အင်းကွက်ပြဿနာ
Vol. 57 Ch. 793
အန်လင်းသည် ကိုယ်ပွား ရရှိထားသော သတင်းအချက်အလက်များအားလုံးကို သိရှိနိုင်သည်။
ထို့ကြောင့် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ဖြင့် ကြည့်ရှုထားသော သတင်းအချက်အလက်များမှာ သူ၏စိတ်ထဲသို့ စီးဝင်လာသည်။
(ဒဏ္ဍာရီလာသားရဲ၏ တာအိုစိတ်ဆန္ဒအင်းကွက်၊ သန္ဓေပြောင်းသွေးဇာမဏီ : သန္ဓေပြောင်းသွေးဇာမဏီသည် ပြာပုံအတွင်းမှ ပြန်လည်မွေးဖွားရန် ကျရှုံးခဲ့ပြီးနောက် ကျန်ရှိနေသေးသော တာအိုစိတ်ဆန္ဒများမှ အင်းကွက် ဖြစ်တည်လာခြင်း ဖြစ်သည်။ ဇာမဏီ၏ စွမ်းအင်များသာမက သန္ဓေပြောင်းသွေးဇာမဏီ၏ ကျင့်စဉ်ဖြစ်သော နေမင်းကြယ်စင်ဖျက်စီးခြင်းပါ ပါဝင်သည်။)
"ဒီကောင်က သန္ဓေပြောင်းသားရဲလား။ ပြီးတော့ ပြန်လည်မွေးဖွားဖို့ ကျရှုံးခဲ့တဲ့ သန္ဓေပြောင်းသွေးဇာမဏီပေါ့လေ။"
အန်လင်း အံ့အားသင့်သွားသည်။
စုရှောင်လန်လည်း မျက်ခုံးများ မြင့်တက်သွားရသည်။
"ဒီစိမ်းသက်နေတဲ့ အရှိန်အဝါက ဇာမဏီ အရှိန်အဝါပေါ့။"
အန်လင်း မေးဖျားကိုပွတ်ကာ ပြောလိုက်သည်။
"သန္ဓေပြောင်းသားရဲ ဖြစ်နေလို့ သူ့အရှိန်အဝါကို မရင်းနှီးတာများလား။ ဘာပဲပြောပြော ဒီကောင်က ပြန်လည်မွေးဖွားဖို့တောင် ကျရှုံးခဲ့တယ်လေ။ ဇာမဏီ မျိုးနွယ်စုကို အိုးမဲသုတ်တဲ့ကောင်ပဲ။"
စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။
"ကျရှုံးတာက ပုံမှန်ပါပဲ။ နင့်ရဲ့ ဟွမ်လေးလိုမျိုးကမှ အနည်းစုပဲရှိတာ။"
"ဒါနဲ့ ဒီအင်းကွက်က ဘာအမျိုးအစားလဲ။"
စုရှောင်လန် မေးမြန်းလိုက်သည်။
အန်လင်း ပြုံးကာပြောလာသည်။
"ကိုယ်တို့တော့ ကံကောင်းတာပဲ။ အင်းကွက်ထဲမှာ ဇာမဏီ အစွမ်းအပြင် ကျင့်စဉ်တစ်ခုပါ ပါသေးတယ်။"
၎င်းတို့နှစ်ဦး စကားစမြည် ပြောနေစဉ်မှာပင် အင်းကွက်ထံမှ ဖြာထွက်နေသော အလင်းများမှာ ပိုမိုတောက်ပလာတော့သည်။
အင်းကွက်နှင့် ထိတွေ့ထားသော အန်လင်းနှစ်၏ ခန္ဓာကိုယ်ထဲသို့ သွေးနီရောင် အလင်းများ စီးဝင်လာသည်ကို တွေ့ရှိလိုက်ရလေသည်။
"အား....."
အန်လင်းနှစ်မှာ စူးစူးဝါးဝါး အော်ဟစ်ရင်း ရေများအဖြစ် ပေါက်ကွဲသွားရသည်။
အန်လင်းနှင့် စုရှောင်လန်မှာ အမူအရာ ပြောင်းလဲသွားကာ အော့နျိုမှာမူ ချက်ချင်းပင် အဝေးသို့ ရောက်သွားသည်။
"အ့......"
အင်းကွက်ထဲမှ ဇာမဏီအော်သံ ထွက်ပေါ်လာသည်။
ထို့နောက် အင်းကွက်သည် သွေးနီရောင် မီးလျှံဇာမဏီအဖြစ် ပြောင်းလဲကာ စုရှောင်လန်ထံ ပျံဝဲလာတော့သည်။
"အင်းကွက်က မင်းကိုခွင့်ပြုလိုက်တာလား။"
အန်လင်း ဝမ်းသာသွားရသည်။
ထိုမျှအဆင့်မြင့်သော အင်းကွက်၏ ခွင့်ပြုချက် ရရှိရန်မှာ ခက်ခဲလွန်းလှသည်။ သို့သော် ဆက်နွယ်မှုတစ်ခုသာ ရှိနေပါက အင်းကွက်ထံမှ လိုလိုလားလားပင် ခွင့်ပြုပေးလာမည်ဖြစ်ပြီး စွမ်းအင်များ စုပ်ယူရသည်မှာလည်း ရိုးရှင်းလွယ်ကူသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်၏ အမူအရာမှာ ရုတ်ချည်းခက်ထန်သွားသည်။
"မဖြစ်ဘူး။ ဒီစွမ်းအင်က အရမ်းအားကောင်းလွန်းတယ်။ ငါ့ခန္ဓာကိုယ်က ခံနိုင်ရည် မရှိလောက်ဘူး။"
သွေးနီရောင် မီးလျှံဇာမဏီမှာ ကြွေကျလာသော ကြယ်တစ်စင်းအလား ပြင်းထန်လှသော အရှိန်ဖြင့် ရောက်ရှိလာနေသောကြောင့် လေထုသည်ပင် ပြိုကျတော့မတက် တွန့်လိမ်နေရသည်။
စုရှောင်လန်သည် အသည်းအသန် နောက်ဆုတ်လိုက်ပါသော်လည်း သွေးနီရောင် မီးလျှံဇာမဏီမှာ သူမအား လွတ်မြောက်ခွင့် ပေးမည့်ပုံ မပေါ်ပေ။
အန်လင်း အလွန်အမင်း ဒေါသထွက်သွားရသည်။
ဒီဇာမဏီက ရှောင်လန်ကို ဖိအားပေးရဲတယ်ပေါ့လေ......
သူသည် လေတောင်ပံများဖြန့်ကာ စုရှောင်လန်ရှေ့ နေရာယူလိုက်ပြီးနောက် ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ယူလိုက်သည်။
ဝုန်း..........
သွေးနီရောင် မီးလျှံဇာမဏီသည် အုတ်ခဲနက်အား ဝင်တိုက်ကာ အသွင်သဏ္ဍာန် ပျက်စီးသွားပါသော်လည်း စွမ်းအင်လှိုင်းများအဖြစ် အန်လင်းအား ဖြတ်ကျော်ကာ စုရှောင်လန်ထံ ရောက်ရှိလာပြန်သည်။
သွေးနီရောင် မီးလျှံဇာမဏီသည် လျင်မြန်လွန်းလှသဖြင့် စုရှောင်လန်မှာ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သူမသည် တိုက်ခိုက်မှုအချို့ ထုတ်လွှတ်လိုက်ပါသော်လည်း အရာအားလုံးကို မီးတောက်မီးလျှံများမှ ဝါးမြိုသွားသည်။
"ရှောင်လန်......"
အန်လင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ဝုန်း........
သွေးနီရောင် မီးလျှံဇာမဏီမှာ စုရှောင်လန်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် ဇာမဏီ၏ တာအိုစိတ်ဆန္ဒများမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူမ နာကျင်စွာ ဟစ်ကြွေးရင်း ကောင်းကင်ထက်မှ ပြုတ်ကျလာကာ ခန္ဓာကိုယ်မှာလည်း လွန်စွာတုန်ခါနေပြီး လက်ခုံပေါ်တွင်လည်း ဇာမဏီ အမှတ်အသား ဖြစ်ပေါ်လာသည်။
အန်လင်းသည် ရူးနေသူတစ်ဦးအလား စုရှောင်လန်ထံ ပျံသန်းကာ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ထိုသို့ပွေ့ဖက်ထားရသည်မှာ အလျှံညီးညီး တောက်လောင်နေသော မီးသွေးတစ်တုံးအား ထိတွေ့နေရသလိုပင်။
"ရှောင်လန်..... ရှောင်လန်....... မင်းအဆင်ပြေရဲ့လား။"
စုရှောင်လန်မှာ ဆိုးရွားလှသော နာကျင်မှုကြောင့် မျက်ဝန်းများပင် မဖွင့်နိုင်တော့ပဲ ခက်ခက်ခဲခဲ စကားဆိုလာသည်။
"ငါ့နားကို မကပ်နဲ့။ ငါ့ခန္ဓာကိုယ်က အချိန်ကြာကြာ ခံနိုင်တော့မှာ မဟုတ်ဘူး။ ဇာမဏီအစွမ်းက အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်။ တောင်းပန်တာပါ။ ငါ့နားကို မကပ်ပါနဲ့နော်။"
ထိုစကားကြောင့် အန်လင်း တုန်လှုပ်သွားရသည်။ ယခုအခြေအနေအား သည်တိုင်းထား၍ မဖြစ်တော့ပေ။
ငါဘာလုပ်ရမလဲ...........
အင်းကွက်သည် အလွန်အားကောင်းလွန်းသောကြောင့် ယခုအတိုင်းသာ ဆက်ဖြစ်နေပါက စုရှောင်လန် သေဆုံးသွားပေလိမ့်မည်။
အန်လင်းမှာ ဆောက်တည်ရာမရ လိုက်လံကြည့်ရှုနေရင်း စုရှောင်လန်၏ လက်ဖမိုးပေါ်တွင်ရှိသော အနီရောင် အမှတ်အသားအား တွေ့လိုက်မိသည်။
ထိုအမှတ်အသားသည် အင်းကွက်၏ စွမ်းအင်ရင်းမြစ် ဖြစ်သောကြောင့် ၎င်းကိုသာ ဖျက်စီးနိုင်ပါက စွမ်းအင်အား ဖြတ်တောက်ပစ်နိုင်လောက်သည်။
အချိန်ဆွဲနေရန် အချိန်မရှိတော့ပေ။
အန်လင်းသည် အဖျက်စွမ်းအင်များအား လက်ညှိုးထိပ်တွင် စုဝေးကာ သွေးနီရောင် ဇာမဏီ အမှတ်အသားကို ဖိချလိုက်သည်။
ဝုန်း.........
စုရှောင်လန် လက်ဖမိုးပေါ်မှ ဇာမဏီ အမှတ်အသားမှာ တောက်ပသော အလင်းရောင်များ ဖြာထွက်လာကာ ခုခံလိုက်ပြီးနောက် အန်လင်း၏ အဖျက်စွမ်းအင်အား ဖျက်စီးပစ်လိုက်သည်။
အန်လင်းသည် တွေဝေခြင်းပင်မရှိပဲ မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်အား ထုတ်ဖော်လိုက်သောကြောင့် သူ၏အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာသည်။
ဝုန်း.........
အန်လင်း၏ လက်ညှိုးထိပ်မှ ရွှေရောင်အလင်းများ ပေါ်ထွက်လာကာ သွေးနီရောင် ဇာမဏီ အမှတ်အသားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
စုရှောင်လန် ညည်းညူရင်းနှင့်ပင် သူမ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပျက်စီးလုဆဲဆဲ ဖြစ်နေလေပြီ။
သူမသည် ယခုအခြေအနေတွင် မျက်လုံးဖွင့်နိုင်ရန်ပင် သေလောက်အောင် ကြိုးစားနေရသည်။ သူမသည် ရှေ့တွင်ရှိနေသော လူငယ်လေး၏ မျက်နှာအား အမှတ်ရနေရန်အတွက် စူးစိုက်ကြည့်ရှုလိုက်သည်။
အန်လင်း၏ နှလုံးသားမှာ နာကျင်လေးလံနေပါသော်လည်း စွမ်းအင်အား ဆက်ထိန်းထားကာ စုရှောင်လန်အတွက် နှစ်သိမ့်စကားများ ပြောပေးနေသည်။
ဇာမဏီစွမ်းအင်သည် အန်လင်း၏ စွမ်းအင်အား ပြင်းပြင်းထန်ထန် ခုခံနေလေသည်။
.............
အန်လင်း၏ သက်ရှိစွမ်းအင်ပင်လယ်၌
အဖြူရောင် ဗာမီလီယမ်ငှက်သည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်ဟန်ဖြင့် ကောင်းကင်အားကြည့်ကာ ဟစ်ကြွေးလိုက်သည်။
ကောင်းကင်နှင့်မြေပြင်မှာ တိတ်ဆိတ်သွားသည်။
မြင့်မြတ်သော အရှိန်အဝါများ ပါဝင်နေသည့် အဖြူရောင်မီးတောက်များမှာ အန်လင်း၏ လက်ညှိုးထိပ်မှ အကန့်အသတ်မဲ့စွာ ဖြာထွက်လာသည်။ ထိုသည်မှာ မီးတောက်မီးလျှံများ အားလုံး၏ အရှင်သခင်ဟု ထင်မှတ်ရကာ ဇာမဏီ၏ စွမ်းအင်များအား ဖိနှိပ်လိုက်သည့်အပြင် အမှတ်အသားမှာလည်း ခေတ္တမျှ ချိပ်ပိတ်သွားသည်။
သို့သော် ထိုအခိုက်အတန့်မှာ မျက်စိတမှိတ်စာမျှသာ ကြာမြင့်လိုက်သည်။
သန္ဓေပြောင်းသွေးဇာမဏီ၏ စွမ်းအင်များမှာ ရုတ်တရက် ကြမ်းတမ်းလာကာ အန်လင်း၏ လက်ညှိုးထိပ်သို့ စီးဝင်လာတော့သည်။
ဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှသောကြောင့် အန်လင်းသည်ပင် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။
အဖျက်စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်ထဲ ဆိုးဆိုးရွားရွား ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် သတင်းအချက်အလက်တစ်ခု သူ၏စိတ်ထဲ ဝင်ရောက်လာလေသည်။ ထိုသတင်းအချက်အလက်တွင် တာအိုစိတ်ဆန္ဒများ ပါဝင်နေပြီး သန္ဓေပြောင်းသွေးဇာမဏီ၏ ကျင့်စဉ်ဖြစ်သော နေမင်းကြယ်စင်ဖျက်စီးခြင်း ဖြစ်သည်။
သွေးနီရောင် ဇာမဏီ၏ စွမ်းအင်များမှာလည်း အန်လင်း၏ သက်ရှိစွမ်းအင်ပင်လယ်ထဲ စီးဝင်ကာ အဖြူရောင် ဗာမီလီယမ်ငှက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများသဖွယ် သွေးနီရောင်လှိုင်းများ ဖြစ်ပေါ်လာပြီးနောက် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ရလဒ်အနေဖြင့် ဗာမီလီယမ်ငှက်၏ ခန္ဓာကိုယ်မှာ ပိုမိုစစ်မှန်လာသလို ၎င်း၏မျက်ဝန်းများမှာလည်း ပိုမိုတောက်ပလာသည်။
"အန်လင်း........ နင်အဆင်ပြေရဲ့လား။"
"ငါ့...... ငါ့ကို လွှတ်လိုက်တော့။"
စုရှောင်လန်သည် အန်လင်း၏ လက်ညှိုးအား ဖယ်ထုတ်ပစ်ချင်ပါသော်လည်း အန်လင်းမှာ တခြားလက်တစ်ဖက်ဖြင့် သူမ၏လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ ယခုအခြေအနေသည် အတော်ပင် ဆိုးရွားနေသောကြောင့် မည်သို့မျှ ရုန်းကန်နိုင်စွမ်း မရှိပေ။
စုရှောင်လန်၏ လက်ဖမိုးပေါ်မှ သွေးနီရောင် အမှတ်အသား မှေးမှိန်လာသည်နှင့်အတူ သူမ၏ အသက်ရှူသံများ ပြန်လည်မှန်ကန်လာသည်။
တစ်ဖက်တွင်မူ အန်လင်း၏ လက်ဖမိုးပေါ်တွင် သွေးနီရောင် အမှတ်အသား စတင်ဖြစ်ပေါ်လာလေသည်။
သူ၏ခန္ဓာကိုယ်ထဲမှာ ဇာမဏီ စွမ်းအင်သည်လည်း တဖြည်းဖြည်း အားကောင်းလာကာ လောင်ကျွမ်းစပြုလာသည်။
တာအိုပေါင်းစည်းခြင်းအဆင့် ဒဏ္ဍာရီလာသားရဲ ကျန်ရစ်ခဲ့သော အင်းကွက်သည် အားပြင်းလွန်းလှသောကြောင့် သူ၏စစ်နတ်ဘုရားခန္ဓာသည်ပင် ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။
သို့သော် အန်လင်း နောင်တမရပေ။ သူသည် ဆန့်ကျင်ခြင်း မရှိပဲ ခန္ဓာကိုယ်ထဲ စီးဝင်လာသော ဇာမဏီစွမ်းအင်များအား တည်တည်ငြိမ်ငြိမ်ပင် လက်ခံနေသည်။ သူခံနိုင်ရည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စုရှောင်လန် ခံစားရသည်ကို ကြည့်နေနိုင်စွမ်း မရှိပေ။
အချိန်မှာ ဖြည်းညင်းစွာ ကုန်ဆုံးနေသည်။
စုရှောင်လန်၏ လက်ဖမိုးပေါ်မှ အမှတ်အသားမှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်နေခြင်း ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် အန်လင်း၏ လက်ဖမိုးပေါ် ဖြစ်ပေါ်လာနေသော သွေးနီရောင် အမှတ်အသားလည်း ငြိမ်သက်သွားသည်။
၎င်းတို့နှစ်ဦးမှာ အသက်ပြင်းပြင်းရှူကာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။
၎င်းတို့၏ လက်ဖမိုးများပေါ်တွင် သွေးနီရောင် ဇာမဏီ အမှတ်အသား တဝက်စီ ဖြစ်ပေါ်နေပြီး နှစ်ခုပေါင်းလိုက်မှသာလျှင် ပြီးပြည့်စုံသွားမည် ဖြစ်သည်။
***