ဖြေရှင်းရခက်သောမရဏတိုက်ပွဲများ
Vol. 56 Ch. 779
ပိုင်ဟူမြို့တော်သည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ ဗဟိုဒေသတွင် တည်ရှိသည်။
မြို့တော်အား ကြီးမားလှသော တောင်တန်းတစ်ခုမှ ကာရံထားပြီး ရိုးရှင်းပါသော်လည်း ရှေးဟောင်းဆန်ကာ ကြီးကျယ်ခမ်းနားသော ခံစားချက် ရရှိစေသည်။
မြို့တော်သည် မြောက်ပိုင်းမှ တောင်ပိုင်းအထိ ကီလိုမီတာ ဆယ်နှင့်ချီရှိကာ အရှေ့မှ အနောက်အထိ ကီလိုမီတာ ရာနှင့်ချီ ကျယ်ဝန်းသည်။ မြို့တော်အတွင်း ထူးခြားဆန်းကြယ်သော အဆောက်အအုံများကိုလည်း အမျိုးမျိုးအဖုံဖုံ တွေ့မြင်နိုင်သည်။ ပေသောင်းချီသော အိမ်တော်ကြီးများ ရှိသလို စင်တီမီတာ အနည်းငယ်မျှသာရှိသည့် အိမ်ငယ်လေးများလည်း ရှိပေသည်။
လမ်းများသည် အလွန်တရာ ကျယ်ဝန်းပြီး သားရဲအမျိုးအစား စုံလင်စွာ ဝင်ထွက်သွားလာနေကြသည်။
တစ်ကီလိုမီတာနီးပါးမျှရှိသည့် ကြီးမားလှသော သားရဲများမှာလည်း ခြေလှမ်းတစ်ချက်စီတိုင်းတွင် ပြင်းထန်လွန်းသော မြေပြင်တုန်ခါမှုများ ဖြစ်ပေါ်စေသည်။ ၎င်းတို့နှင့် အနီးနားတွင် ရှိနေသော သားရဲများသည် တက်နင်းခံရပါက ပြားသေနိုင်ခြေ ရှိသောကြောင့် အကြောက်တရားဖြင့် သတိကြီးကြီးထားကာ သွားလာလှုပ်ရှားနေရသည်။
ဘောက်ဖတ်ကဲ့သို့သော သေးငယ်သည့် သားရဲများလည်းရှိကာ ၎င်းတို့သည် အုပ်စုဖွဲ့၍ နေထိုင်ကြလေသည်။ သားရဲများစွာသည် စည်းချက်ညီကာ အဆင်ပြေပြေ ရှိနေကြသောကြောင့် ထိုမြင်ကွင်းမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။
ပိုင်ဟူမြို့တော်သည် အစစ်အမှန် သားရဲမြို့တော်ပင်။
အဆောက်အဦးများနှင့် ကာကွယ်ရေးခံတပ်များမှာလည်း လူသားမြို့တော်နှင့် ကွာခြားလွန်းလှပေသည်။
အန်လင်း၊ စုရှောင်လန်နှင့် ရှောင်ဇယ်တို့မှာ ပိုင်ဟူမြို့တော်သို့ ရောက်လျှင်ရောက်ချင်း အံ့အားသင့်စရာများကို ငေးမောနေမိသည်။
ပေတစ်ထောင်မျှရှိသော စာမရီတစ်ကောင်မှာ သစ်သီးခူးနေသော အနီရောင် ပျားဝတုတ်တစ်ကောင်အား မတော်တဆ တက်နင်းကာ သတ်မိသလို ဖြစ်သွားသည်။ ထိုပျားဝတုတ်၏ ညီနောင်ပျားများမှာ ချက်ချင်းပင် လက်တုံ့ပြန်လိုက်ကြသောကြောင့် စာမရီကြီးလည်း အရိုးပုံ ဖြစ်သွားရလေသည်။
(စာမရီသည် နွားမျိုးရင်းဝင်ဖြစ်၍ ယင်းကို "အောင်း"ဟူ၍လည်းခေါ်ကြသည်။ အရောင်မှာ အနက် သို့မဟုတ် အညိုရင့်ရောင်ဖြစ်သည်။ အမွေးများသည် နု၍ရှည်သည်။ အထူးသဖြင့် အမြီး၊ ခြေထောက်နှင့် ကိုယ်အောက်ပိုင်းရှိ အမွေးမှာ ပို၍ရှည်သည်။ တခါတရံ မြေကြီး၌ပင် တရွတ်ဆွဲလျက်ရှိသည်။)
ပတ်ဝန်းကျင်ရှိ သားရဲများမှာ အေးအေးဆေးဆေးပင် ရှိနေကြသည်။ ယခုကဲ့သို့ အဖြစ်အပျက်မျိုးသည် နေ့စဉ်နေ့တိုင်း အကြိမ်တစ်ရာမက ဖြစ်ပေါ်နေခြင်းပင်။
စာမရီ၏ သေဆုံးမှုအား မြင်လိုက်ရပြီးနောက် အညိုရောင် ဝက်ဝံကြီးနှင့် အမွှေးအတောင်အစား မဟူရာဆူးများ ရှိနေသော ကြက်ဖကြီးမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြသည်။
အညိုရောင် ဝက်ဝံကြီးမှာ အမူအရာ ခက်ထန်သွားသည်။
"ဘာလာကြည့်နေတာလဲ။"
ကြက်ဖကြီး၏ မျက်ဝန်းထဲတွင် မုန်းတီးခြင်း အရိပ်အယောင်များ ရှိနေလေသည်။
မဟူရာဆူးနှင့် ကြက်ဖကြီး စတင်စိန်ခေါ်လိုက်သည်။
"မင်းကိုကြည့်တော့ ဘာဖြစ်လဲကွာ။"
"နောက်တစ်ခါ ထပ်ကြည့်လိုက်စမ်းပါ။"
အညိုရောင် ဝက်ဝံကြီး ဒေါသထွက်သွားသည်။
"ကြည့်တယ်ကွာ။ မင်းဘာလုပ်မလဲ။ ယီးဖြစ်လား.....ကတော့....ကတော့.....ကတော့....။"
မဟူရာဆူးနှင့် ကြက်ဖကြီးမှာ အတောင်များဖြန့်ကာ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် အရှိန်အဝါများ ထွက်ပေါ်စေလိုက်သည်။
"အမှိုက်ကောင်..... ငါမင်းကို သမပစ်မယ်။"
အညိုရောင် ဝက်ဝံကြီးမှာ ကျယ်လောင်စွာ ဟစ်ကြွေးလျက် မဟူရာဆူးနှင့် ကြက်ဖကြီးထံ ခုန်ဝင်လာသည်။
"ကတော့.....ကတော့.....ကတော့.....သောက်တုံးကောင်...."
မဟူရာဆူးနှင့် ကြက်ဖကြီးမှာ ကြောက်လန့်ခြင်း မရှိပဲ အညိုရောင် ဝက်ဝံကြီးထံ ပျံဝဲသွားသည်။
ဝုန်း.....
တိုက်ပွဲတစ်ပွဲ ထပ်မံဖြစ်ပွားလေပြီ။
စာမရီကြီး သေဆုံးသွားပြီးနောက် စောင့်ကြည့်နေသော သားရဲများသည် ထွက်ခွာရန် ပြင်နေပါသော်လည်း ပဋိပက္ခတစ်ခု ဆက်ဖြစ်လာသောကြောင့် အားလုံးမှာ စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်နေလေသည်။
ဒါက မရဏတိုက်ပွဲလား.......
သူတို့အားလုံး ဘာတွေဖြစ်နေတာလဲ......
ဘာလို့ အဲ့လောက်ထိ ကြမ်းတမ်းနေတာလဲ.....
အဆုံးတွင်မူ ကြက်ဖကြီးသည် မဟူရာဆူးများနှင့် ဝက်ဝံကြီး၏ ခေါင်းအားဖောက်ကာ သတ်ပစ်လိုက်နိုင်သည်။ ၎င်းသည် ဝက်ဝံအလောင်းအား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်လေသည်။
ထိုကဲ့သို့ ရန်သူရုပ်အလောင်းအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းရသည်မှာ သားရဲမျိုးနွယ်စုများ၏ ရိုးရာတစ်ရပ် ဖြစ်ပုံရသည်။
ထိုမှသာ နောက်ပိုင်းတွင် ထိုအလောင်းများအားထုတ်ကာ အများရှေ့တွင် ကြွားဝါးနိုင်ပေလိမ့်မည်။
ကြက်ဖကြီးသည် အနိုင်ရသွားပြီးနောက် အတောင်များဖြန့်ကာ အားလုံးကို မထီမဲ့မြင် ကြည့်ရှုလိုက်သည်။
"နောက်ဘယ်ကောင် လာဦးမလဲ။ ယီးလား......ဘယ်ကောင်သေရဲလဲ။ အားလုံးကို ယီးနဲ့ထိုးသတ်ပစ်မယ်ကွ....ကတော့....ကတော့။"
ကြက်ဖကြီးမှာ လွန်စွာမောက်မာနေလေသည်။
"တော်လိုက်တော့။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။"
ဓားမော့တစ်လက် ကိုင်ဆောင်ထားသော လူခန္ဓာကိုယ်နှင့် မြင်းခေါင်းသတ္တဝါမှာ ကြက်ဖကြီးအား မောက်မာစွာ ကြည့်ရှုလိုက်သည်။
ကြက်ဖကြီးမှာ ထိုမြင်းအား အာရုံစိုက်မိသွားသည်။
"ဘာလဲ။ မင်းကချချင်တာလား။"
မြင်းကြီးမှာ အေးစက်စွာ ရယ်မောလိုက်သည်။
"ကြက်တွေနဲ့တိုက်ဖို့ စိတ်မပါဘူး။"
ကြက်ဖကြီးမှာ စော်ကားခံရသလို ခံစားလိုက်ရသောကြောင့် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
ထွက်သွားရန် ပြင်နေသော လမ်းသွားလမ်းလာ သားရဲများမှာ ခြေလှမ်းများ ရပ်တန့်သွားရပြန်သည်။ ၎င်းတို့ထံတွင် ရွေးချယ်စရာ မရှိပေ။ ပွဲကြီးပွဲကောင်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည် မဟုတ်လော။
စုရှောင်လန်သည်ပင် ကြမ်းတမ်းလွန်းသော သားရဲများအား သည်းမခံနိုင်တော့ပေ။
"အန်လင်း.....ငါတို့သာ စိတ်ပါရင် တစ်ရက်လုံး ထိုင်ကြည့်နေလို့တောင် ရမယ်ထင်တယ်။"
အန်လင်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ဒီက သားရဲတွေအားလုံးက ဒေါသကြီးကြတာလား......
ကြက်ဖကြီး၏ အရှိန်အဝါမှာ ပတ်ဝန်းကျင် တခွင်လုံးကို ဖိနှိပ်ထားသည်။
သို့သော် မြင်းနက်ကြီးမှာ အမူအရာပင် ပျက်မသွားပဲ အေးအေးဆေးဆေးပင် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့။ အမှန်တော့ ဒီနေ့ ငါတိုက်ခိုက်ဖို့ စိတ်မပါဘူး။ ဒါပေမယ့် မင်းကအရမ်းကို အဆော်ခံချင်နေတော့လည်း ဘယ်တက်နိုင်ပါ့မလဲ။"
ဝုန်း..........
မြင်းနက်ကြီးထံမှ ပြင်းထန်လှသော အရှိန်အဝါများ ထွက်ပေါ်လာကာ ကောင်းကင်ထက်တိုင် ထိုးတက်သွားသည်။
စောင့်ကြည့်နေသူများအားလုံး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားရလေသည်။
သောက်ကျိုးနည်း........ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ဟ.......
မြင်းနက်ကြီးသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင် ဖြစ်သည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ပိုင်ဟူမြို့တော်တွင်ပင် အင်အားကြီး သားရဲများအဖြစ် မှတ်ယူနိုင်သည်။ ထို့ကြောင့် မြင်းနက်ကြီးသည် ကြက်ဖကြီးအား မထီမဲ့မြင် ဆက်ဆံခဲ့သည်မှာ အထူးအဆန်း မဟုတ်တော့ပေ။
၎င်းသည် စွမ်းအင်သက်သက်ဖြင့် ကြက်ဖကြီးအား ဖိနှိပ်ထားနိုင်သည် မဟုတ်လော။
အားလုံးမှာ ကြက်ဖကြီးထံ အကြည့်ရောက်လာသည်။ အန်လင်းတို့သည်ပင် မည်သည့်နည်းလမ်းကိုသုံးကာ ကြက်ဖကြီး ထွက်ပြေးမည်ကို စိတ်ဝင်စားနေမိကြသည်။
မဟူရာဆူးနှင့် ကြက်ဖကြီးသည် ငှက်အမျိုးအစား စိတ်ဝိဉာဉ်သားရဲ ဖြစ်သောကြောင့် သားရဲများကြားတွင် အလျင်မြန်ဆုံးဟု ဆိုနိုင်သည်။ ၎င်းသာ ထွက်ပြေးခဲ့ပါက မြင်းနက်ကြီးထံမှ လွတ်မြောက်နိုင်ခြေ ရှိပေသည်။
"ကိုယ်ဖင်ကိုယ်ယိုးလိုက်..... ငါယိုးမသားလေး...... ကတော့.....ကတော့.....ကတော့.....သေတာရှင်တာ စိတ်မဝင်စားဘူး။ ငါက တိုက်ခိုက်ဖို့ပဲ မွေးလာတာကွ.... ကတော့။"
အန်လင်း အံ့အားသင့်ရသည်မှာ မဟူရာဆူးနှင့် ကြက်ဖကြီးသည် ထွက်ပြေးရမည့်အစား မြင်းနက်ကြီးထံ တည့်တည့်ပြေးဝင်သွားခြင်းပင်။
၎င်းသည် အတောင်များ ဖြန့်လိုက်သည်နှင့် မဟူရာဆူးများမှာ ထက်ရှလှသော ဓားသွားများအလား လျင်မြန်လှသော အရှိန်ဖြင့် ပျံဝဲသွားသည်။ ဆူးတစ်ချောင်းစီသည် သံမဏိအား ဖြတ်တောက်နိုင်သည်အထိ သန်မာလွန်းလှသည်။
အားကောင်းတယ်.....
မြန်လွန်းတယ်........
သားရဲများအားလုံး မျက်တောင်ပင် မခတ်နိုင်ကြပေ။
ထိုအချိန်တွင် ၎င်းတို့မှာ ကြက်ဖကြီးအား လေးစားမိနေကြသည်။
တောက်ပနေသော ဓားမော့ပုံရိပ်မှာ မဟူရာဆူးများအား ထောပတ်တုံးတစ်ခု လှီးသလို ခုတ်ပိုင်းပစ်လိုက်ပြီးနောက် ကြက်ဖကြီး၏ ခန္ဓာကိုယ်ပေါ် ရောက်ရှိလာသည်။
ကြက်ဖကြီး၏ အမူအရာမှာ အေးခဲသွားပြီးနောက် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ သွေးများပန်းထွက်လာသည်။
စောင့်ကြည့်နေသော သားရဲများ : "........."
အန်လင်း : "........"
စုရှောင်လန် : "........."
"ဟီးဟီးဟီး.....ဒီညတော့ ကြက်စွပ်ပြုတ် လွေးရချည်သေးရဲ့...."
မြင်းနက်ကြီးမှာ ပျော်ရွှင်စွာ ရယ်မောကာ ဓားမော့အား သိမ်းဆည်းလိုက်သည်။
၎င်းသည် နှစ်ပိုင်းပြတ်နေသော ကြက်ဖကြီးအား သိုလှောင်လက်စွပ်ထဲထည့်ကာ စောင့်ကြည့်နေသူများကို ဂရုပင်မစိုက်ပဲ အဝေးသို့ ထွက်ခွာသွားတော့သည်။
"ဆရာ.....ကျွန်တော် နားမလည်ဘူး။ အဲ့ကြက်ဖက ဘာလို့မပြေးတာလဲ။"
ရှောင်ဇယ် ကြောင်အမ်းအမ်း ဖြစ်နေသည်။
အန်လင်းသည်လည်း ရှောင်ဇယ်ကဲ့သို့ပင် နားမလည်နိုင် ဖြစ်နေသည်။ ကြက်ဖကြီးသည် ကျင့်ကြံရေးလောကအပေါ် ထားရှိသော သူ၏အတွေးအမြင်များအား ပြောင်းလဲပစ်လိုက်သလိုပင်။
"ငါလည်း မပြောတတ်ဘူး။ အဲ့ကြက်ဖဆီမှာ အခြေအနေတွေ ပြောင်းပစ်နိုင်မယ့် ဝှက်ဖဲ ရှိမယ်ထင်နေတာ။ တကယ်တော့ ကြက်စွပ်ပြုတ်အတွက် ခန္ဓာကိုယ် အလှူပေးနေတာပဲ။"
"အသိစိတ် မရှိတော့လည်း ခံလိုက်ရတာပေါ့။"
စုရှောင်လန် သက်ပြင်းချလိုက်သည်။
"အစက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှာရှိတဲ့ သားရဲတွေက စိတ်ဝိဉာဉ်မှာ ပြစ်ချက်ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို မယုံခဲ့ဘူး။ အခုတော့ စိတ်ပြောင်းသွားပြီ။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီကောင်တွေက အကြောင်းပြချက် မရှိပဲ ဒေါသထွက်ပြီးတော့ ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ အသေခံ တိုက်ခိုက်ကြတယ်။ သူတို့ မျိုးမတုန်းသွားတာတောင် အံ့သြစရာ ကောင်းနေပြီ။"
ထိုအချိန်မှာပင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခု ပျံ့နှံ့လာသည်။
"လူသား.....မင်းစကားကို ငါလျစ်လျူမရှုနိုင်ဘူး။ မင်းပြောလိုက်တဲ့ စကားက ငါအပါအဝင် ဒီမှာရှိနေတဲ့ သားရဲတိုင်းကို စော်ကားလိုက်တာပဲ။"
လူပုံစံ နွားသတ္တဝါမှ အန်လင်းအား စူးစိုက်ကြည့်ရှုလာသည်။
အန်လင်း အနည်းငယ် အံ့သြကာ တောင်းပန်လိုက်သည်။
“ပြောတာလွန်သွားလို့ တောင်းပန်ပါတယ်။"
"ဟားဟားဟား.....တောင်းပန်တာသာ အသုံးဝင်ရင် လက်သီးတွေက ဘာလုပ်ရမှာလဲ။"
နွားကြီးမှာ ရက်စက်စွာ ရယ်မောလိုက်သည်။
အန်လင်း : "........"
စုရှောင်လန် : "..........."
"ညီအစ်ကိုတွေ......ဒီလူသုံးယောက်က ငါတို့ သားရဲတွေနဲ့ ပက်သတ်ပြီး အမြင်မကြည်ဘူးထင်တယ်။ ငါတို့ ဘာလုပ်ကြမလဲ။"
နွားကြီး အော်မေးလိုက်သည်။
"သတ်ပစ်ရမှာပေါ့။"
"မဟုတ်ဘူး။ စားသင့်တယ်။"
"ဒါပေမယ့် လူသားတွေက သေးလွန်းတယ်လေ။ ဘယ်လိုခွဲယူကြမှာလဲ။"
"ငါခေါင်းစားမယ်။"
"ငါနှလုံးစားမယ်။"
"ငါက အရိုးကိုက်မှာနော်။ လာမလုကြနဲ့....ဝုတ်......"
သားရဲများမှာ အန်လင်းတို့အား မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလာသည်။
အန်လင်းသည် ၎င်းတို့၏ တိုက်ပွဲစိတ်ဆန္ဒများအား ခံစားမိနေသည်။ ယခင် တိုက်ပွဲများသည် ၎င်းတို့အား စိတ်ကြွစေခဲ့ပုံပင်။