← Chapters

သားရဲကောင်းကင်ကင်းထောက်

Vol. 56 Ch. 781

သားရဲကောင်းကင်ကင်းထောက်

Vol. 56 Ch. 781

ပိုင်ဟူမြို့တော်၏ သီးသန့်ရေပြင်တစ်ခုဘေး၌

အန်လင်း၊ စုရှောင်လန်နှင့် ရှောင်ဇယ်တို့သည် အကြော်ဒယ်အိုးအနားတွင် ပတ်ပတ်လည် ထိုင်နေကြသည်။

၎င်းတို့သည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ ဒေသအစားအစာများ မြည်းစမ်းချင်ခဲ့ပါသော်လည်း စိတ်ဆင်းရဲစရာ ဟင်းလျာများကြောင့် စားချင်စိတ်ပင် ပျောက်သွားရသည်။

ထို့အပြင် အကြော်ဒယ်အိုးနှင့် ချက်ပြုတ်ထားသော အစားအစာအား မည်သည့်ဟင်းပွဲကမှ မမီနိုင်ပေ။

အထူးသဖြင့် ပုံမှန်မဟုတ်သော ဟင်းလျာများနှင့် ယှဉ်လာပါက ပို၍ပင် သိသာသေးသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ သားရဲများသည် အသားစား သတ္တဝါများ ဖြစ်ရုံသာမက နှပ်ချေးပိုးကောင်ကိုပင် စားသုံးသောကြောင့် ၎င်းတို့၏ အစားအသောက်နှင့် ပက်သတ်သော အဆင့်အတန်းမှာ နိမ့်ပါးလွန်းလှသည်။

စုရှောင်လန်သည် အားလုံးအတွက် ချက်ပြုတ်ပေးနေပြီး အရသာငါးသွယ်ပါသောငါးအား ချက်နေသည်။

အန်လင်းနှင့် ရှောင်ဇယ်တို့မှာ အရသာငါးသွယ်အား မြည်းစမ်းကြည့်လိုက်ကြသည်။ အချဉ်၊ အငန်၊ အစပ်၊ အချိုနှင့် ကြွပ်ရွခြင်း အရသာတို့ ပါဝင်ပြီး အရသာသက်တံ့တစ်ခုလိုပင်။ ထိုအရသာသက်တံ့သည် ခန္ဓာကိုယ် တစ်ခုလုံးထံ စီးဆင်းသွားသောကြောင့် ၎င်းတို့မှာ မထိန်းချုပ်နိုင်ပဲ တုန်လှုပ်သွားရလေသည်။

"ကောင်းလိုက်တာ..... ဆရာ့မိန်းမက ဆရာထက်တောင် ဟင်းချက်ကောင်းသေးတယ်။ ဒီဟင်းပွဲက တမိုးအောက်မှာ အကောင်းဆုံးပဲ။"

ရှောင်ဇယ် စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

အန်လင်း မျက်စောင်းထိုးလာလေသည်။

"ငါ့ရှေ့မှာ ပြောရဲလောက်အောင် အသိစိတ် မဲ့နေပြီပေါ့။ မင်းအတွက် ဟင်းတွေချက်ပေးမိခဲ့တာ တကယ်နောင်တရတယ်။"

"ဆရာ..... ကျွန်တော်က မလိမ်တတ်ဘူးလေ။ အမှန်တရားပဲပြောတာ။"

ရှောင်ဇယ်မှာလည်း အနည်းငယ်ပင် လျှော့မသွားပေ။

သူသည် အတူရှိနေစဉ် ရက်အနည်းငယ်အတွင်း ကြီးစဉ်ငယ်လိုက်အား နားလည်သွားခဲ့သည်။ စုရှောင်လန်သည် ထိပ်ဆုံးတွင် ရှိနေသူ ဖြစ်သောကြောင့် သူမအား ဖက်တွယ်ထားပါက အနာဂတ်အတွက် ကောင်းမွန်ပေလိမ့်မည်။

ဆရာဖြစ်သူသည် အနာဂတ်တွင် ကျင့်ကြံရေးနှင့် ပက်သတ်သော အကြောင်းအရာများ သင်ကြားပေးရန် ငြင်းဆိုလာနိုင်သည်။

ထိုအချိန်သို့ ရောက်ရှိလာပါက ဆရာ့မိန်းမအား ဖိအားပေးခိုင်းလိုက်ရုံသာ။

ဟဲဟဲ...... ငါလေးကတော်ချက်......

ရှောင်ဇယ်မှာ ကိုယ့်အတွေးနှင့်ကိုယ် စိတ်ကျေနပ်နေမိသည်။

အန်လင်းမှာမူ တပည့်အတုအား လက်ခံမိသလို ခံစားနေရလေသည်။

ဒီကောင် ဘာလို့များ ဆရာ ရင်နာအောင် လုပ်နေရတာလဲ......

စုရှောင်လန်မှာ ဘူနေသော အန်လင်းအားကြည့်ကာ ရယ်မောလိုက်ပြီးနောက် ငါးအသားအချို့အား ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။

"ငါးလေးစားပြီး ဒေါသဖြေလိုက်ပါဦး။"

ထိုကိစ္စနှင့်ပက်သတ်၍ အန်လင်းမှာ ဒေါသထွက်မနေပေ။ တပည့်ဖြစ်သူ၏ မြှောက်လုံးများကြား နေသားကျနေသောကြောင့် ရုတ်တရက်ဆန်သော အပြောင်းအလဲအား စိတ်အလိုမကျ ဖြစ်မိခြင်းပင်။ စင်စစ်အားဖြင့် စုရှောင်လန်၏ လက်ရာအား မြည်းစမ်းခွင့်ရသည်ကို သူကိုယ်တိုင် ကျေနပ်မိပေသည်။

"မနက်ဖြန်က ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်ကနေ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို အစည်းအဝေး ခေါ်ထားတဲ့နေ့ပဲ။ တစ်ခုခု ပြင်ဆင်ထားရမလား။"

စုရှောင်လန် မေးမြန်းလိုက်သည်။

"မလိုပါဘူး။ ရွှေကျားကို ကိုယ်တို့နဲ့ ခေါ်သွားရုံပဲလေ။ တစ်ခုခုဆို လက်သီးနဲ့ ဖြေရှင်းကြတာပေါ့။"

အန်လင်း ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

ရွှေကျားကြီး၏ ခန္ဓာကိုယ်ထဲတွင် စုရှောင်လန်ကိုယ်တိုင် မြင့်မြတ်မီးတောက်မျိုးစေ့တစ်ခု ထည့်သွင်းထားသည်။ ၎င်းသာ စုရှောင်လန်အား သစ္စာဖောက်ခဲ့ပါက ဆိုးဆိုးရွားရွား ပေါက်ကွဲကာ ပြာကျသွားပေလိမ့်မည်။

အန်လင်းတို့သည် ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲဖြစ်သော  ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်၏ အကြံအစည်အား ဖော်ထုတ်နိုင်ရန် ရွှေကျားကြီး၏ အစေခံများအဖြစ် ဟန်ဆောင်ကြမည်ပင်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ လျှို့ဝှက်ချက်များအား အတော်အသင့် သိပေလိမ့်မည်။ ၎င်းတို့လိုအပ်နေသော သတင်းအချက်အလက်များအတွက် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အား ချည်းကပ်ခြင်းမှာ အသင့်တော်ဆုံး ဖြစ်မည်ဖြစ်သည်။

............

ညရောက်လာသည်နှင့်အတူ မြို့တော်အတွင်း ထူးထူးဆန်းဆန်း အသံများ ပျံ့နှံ့လာသည်။

ဟောက်သံများသည် မိုးခြိမ်းသံအလား ကျယ်လောင်ပြီး ကလေးများ၏ ငိုကြွေးသံနှင့် အခြားနားကွဲမတတ် စူးရှရှအသံများလည်း ပဲ့တင်ထပ်နေသည်။ ညဘက်တွင် ကျက်စားသော သားရဲများမှာ နေ့ဘက်နှင့် ယှဉ်ပါက နည်းပါးပါသော်လည်း ဆူညံပွက်လောရိုက်နေလေသည်။

ထိုသည်မှာ ခြောက်ခြားစရာ မြို့တော်တစ်ခုလိုပင်။

ဝုန်း........

ပိုင်ဟူမြို့တော်တွင် ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြန်သည်။

အဆောက်အဦးတစ်ခု၏ ခေါင်းမိုးပေါ်တွင် ရှိနေသော အန်လင်းတို့မှာ အဝေးရှိ တိုက်ပွဲအား ကြည့်ရှုနေကြသည်။

အန်လင်းသည် သားရဲမျိုးနွယ်စုများနှင့် ပက်သတ်၍ ဘာမှပင် မပြောနိုင်တော့ပေ။ ယခုတိုက်ပွဲသည် ယနေ့ညအတွက် နှစ်ဆယ့်ခုနစ်ခုမြောက်ဖြစ်ပြီး သတ်ပုတ်ကြသော သားရဲများအားလုံးမှာ အနည်းဆုံး စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ရှိကြသည်။

ပိုင်ဟူမြို့တော်၏ အဆောက်အဦးများအားလုံး ဖြစ်သလို ဆောက်လုပ်ထားရသည့် အကြောင်းအရင်းကိုပင် စတင်နားလည်လာမိသည်။ နေ့စဉ်နေ့တိုင်း တိုက်ပွဲရှိနေသောကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်သည့် အဆောက်အဦး တစ်ခုအား မည်သူကမှ အရေးတယူ ဆောက်လုပ်နေမည် မဟုတ်ပေ။

ကျင့်ကြံရေးအဆင့်ချင်း တူညီပါက ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေရှိ ကျင့်ကြံသူများသည် ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင်ပင် တိုက်ခိုက်ရေးစွမ်းရည်နှင့် ပက်သတ်၍ ထိပ်တန်းအဆင့် ရှိပေလိမ့်မည်။

ထိုအချက်မှာ အလွန်ပင် အဓိပ္ပါယ်ရှိသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေတွင်ရှိသော သားရဲများအားလုံးသည် အလောင်းပုံပေါ်ရပ်ကာ ရုန်းကန်နေရသူများသာ ဖြစ်သည်။

ဤနေရာတွင် တိုက်ခိုက်ခြင်းများ အဆုံးမသတ်နိုင်ပေ။ မသေသေးသူများအားလုံးသည် တိုက်ရည်ခိုက်ရည် ကောင်းမွန်ကြသူများပင်။

ဝုန်း........

အဖြူရောင် လျှပ်စီးတစ်ခု ကောင်းကင်ထက်မှ သက်ဆင်းလာသည်။

အန်လင်းတို့မှာ အနည်းငယ် အံ့အားသင့်သွားလေသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရောက်ရှိလာခြင်းပင်။

၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးတွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။

တောက်လောင်နေသော မီးတောက်မီးလျှံများလည်း ဆင်းသက်လာလေသည်။

ပျံသန်းနေသော မီးလျှံမြင်းတစ်ကောင် တိုက်ပွဲနေရာသို့ ရောက်ရှိလာသည်။

မဟူရာ အခိုးအငွေ့များ ထနေသော စပါးအုံးတစ်ကောင်မှာလည်း တိုက်ပွဲအတွင်း ဝင်ပါလာတော့သည်။

မျက်စိတမှိတ်အတွင်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများ၏ တိုက်ပွဲအတွင်းသို့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲသုံးကောင် ရောက်ရှိလာသည်။

ထို့နောက် အိမ်တော်တစ်ခုမှ လူခန္ဓာကိုယ်နှင့် ခြင်္သေ့သတ္တဝါ ထွက်ပေါ်လာကာ ပုဆိန်ဖြင့် ပေါက်လိုက်သည်။

"မင်းတို့အားလုံးကို ယီးပဲကွာ။ ငိုးမသားတွေ..... ငါက အိပ်မလို့ ကြိုးစားနေတာကို....."

"မင်းကဘာကောင်မလို့လဲ။ မင်းကိုလည်း ငါကယီးပဲထင်တယ်။ သတ္တိရှိရင် လာတိုက်လိုက်။"

စပါးအုံးကြီးမှ အေးစက်စွာ ခနဲ့လိုက်သည်။

"ဟား....... ငါမင်းကို သတ်ပစ်မယ်။"

ခြင်္သေ့ကြီးမှာလည်း တိုက်ပွဲထဲသို့ ရောက်ရှိလာတော့သည်။

အန်လင်း : ".........."

ရှောင်ဇယ်လည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

"မရဏတိုက်ပွဲက အခုချိန်ထိလည်း ရှိတာပဲလား။ ဒီသားရဲတွေအားလုံး ရူးနေကြတာပဲ။"

အန်လင်း လေးလေးနက်နက်တွေးကာ မေးဖျားကို ပွတ်နေသည်။

"ဖြစ်နိုင်ပါတယ်။"

"ဒါပေမယ့် ရူးသွပ်မှုနဲ့ ပက်သတ်ပြီး ဘာသတင်းအချက်အလက်မှ မရှိသေးဘူး။"

"ရထားတဲ့ သတင်းအချက်အလက်တွေနဲ့တော့ ကွဲနေသလိုပဲ။ ဘာပဲဖြစ်ဖြစ် အဓိက အကြောင်းအရင်းကို သိလာရမှာပါ။"

စုရှောင်လန် အဝေးကိုကြည့်ကာ ပြောလိုက်သည်။

ထိုအချိန်တွင် တိုက်ပွဲမှာ အတော်ပင် ပြင်းထန်နေလေပြီ။

သို့သော် အကြောင်းအရင်းအချို့ကြောင့် တိုက်ပွဲမှာ ပိုမိုဝေးကွာလာသည်။

အသံများအားလုံး ပျောက်ကွယ်ကာ ကမ္ဘာကြီးမှာ အရောင်အဆင်း ကင်းမဲ့သွားသလိုပင်။

အန်လင်းတို့လည်း ချက်ချင်းပင် အမူအရာ ပြောင်းလဲသွားသည်။

ရှောင်ဇယ်မှာ နဂါးအကာအရံအား မဆိုင်းမတွပင် ထုတ်ဖော်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်တခွင် သံစဉ်တစ်မျိုး ပျံ့လွင့်လာလေသည်။

ထိုသံစဉ်အား သီဆိုသူကို မသိရပါသော်လည်း နှလုံးသားထဲသို့ တိုက်ရိုက်စီးဝင်စေသည့် အသံမျိုးပင်။

သံစဉ်၏ အဓိပ္ပါယ်အား မသိရစေကာမူ လှပသော တေးသွားတစ်ခုဖြစ်ကြောင်း သိသာလှသည်။

အန်လင်းတို့မှာ ကောင်းကင်အား မော့ကြည့်လိုက်ကြပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကောင်းကင်ထက်တွင် ကျယ်ဝန်းလှသော အစိမ်းရောင် မြစ်တစ်စင်း ဖြစ်ပေါ်လာသည်။

ထိုထဲမှ သောင်းနှင့်ချီသော ကြည်လင်နေသည့် သားရဲများ ထွက်လာကြပါသော်လည်း အသံပိတ် ရုပ်ရှင်ကားကို ကြည့်နေရသလို မည်သည့်အသံမှ မကြားရပေ။

အရေးအကြီးဆုံးမှာ ၎င်းတို့ထံမှ အသက်စွမ်းအင်အား မခံစားမိခြင်းပင်။

ဒါကဘာတွေလဲ......

ပထမ၌ အန်လင်းသည် ကြည်လင်သော ခန္ဓာကိုယ်ကြောင့် ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုဟု ထင်မှတ်ခဲ့မိသည်။

သို့သော် ဟာလာပြင်စိတ်ဝိဉာဉ်မျိုးနွယ်စုမှာ အသက်စွမ်းအား ပိုင်ဆိုင်ကြပေသည်။ ထိုသို့ဆိုလျှင် ကောင်းကင်နှင့်မြေပြင်ကြားမှ ပေါ်ထွက်လာသော ထိုအရာများမှာ ခေါင်းစားစေလေပြီ။

၎င်းတို့ထဲတွင် လူခန္ဓာကိုယ်နှင့် ဆိတ်ကြီးလေးကောင် ပါဝင်ပြီး ကြီးမားလွန်းသော ရထားလုံးအား ဆွဲထားကြသည်။

ရထားလုံးထဲတွင် ရှိနေသူသည် အတော်ပင် အင်အားကြီးသူ ဖြစ်ပေလိမ့်မည်။

အန်လင်းတို့မှာ တိတ်ဆိတ်စွာနှင့်ပင် အခြေအနေအား စောင့်ကြည့်နေကြလေသည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် အလောတကြီး လှုပ်ရှားလိုက်ခြင်းမှာ ကောင်းသောအရာ မဟုတ်ပေ။

ဝုန်း.......

ကောင်းကင်ထက်မှ အဖြူရောင် လျှပ်စီးကြောင်းကြီးတစ်ခု ရထားလုံးပေါ် ကျဆင်းလာသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကင်းခြေများကြီး တိုက်ခိုက်လာလေပြီ။

All Chapters