ပူးပေါင်းတိုက်ခိုက်မှု
Vol. 57 Ch. 794
"ဘာဖြစ်သွားတာလဲ။ ကိုယ်တို့တွေ သန္ဓေပြောင်းသွေးဇာမဏီ အစွမ်းကို တဝက်စီ ယူလိုက်မိတာလား။"
အန်လင်း စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
စုရှောင်လန်သည် သွေးဝိဉာဉ်ဆေးလုံးအားသောက်ကာ ခက်ခက်ခဲခဲ ထိုင်ချလိုက်ပြီးနောက် နဖူးမှ ချွေးစက်များကိုသုတ်ရင်း လက်ဖမိုးပေါ်ရှိ အမှတ်အသားအား ကြောင်တောင်တောင် ကြည့်ရှုလိုက်မိသည်။
"ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မီးစွမ်းအင်က အရမ်းအားကောင်းလာတယ်။ ပြီးတော့ နေမင်းကြယ်စင်ဖျက်စီးခြင်းကိုလည်း ရလိုက်တယ်။"
စုရှောင်လန်သည် သေဆုံးခြင်းမှ လွတ်မြောက်နိုင်ခဲ့သောကြောင့် ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
"နင်ရောဘယ်လိုလဲ။ ပြောင်းလဲမှုတွေ ခံစားရလား။"
အန်လင်း ခေါင်းညိတ်ပြလာသည်။
"ကိုယ့်ခန္ဓာကိုယ်ထဲက မီးစွမ်းအင်တွေလည်း တိုးတက်လာတယ်။ ပြီးတော့ နေမင်းကြယ်စင်ဖျက်စီးခြင်း အမွေအနှစ်ကို ကိုယ်လည်းရလိုက်တယ်။"
သူမယုံကြည်နိုင်စွာဖြင့် လက်ဖမိုးပေါ်မှ အမှတ်အသားအား ကြည့်လိုက်သည်။
"ဒါဆို တစ်ခုဝယ်၊ တစ်ခုလက်ဆောင်လိုမျိုးလား။"
စုရှောင်လန် မျက်နှာပျက်သွားသည်။
"ငါထင်တာတော့ တစ်ယောက်သေ၊ တစ်ယောက်လက်ဆောင် မဟုတ်ဘူးလား။"
အန်လင်း ရယ်မောရင်း ကြည့်ရှုလိုက်သောအခါ စုရှောင်လန်သည် ရွှန်းစိုနေသော မျက်ဝန်းများဖြင့် သူ့အားငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အာ....... ရှောင်လန်........ မင်း......."
အန်လင်း စကားမဆုံးသေးခင်မှာပင် သင်းပျံ့သော မွှေးရနံ့အား ရရှိလိုက်သည်။
နူးညံ့နွေးထွေးသော နှုတ်ခမ်းတစ်စုံ၏ အထိအတွေ့မှာ သိမ်မွေ့နက်ရှိုင်းလှပေသည်။
စုရှောင်လန် မျက်ဝန်းများကို မှိတ်ထားသောကြောင့် ရှည်လျားကော့ညွတ်သော မျက်တောင်လေးများ တုန်ခါနေသည်။
သူမ၏ အသားအရေသည် ကြယ်စင်များ၏အောက်တွင် ပန်းနုရောင် သမ်းနေပြီး အသက်ရှူသံမှာလည်း ပုံမှန်ထက်ပို၍ မြန်ဆန်နေသည်။
ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလွန်းသော အခိုက်အတန့်လေးတစ်ခုပင်။
အန်လင်းမှာ ရုတ်တရက် ဆန်လွန်းသော ကောင်းချီးကြောင့် ကြောင်အမ်းအမ်းပင် ဖြစ်နေမိသည်။
စုရှောင်လန်သည် ယခုကဲ့သို့ လေးလေးနက်နက် နမ်းရှိုက်လာသည်မှာ ပထမဆုံး ဖြစ်သည်။
ထိုခံစားချက်သည် သစ်လွင်ထူးခြားကာ ရင်ခုန်ချင်စဖွယ် အပြည့်ပင်။
မြင့်မြတ်သော ရေခဲကုန်းမြေ၏ တိုက်ပွဲအပြီးတွင်လည်း စုရှောင်လန်မှ ရူးရူးမူးမူး ပွေ့ဖက်နမ်းရှိုက်ခဲ့ဖူးကြောင်း အန်လင်း မသိပေ။
ဝုန်း...... ဝုန်း....... ဝုန်း.......
"မူး....... နှစ်ယောက်လုံး အဆင်ပြေနေလို့ တော်ပါသေးတယ်။"
နွားကြီးတစ်ကောင်မှာ ရွှင်မြူးစွာဖြင့် အန်လင်းနှင့် စုရှောင်လန်နား ဒုန်းစိုင်းရောက်ရှိလာသည်။
စုရှောင်လန်သည် ပါးလေးများ ရဲသွားအောင် ရှက်ရွံ့ကာ ချစ်စဖွယ် အမူအရာလေးဖြင့် အန်လင်းအား တွန်းထုတ်လိုက်သည်။ အန်လင်းမှာ ထိုပုံစံလေးအား အူယားလွန်းသောကြောင့် သူမ၏ ပါးပြင်ကို ရွှတ်ခနဲနေအောင် နမ်းပစ်လိုက်မိလေသည်။
ထို့နောက် အေးစက်ခက်ထန်သော အမူအရာဖြင့် အော့နျိုအား ကြည့်ရှုလိုက်သည်။
"ရုတ်တရက်ကြီး အမဲကင် စားချင်လာတယ်။"
အော့နျိုမှာ အားကောင်းလွန်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား အာရုံခံမိလိုက်သောကြောင့် ချွေးစေးများထွက်ကာ အမွှေးများအားလုံး ထောင်ထသွားရသည်။
အမဲကင်....... ဘာလို့ အဲ့လိုကြီး ပြောရတာလဲ......
သူငါ့ကို စားတော့မှာလား.....
အန်လင်းနှင့် စုရှောင်လန်မှာ ဖြူရော်နေသော အော့နျိုအား လျစ်လျူရှုကာ စကားစမြည် ဆက်ပြောနေကြသည်။
စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ခုနက အနမ်းက နင်တော်လို့ နင့်ကိုဆုချတာ။"
အန်လင်း အသိစိတ် ဝင်လာကာ သူမအား နဖူးတောက်လိုက်သည်။
"နောက်အဲ့လိုဖြစ်ရင် ကိုယ့်ကိုတွန်းမထုတ်ရဘူး ကြားလား။ ကိုယ်က သောက်ကြမ်းကြီးလေ။ မင်းကို အစစအရာရာ ကာကွယ်ပေးမှာ။"
စုရှောင်လန် ခေါင်းညိတ်ပြလာသည်။
"အင်းပါ။ နင်ကဆရာကြီးဆိုတာ သိပါပြီ။"
အန်လင်း စိတ်ကျေနပ်သွားကာ သူမအား ဆွဲထူရန် လက်ကမ်းပေးလိုက်သည်။
၎င်းတို့နှစ်ဦး လက်ချင်းထိလိုက်သည်နှင့် တစ်စုံတစ်ခု ပြီးပြည့်စုံသွားသည့်အလား ထူးခြားသော ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
စုရှောင်လန် အမူအရာ ပြောင်းလဲသွားကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
၎င်းတို့သည် အချင်းချင်း နားလည်နေသည့်နှယ် လက်များကို လွှတ်လိုက်သည်နှင့် ထိုဆက်နွယ်မှုလည်း ပျောက်ကွယ်သွားသည်။
ထို့နောက် တစ်ဦးကိုတစ်ဦးကြည့်ကာ လက်များဆုပ်ကိုင်လိုက်သည်နှင့် ဆက်နွယ်မှု ပြန်လည်ဖြစ်ပေါ်လာသည်။
လက်များကို လွှတ်လိုက်သည်နှင့် ဆက်နွယ်မှုမှာ ပျောက်ဆုံးသွားပြန်သည်။
အော့နျိုမှာ လက်လွှတ်လိုက်၊ ကိုင်လိုက် လုပ်နေသော အန်လင်းတို့အားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေသည်။
ဒါက ကြူနည်းအသစ်လား....... ကြည့်ရတာ ပျော်နေကြပုံပဲ........
"ဒါက သန္ဓေပြောင်းသွေးဇာမဏီ အစွမ်းကြောင့် ဖြစ်လာပုံရတယ်။"
အန်လင်း သုံးသပ်လိုက်သည်။
စုရှောင်လန် မျက်မှောင်ကျုံ့လိုက်သည်။
"ငါတို့လက်ပေါ်က အမှတ်အသားနဲ့လည်း ဆိုင်လောက်တယ်။"
"စမ်းကြည့်ကြမလား။"
အန်လင်း မေးမြန်းလာသည်။
"ကောင်းပြီလေ။"
စုရှောင်လန် ခေါင်းညိတ်ပြလိုက်သည်။
ဝုန်း......
သွေးနီရောင် မီးတောက်များ ဖြာထွက်ကာ တစ်ကီလိုမီတာကျော် ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။
စုရှောင်လန်သည် လက်ခံရရှိထားသော သွေးဇာမဏီ စွမ်းအင်အား ထုတ်ဖော်လိုက်သည်။
အန်လင်းမှာလည်း ထိုကဲ့သို့ လုပ်ဆောင်လိုက်သောကြောင့် မီးတောက်များမှာ ကောင်းကင်ထက်တိုင် တက်သွားသည်။ သူသည် မီးအားကိုင်တွယ်ရာတွင် စုရှောင်လန်လောက် မကျွမ်းကျင်ပါသော်လည်း ၎င်းတို့၏ မီးတောက်များမှာ ကွာခြားလှခြင်း မရှိပေ။
"မဆိုးဘူးပဲ။ ဒီမီးတောက်က အံ့ဖွယ်မီးတောက် အဆင့်ရှိတယ်။"
အန်လင်း ဝမ်းသာသွားသည်။
"နောက်တစ်ခု ထပ်စမ်းကြည့်ရအောင်။"
စုရှောင်လန် စကားဆိုလာသည်။
၎င်းတို့သည် ပြောစရာ မလိုအောင်ပင် တစ်ဦးကိုတစ်ဦး နားလည်နေသောကြောင့် လက်များကိုင်လိုက်ကြပြန်သည်။
ဖျော့တော့ပါသော်လည်း တိကျသေချာသည့် ဆက်နွယ်မှုတစ်မျိုး ဖြစ်တည်လာသည်။
၎င်းတို့နှစ်ဦးလုံး သန္ဓေပြောင်းသွေးဇာမဏီ၏ စွမ်းအင်အား အတူတကွ ထုတ်ဖော်လိုက်သည်နှင့် ဆက်နွယ်မှုမှာ ပိုမိုအားကောင်းလာကာ လက်ဖမိုးများပေါ်မှ အမှတ်အသားမှာလည်း လင်းလက်တောက်ပလာသည်။
ထိုအမှတ်အသား နှစ်ခုသည် လေပေါ်ပျံဝဲကာ ပြီးပြည့်စုံသော ဇာမဏီ အမှတ်အသားအဖြစ် ပြောင်းလဲသွားသည်။
မီးလျှံနတ်ဘုရား အစွမ်းဟု ထင်ရလောက်အောင် ပြင်းထန်လွန်းသော စွမ်းအင်များ ဖြာထွက်လာလေသည်။
ဝုန်း.........
မီးတောက်မီးလျှံများမှာ ကောင်းကင်နှင့်မြေပြင်တခွင် ကြီးစိုးသွားပြီး အနီရောင် အလင်းများမှာ ပတ်ဝန်းကျင် တစ်ခုလုံးအား လင်းထိန်သွားစေသည်။
အကန့်အသတ်မဲ့သော မီးတောက်များ ပေါက်ကွဲသွားသည်မှာ အဏုမြူဗုံးသဖွယ် ထင်မှတ်ရပြီး ကြီးမားလှသော ဇာမဏီ ပုံရိပ်ကြီးလည်း ဖြစ်ပေါ်လာသည်။
အော့နျို ကြောက်ရွံ့စွာ အော်ဟစ်ရင်း အဝေးသို့ ထွက်ပြေးပါသော်လည်း ကြမ်းတမ်းသော ပေါက်ကွဲမှုထံမှ မလွတ်မြောက်နိုင်ပဲ အနီရောင် မီးလျှံများနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျလာတော့သည်။
ပေါက်ကွဲမှု၏ အစွန်အဖျားတွင် ရှိနေသောကြောင့်သာ မဟုတ်ပါက အမှန်တကယ် အမဲကင် ဖြစ်နေလောက်ပြီပင်။
အော့နျိုသည် လေထုတစ်ခုလုံးပင် တွန့်လိမ်နေသော ပေါက်ကွဲမှု ဗဟိုအား လှမ်းကြည့်လိုက်သည်။ ထိုနေရာ တစ်ခုလုံးသည် မျက်စိကန်းရလောက်အောင် လင်းထိန်လွန်းနေသည်။
"အဲ့...... အဲ့နှစ်ယောက်ရော ပေါက်ကွဲသွားပြီလား။"
အော့နျို မျက်လုံးများကိုအုပ်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"သေတော့မသေသွားလောက်ပါဘူးနော်။"
အော့နျိုမှာ ပေါက်ကွဲမှု ဗဟိုတွင် မည်သို့ဖြစ်နေမည်ကို အနည်းငယ်မျှ မခန့်မှန်းနိုင်ပေ။ အားနည်းသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ဦးသည်ပင် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။
သို့သော် မကြာမီမှာပင် အော့နျို၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။
မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ခြစ်ရာကလေးမျှပင် ရှိမနေသော ပုံရိပ်နှစ်ခုအား တွေ့လိုက်ရလေသည်။
အန်လင်းနှင့် စုရှောင်လန်မှာလည်း ထင်မှတ်မထားသော အဖျက်စွမ်းအင်များကြောင့် တအံ့တသြဖြစ်ကာ တစ်ဦးကိုတစ်ဦး ကြည့်ရှုမိနေကြသည်။
"ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာပဲ။"
စုရှောင်လန် မျက်လုံးအပြူးသား ဖြစ်နေလေပြီ။
"အချစ်ရဲ့ စွမ်းအင်များလား။"
အန်လင်း ခပ်တိုးတိုး မေးမြန်းလိုက်သည်။
စုရှောင်လန် : "..........."
ထိုတိုက်ကွက်အား ထုတ်ဖော်ပြီးနောက် စွမ်းအင်များအားလုံး ကုန်ခမ်းသွားသလို ခံစားရသဖြင့် နှစ်ဦးသားမှာ လက်များကို လွှတ်လိုက်ကြသည်။
နှစ်နှင့်ချီအောင် မပျက်စီးခဲ့သော သွေးနီရောင် ငှက်အလောင်းမှာလည်း ကြောက်မက်ဖွယ် မီးတောက်များကြောင့် အသားများအားလုံး လောင်ကျွမ်းကာ အရိုးစုသာ ကျန်ရစ်ခဲ့သည်။
၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ရူးမက်ဖွယ် ကောင်းလောက်ပေသည်။
***