← Chapters

တစ်ခုခုမှားနေသလိုခံစားရတယ်

Vol. 56 Ch. 778

တစ်ခုခုမှားနေသလိုခံစားရတယ်

Vol. 56 Ch. 778

စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ကျားနက်ကြီးအား အရေဆုတ်ထားသော မြေခွေးမှာ အန်လင်းတို့နားမှ ဖြတ်လျှောက်သွားသည်။

အလွန်လှပသော စုရှောင်လန်အား မြင်လိုက်ရသောအခါ ၎င်း၏မျက်လုံးများ တဝင်းဝင်း တောက်လာလေသည်။

သားရဲနှင့် လူသားသည် မျိုးနွယ်မတူကြပေ။ သားရဲများရှေ့သို့ ကောင်းကင်နတ်မိမယ်တစ်ပါး ရောက်ရှိလာလျှင် ငေးမောမိနိုင်ပါသော်လည်း ထိုသည်မှာ အလှတရားအပေါ် သဘာဝအရ တုံ့ပြန်မှုသာ ဖြစ်သည်။

သို့သော် မြေခွေးများသည် သာမန်သားရဲများနှင့် မတူညီပေ။ မြေခွေးမများသည် လူသားအသွင် ပြောင်းရခြင်းကို ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် လူသားများ၏ အလှတရားနှင့် ပက်သတ်၍ ထူးခြားသော ခံစားချက် ရှိကြပေသည်။

စုရှောင်လန်သည် လက်ရာမြောက်သော ပန်းပုရုပ်တစ်ခုလို လှပကာ အသားအရေမှာလည်း ဖြူဖွေးကြည်လင်နေသည်။ ဗာမီလီယမ်ငှက်သွေးဆက်နှင့် နဂါးသွေးဆက်တို့အား ပိုင်ဆိုင်ထားသောကြောင့် တော်ဝင်ဆန်သော အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။ သူမသည် ကောင်းကင်ထက်မှ ဆင်းသက်လာသော နတ်ဘုရားမ တစ်ပါးသဖွယ် တင့်တယ်လွန်းသောကြောင့် မြင်ရသူအပေါင်းကို ငေးမောသွားစေနိုင်သည်။

မြေခွေးသည်လည်း ပြိုင်ဘက်ကင်း အလှလေးအား မငြင်းဆန်နိုင်ပေ။

ထို့ကြောင့် စုရှောင်လန်အားကြည့်ကာ စပ်ဖြီးစပ်ဖြဲနှင့် နှုတ်ဆက်လာသည်။

"အလှလေး..... လော့ဟူမြို့တော်ကို ဘာလာလုပ်တာလဲ။ ငါကဒီမှာ ဆရာကြီးပဲ။ မင်းအကူအညီလိုရင် ပြောသာပြောလိုက်။ မင်းရဲ့မြေခွေးလေး ဖြစ်စေရမယ်..... ဟဲဟဲဟဲ။"

အခြားသားရဲများမှာလည်း ရက်စက်စွာပြုံးကာ စုဝေးလာကြသည်။

ထိုမြေခွေးသည် လော့ဟူမြို့တော်သို့ ရောက်ရှိလာသော လူသားများအား မကြာခဏ ပစ်မှတ်ထားလေ့ ရှိသည်။ ယခု မိန်းမငယ်လေးသည်လည်း ၎င်း၏ပစ်မှတ် ဖြစ်လာပုံပင်။

"မင်းကူညီပေးနိုင်တာလား။ အဲ့ဒါဆို ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှာ အဓိကရုဏ်းတွေ ဘာလို့ဖြစ်နေတာလဲ သိလား။"

အန်လင်း ရုတ်တရက် မေးမြန်းလိုက်သည်။

"သောက်ပါးစပ်ပိတ်ထားစမ်း။ မင်းမှာ စကားပြောခွင့် ရှိလို့လား။"

မြေခွေးမှာ အန်လင်းအား စူးစိုက်ကြည့်ရှုကာ ထက်ရှလှသော လက်သည်းများဖြင့် တိုက်ခိုက်လာသည်။

၎င်းသည် အန်လင်းအား သတ်ပစ်ရန် စီစဉ်ထားကြောင်း သိသာလှသည်။

သို့သော် နူးညံ့သော လက်ဝါးတစ်ခုမှာ မြေခွေးထံ လျင်မြန်စွာ ရောက်ရှိလာသည်။

ချက်ချင်းဆိုသလို မရဏ အငွေ့အသက်များ ခံစားလိုက်ရသည်။

မြေခွေးမှာ ထိတ်လန့်ကြောက်ရွံ့သွားလေသည်။

၎င်းသည် ထိုလက်ဝါးအား မည်သည့်တုံ့ပြန်မှုမှပင် မလုပ်နိုင်လိုက်ပေ။

ဘန်း......

လက်ဝါးနှင့် မထိရသေးခင်မှာပင် မြေခွေး၏ ဦးခေါင်းမှာ ပြင်းထန်လှသော ဖိအားများကြောင့် ဖရဲသီး တစ်လုံးအလား ပေါက်ကွဲသွားတော့သည်။

စုရှောင်လန် အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ငါ့အန်လင်းကိုများ စော်ကားရဲတယ်ပေါ့။ ငရဲမှာပဲ သွားသေလိုက်။"

ခေါင်းမရှိသော မြေခွေး၏ ခန္ဓာကိုယ်မှာလည်း မြေပြင်ပေါ် ဘုန်းဘုန်းလဲသွားလေသည်။

စောင့်ကြည့်နေသော သားရဲများအားလုံးမှာ စုရှောင်လန်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သခင်မြေခွေးက ဒီလိုနဲ့ သေသွားတာလား..... ဒီမိန်းမက သွားရှုပ်သင့်တဲ့သူ မဟုတ်ဘူးပဲ......

ကြွက်မျိုးနွယ်စုကဲ့သို့သော ကြောက်လန့်တက်သည့် သားရဲများမှာ အသတ်ခံရမည်ကိုကြောက်ကာ ထွက်ပြေးကြလေပြီ။

"ဆရာ့မိန်းမလို့ကို မပြောရဘူး။ တော်ချက်...."

ရှောင်ဇယ်မှာ စိတ်လိုလက်ရ ချီးကျူးလိုက်သည်။

"ရှောင်လန်က တကယ်အားကိုးလို့ရတာပဲ။"

အန်လင်းလည်း ထောက်ခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူနှင့် စုရှောင်လန်မှာ နေရာမှားနေသလို ခံစားလိုက်မိသည်။

စုရှောင်လန် အနည်းငယ် ရှက်ရွံ့သွားလေသည်။

"တောင်းပန်ပါတယ်။ ဒေါသထွက်နေတာနဲ့ အချက်အလက် မေးဖို့တောင် မစောင့်လိုက်နိုင်ဘူး။"

အန်လင်း လက်ခါပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအမှိုက် မြေခွေးတစ်ကောင်က ဘာများသုံးစားလို့ရမှာတဲ့လဲ။"

စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အမှိုက်တဲ့လား........

ကြည့်ရှုနေသူများအားလုံး အသက်ရှူရန်ပင် မေ့လျော့သွားရသည်။

ဒီလူသားက တော်တော်စွမ်းပုံရတယ်.......

၎င်းတို့အားလုံးသည် ထိုသုံးဦးနှင့် ပြဿနာ မဖြစ်စေရန် စိတ်ထဲတွင် မှတ်သားထားလိုက်ကြသည်။

ထို့နောက် ၎င်းတို့သည်လည်း တဖွဲဖွဲ ထွက်ခွာသွားကြသည်။ အန္တရာယ်အား ရှောင်ရှားခြင်းသည် သားရဲများ၏ သဘာဝထဲမှ တစ်ခုပင်။ ၎င်းတို့အားလုံး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာကြပါသော်လည်း သေစေနိုင်မှန်းသိလျက်နှင့် ရူးမိုက်မည် မဟုတ်ပေ။

သို့သော် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ ဗဟိုဒေသတွင်မူ ထိုသို့မဟုတ်ပါချေ။

"ဆရာ..... ကျွန်တော်တို့ ဘယ်သွားကြမလဲ။ နည်းနည်းပါးပါး လိုက်စုံစမ်းပြီး သတင်းအချက်အလက် စုကြမလား။"

ရှောင်ဇယ် မေးမြန်းလိုက်သည်။

အန်လင်း မျက်ဆံလှန်ကာ ရှောင်ဇယ်အား ကြည့်ရှုလိုက်သည်။

"စုံစမ်းကြမယ်ဟုတ်လား။ ငါ့ကိုလာနောက်နေတာလား။ အားနည်းတဲ့ ကောင်တွေပဲ အဲ့လိုလုပ်ကြမှာပေါ့။ ငါတို့လို ဆရာကြီးတွေက တိုက်ရိုက်လမ်းပဲ ရွေးသင့်တယ်။"

"တိုက်ရိုက်လမ်းလား။"

ရှောင်ဇယ် နားမလည်နိုင် ဖြစ်သွားသည်။

အန်လင်းမှာ မြို့လယ်ခေါင်အား လှမ်းကြည့်လိုက်သည်။

"မြို့စားမင်းအိမ်တော်ကို သွားကြတာပေါ့။"

စုံစမ်းမေးမြန်းခြင်းသည် အသုံးဝင်သော နည်းလမ်းတစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသည်မှာ ရန်သူအား ရင်မဆိုင်နိုင်သော အားနည်းသူများကသာ ထိုသို့သော နည်းလမ်းများကို အသုံးပြုကြခြင်းပင်။

အချို့ဆိုလျှင် စုံစမ်းမေးမြန်းရင်း ဖုံးကွယ်ထားသည်များပေါ်ကာ အသတ်ခံရတတ်သည်။

အချို့ကမူ ကံကောင်းထောက်မစွာဖြင့် သတင်းအချက်အလက်များ စုစည်းကာ ပိုမိုကောင်းမွန်သော အခြေအနေ တစ်ခုထံ ရောက်ရှိသွားကြသည်။

သို့သော် စုံစမ်းမေးမြန်းခြင်းသည် အလွန်တရာမှ အချိန်ကုန်သော လုပ်ငန်းစဉ်တစ်ခုပင်။

ယခုကဲ့သို့ မြို့ငယ်လေးတွင် မြို့စားမင်းသည် ကိစ္စအတော်များများကို သိရှိနေပေလိမ့်မည်။

အန်လင်းသည် လူပင်ပန်းခံကာ စုံစမ်းမေးမြန်းရန် စိတ်မဝင်စားပေ။

မြို့စားမင်းနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီးမှ သတင်းအချက်အလက် ရရှိလာရန်မှာလည်း ဟာသတစ်ခုလိုပင်။

သူ့အနေဖြင့် တစ်စုံတစ်ခုအား သိရှိလိုပါက မြို့စားမင်းအား မျက်ခွက်ဖြတ်ရိုက်လိုက်ရုံသာ။

သိလိုသော သတင်းအချက်အလက်အား ပြောပြရန် ငြင်းဆိုခဲ့ပါကလည်း မပြောမချင်း လက်သီးပဒေသာ ကျွေးရုံသာလိုသည်။

အင်အားရှိပါက အရာအားလုံး လွယ်ကူရိုးရှင်းပေသည်။

မြို့စားမင်းအိမ်တော်တွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

"ဝေါင်း....."

ရွှေရောင်တောင်ပံများနှင့် ရွှေကျားတစ်ကောင်မှာ အဝေးသို့ ပျံဝဲသွားသည်။

အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ရွှေကျားကြီးအား လက်သီးကျွေးလိုက်လေသည်။

ရွှေကျားကြီး၏ ခန္ဓာကိုယ်မှ ရွှေရောင်သင်္ကေတများစွာ ဖြာထွက်လာကာ ပေတစ်ထောင်ပတ်လည်အား လွှမ်းခြုံသွားသည်။ ထိုသည်မှာ သာမန်မဟုတ်သော ချိပ်ပိတ်ခြင်းနယ်ပယ်ပင်။

အန်လင်းသည် ဓားတစ်လက်အလား လေပေါ်ပျံဝဲကာ ထိုနယ်ပယ်အား ဆုတ်ဖြဲလျက် ရွှေကျားကြီးအား လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဝုန်း......

ကောင်းကင်ရော၊ မြေပြင်ပါ တုန်ခါသွားလေသည်။

"ဝေါင်း....."

ရွှေကျားကြီးမှာ နာနာကျင်ကျင် အော်မြည်ကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

မြေပြင်တွင်ရှိနေသော ရှောင်ဇယ်မှာ နဂါးမျိုးနွယ်စု လက်သင်္ကေတများ ပြုလုပ်လိုက်သည်။

ရုတ်ချည်းဆိုသလို သံချိန်းကြိုးများ ဖြစ်ပေါ်လာကာ ရွှေကျားကြီးအား ရစ်ပတ်ထားလိုက်လေသည်။

"ဝေါင်း..... ငါ့ကိုလွှတ်ပေးစမ်း။"

ရွှေကျားကြီးသည် အားကုန်ရုန်းနေပါသော်လည်း ချိန်းကြိုးများမှာ ပို၍ပင် တင်းကြပ်လာသည်။

"မင်းကို မပြေးဖို့ ပြောသားပဲ။ မင်းကမှ စကားနားမထောင်တာ။"

အန်လင်း ရွှေကျားကြီးဘေးသို့ ရောက်ရှိလာသည်။

"ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက အဓိကရုဏ်းတွေက ဘယ်လိုစဖြစ်လာတာလဲ။ မင်းသိသမျှ ပြောစမ်း။"

"ငါ..... ငါဘာမှမသိဘူး။"

ရွှေကျားကြီး အော်ဟစ်လိုက်သည်။

"လျှပ်စစ်....."

အန်လင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဇစ်.....

ရှောင်ဇယ်၏ လက်ညှိုးထိပ်တွင် လျှပ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ရွှေကျားကြီးအား ထိမှန်သွားသည်။

"အား....."

ရွှေကျားကြီး အော်ဟစ်နေရလေပြီ။

၎င်း၏ခန္ဓာကိုယ်မှာ လျှပ်စီးကြောင့် မဲတူးကာ တုန်ခါနေသည်။

"အခုရော...."

အန်လင်း မေးမြန်းလိုက်သည်။

"ငါတကယ် မသိတာပါ။"

ရွှေကျားကြီး အံကြိတ်ကာ တုံ့ပြန်လာသည်။

ဝုန်း......

ရှောင်ဇယ်မှာ ထပ်မံနှိပ်စက်တော့သည်။

"မင်းပြောမှာလား။ မပြောဘူးလား။"

"ငါက ဘာမှမသိတာ..... ဘာပြောရမှာလဲ။"

ဝုန်း.......

ရွှေကျားကြီးမှာ သေလုဆဲဆဲ ဖြစ်နေလေပြီ။

"မင်းပြောမှာလား။"

ရွှေကျားကြီး : "..........."

"ထားလိုက်ပါတော့။ တခြားတစ်ယောက်ပဲ သွားရှာရအောင်။ ဒီကောင်က ဘာမှသိပုံ မရဘူး။"

အန်လင်း သက်ပြင်းချလိုက်သည်။

ရွှေကျားကြီး စိတ်သက်သာရာ ရသွားလေသည်။

"အရင်ဆုံး ဒင်းကိုသတ်ခဲ့လိုက်။ အခုပုံစံကလည်း ကြည့်မကောင်းဘူး။"

အန်လင်း စကားဆိုလိုက်သည်။

ရွှေကျားကြီး အလွန်ထိတ်လန့်သွားရသည်။

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ သိသမျှ...... သိသမျှ ပြောပြပါ့မယ်။"

အန်လင်း အေးစက်ခက်ထန်စွာ ရယ်မောလိုက်သည်။

"မြန်မြန်ပြော....."

လျှပ်စီးဖြင့် နှိပ်စက်ခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းမှာ အသုံးဝင်ပေသည်။

"အတိအကျတော့ ငါလည်းမသိဘူး။ ဒါပေမယ့် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်က ငါ့လိုမျိုး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ မြို့စားမင်းတွေကို လာမယ့်နှစ်ရက်အတွင်း ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရဲ့ မြို့တော်ဖြစ်တဲ့ ပိုင်ဟူမြို့တော်မှာတွေ့ဖို့ ကြေညာထားတယ်။ ငါသိတာ အဲ့ဒါအကုန်ပါပဲ။"

ရွှေကျားကြီး တုန်တုန်ရီရီ ပြောလိုက်သည်။

အန်လင်းမှာ ရွှေကျားကြီး၏ အမူအရာအား သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ကြေးမုံပြင်အား မေးမြန်းလိုက်သည်။

"သူလိမ်နေတာလား။"

"မဟုတ်ဘူး။"

ဗာမီလီယမ်ငှက်ကြေးမုံမှ တုံ့ပြန်လာသည်။

အန်လင်း ခေါင်းညိတ်လိုက်ပြီးနောက် ပိုင်ဟူမြို့တော်၏ တည်နေရာအား ရွှေကျားကြီးထံမှ အတင်းအကြပ် တောင်းယူလိုက်သည်။

ထို့နောက် စုရှောင်လန်နှင့် ရှောင်ဇယ်အားကြည့်ကာ ပြောလိုက်သည်။

"ပိုင်ဟူမြို့တော်ဆီ သွားရအောင်။"

All Chapters