အော့နျိုအားဖိနှိပ်ခြင်း
Vol. 57 Ch. 789
နွားသားရဲကြီးမှာ အန်လင်း၏ စကားကြောင့် အူလှိုက်သည်းလှိုက် ရယ်မောတော့သည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ငချွတ်လေးကများ ငါ့လို သခင်ကြီး အော့နျိုကို ပြောရဲတယ်ပေါ့။ တကယ့်အင်အားဆိုတာ ဘာလဲ ပြပေးရသေးတာပေါ့။"
ထိုစကားနှင့်အတူ ၎င်း၏အဖြူရောင် အမွှေးများအားလုံး ထောင်ထလာပြီး ပြင်းထန်လှသော သက်ရှိစွမ်းအင်များ ဖြာထွက်ကာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်၏ အရှိန်အဝါကို ပြသလိုက်သည်။
ယခုမှော်နယ်မြေထဲ ရောက်ရှိလာသူများတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် သားရဲများမှာ အသန်မာဆုံး ဖြစ်သောကြောင့် ထိုနွားကြီး မောက်မာနေသည်မှာလည်း မထူးဆန်းတော့ပေ။ ၎င်းသည် ပြောဆိုရုံသာမက အင်အားပါ ပြနိုင်သူပင်။
"ဝိုး....... တော်တော်အားကောင်းပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ။"
အန်လင်းမှာ အော်စကာ ပေးရလောက်အောင် အမူအရာ ပြောင်းလဲကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
"ဟားဟား....... အခုတော့ ကြောက်ရကောင်းမှန်း သိပြီပေါ့။ ဒါပေမယ့် နောက်ကျသွားပြီကွ။ ငါဗိုက်ဆာနေပြီဆိုတော့ မင်းဘယ်လောက်ပဲ တောင်းပန်နေပါစေ..... အသက်ချမ်းသာပေးဖို့ မဖြစ်နိုင်ဘူး။ ငါစားကိုစားမှာပဲ။"
အော့နျို အေးစက်စွာ ရယ်မောလိုက်သည်။
၎င်းသည် နယ်ပယ်အား ထွက်ပေါ်စေလိုက်သောကြောင့် အဖြူရောင် နွားချိုကြီးများ ဖြစ်ပေါ်လာသည်။
အန်လင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။
"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်က တွေးတောင်မတွေးရဲလောက်အောင် ကြမ်းတာပဲ။"
အော့နျိုမှာ အန်လင်း၏ ပုံစံကြောင့် အလွန်စိတ်ကျေနပ်ကာ ရယ်ရယ်မောမောပင် ခုန်အုပ်လိုက်သည်။
"ရှောင်လန်....... ကိုယ့်ကိုထားခဲ့လိုက်ပါတော့။"
အန်လင်း မျက်ရည်တစမ်းစမ်းနှင့် အော်ဟစ်ကာ အော့နျိုထံ လျှောက်လှမ်းသွားလိုက်သည်။
စုရှောင်လန် မျက်စောင်းသာ ထိုးလိုက်မိသည်။ အန်လင်း၏ အရှက်မရှိ သရက်စေ့ သရုပ်ဆောင်ချက်များကို ကြည့်ရှုလိုစိတ် မရှိတော့သဖြင့် အစိမ်းရောင် ဆေးပင်ကိုသာ အာရုံစိုက်လိုက်တော့သည်။ တိုက်ပွဲဖြစ်လာပါက စွမ်းအင်လှိုင်းဂယက်များ၏ ရိုက်ခတ်မှု ရှိလာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကာကွယ်ရေး မန္တာန်တစ်ခုအား ပြုလုပ်လိုက်သည်။
"မူး......... အမှိုက်ကောင် မင်းကိုယ့်နေရာ ကိုယ်သိစမ်းပါ။"
အော့နျိုမှာ အန်လင်းထံ အပြေးလာနေပြီး နွားချိုများ၏ ပျံဝဲလာနေသော အရှိန်မှာလည်း မနည်းလှပေ။
ဝှစ်.....ဝှစ်......ဝှစ်.......
နွားချိုများအားလုံးမှာ မျက်စိကျိန်းရလောက်အောင် တလက်လက် တောက်ပနေသည်။
နွားချို တစ်ခုချင်းစီသည် ထိတွေ့လိုက်ရုံနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲများကိုပင် လောင်ကျွမ်းသွားစေနိုင်လောက်သည်။
အန်လင်း၏ မျက်ဝန်းများတွင် အဖြူရောင် အလင်းများ ဖြစ်ပေါ်လာပြီးနောက် သူ၏မြင်ကွင်းထဲတွင် နွားချိုများအားလုံး နှေးကွေးသွားသည်။ သူသည် လှုပ်ရှားမှုအချို့ ပြုလုပ်ကာ နွားချိုများအား ရှောင်ရှားလိုက်လေသည်။
"ဘာ......."
အော့နျိုမှာ မျက်စိမျက်နှာ ပျက်သွားရပြီးနောက် ၎င်း၏နွားချိုထံမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အန်လင်းထံ ပျံသန်းသွားသည်။
အန်လင်း၏ နဖူးထက်တွင် ရွှေရောင်အလင်းများ ဖြာထွက်ကာ အထွဋ်အထိပ် မြေကြာပန်းအတတ် အသက်ဝင်လာသည်။ ထို့နောက် သူ၏လက်သီးလည်း ရွှေရောင်အလင်းများ လွှမ်းခြုံသွားကာ နွားချိုအား ထိုးချလိုက်သည်။
ဝုန်း........
လက်သီးနှင့် နွားချိုတို့ ထိပ်တိုက်တွေ့ဆုံကာ နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။
ရွှေရောင်လက်သီး၏ ကြောက်မက်ဖွယ် ကမ္ဘာမြေ စွမ်းအင်များကြောင့် တစ်ကီလိုမီတာကျော် မြေပြင်မှာလည်း အက်ကွဲစုတ်ပြတ်သွားရသည်။ စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တခွင် ပျံ့နှံ့သွားလေသည်။
ခရက်.........
အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အော့နျို တန်ဖိုးအထားဆုံး နွားချိုများပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
"မူး......."
အော့နျိုမှာ သွေးပွက်ပွက်အန်ကာ နာနာကျင်ကျင် အော်ဟစ်လျက် မြေပြင်ပေါ် လူးလွန့်နေရသည်။
"ဘယ်..... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ပဲ ရှိသေးတယ် မဟုတ်လား။ ဘာလို့အဲ့လောက်တောင် သန်မာနေရတာလဲ။"
အော့နျိုမှာ အန်လင်းအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေမိသည်။
အန်လင်းသည် မည်သည့်စကားမှ မဆိုပဲ အော့နျိုရှေ့သို့သွားကာ လက်သီးမိုး ရွာချပေးလိုက်သည်။
ဝုန်း...... ဝုန်း....... ဝုန်း......
ရွှေရောင်အလင်းနှင့်အတူ စွမ်းအင်ပေါက်ကွဲသံများ ဆူညံနေလေသည်။
အော့နျိုမှာ ခန္ဓာကိုယ် တစ်ခုလုံး ရစရာပင် မရှိတော့ပဲ အကြိမ်ကြိမ်အခါခါ သွေးအန်နေရသည်။
"တောင်းပန်ပါတယ်။ ကျေး.... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ ငါ......"
အော့နျိုမှာ ဦးနှောက်တစ်ခုလုံး မူးဝေကာ စကားပင် ကောင်းကောင်းမပြောနိုင်ပေ။
"ငါ့ရဲ့ရတနာတွေ ပေးပါ့မယ်။"
အော့နျို စကားအနိုင်နိုင်ပြောကာ အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည်။
အန်လင်း၏ လက်သီးမှာ ရပ်တန့်သွားလေသည်။
"ငါ့လို သခင်ကြီး အန်ရီထျန်းက ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တယ်။ မင်းကို သတ်ပစ်မယ်လို့ ပြောပြီးသွားပြီပဲ။ စကားကို ပြန်ရုတ်သိမ်းလို့ ဘယ်ရမလဲ။"
အော့နျိုမှာ ချုံးပွဲချ ငိုကြွေးရလေပြီ။
"အသက်..... အသက်သာ ချမ်းသာပေးရင် ရတနာတွေ ရှိတဲ့နေရာကို ခေါ်သွားပေးပါ့မယ်။"
အန်လင်း စိတ်ရှုပ်သွားရသည်။
"မင်းဘာသာမင်း ဘာလို့မသွားတာလဲ။"
အော့နျို ရှက်ရွံ့စွာ အကြည့်လွှဲသွားလေသည်။
"ငါ.... ငါက လုံလောက်အောင် မသန်မာလို့။"
ထိုစကားကြောင့် အန်လင်း၏ စိတ်ဝင်စားမှုများ မြင့်တက်သွားသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်တောင်မှ စိတ်ကူးယဉ်လို့ မရတဲ့ ရတနာလား.......
"ကောင်းပြီလေ။ အခုလောလောဆယ်တော့ မင်းကိုချမ်းသာပေးလိုက်မယ်။"
အန်လင်းမှာ အော့နျိုအား လက်ကမ်းပေးလိုက်သည်။
အော့နျိုမှာ အန်လင်းအားကြည့်ကာ ရင်ထဲထိသွားရပါသော်လည်း တွေဝေစွာ ခေါင်းခါပြလိုက်သည်။
"ကျေးဇူးပဲ။ ဒါပေမယ့် ငါ့ဘာသာ ထနိုင်ပါတယ်။"
အန်လင်း မျက်နှာပျက်သွားသည်။
"ဘာတွေလာကြောင်နေတာလဲ။ မင်းရဲ့သိုလှောင်လက်စွပ်ကို တောင်းနေတာ။"
အော့နျို မျက်ရည်များ စီးကျလာသည်။
အန်လင်းသည် စာနာထောက်ထားဟန်ဖြင့် အားအင်ဖြည့်တင်းပေးသော စိတ်ဝိဉာဉ်ဆေးလုံး တစ်လုံးအား အော့နျိုထံပေးကာ ၎င်း၏သိုလှောင်လက်စွပ်အား စစ်ဆေးလိုက်သည်။
စိတ်ဝိဉာဉ်လက်နက် တစ်ခု၊ စိတ်ဝိဉာဉ်ဆေးလုံး ခြောက်လုံးနှင့် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သိန်း......
ဆင်းရဲလိုက်တာကွာ......
အန်လင်းမှာ သူ၏ပိုင်ဆိုင်မှုကိုပါ တွက်ချက်နေလိုက်သည်။ ကြွေလွင့်ဇာမဏီနယ်မြေ၏ ကမ္ဘာငယ်အတွင်း တိုက်ပွဲများ ပြီးဆုံးသွားပြီးနောက် ကောင်းကင်နတ်မိမယ် ဖေးရင်၊ သွမ့်ဟွမ်းဇီနှင့် ပိုင်ဖန်းဇယ်တို့၏ သိုလှောင်လက်စွပ်များကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
အော့နျို၏ သိုလှောင်လက်စွပ်ကိုပါ ရရှိလိုက်ပြီးနောက် သူသည် စိတ်ဝိဉာဉ်ကျောက်တုံး လေးသန်းခြောက်သိန်း၊ စိတ်ဝိဉာဉ်လက်နက် နှစ်ဆယ့်ငါးခု၊ စိတ်ဝိဉာဉ်ဆေးလုံး တစ်ရာ၊ စိတ်ဝိဉာဉ်သစ်သီး နှစ်ဆယ်နှင့် အင်မော်တယ်ဆေးလုံး သုံးလုံး ရှိနေပြီ ဖြစ်သည်။
ဤမျှပမာဏသော စိတ်ဝိဉာဉ်ကျောက်တုံးများကပင် အန်လင်းအား စိတ်လုံခြုံမှု ပေးစွမ်းနိုင်သည်။
သူကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။ သူ၏ချမ်းသာခြင်းသည် အခြားသူများ၏ ကြွယ်ဝမှုအပေါ် ဓားပြတိုက်ထားခြင်းသာ။
ထင်ထားတဲ့အတိုင်း လုယက်တာက ချမ်းသာဖို့ အလွယ်ဆုံးပဲ.........
"ငြိမ်ငြိမ်ထိုင်..... ထွက်ပြေးဖို့ တွေးတောင်မတွေးနဲ့။"
အန်လင်းသည် နွားကြီးနှင့် အစေခံစာချုပ်ချုပ်ရန် တွေးလိုက်ပါသော်လည်း သွေးအဆီအနှစ် ဖြုန်းတီးသလို ဖြစ်မည်စိုးသောကြောင့် ထိုအတွေးအား ပယ်ဖျက်လိုက်သည်။
အခုကစပြီး အစေခံ လက်ခံဖို့ သတ်မှတ်ချက်လေးဘာလေး ထားသင့်တယ်.....အနည်းဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်တော့ ရှိသင့်တယ်မလား......
အန်လင်းမှာ စုရှောင်လန်ထံသွားကာ အစိမ်းရောင် ဆေးပင်အား ကြည့်ရှုလိုက်သည်။
ဆေးပင်သည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ တလက်လက် တောက်ပနေသည်။
"စွမ်းအင်သီးဆင်းမှု တော်တော်အားကောင်းတယ်။ ကြည့်ရတာ အဆင့်မြင့် အင်မော်တယ်ဆေးလုံးတွေကို သန့်စင်တဲ့ နေရာမှာ သုံးရတဲ့ အဆင့်မြင့် အင်မော်တယ်ဆေးပင်ထင်တယ်။"
စုရှောင်လန် စကားဆိုလိုက်သည်။
"ဘာအင်မော်တယ်ဆေးပင် အမျိုးအစားလဲ ကြည့်ရအောင်။"
အန်လင်း ဒူးထောက်ကာ ဆေးပင်အား နှုတ်ယူလိုက်ပြီးနောက် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်အား အသက်သွင်းလိုက်သည်။
(သွေးစက်အင်မော်တယ်ဆေးပင်၊ သွေးစက်ကုန်းမြေ၏ တတိယအဆင့် အင်မော်တယ်ဆေးပင် ဖြစ်သည်။ မိစ္ဆာသွေးကီရင်၏ အရှိန်အဝါကြောင့် ဖြစ်တည်လာခြင်းဖြစ်ကာ အားကောင်းလွန်းသော အသက်စွမ်းအင်များ ပါဝင်သည်။ ဆေးပင်အား အသုံးပြုပါက ထိခိုက်ဒဏ်ရာများ လျင်မြန်စွာ ကောင်းမွန်လာပေလိမ့်မည်။)
"အဆင့်သုံး စွမ်းအင်ဖြည့် အင်မော်တယ်ဆေးပင်ပဲ။ ပစ္စည်းကောင်းလေးပဲ။ ရှောင်လန်..... မင်းယူထားလိုက်။"
အန်လင်းမှာ ဆေးပင်အား စုရှောင်လန်ထံ ပေးလိုက်သည်။
စွမ်းအင်ဖြည့် အင်မော်တယ် ရတနာများသည် သေရေးရှင်ရေး အခြေအနေတွင် အသုံးဝင်သောကြောင့် အလွန်အမင်း တန်ဖိုးရှိသည်။
"ဘာလို့ ငါ့ကိုပေးနေတာလဲ။ ငါမယူပါဘူး။"
စုရှောင်လန် ငြင်းဆန်လိုက်သည်။
"ကိုယ်က အရေထူတယ်လေ။ အဲ့ဒါကြောင့် ဘာမှထိခိုက်မှာ မဟုတ်ဘူး။ ယူထားလိုက်ပါ.... နော်။"
အန်လင်း ချော့ပြောကြည့်လိုက်သည်။
အော့နျို ကူကယ်ရာမဲ့စွာ ဝင်ပြောမိလေသည်။
"မင်းတို့နှစ်ယောက်လုံး မလိုချင်ရင် ငါ့ကိုပေးလိုက်ပါလား။"
"ပါးစပ်ပိတ်ထား....."
အန်လင်းရော၊ စုရှောင်လန်ပါ အတူအော်ဟစ်လိုက်ကြသည်။
အော့နျို တုန်ရီကာ ပါးစပ်ပိတ်သွားသည်။
ဘုရားရေ..... ဒီလူသားနှစ်ယောက်က ကြောက်ဖို့ကောင်းလိုက်တာ......
နေပါဦး...... လူ..... လူ..... လူသား.....
အော့နျိုမှာ အသိစိတ်ဝင်ကာ အန်လင်းနှင့် စုရှောင်လန်အား တအံ့တသြ ကြည့်ရှုလိုက်သည်။
"မင်း...... မင်းတို့က လူသားတွေလား။ ဒီမှာ ဘာလုပ်နေကြတာလဲ။"
အန်လင်း အော့နျိုအား လှည့်ကြည်လာသည်။
"မင်းအခုမှ သိတာလား။ မင်းရဲ့ဦးနှောက် တုံ့ပြန်မှုက အဲ့လောက်တောင် ကြာတာလားကွာ။"
စုရှောင်လန် ဝါးခနဲ ရယ်မောလိုက်သည်။
"ဒီနွားကသိတာတွေ များနေပြီ။ သတ်ပစ်လိုက်ကြမလား။"
အော့နျို ထိတ်လန့်ကာ ဒူးပင်ထောက်မိသွားသည်။
ငါပါးစပ်ပိတ်ထားခဲ့သင့်တာ.......