောက် သွားမည်  ဖြစ်ကြောင်း ခံစားမိသည်။ တစ်ချိန်တည်း ဆိုသလို ဝိညာဉ်စွမ်းအားများ အားဖြည့်မှုကြောင့်  သူ့အရိုး ကျိုးများက ပြန်လည် ကောင်းမွန်လာ နေသည်။

မိုဝူကျီက မိုးကြိုး လျှပ်စီးများကို လမ်းကြောင်း လွဲနေသည်ကို သိသည့်အလား မိုးကြိုးများက ပို၍ အားကောင်းလာ၏။ မိုးခြိမ်းသံများပင် ထွက်ပေါ်နေပြီး လျှပ်စီးများ တလက်လက် ဖြစ်ပေါ်နေသည်။ ထို့နောက် စတုတ္ထ အကြိမ်မြောက် မိုးကြိုးများက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို ဖြတ်စီးဆင်း သွားသည့် ပင်လယ်ရေ အလား  ကျဆင်းလာ လေသည်။

ထိုစဉ် ဘေးနားတွင် ရှိနေသော ကျင့်ကြံသူ အားလုံးက မှင်တက် သွားကြသည်။

ဒါက ဘယ်လို ကောင်းကင်ဘုံ စမ်းသပ်ချက် မျိုးလဲ ... စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းမည့်သူ အတွက် လွန်လွန်းမနေ ပေဘူးလား ...

“ဒီလူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်တော့ ဟုတ်တယ် မလား။ မဟုတ်ရင် ဒီနေရာမှာ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ မိုးကြိုးတွေ ကျဆင်း လာမှာလဲ။ ကျုပ် အရင်က လောက အင်မော်တယ် ကျင့်ကြံသူ မိုးကြိုးဒဏ် ခံယူတာ မြင်ဖူးပေမဲ့ ဟိုဟာက ဒီလောက်တောင် မပြင်းထန်ဘူးဗျ ...”

“ကျုပ်လည်း သူ့ကို ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်နဲ့ မတူဘူးလားလို့ ... လီရှို့ရန်က မြေကမ္ဘာ အဆင့်ဇယားက အဆင့်တစ်လေ။ လီရှို့ရန်က အရင်က စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၁ ကျင့်ကြံသူနဲ့ တိုက်ဖူးတယ် ဆိုတော့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်က ဘယ်လောက် အားကောင်းကောင်း သူက  ဒီလိုလူ အတွက်တော့ ပြိုင်ဘက် မဟုတ်ဘူးပဲ ... ”

ယခု မိုဝူကျီ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူသည်ကို လာရောက် ကြည့်ရှုသည့် ကျင့်ကြံသူများက များပြားလာ လေသည်။ သူတို့ ဆွေးနွေးချက် များလည်း ပေါင်းစုံ ဖြစ်လေ၏။

မိုဝူကျီက ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို ရယူနိုင်သည့် ကိစ္စကိုတော့ မည်သူကမျှ ဂရုမစိုက် ကြတော့ပေ။ ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးမှာ တစ်ယောက်၏ အပိုင် ဖြစ်နေ၍  မိုးကြိုးဒဏ်များကို ရင်ဆိုင်ရင်း သေခြင်း တရားကို ရှာဖို့ မည်သူက လုပ်ရဲကြ မည်နည်း။

“မဟုတ်သေးပါဘူး။ ဒီလူ လောက အင်မော်တယ် တက်လှမ်းမှာ မဟုတ်ဘဲနဲ့ စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းမှာလို့ ပြောရဲတယ်”

နောက်တစ်သံက ထွက်ပေါ် လာလေ၏။

“ဘာလို့ အဲဒီလိုထင်တာလဲ။ စစ်မှန်ခြင်း နတ်ဘုရားအဆင့် တက်လှမ်းတာ ဒီလောက် အားကောင်းတဲ့ မိုးကြိုးတွေ မြင်ဖူးရဲ့လား ”

ချက်ချင်း ဆိုသလို တစ်ယောက်က ချေပလိုက်သည်။

ဆံရှည် ကျင့်ကြံသူက ဝင်ပြောလိုက်သည်။

“သူက ဘယ်လို မိုးကြိုးမျိုးကို ခံယူနေ ရတယ်တော့ မသိပေမဲ့ ကျုပ် ဆိုရင်တော့ တစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး ...”

လူတော်တော် များများက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၂ ဖြစ်သည့် ထိုဆံရှည် အမျိုးသားကို မှတ်မိကြသည်။ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူပင် မခံယူနိုင်သော ကောင်းကင်ဘုံ စမ်းသပ်ချက်မှာ လောက အင်မော်တယ် တက်လှမ်းဖို့ အတွက်သာ ဖြစ်ရမည်။

ယခင်က မိုဝူကျီကို လောက အင်မော်တယ် စမ်းသပ်ချက် ခံယူနေသည် မဟုတ်ကြောင်း ပြောသည့် ကျင့်ကြံသူက ခေါင်းခါကာ ပြောလိုက်သည်။

“အဲဒီလူက ဘယ်သူဆိုတာ ကျုပ်သိပြီ ... ”

“သူက ဘယ်သူများလဲ ...”

ထိုအရာကို ကြားပြီး အားလုံးနီးပါးက တစ်ပြိုင်တည်း မေးလိုက်ကြသည်။ လူအုပ်ကြီးက ထိုကျင့်ကြံသူကို ကြည့်ကာ အဖြေကို စောင့်ဆိုင်း နေကြသည်။

သိရမည့် အချက်မှာ လီရှို့ရန်ကို သတ်လိုက်သည့် ထိုသူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် အမှန်တကယ်  ဖြစ်နေလျှင် သူက သေချာပေါက် မြေကမ္ဘာ အဆင့်ဇယား၌ အဆင့် ၁ ဖြစ်သွား ပေလိမ့်မည်။

“သူ့နာမည် ကိုတော့ သေချာ မသိပေမဲ့ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ ဖြစ်ရမယ် ... ”

ဘေးပတ်ဝန်းကျင်မှ လူများက သူ့ကို ကြောင်တောင်တောင် ကြည့်နေသည်ကို မြင်ကာ ထပ်ပြောလိုက်သည်။

“အားလုံးက အရင် လူသား အဆင့်ဇယား အဆင့် ၁ ဂူရှောက်ယင် နဲ့တော့ မစိမ်းကြဘူး မလား ...”

ပုံမှန်အားဖြင့် ဂူရှောက်ယင်မှာ အားလုံးအတွက် မစိမ်းလှပေ။ သူ့ကို ဒုတိယ လီရှို့ရန်ဟုပင် ယူဆ၍ ရပေသည်။ နှမြောစရာ ကောင်းလှသည်က ပျောက်ဆုံး နယ်မြေကို သွားသည့် ခရီးအတွင်း အဆင့်တူ ကျင့်ကြံသူဆီ ရှုံးနိမ့်ခဲ့ကာ လူသား အဆင့်ဇယား အဆင့် ၁ ဖြစ်သော သူ့ အဆင့်အတန်းကို ပေးအပ်ခဲ့ရပြီး အရှက်တကွဲ ပြန်ရောက် လာရသည်။

ခဏ ... နယ်လှည့် ကျင့်ကြံသူက ဂူရှောက်ယင်ကို အနိုင်ယူခဲ့တဲ့သူ မလား .... ဒီလူ ဟုတ်ရဲ့လား ...

“မဟုတ်လောက်ဘူးနော်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဂူရှောက်ယင်ကို အနိုင်ယူတာ ဘယ်လောက် ကြာသေးလို့လဲ။ သူ့ကျင့်ကြံနှုန်း ဘယ်လောက် မြန်မြန်  သူက စစ်မှန်ခြင်း နတ်ဘုရား စမ်းသပ်ချက်ကို ဒီလောက် မြန်မြန် ခံယူနိုင် ဦးမှာတော့ မဟုတ်ဘူးမလား ...”

“မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ အရင်တစ်ခါက နယ်လှည့် ကျင့်ကြံသူ  ၂၇၀၅က ဖူကျီကျဲကို  သတ်ပြီးတော့ အဆင့် ၉၈၃၁ နဲ့ မြေကမ္ဘာအဆင့် ဇယားပေါ် ရောက်လာတာကို မှတ်မိသေးတယ် မလား ..... ”

“အဲဒီလို ဖြစ်ခဲ့သေး တာလား။  နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ပျောက်ဆုံး နယ်မြေက ရောက်လာတာ တကယ်ကြီးလား ... ဒါနဲ့ ဟုတ်သား သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လို့ ဘယ်လိုများ သေချာနေတာလဲ ...”

နောက်ဆုံး စကားမှာ မိုဝူကျီကို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ဟု ပြောသည့် ကျင့်ကြံသူကို တိုက်ရိုက် ရည်ညွှန်းခြင်း ဖြစ်သည်။

ကျင့်ကြံသူက ဘေးပတ်လည်မှ လျှပ်စီးများနှင့် မိုးကြိုးများ အဆက်မပြတ် ကျရောက် နေသည့် ကောင်းကင်ဘုံ စမ်းသပ်ချက် ကျောက်တုံးကို ကြည့်ကာ  ပြောလိုက်သည်။

“သူက သတ္ထုတုတ်ကို အသုံးပြုတာလေ။ ဂူရှောက်ယင်လည်း အဲဒါကြောင့် ရှုံးသွားတာ ...”

“ဟုတ်တယ် ... နယ်လှည့် ကျင့်ကြံသူက သတ္ထုတုတ် သုံးတာ ... ”

ထိုကျင့်ကြံသူ၏ ရှင်းပြချက်ကို ကြားပြီးနောက် အားလုံးက အဓိပ္ပာယ် ရှိကြောင်း ခံစားလိုက် ရသည်။

တစ်ယောက်က ဆက်ပြောလိုက်သည်။

“ဂူရှောက်ယင်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဆီ ရှုံးပြီးတော့ နလန်ပြန်မထူ နိုင်တော့ဘူး။ တကယ်လို့ သူသာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လီရှို့ရန်ကို သတ်လိုက်တာ သိရင် နှစ်သိမ့်ရာတော့ ရောက်မှာပဲ။ သူက နဂို အခြေအနေတောင် ပြန်ရောက်နိုင် မလားဆိုတာ  ဘယ်သူ သိမှာလဲ ...”

“ဟား ဟား ... ရှုံးနိမ့်တာကို လက်မခံနိုင်တဲ့ ကျင့်ကြံသူက ပြန်ကောင်းပြီး ရင်လည်း အဲဒီလောက် တိုးတက်လာမှာ မဟုတ်တော့ဘူး။ စိတ်ထဲ တွေးမိလိုက်တာ လူသား အဆင့်ဇယား အဆင့်တစ် ရတုန်းက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅နဲ့ မတိုက်လိုက်ရတာ နောင်တ ရတယ်လို့ ပြောဖူးတဲ့  ယန်မျိုးနွယ်စုရဲ့ ယန်ယန်းနန်ကိုပဲ ...  သူသာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က လီရှို့ရန်ကို သတ်ပြီး ဒီလို ကြောက်စရာ ကောင်းတဲ့ ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူနေတာကို သိသွားရင်တော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ နဲ့ တစ်ခါမှ မတွေ့တာ ဝမ်းသာနေ လိမ့်မယ် ....  ”

ဤနေရာရှိ အဆင့်နိမ့်ဆုံး ကျင့်ကြံသူမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား နောက်ပိုင်း အဆင့်များ ဖြစ်သော်လည်း လူသား အဆင့်ဇယား အဆင့် ၁ မှာ သူတို့ အမှတ်ရ နေသည့် အရာ ဖြစ်နေဆဲ ဖြစ်သည်။

မိုဝူကျီက အပြင်ဘက်မှ ဆွေးနွေးမှုများကို မကြားပေ။ စတုတ္ထ အကြိမ်မြောက် မိုးကြိုး ကျရောက်မလာခင် သူက အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထိုမိုးကြိုးချက် များ၌ လူသတ်ငွေ့များ အမှန်တကယ် ပါဝင်နေ ပေသည်။

သူက မတုံ့ပြန်နိုင်ခင် မိုးကြိုးချက်က သူ့ဆီ ရောက်ရှိလာ လေသည်။

မိုဝူကျီ၏ ကြယ်တာရာ ဖြတ်သန်း လှည့်ပတ်ခြင်း ပညာရပ်က ရှင်း ပထမအဆင့် ကြယ်တာရာ နဂါး လှည့်ပတ်ခြင်း ရောက်သွား သော်လည်း လက်တလော ပြန်ကောင်း ပြီးသော ခြေထောက်ရိုးများက ပြန်လည် ကျိုးကြေသွား လေသည်။

သူ အံ့ဩသွား စေသည်က ထိုမိုးကြိုးလျှပ်စီး အတွင်း လျှပ်စီး အဆီအနှစ်များ ပါဝင်မနေကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။ လူသတ်ငွေ့များသာ ပါဝင်ပြီး သူ့ဆီ စီးဝင်လာ လေသည်။ သူ့ချီသွေးကြော များပင် အနည်းငယ် ကွဲအက်လာ လေသည်။ မိုးကြိုး လျှပ်စီးချက် အနည်းငယ်က သူ့အသက်လေးကို လာထိပါး နေလေသည်။

သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်း သုံးခုထဲ သိုလှောင် ထားသော သဘာဝ စွမ်းအားများက ချက်ချင်း ထွက်လာကာ စွမ်းအား အကာအကွယ်တွေ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ချီသွေးကြောများ အက်ကွဲခြင်းကို ဖြစ်စေသည့် လူသတ်ငွေ့ကို တားဆီးဖို့ ကြိုးစားနေ လေသည်။

ထိုမိုးကြိုးချက် များတွင် ကိုယ်ပိုင် အသိဉာဏ် ပါရှိနေသည့် အလား မိုဝူကျီ၏ သဘာဝစွမ်းအား အကာအကွယ်ကို ရှောင်တိမ်းကာ သူ့ချီသွေးကြော များကို ဆက်လက် သဲကြီးမဲကြီး တိုက်နေဆဲ ဖြစ်သည်။

မိုဝူကျီတွင် ချီသွေးကြော ၁၀၅ ခု ရှိသောကြောင့် တချို့တလေ ပျက်စီး သွားလျှင်ပင် သူ့ကျင့်ကြံဆင့် များကို များစွာ လျော့ကျ မသွားစေပေ။ သို့သော်လည်း ချီသွေးကြော ၁၀၅ ခုလုံးကို ဖွင့်ဖို့ရာ မလွယ်ကူပေ။ ထို့ကြောင့်  ဤမိုးကြိုးချက်ကို အရာအားလုံး ဖျက်ဆီးပစ်ခွင့် မည်သို့ ပေးရမည်နည်း။ သူက စမ်းသပ်ချက် မိုးကြိုးများက ချီသွေးကြော များကို ဦးတည်သည်ဟု တစ်ခါမျှ မကြားဖူးပေ။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ရှိနေ၍သာ ကျေးဇူးတင်ရမည်။

စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက လှုပ်ရှားလာပြီး ချီသွေးကြော အားလုံးအတွင်းမှ သဘာဝ စွမ်းအား အကာအကွယ်က အသက် ဝင်လာကာ မိုးကြိုးချက်များမှ လူသတ်ငွေ့များကို တားဆီးထားပြီး ချီသွေးကြော တစ်ခုကိုပင် ဖျက်ဆီးခွင့် မပြုချေ။

မိုဝူကျီအတွက် သူ့ချီသွေးကြောများ ပျက်စီးသည် နှင့်စာလျှင် ခန္ဓာမှ အရိုးများ အားလုံးကိုသာ တစ်စစီ ချေမွခံလိုက်မည်။ ဝိညာဉ်ကြော မရှိသည့် သူ့အတွက် ချီသွေးကြောများက ပင်မအုတ်မြစ် ဖြစ်၏။

***

All Chapters