← Chapters

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏အဓိကရုဏ်းများနောက်ကွယ်မှအမှန်တရား

Vol. 56 Ch. 783

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏အဓိကရုဏ်းများနောက်ကွယ်မှအမှန်တရား

Vol. 56 Ch. 783

နန်းတော်ကြီးထဲ ဝင်ရောက်လာပြီးနောက် ကော်ဇောနီခင်းထားသည့် ခန်းမတစ်ခုထဲ ရောက်ရှိလာကြသည်။ ခန်းမသည် အတော်ကျယ်ဝန်းပြီး သားရဲမျိုးနွယ်စု ကျင့်ကြံသူများလည်း ရောက်ရှိနေကြပြီ ဖြစ်သည်။

ပေထောင်ချီသော သားရဲကြီးများ ရှိသလို သေးငယ်လွန်းသော သားရဲများ၏ အရှိန်အဝါမှာလည်း အထင်သေး၍ မရပေ။

၎င်းတို့အားလုံး စုဝေးနေကြသည်မှာ တိရစ္ဆာန်ဥယျာဉ် တစ်ခုလိုပင်။

အန်လင်းတို့နှင့် အရွယ်အစားတူသော သားရဲအချို့လည်း ရှိသည်။

ဥပမာအားဖြင့် မစ်နာတောများ၊ မနုဿမြင်းများနှင့် မဟူရာမီးလျှံမိစ္ဆာများသည် လူများနှင့် ဆင်တူကြသောကြောင့် ဝတ်ရုံနက် ခြုံထားသော အန်လင်းတို့အား မည်သူကမှ ဂရုမစိုက်ကြခြင်း ဖြစ်သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက် နန်းတော်တံခါးမှာ ဖြည်းညင်းစွာ ပိတ်သွားပြီး ပြင်ပကမ္ဘာနှင့် ခြားနားစေသည့် မန္တာန်ဝင်္ကပါလည်း အသက်ဝင်လာသည်။ မြို့စားမင်း ရောက်ရှိလာပုံပင်။

အန်လင်း ခန်းမအား စစ်ဆေးလိုက်သောအခါ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ့်တစ်ဦးနှင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ ငါးဆယ့်နှစ်ဦး ရှိနေသည်ကို သိလိုက်ရသည်။

ထိုသည်မှာ နည်းနည်းပါးပါး အင်အားမဟုတ်သည့်အပြင် ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်အား ထည့်တွက်လိုက်ပါက ကိုးပြည်ထောင်အတွင်း ပထမအဆင့် ဂိုဏ်းတစ်ခုအဖြစ်ပင် ရပ်တည်နိုင်နေပြီ ဖြစ်သည်။ ဆုပ်ယုပ်ဝိဉာဉ်သားရဲ ဒုစရိုက်နယ်မြေအား အနည်းငယ်မျှ လျှော့မတွက်သင့်ပေ။ ဆုပ်ယုပ်ဝိဉာဉ်သားရဲ ဒုစရိုက်နယ်မြေတွင် တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ လေးကောင် ရှိနေသောကြောင့် အိမ်နီးချင်း နယ်မြေများထက်ပင် ခေါင်းတစ်လုံး ပိုသာနေပေသည်။

သို့သော် ဒဏ္ဍာရီလာ သားရဲလေးကောင်သည် အလွန်ကြမ်းတမ်းခက်ထန်ကာ အချင်းချင်း တိုက်ခိုက်ကြသောကြောင့် မည်သို့မှ ပူးပေါင်းမရပေ။ ထို့ကြောင့် ဒဏ္ဍာရီလာ သားရဲလေးကောင်သည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေအား လေးပိုင်းခွဲကာ အုပ်စိုးခဲ့ကြသည်။

၎င်းတို့သည် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ သားရဲများ ဖြစ်သောကြောင့် တိုက်ခိုက်ခြင်းအား သဘောကျကြသည်မှာ မထူးဆန်းလှပေ။

ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေသည် အင်အားကြီးမားပါသော်လည်း အိမ်နီးချင်း နယ်မြေများမှာ ထိုအချက်အား ဂရုမစိုက်ကြချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အချင်းချင်း သတ်ပုတ်ရင်းနှင့်ပင် အချိန်ကုန်နေကြသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုမျှခြေမှာ လတ်တလောကပင် ပျက်စီးသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေမှ သားရဲများမှာ ပိုမိုအရိုင်းဆန်လာပြီး ဘေးပတ်ဝန်းကျင်ကိုပါ ရန်ရှာလာကြသည်။ မကြာသေးမီကပင် ၎င်းတို့နှင့်နီးသော အလယ်အလတ်အဆင့်ရှိသည့် ဝိဉာဉ်စိမ်းမျိုးနွယ်စုမှာ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေ၏ အဓိကရုဏ်းများကြောင့် မျိုးတုန်းမတက် ဖြစ်သွားခဲ့ရသည်။

အန်လင်း အတွေးများကြား နစ်မြောနေစဉ်မှာပင် ကြီးမားလှသော လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုထဲမှ ကြီးမားလှသော ပိုးကောင်ကြီးတစ်ကောင် ထွက်လာလေသည်။ ပိုးကောင်ကြီးသည် ရှေးကျသောသွင်ပြင်ရှိပြီး ကြေးခွံမပါသော စပါးအုံးနှင့် ဆင်တူနေသည်။

အရွယ်အစားမှာ ပေရာနှင့်ချီပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာ ကျောက်စိမ်းဖြူအလား တောက်ပနေသည်။ နှာခေါင်းနေရာတွင် ရှည်လျားလှသော ဥမှင်များရှိကာ မျက်ဝန်းများမှာ နီလာများသဖွယ် လှပလွန်းလှသည်။

ထိုပိုးကောင်သည် အန်လင်း မြင်ဖူးသမျှ ပိုးကောင်များထဲတွင် အလှပဆုံးပင်။ ၎င်း၏အသွင်သဏ္ဍာန်သည် မျက်စိပဒါသ ရှိလှသောကြောင့် လက်ရာမြောက်သော အနုပညာဟု ဆိုလျှင်ပင် လွန်မည်မထင်ပေ။

၎င်းသည် အားလုံးအား ခေါ်ယူစုဝေးထားသော ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်ပင် ဖြစ်ပေလိမ့်မည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် ခန်းမအတွင်း သားရဲများ ပြည့်နေသည်ကိုကြည့်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"မင်းတို့အားလုံးကို အခွင့်အရေးကြီးတစ်ခု ပေးချင်လို့ အခုလို ခေါ်လိုက်ရတာပဲ။"

၎င်း၏စကားသံမှာလည်း နားဝင်ပီယံ ရှိလွန်းလှသည်။

ပြည့်စုံတယ်...... လုံးဝကို ပြီးပြည့်စုံတယ်........

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် ပိုးကောင်များထဲတွင် အတောက်ပဆုံး နတ်ပိုးကောင်လိုပင်။

သားရဲများအားလုံးသည် ထိုစကားကြောင့် မျက်ဝန်းများ တောက်ပလာကာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အား ကြည့်ရှုလိုက်ကြသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် စကားဆက်လိုက်သည်။

"လွင့်ပြယ်မိစ္ဆာသွေးကီရင်နယ်မြေမှာ ဖြစ်သွားတဲ့ ထူးခြားဖြစ်စဉ်ကို အားလုံး သတိထားမိကြမှာပါ။ အဲ့ဒါက ငါတို့ သားရဲမျိုးနွယ်စုတွေရဲ့ ဒဏ္ဍာရီလာသားရဲ ရှိတဲ့နေရာလေ။"

သားရဲများမှာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ကြသည်။

"လွင့်ပြယ်မိစ္ဆာသွေးကီရင်နယ်မြေမှာ သွေးစက်ကုန်းမြေသာ ပေါ်လာရင် သွေးနီရောင် အလင်းတွေက ကောင်းကင်တစ်ခုလုံး လွှမ်းမိုးသွားပြီးတော့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေကလည်း လူသတ်ကွင်းတစ်ခု ဖြစ်သွားလိမ့်မယ်။ အဲ့အချိန်ရောက်ရင် သားရဲတွေအားလုံး အသိစိတ်ပျောက်ပြီး သတ်ဖို့ဖြတ်ဖို့ပဲ တွေးမိကြလိမ့်မယ်။"

"သွေးစက်ကုန်းမြေနဲ့ အပြင်ကမ္ဘာကို ဆက်စပ်ပေးထားတဲ့လမ်းက ပွင့်သွားလို့ သားရဲမျိုးနွယ်စု တော်တော်များများ လွှမ်းမိုးခံရပြီးပြီ။ လမ်းဆက်ပွင့်လာရင် အခြေအနေ ပိုဆိုးလာဖို့ပဲ ရှိတယ်။"

"မကြာခင်တုန်းကတောင် ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲလေးကောင် အဲ့လမ်းထဲ ဝင်သွားခဲ့ကြပေမယ့် ပြန်ရောက်လာတော့ အားလုံးရူးသွားတယ်လေ။ ငါတို့ရဲ့ အင်မော်တယ်သားရဲတွေလည်း အဲ့သားရဲလေးကောင်ကိုထိန်းရင်း မတော်တဆ တစ်ယောက်တော့ ဆုံးသွားရတယ်။"

သားရဲများအားလုံး အသက်ရှူသံများ ပြင်းလာကာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြသည်။

အန်လင်းမှာလည်း အတော်ပင် အံ့အားသင့်သွားလေသည်။

ဆုပ်ယုပ်ဝိဉာဉ်သားရဲ ဒုစရိုက်နယ်မြေမှာ ဟင်းလင်းပြင်သို့အပြန်အဆင့် သားရဲငါးကောင် သေသွားရတာ ဒါကြောင့်လား........ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေတောင် ရူးသွားရတယ်တဲ့လား........

"မနေ့က ဆန့်ကျင်ဘက်ကမ်းခြေနယ်မြေက တစ္ဆေဧကရာဇ် ပေါ်ကျွင်းရောက်လာပြီး သွေးစက်ကုန်းမြေရဲ့ လွှမ်းမိုးခံနေရသူတွေကို လာခေါ်သွားတယ်။ အခု ဒီမှာရှိနေတာက လွှမ်းမိုးမှု မခံရတဲ့ သူတွေပဲ။ မင်းတို့အားလုံး သွေးစက်ကုန်းမြေကိုဝင်ဖို့ အခွင့်အရေး ရှိတယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ စကားများသည် တက်တက်ကြွကြွ ရှိလွန်းလှပါသော်လည်း အန်လင်း မျက်နှာပျက်သွားသည်။

လာခေါ်သွားတယ်........ ပုံမှန်မဟုတ်တဲ့ သားရဲတွေကို သတ်ပစ်လိုက်ဖို့ အဲ့လောက်လွယ်တယ်ပေါ့လေ...... ရက်စက်လိုက်တဲ့ နည်းလမ်း.........

သားရဲများအားလုံးလည်း အံ့အားသင့်သွားရသည်။

၎င်းတို့သည်လည်း အသေးစိတ် အချက်အလက်များကို သတိထားမိကြသည်။ တစ္ဆေဧကရာဇ် ပေါ်ကျွင်း၏ ခေါ်ဆောင်မှုမှ လွတ်မြောက်ခဲ့သောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် ရူးသွပ်စေနိုင်သော သွေးစက်ကုန်းမြေသို့ဝင်ရန် အခွင့်အရေး ရလာပြီဟု ဆိုခဲ့ခြင်းပင်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှ တောင်းတောင်းပန်ပန် တောင်းဆိုလာလျှင်ပင် ၎င်းတို့မသွားရဲကြပေ။

"မင်းတို့တွေးနေတာကို ငါသိပါတယ်။ အဲ့နေရာက ကြောက်စရာကောင်းတယ်မလား။"

"တကယ်တော့ မှားနေတယ်။ မဟာလင်းနို့ဧကရာဇ်က သွေးစက်ကုန်းမြေဆီကို ကင်းထောက်တွေ ပို့ပြီးသွားပြီ။ အဲ့နေရာက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေအပေါ် ဘာမှမဖြစ်စေဘူး။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေပေါ် လွှမ်းမိုးမှုရှိပြီးတော့ ဟင်းလင်းပြင်သို့အပြန်အဆင့်ထက် နိမ့်တဲ့သူတွေအပေါ်တော့ မပြောပလောက်တဲ့ လွှမ်းမိုးမှု ဖြစ်စေတယ်။"

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေ သွေးစက်ကုန်းမြေထဲ ဝင်သွားကြပေမယ့် အန္တရာယ်ကင်းကင်း ပြန်ရောက်လာကြတယ်။ အဲ့ဒါတင် မကသေးဘူး။ အဲ့မှာ အခွင့်အလမ်းတွေလည်း အများကြီး ရခဲ့ကြတယ်။"

"သွေးစက်ကုန်းမြေက နှစ်သောင်းချီမှ ပွင့်လာတတ်တဲ့ ရတနာမြေပဲ။ တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲတွေ ရှိခဲ့ဖူးတဲ့ နေရာကို ဘယ်သူက မလေ့လာပဲ နေချင်မှာလဲ။ မဟာလင်းနို့ဧကရာဇ်က ဒီအခွင့်အရေးကို တခြားသူတွေဆီ မရောက်သွားစေချင်လို့ မင်းတို့ကို ပြောပြနေရတာ။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် စကားဆိုလိုက်သည်။

သားရဲများအားလုံးမှာ တိတ်တိတ်ဆိတ်ဆိတ်သာ နားထောင်နေပြီး မည်သူကမှ စကားဖြတ်မပြောရဲကြပေ။

"အဲ့ဒါအပြင် အရေးကြီး တာဝန်တစ်ခုလည်း ရှိသေးတယ်။ သားရဲတွေအားလုံး လွတ်မြောက်ရေးအတွက် သွေးကီရင်ကျောက်စိမ်းကို ရှာရမယ်။ ရှာတွေ့ခဲ့ရင် သွေးစက်ကုန်းမြေရဲ့ လမ်းကိုပိတ်ဖို့ မဟာလင်းနို့ဧကရာဇ်ကို ပေးရမယ်။ အဲ့ဒါမှ ပြဿနာတွေ ပြီးသွားမှာ။"

"သွေးကီရင်ကျောက်စိမ်းကို ရှာပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို မဟာလင်းနို့ဧကရာဇ်က အင်မော်တယ်ရတနာ သုံးခုနဲ့ အင်မော်တယ်ဆေးလုံး ဆယ်လုံး ချီးမြှင့်လိမ့်မယ်။ အဲ့ဒါတင် မကသေးဘူး။ နယ်မြေစောင့်ရှောက်သူသားရဲဘွဲ့နဲ့ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက အဓိက မြို့တော်တစ်ရာထဲက မြို့တော်ငါးခုကိုပါ အပိုင်စား ရလိမ့်မယ်။"

ထိုစကားကြောင့် သားရဲများ စိတ်ဝင်စားလာကြသည်။

"အခု မသွားချင်တဲ့သူ ဘယ်လိုရှိလဲ။ မင်းတို့အားလုံး စိတ်ဝင်စားတယ်ဆိုရင် သွေးစက်ကုန်းမြေ ဝင်ပေါက်ကို ငါခေါ်သွားပေးမယ်။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ စကားကြောင့် အားလုံးတိတ်ဆိတ်သွားသည်။

"အမ်...... ကျွန်တော့်မိန်းမက ကလေးမွေးတော့မှာဆိုတော့ လိုက်လို့မရလောက်ဘူး။"

သွေးနီရောင် စပါးအုံးတစ်ကောင် စကားဆိုလာသည်။

သားရဲများမှာ ရူးနှမ်းနေသူများ မဟုတ်ပေ။ မဟာလင်းနို့ဧကရာဇ်၏ စကားမျှဖြင့် ထိုနေရာသည် အန္တရာယ်ကင်းသည်ဟု မဆိုနိုင်ပေ။

နေရာကောင်းတစ်ခုသာ ဖြစ်ပါက အသည်းအသန် ဆုလာဘ်များ ဆွယ်နေစရာ မလိုအပ်ပေ။ ဆုပ်ယုပ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေအား ကယ်တင်ရန်အတွက်ဆိုလျှင်ပင် မည်သူကမှ အသက်မစွန့်လိုပေ။

ဂလု.......

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ သွေးနီရောင် စပါးအုံးအား အကောင်လိုက် မြိုချလိုက်သည်။

"တောင်းပန်ပါတယ်။ အသက်ချမ်းသာပေးပါ။"

စပါးအုံးမှာ အရူးတစ်ပိုင်း တောင်းပန်လိုက်လေသည်။

သို့သော် ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ ဘာမှမပြောပဲ မြိုချပစ်လိုက်သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် စပါးအုံးအား အရှင်လတ်လတ် မြိုပစ်လိုက်ခြင်းပင်။

အခြားသားရဲများအားလုံး ထိတ်လန့်သွားကြရသည်။

အန်လင်းမှာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်၏ စိတ်ပျက်စရာ အပြုအမူကြောင့် အထင်ကြီးမိသမျှ ရေစုန်မျောသွားသည်။

ဒင်းသောက်ပါးစပ်က တော်တော်ကျယ်တာပဲ......

ဒီလောက်လှတဲ့ ပိုးကောင်က အိန္ဒြေရရ စားသင့်တာပေါ့....... တစ်ကောင်လုံး မြိုပစ်စရာလား.........

"မလိုက်ချင်တဲ့သူ ရှိသေးလား။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် မေးမြန်းလိုက်သည်။

"မင်းမေယိုးကွာ..... ငါယိုးကွာ..... ချမလားကွာ..... မင်းကိုရော သွေးစက်ကုန်းမြေကိုရော ယီးပဲထင်တယ်။ ဘယ်သူ့ကိုမှ မကြောက်ဘူးဟျောင့်....."

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အရိုးစုမှာ ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်အား ခုန်အုပ်လာသည်။

သားရဲမျိုးနွယ်စုထဲတွင် သေရမည်ကို မကြောက်ရွံ့သူများစွာ ရှိသည်။

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်သည် လျှာကြီးကိုထုတ်ကာ အရိုးစုအား မြိုချလိုက်ပြန်သည်။

"မလိုက်ချင်တဲ့သူ ရှိလား။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင် မေးခွန်းထုတ်လိုက်သည်။

သားရဲများအားလုံး : "............"

အရူးတစ်ယောက်သည်ပင် ကိစ္စများသည် ထင်သလောက် မရိုးရှင်းကြောင်း သိရှိပေလိမ့်မည်။

သွေးစက်ကုန်းမြေသည် ကောင်းချီးရတနာမြေသာ ဖြစ်ပါက ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ ထိုမျှဖိအားပေးနေစရာ မလိုအပ်ပေ။

"ကောင်းပြီ။ အားလုံး သွားချင်နေမှတော့ ငါခေါ်သွားပေးရမှာပေါ့။"

ကျောက်စိမ်းအရိုးသွယ်အင်မော်တယ်ပိုးကောင်မှာ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

"မသွားနိုင်ဘူး။"

All Chapters