← Chapters

ကြယ်စင်များဖိနှိပ်ထားသောကုန်းမြေ

Vol. 56 Ch. 788

ကြယ်စင်များဖိနှိပ်ထားသောကုန်းမြေ

Vol. 56 Ch. 788

အန်လင်းရော၊ စုရှောင်လန်ပါ မူးနောက်နောက် ခံစားလိုက်ရပြီးနောက် မြင်ကွင်းများ ပြောင်းလဲသွားသည်။

အန်လင်း မျက်လုံးဖွင့်လိုက်သောအခါ အစိမ်းသက်သက် ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သွေးစက်ကုန်းမြေသည် သူထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် လွဲနေလေသည်။

သွေးစက်ကုန်းမြေသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေမည်ဟု ထင်ရပါသော်လည်း မျက်စိရှေ့တွင် ရှိနေသည်မှာ ကြယ်စင်များ ပြည့်နှက်နေသော ညဉ့်ကောင်းကင်ယံ တစ်ခုဖြစ်ကာ ပတ်ဝန်းကျင်မှာလည်း အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

အန်လင်းမှာ လက်ချောင်းလှုပ်ရှားမှုအား ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ စုရှောင်လန်သည် သူ့အားကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ငါတို့ လက်တွဲထားတော့ လူချင်းမကွဲသွားဘူးပဲ။"

စုရှောင်လန် ပြုံးကာပြောလာသည်။

အန်လင်းလည်း စိတ်သက်သာရာ ရသွားလေသည်။

"နောက်ကြရင်လည်း ကိုယ်တို့တွေ လက်အမြဲတွဲထားသင့်တယ်။"

စုရှောင်လန် : "............."

၎င်းတို့အနီးတွင် မည်သည့်သားရဲမှ ရှိမနေပေ။

ကောင်းကင်ထက်မှ ကြယ်ပင်လယ် အစုအဝေးများသည် စုရှောင်လန်၏ မျက်ဝန်းထက် ထင်ဟပ်နေသောကြောင့် ပို၍ပင် တောက်ပနေစေသည်။

စုရှောင်လန်မှာ အချိန်အတန်ကြာ ငေးမောနေပြီးနောက် သွေးနီရောင်ကြယ်အား အာရုံစိုက်လိုက်သည်။

"အဝါရောင်ကြယ်က တောင်ဘက်ကို ညွှန်ပြီးတော့ သွေးနီရောင်ကြယ်က မြောက်ဘက်ကို ညွှန်နေတယ်။ ငါတို့တွေ အဝါရောင်ကြယ်ဘက်ကိုသွားပြီး ထွက်ပေါက်ရှာသင့်တယ်။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်၏ ပြောစကားအရ ထိုသည်မှာ အကောင်းဆုံး ထွက်ပေါက်ရှာနည်းပင်။

အန်လင်း အကြံပေးလိုက်သည်။

"ဒီမှာရှိနေတုန်း ကောင်းတာလေးဘာလေး ရှာသင့်တယ်။ သွေးကြယ်စင်ဘက်ကိုသွားတဲ့ သားရဲမှန်သမျှ အသက်ပြန်မပါလာကြဘူး။ အဲ့နေရာမှာ ဘာရှိနေမလဲ သိချင်မိတယ်။"

ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးမှာ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုကြသည်။

အရာအားလုံးမှာ အလွန်တရာ တိတ်ဆိတ်နေသည်။ ကြယ်ပင်လယ်များနှင့် မည်းမှောင်နေသော ကမ္ဘာမြေပြင်သည် မည်သည့်သက်ရှိမျှပင် ရှိမနေပဲ ပတ်ဝန်းကျင် တခွင်လုံးမှာ အထီးကျန်ချင်စရာ ကောင်းလွန်းလှသည်။

ကံကောင်းထောက်မစွာဖြင့် အန်လင်း၏ဘေးတွင် စုရှောင်လန် ရှိနေလေသည်။

သူမ ရှိနေသောကြောင့် စိတ်ပျက်စရာ နေရာတစ်ခုသည်ပင် ရှုမျှော်ခင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပင်။

အန်လင်းမှာ စိတ်လှုပ်ရှားလာပြီး မြင်မြင်သမျှ လက်ညှိုးထိုးနေတော့သည်။

"ရှောင်လန်...... ရှောင်လန်..... ဟိုကိုကြည့်လိုက်။ ကြယ်တွေက ထျန်းလေးနဲ့ မတူဘူးလား။"

အန်လင်း ပြုံးကာပြောလိုက်သည်။

စုရှောင်လန်မှာ ထိုနေရာအား လှမ်းကြည့်လိုက်ပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ကြယ်တွေက စက်ဝိုင်းပုံစံ ဖြစ်နေတာပါ။ ထျန်းလေးနဲ့ ဘယ်မှာတူလို့လဲ။"

"ဟားဟား...... ထျန်းလေးကလည်း ဝတာမှ ဝိုင်းနေတာပဲလေ။"

အန်လင်း စိတ်ကျေနပ်နေသည်။

စုရှောင်လန် မျက်စောင်းထိုးကာ အရှေ့သို့ ဆက်လျှောက်သွားသည်။

"ရှောင်လန်...... ဟိုမှာကြည့် ငှက်ညိုလုံးကြီး....."

"ကြယ်ခုနစ်လုံး ဆက်စပ်နေတာနဲ့ပဲ ငှက်ညိုလုံး ဖြစ်သွားရောလား။"

"ဒါပေါ့။ တူတယ်မဟုတ်ဘူးလား။"

".............."

အန်လင်း၏ ပေါတောတော၊ ဂေါက်တောက်တောက် ပုံစံအား စုရှောင်လန် တစ်ဦးတည်းကသာ နေသားကျပေလိမ့်မည်။

၎င်းတို့နှစ်ဦးမှာ စကားတပြောပြောနှင့် သွေးစက်ကုန်းမြေတခွင် သွားလာနေပါသော်လည်း မည်သည့်အန္တရာယ်မှ မကြုံရသေးပေ။

"ဘုရားရေ......ကိုယ်တို့ တစ်ခုခုများ မှားနေတာလား။ ဒီလောက်အကြာကြီး လမ်းလျှောက်လာတာတောင် ဘာမှမတွေ့သေးဘူး။"

အန်လင်း စကားဆိုလိုက်သည်။

"ကံကောင်းနေတာရော မဖြစ်နိုင်ဘူးလား။"

စုရှောင်လန် မျက်မှောင်ကျုံ့ကာ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်ပါသော်လည်း မည်သည့်အရာမှ မတွေ့ရပေ။

"ပျံကြည့်ရင်ရော ဘယ်လိုလဲ။ ဘာပဲပြောပြော လမ်းလျှောက်တာထက်လည်း ပိုမြန်တယ်လေ။"

အန်လင်း တွေဝေစွာ အကြံပေးလိုက်သည်။

"မဖြစ်ဘူး။"

စုရှောင်လန် ချက်ချင်းတုံ့ပြန်လာသည်။

"ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင် ပြောခဲ့တာတွေ မေ့သွားပြီလား။ ဒီကမ္ဘာမှာ ပျံသန်းရင် ကြယ်စင်တွေ ဖိနှိပ်တာ ခံရလိမ့်မယ်။"

အန်လင်း တိတ်ဆိတ်သွားသည်။

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်သည် ပျံသန်းနိုင်သော သားရဲအမျိုးအစားမှန်သမျှ သွေးစက်ကုန်းမြေတွင် သေဆုံးသွားကြသည်ဟု ဆိုခဲ့သည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ပျံသန်းသော သားရဲများသည် ကြယ်စင်များ၏ ဖိနှိပ်မှုကြောင့် မှုန့်မှုန့်ညက်ညက် ဖြစ်သွားရသည်ဟု သိရသည်။ သံမဏိဓားမော့ပင်ကွင်းသည် အဖော်ဖြစ်သူ သေဆုံးသွားသည်ကို တွေ့မြင်ခဲ့ရပြီးနောက် ကောင်းကင်ထက်တွင် မပျံသန်းရန် ဆုံးဖြတ်ခဲ့သည့်အတွက် ပျံသန်းနိုင်သော သားရဲအမျိုးအစားများထဲတွင် တစ်ဦးတည်းသော ရှင်သန်လွတ်မြောက်သူ ဖြစ်လာခဲ့သည်။

"အဲ့ဒါဆိုရင် တခြားနည်းလမ်း စမ်းကြည့်သင့်လား။"

အန်လင်း မေးမြန်းလိုက်သည်။

သူသည် ကြယ်စင်များ၏ ဖိနှိပ်စွမ်းအင်ကို မမြင်ဖူးသောကြောင့် အတော်ပင် စိတ်ဝင်စားနေမိသည်။

စုရှောင်လန် မျက်တောင်ခတ်ကာ မေးလိုက်သည်။

"ဘာနည်းလမ်းလဲ။"

"ဂမ်ဒမ်တွေ ထွက်လာခဲ့။"

အန်လင်း၏ သိုလှောင်လက်စွပ် ဖျတ်ခနဲ လက်သွားကာ တောက်ပနေသော ငွေရောင်ဂမ်ဒမ်နှစ်ကောင် ထွက်ပေါ်လာသည်။

စုရှောင်လန် မျက်နှာပျက်သွားသည်။

"အရင်တုန်းက ဂမ်ဒမ်တွေအပေါ် အများကြီး မှီခိုခဲ့ပြီးတော့ အခုတော့ အမြှောက်စာအဖြစ် သုံးတော့မလို့လား။ နင်တကယ် ပြောင်းလဲသွားပြီပဲ။"

(အမြှောက်စာဆိုတာ ဝတ္ထုတွေထဲမှာဆို အရေးမပါတဲ့ ဖြတ်လျှောက်သာသာပါ။)

"သွား.......ကောင်းကင်ပေါ်တက်ကြ။"

အန်လင်း အမိန့်ပေးလိုက်သည်။

ဂမ်ဒမ်နှစ်ကောင်မှာ ကောင်းကင်ပေါ် ပျံဝဲလိုက်ကြသည်။

အန်လင်းနှင့် စုရှောင်လန်မှာ စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြလေသည်။

အချိန်တစ်မိနစ်ခန့် ကုန်လွန်သွားပါသော်လည်း ဘာမှဖြစ်မလာပေ။

အန်လင်း : "ကြယ်တွေရဲ့ ဖိနှိပ်စွမ်းအင်ဆိုတာ ကောလဟလ သက်သက်ပဲလား။"

စုရှောင်လန် မရေမရာ ပြောလိုက်သည်။

"ဂမ်ဒမ်တစ်နဲ့ ဂမ်ဒမ်နှစ်က သက်ရှိတွေ မဟုတ်လို့ ကြယ်စင်တွေ ဖိနှိပ်တာ မခံရတာများလား။"

ထိုအချိန်မှာပင် စက်ဝိုင်းသဏ္ဍာန် ဖြစ်နေသော ကြယ်စင်ကိုးသွယ်မှာ တလက်လက် တောက်ပလာသည်။

ကြယ်စင်များ၏ အဖြူရောင်စွမ်းအင်မှာ ကောင်းကင်ထက်မှ ရုတ်တရက် ကျဆင်းလာပြီး လေဟာနယ်အား ဖြတ်သန်းကာ ဂမ်ဒမ်နှစ်ကောင်၏ ဦးခေါင်းအား ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ဂမ်ဒမ်နှစ်ကောင်အား အထူးသတ္ထုစပ်ဖြင့် ပြုလုပ်ထားသောကြောင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနည်းတူ ခံနိုင်ရည် ရှိပါသော်လည်း ခေါင်းတစ်ခုလုံး ချိုင့်ဝင်သွားသည့်အပြင် မီးစမီးပွားများပါ ထွက်လာပြီး မြေပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျကုန်သည်။

ဝုန်း.........

ပတ်ဝန်းကျင် တခွင်လုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။

အန်လင်းနှင့် စုရှောင်လန်ရှေ့တွင် တွင်းပေါက်နှစ်ခု ဖြစ်ပေါ်လာသည်။

စုရှောင်လန် : "............."

"အား......... ငါ့ဂမ်ဒမ်တွေ....."

အန်လင်းမှာ ရင်နာနာနှင့် ဂမ်ဒမ်နှစ်ကောင်အား ပြေးပွေ့လိုက်သည်။

ဂမ်ဒမ်နှစ်ကောင်မှာ ဦးနှောက်ထိခိုက်မှု ဖြစ်သွားသည့်နှယ် ဗလုံးဗထွေး အသံများ ထွက်နေကာ ခန္ဓာကိုယ်မှာလည်း မီးစမီးပွားများ ဖြာထွက်နေသည်။

"သေအောင်သမခံလိုက်ရတာပဲ။"

အန်လင်းမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဂမ်ဒမ်နှစ်ကောင်အား ကြည့်ရှုနေမိသည်။

သူသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ဂမ်ဒမ်နှစ်ကောင်အား သိမ်းဆည်းလိုက်ပြီးနောက် အကြောက်တရားများ ခိုအောင်းနေသော မျက်ဝန်းများဖြင့် ကြယ်စင်များအား လှမ်းကြည့်လိုက်သည်။

"ကြည့်ရတာ ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်ပြောတာ မှန်တဲ့ပုံပဲ။ ကြယ်စင်တွေမှာ ဖိနှိပ်စွမ်းအင် တကယ်ရှိနေတာပဲ။"

ကျောက်စိမ်းအရိုးသွယ် အင်မော်တယ်ပိုးကောင်၏ စကားများအား အစိုးရိမ်လွန်နေခြင်းဟုသာ အန်လင်း ထင်မှတ်ခဲ့မိသည်။ မည်သို့ပင်ဆိုစေကာမူ ယခုကိစ္စသည် သေရေးရှင်ရေး ဖြစ်နေသောကြောင့် သတိထားရမည်ပင်။

အန်လင်းနှင့် စုရှောင်လန်တို့မှာ အဝါရောင်ကြယ်ဘက်သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။

"ဟင်..... အန်လင်း ဟိုကိုကြည့်လိုက်။ အစိမ်းရောင် အလင်းရှိနေတယ်။"

စုရှောင်လန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တောင်ကုန်းတစ်ခု၏ အောက်ခြေတွင် အစိမ်းရောင်များ တောက်ပနေပြီး အဆင့်မြင့် ဆေးပင်တစ်မျိုးမျိုး ဖြစ်ပုံရသည်။

"ကောင်းလိုက်တာ။ ရှားပါးရတနာတွေဘာတွေလား မသိဘူး။"

အန်လင်း၏ မျက်ဝန်းများ လင်းလက်သွားလေသည်။

ရတနာတွေ့ရခြင်းမှာ ငွေကောက်ရသည်နှင့် ဆင်တူ၏။

၎င်းတို့နှစ်ဦးမှာ တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ထိုအလင်းရောင်နား ချည်းကပ်သွားလိုက်ကြသည်။

"ဟားဟားဟား...... ကြည့်ပါဦး။ ဆေးပင်ငယ်လေးပဲ။"

ထိုအချိန်တွင် အဖြူရောင်နွားသားရဲကြီးတစ်ကောင်အား တွေ့လိုက်ရသည်။

နွားကြီးသည်လည်း အန်လင်းနှင့် စုရှောင်လန်အား သတိထားမိသွားသည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အမှိုက်နှစ်ကောင်ပါလား။ ဟားဟား...... ရတနာရော၊ အပျင်းပြေ သတ်ဖို့ပါ ရလိုက်တာပဲ။ ငါတော်တော်လေး ကံကောင်းနေပါလား။"

စုရှောင်လန် မျက်နှာပျက်သွားသည်။

"သားရဲတွေအားလုံးက မှော်နယ်မြေထဲ ရောက်လာရင် မင်းမဲ့စရိုက် ဆန်ကုန်ကြတာလား။"

အန်လင်းမှာမူ ခပ်ဖွဖွ ပြုံးလိုက်လေသည်။

"ကိုယ်တော့သဘောတူတယ်။ ရတနာရော၊ အပျင်းပြေ သတ်ဖို့ပါ ရလိုက်တာပဲ။ ကိုယ်တို့ ကံကောင်းလွန်းတယ်မလား။"

All Chapters