← Chapters

ဒေသအစားအစာ

Vol. 56 Ch. 780

ဒေသအစားအစာ

Vol. 56 Ch. 780

ဆယ်နှင့်ချီသော သားရဲများ စုဝေးလာသည်။

၎င်းတို့ထဲတွင် အနည်းငယ်ကသာ အင်အားကြီးပါသော်လည်း အခြားသူများမွာ ပြဿနာ ပြီးဆုံးသွားပါက အရိုးအရင်းမျှရရန် စောင့်မျှော်နေသူများသာ ဖြစ်သည်။

သားရဲများအားလုံးသည် ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် အန်လင်းတို့အား စူးစိုက်ကြည့်ရှုနေကြသည်။ အချို့သည် လက်နက်များထုတ်ကာ အချို့သည် လက်သည်းများထုတ်လျက် အချို့မှာမူ အစွယ်များ ဖြဲပြနေကြသည်။

၎င်းတို့အားလုံးမှာ အန်လင်းတို့အား တစ်စစီ ဆွဲဖြဲချင်နေပုံပင်။

"ရှောင်လန်...... ကြည့်ရတာ ကိုယ်တို့တွေ မတော်တဆ ရန်သူရှိလာပုံပဲ။"

အန်လင်း သက်ပြင်းချလိုက်သည်။

"သူတို့အားလုံးက အမှိုက်တွေပဲကို.....ရန်သူဖြစ်တော့ရော ဘာဖြစ်လဲ။"

စုရှောင်လန်မှာ အနည်းငယ်မျှပင် ဂရုစိုက်ပုံ မရေပေ။

ရှောင်ဇယ်နှင့် အန်လင်း နှစ်ဦးလုံးမှာ စုရှောင်လန်အား လေးစားစွာ ကြည့်ရှုလိုက်ကြသည်။

သူမရဲ့စကား...... သူမရဲ့ပုံစံ..... အားလုံးက အရမ်းမိုက်တယ်ကွာ.......

မဟုတ်သေးဘူး........

အန်လင်း ရုတ်တရက် အသိစိတ် ဝင်လာသည်။

အခုနောက်ပိုင်း စုရှောင်လန်က ဘာလို့အကြွားသန်နေရတာလဲ......

ဘုရားရေ...... ဒါက တကယ့်ပြဿနာပဲ......

အခုတလော တစ်ခုခု မှားနေသလို ခံစားနေရတာ မထူးဆန်းတော့ပါဘူး........

စုရှောင်လန်က ငါ့ထက်ပိုပြီး အကြွားထူနေတာပဲ.....

လုံးဝမဖြစ်ဘူး......

ဒီအခြေအနေကို ပြန်ပြောင်းပစ်ရမယ်..........

ထိုအချိန်မှာပင် သားရဲများမွာ သွေးဆာနေသော မျက်ဝန်းများဖြင့် ၎င်းတို့အား ခုန်အုပ်လာသည်။

အန်လင်း ရှေ့သို့ထွက်ကာ သားရဲများအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

"သခင်ကြီးအန်လင်းက ဘာမှရှင်းပြနေမှာ မဟုတ်ဘူး။ ဒေါင်းဇားတွေ ငါ့ရှေ့လာပြီး ဒူးထောက်ကြစမ်း။"

သူ၏မျက်ဝန်းများမှာ ရွှေရောင်တောက်ပလာပြီး ပြင်းထန်လှသော အရှိန်အဝါများ ဖြာထွက်လာသည်။

အံ့ဖွယ်ခွန်အားနည်းစနစ်.......

ရွှေရောင်စွမ်းအင်လှိုင်းများသည် သားရဲများအား တမုဟုတ်ချင်း ဖိနှိပ်ပစ်လိုက်သည်။

သားရဲများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုအား ရင်ဆိုင်လိုက်ရသည့်နှယ် နေရာတွင်ပင်ရပ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

အင်အားကြီးသော သားရဲအနည်းငယ်မျှလွဲ၍ အခြားသော သားရဲများမှာ မြေပြင်ပေါ် အတုံးအရုံး လဲကျကုန်သည်။

အင်အားကြီး သားရဲများသည်ပင် အကြောက်တရားကြောင့် ဒူးထောက်လျက်သား ဖြစ်ကုန်ရလေသည်။

ထိုဖိအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

သားရဲများအားလုံး၏ နှလုံးသားထဲတွင် တူညီသော အကြောက်တရားများ ဖြစ်ပေါ်လာသည်။

အန်လင်းမှာ သားရဲများကိုကြည့်ကာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ သူ၏ယုံကြည်ချက်များ ပြန်လည်ရရှိခဲ့ပြီပင်။

ဒီကောင်တွေ ဖြုံသွားလောက်ပြီ......

သို့သော် အံ့အားသင့်စရာ ကောင်းစွာပင် သားရဲများသည် ထွက်မပြေးသလို အသနားလည်း မခံကြပေ။ ထိုအစား ပိုမိုရက်စက်စွာဖြင့် အန်လင်းထံ လျင်မြန်စွာ ခုန်ဝင်လာကြသည်။

ဒင်းတို့တွေက သေရမှာ မကြောက်ဘူးလား......

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားချိန်မှာပင် အဖြူရောင်မီးတောက်များကို ထွက်ပေါ်လာကာ သားရဲများအား လွှမ်းမိုးသွားစေလိုက်သည်။

သားရဲများသည် အော်ဟစ်ရန်ပင် အချိန်မရပဲ မီးမြှိုက်ခံလိုက်ရသည်။

"ဒီလို ဘာမဟုတ်တာတွေနဲ့ အချိန်ကုန် မခံနဲ့။ တခြားတစ်နေရာ သွားရအောင်။"

စုရှောင်လန်၏ လက်ညှိုးထိပ်တွင် မြင့်မြတ်သော ဗာမီလီယမ်မီးတောက်များ လောင်ကျွမ်းနေဆဲပင်။

"ဒါမှ ဆရာ့မိန်းမ....."

ရှောင်ဇယ်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းများ တောက်ပနေသည်။

စုရှောင်လန်၏ မီးတောက်သည် အလွန်သန့်စင်ကာ မြင့်မြင့်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်ကို သူခံစားနိုင်ပေသည်။

အန်လင်း : ".........."

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော သားရဲများမှာလည်း စုရှောင်လန်၏ မီးတောက်အား တွေ့လိုက်ရပြီးနောက် ပါးစပ်အဟောင်းသားဖြစ်ကာ မသိချင်ယောင် ဆောင်နေကြတော့သည်။ ထို့နောက် အလျင်အမြန်ပင် လူစုခွဲသွားလေသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသည် လူသားမျိုးနွယ်နှင့် အတော်ပင် အလှမ်းဝေးသောကြောင့် ၎င်းတို့ကြားတွင် ရန်ငြှိုးရန်စ မရှိလှပေ။

မည်သို့ပင်ဆိုစေကာမူ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသို့ ရောက်ရှိလာသော လူသားများအား သားရဲမျိုးနွယ်စုများမှ အနိုင်ကျင့်လေ့ ရှိကြသည်။ ထို့ကြောင့် ဤနေရာတွင် လူသားများနှင့် သားရဲမျိုးနွယ်စုများ၏ ဆက်ဆံရေးမှာ ဆိုးရွားကာ ရန်ပွဲများလည်း မကြာခဏ ဖြစ်ပေါ်တတ်သည်။

အန်လင်းသည် ထိုအချက်အား အထူးအဆန်း မဖြစ်မိပေ။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင်ရှိသော သားရဲများသည် အချင်းချင်းပင် သတ်ပုတ်ကြသောကြောင့် ရောက်ရှိလာသော လူသားများကိုလည်း ရန်မူကြပေလိမ့်မည်။

စိတ်ရှုပ်ရသော ပြဿနာအား ကြုံခဲ့ရပြီးနောက် ၎င်းတို့သုံးဦးသည် သတိထားရန် ဆုံးဖြတ်ကာ မျက်နှာများကို ဖုံးကွယ်ရန်အတွက် အနက်ရောင် ဝတ်ရုံများ အသုံးပြုခဲ့ကြသည်။

ပိုင်ဟူမြို့တော်တွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများလည်း ရှိကောင်းရှိနေနိုင်သောကြောင့် လုံခြုံရေးအား ဦးစားပေးသင့်ပေသည်။

၎င်းတို့သည် မြို့တော်တလျှောက် သွားလာနေခဲ့ပြီး ထူးခြားဆန်းကြယ်သော သားရဲများစွာကို မြင်တွေ့ခဲ့ရသည့်အပြင် သားရဲအမျိုးအစား များပြားလှသောကြောင့် ထပ်တူညီသော သားရဲအမျိုးအစားအား ပြန်မတွေ့ရပေ။ ထိုသားရဲများအား စွယ်စုံကျမ်း ပြုစုမည်ဆိုလျှင်ပင် စာအုပ်ရေ ရာထောင်ချီမက ပြုလုပ်ရလောက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ပိုင်ဟူမြို့တော် တစ်ခုတည်းတွင်ပင် သားရဲအမျိုးအစားပေါင်း တစ်သောင်းကျော်မျှ ရှိပေလိမ့်မည်။

အန်လင်းမှာလည်း အတော်လေး အမြင်ကျယ်လာရသည်။

စုရှောင်လန်သည်လည်း အတူတူပင် ဖြစ်သည်။ သူမသည် အချိန်နှင့်အမျှ ရယ်စရာကောင်းသော သားရဲများကို မြင်တွေ့နေရသည်။

ဥပမာအားဖြင့် အနက်ရောင်ဘောလုံးနှင့်တူသော သန္ဓေပြောင်းသားရဲတစ်ကောင်သည် ကိုယ့်ကိုယ်ကို တွန်းအားပေးမှသာ ရွေ့လျားနိုင်သည်။ ထို့ကြောင့် ရှေ့သို့လျှောက်ရန် အဆက်မပြတ် အီးပေါက်နေရပြီး ထိုမြင်ကွင်းမှာ ရယ်ရွှင်ဖွယ် ကောင်းလွန်းသောကြောင့် စုရှောင်လန်အား အူလှိုက်သည်းလှိုက် ရယ်မောစေသည်။

ကြီးမားလွန်းသော နားရွက်များရှိသည့် ဝက်တစ်ကောင်သည် နားရွက်များအား ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပျံဝဲနေသည့် မြင်ကွင်းမှာလည်း ရယ်ချင်ပက်ကျိ ဖြစ်ချင်စဖွယ်ပင်။

ပန်းပွင့်ကြီးနှင့်တူသော သန္ဓေပြောင်းသားရဲ တစ်ကောင်သည်လည်း အစိမ်းရောင်သစ်နွယ်များကိုသုံးကာ လမ်းလျှောက်ရသည်။ ၎င်း၏အနီရောင် ပွင့်ချပ်များပေါ်တွင် အချိုးမကျသော ပါးစပ်ပေါက်ကြီးတစ်ခု ရှိနေသည်မှာ ကပ်သီးကပ်ဖဲ့ နိုင်လွန်းလှသည်။ ရုတ်တရက်ကြည့်လျှင် နတ်သမီးထောင်ခြောက်ပင်ဟု ထင်ရပါသော်လည်း ထိုသည်မှာ သားရဲ၏ အာခံတွင်း ဖြစ်သည်။

အန်လင်းတို့သည် ထိုပန်းပွင့်သားရဲနားမှ ဖြတ်လျှောက်သွားသောအခါ ၎င်းသည် ကျွတ်ဆတ်သော အစိမ်းရောင်ဝါးပင်အား သစ်ရွက်လက်များဖြင့်ကိုင်ကာ တမြုံ့မြုံ့ ဝါးနေသည်ကို တွေ့လိုက်ရသည်။ ဝါးပင်၏ ထက်ရှမှုကြောင့် ၎င်း၏ပါးစပ်များ ကွဲပြဲနေသည်မှာ အနည်းငယ် ဆန်းကြယ်သော သံသရာတစ်ခုလိုပင်။

အန်လင်းနှင့် စုရှောင်လန်သည် လက်ချင်းတွဲကာ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ ရှုခင်းနှင့် မြင်ကွင်းများကို ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနေကြသည်။ အချိန်တစ်ခုမျှ ကြာမြင့်လာပြီးနောက် ၎င်းတို့လည်း ပင်ပန်းလာသည့်အတွက် ဒေသအစားအစာများ မြည်းစမ်းရန် အဆင့်မြင့် စားသောက်ဆိုင်တစ်ခုထဲ ဝင်လာခဲ့လိုက်သည်။

"ဝင်ခဲ့ကြပါ.....ကြိုဆိုပါတယ်။ ဒီနေ့ ကျုပ်တို့ဆိုင်မှာ ဟင်းလျာအသစ် ရှိတယ်။ ကျုပ်တို့ရဲ့ သားသတ်သမား ဓားခုတ်ကောင်က မစ်နာတော ဂျက်ခ်ကို သတ်ထားတယ်။"

(ဂရိဒဏ္ဍာရီတွင် မစ်နာတော မိနောတာ သည် ဂန္ထဝင်ခေတ်ကာလများတွင် နွားသိုး၏ ဦးခေါင်းနှင့် အမြီး၊ လူခန္ဓာကိုယ် ဖြင့် သရုပ်ဖော်ရေးဆွဲကြသည့် ဒဏ္ဍာရီလာ သတ္တဝါဖြစ်သည်။ သို့မဟုတ်ပါကလည်း ရောမ ကဗျာဆရာ အောဗစ်က လူတစ်ပိုင်း၊ နွားသိုးတစ်ပိုင်းဟု ဖော်ပြသည်။ ၎င်းသည် အလွန်တရာရှုပ်ထွေးသော လားဘရင့်သ် ခေါ် ဝင်္ကပါ၏ အလယ်တွင်နေထိုင်ကျက်စားသည်။)

"ဂျက်ခ်ရဲ့အသားက အရမ်းအရည်ရွှမ်းပြီး အသားဓာတ်လည်း ပြည့်ဝတယ်နော်။ စားလိုက်ရင် ခန္ဓာကိုယ်ကို အားအင်စေနဲ့ ပြည့်သွားစေလိမ့်မယ်။ စားချင်တယ်ဆို မြန်မြန်သာ လာလိုက်တော့။ ဘာလို့လဲဆိုတော့ ကျုပ်တို့ဆိုင်က ဦးသူယူစနစ်ပဲ။ မကြာခင် ဂျက်ခ်အသားတွေ ကုန်သွားတော့မှာနော်။"

မစ်နာတောတစ်ကောင်မှာ ဆိုင်ရှေ့တွင် အော်ဟစ်ရောင်းချနေသည်။

သားရဲများမှာ ကြိုက်နှစ်သက်သော အသားအား ဝယ်ယူနိုင်ရန် ချက်ချင်းပင် ဝိုင်းအုံလာကြတော့သည်။

"အမဲသား ငါးကီလိုဂရမ် လိုချင်တယ်။"

"နွားကျောက်ကပ် ငါးရာဂရမ်ပေးပါ။"

"နွားခေါင်းတစ်ခုလုံး ယူမယ်ဗျို့...."

"ငါက နွားမြှီးနော်။"

သားရဲများမှာ မစ်နာတော ဂျက်ခ်၏အသားအား ရရှိရန် အသည်းအသန် မှာယူနေကြသည်။

အန်လင်း : "........"

စုရှောင်လန် : ".........."

ရှောင်ဇယ် : "..........."

မစ်နာတောတစ်ကောင်မှာ အခြားသော မစ်နာတောတစ်ကောင်၏ အသားများအား ရောင်းချလိုက်ပြီးနောက် နောက်ထပ်အထူးဟင်းလျာတစ်ခုကို ပြင်ဆင်လိုက်သည်။

"လာကြနော်......ကျုပ်တို့ဆိုင်မှာ ဟင်းလျာအသစ် ရှိတယ်။ ဒါက ညအချိန်မှာ ကျက်စားတဲ့ မဟူရာနှပ်ချေးပိုးကောင်ဧကရီပဲ။ ကျားဖြူစစ်သည်တော်ကိုယ်တိုင်သတ်ပြီး ကျုပ်တို့ဆိုင်ကို လာရောင်းသွားတာ။ ဒီမဟူရာနှပ်ချေးပိုးကောင်ဧကရီက အလေးချိန် ငါးဆယ်ကီလိုဂရမ် ရှိတဲ့အပြင် အရည်ရွှမ်းပြီး အရမ်းအရသာ ရှိတာနော်။ ဒီဟင်းလျာကတော့ လုံးဝကို လက်လွှတ်မခံသင့်ဘူးဗျို့။"

မစ်နာတောမှာ အော်ဟစ်ရောင်းချနေသည်။

အစောပိုင်းကလိုပင် ဝယ်ယူသူများ ပြည့်နှက်သွားပြန်သည်။

အန်လင်း၊ စုရှောင်လန်နှင့် ရှောင်ဇယ်တို့မှာမူ နာမည်နှင့်ပင် အန်ထွက်ချင်နေလေပြီ။

နှပ်ချေးပိုးကောင်က ဘာများကောင်းနေလို့လဲ......

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက မျိုးနွယ်စုတွေက ရွံစရာကောင်းတာတွေ ကြိုက်ကြတာလား........

စုရှောင်လန် တိုးညင်းစွာ ရေရွတ်လိုက်သည်။

"သူတို့အသားတွေက ဒီကပဲ ရကြတာပေါ့။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ပိုင်ဟူမြို့တော်က မျိုးနွယ်စုတွေက အရမ်းသတ္တိရှိကြတာပဲ။ နောက်လိုက်တွေ ဗိုက်မဆာဖို့ ကိုယ့်ကိုယ်ကို အနစ်နာခံကြတယ်။ ကိုယ်တော့လေးစားမိတယ်။"

"တော်ပါတော့ ဆရာရယ်။"

ရှောင်ဇယ် စိတ်ပျက်စွာ စကားဆိုလိုက်သည်။

"ကျွန်တော်တော့ စားချင်စိတ်တောင် ပျောက်သွားပြီ။ ကိုယ့်ဘာသာပဲ အကြော်ဒယ်အိုးနဲ့ ချက်စားကြရအောင်။"

အန်လင်း : "အကြံကောင်းပဲ။"

စုရှောင်လန် : "ငါလည်းသဘောတူတယ်။"

ထို့နောက် ၎င်းတို့သုံးဦးမှာ စားသောက်ဆိုင်မှ ထွက်ခွာခဲ့ကြတော့သည်။

All Chapters