← Chapters

ကောင်းကင်ဘုံ၏စီရင်ချက်

Vol. 57 Ch. 795

ကောင်းကင်ဘုံ၏စီရင်ချက်

Vol. 57 Ch. 795

"ကြည့်ရတာ ငါတို့နည်းနည်း များသွားတယ် ထင်တယ်။ ဒီဒဏ္ဍာရီလာသားရဲဆီကပဲ စွမ်းအင်တွေ ရခဲ့တာမလား။"

စုရှောင်လန်သည် စိတ်မကောင်းဖြစ်နေဟန်ဖြင့် ဇာမဏီအလောင်းအား ကြည့်ရှုလိုက်သည်။

အန်လင်း ခေါင်းညိတ်သဘောတူလာသည်။

"သူ့ရဲ့သေဆုံးမှု အလဟဿ မဖြစ်ရအောင် အရိုးတွေကို ဂိုဏ်းပြန်သယ်သွားပြီး ဆေးလုံးသန့်စင်တာတို့၊ လက်နက်တည်ဆောက်တာတို့ လုပ်ပေးသင့်တယ်။ အဲ့ဒါမှ ဒီဇာမဏီလည်း သေသွားတာတောင် တန်ဖိုးရှိနေဦးမှာပေါ့။"

စုရှောင်လန် အန်လင်းအား မျက်စောင်းထိုးလိုက်မိသည်။

အန်လင်းကဲ့သို့ အရှက်မရှိ သရက်စေ့လို လူမျိုးကသာ ထိုသို့ပြောရဲပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ စုရှောင်လန်သည်လည်း စုကျိုးအင်မော်တယ်ဂိုဏ်း တိုးတက်ရေးအတွက် အန်လင်းနှင့်အတူ အရိုးစုအား အမဲဖြတ်လိုက်သည်။

၎င်းတို့နှစ်ဦးမှာ ကျွမ်းကျင်သော ဓားသမားများ ဖြစ်နေသောကြောင့် အလုပ်ပင် မရှုပ်လိုက်ပေ။

ဒဏ္ဍာရီလာသားရဲ၏ အရိုးစုသည်လည်း ၎င်းတို့လက်ထဲတွင် အပိုင်းပိုင်းအစစ ဖြစ်ခဲ့ရလေပြီ။

ကြီးမားလှသော ဇာမဏီ အရိုးစုအား တစ်စစီ ပြုလုပ်ကာ ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ကြသည်။ ထိုအရိုးများ၏ တန်ကြေးသည်ပင် စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းကျော်လောက်၏။

ထို့အပြင် သန္ဓေပြောင်းသွေးဇာမဏီထံမှ အမွေအနှစ်များလည်း ရရှိခဲ့သေးသည်။

အမှန်တကယ် မက်မောလောက်စရာ အခွင့်အရေးပင်။

အန်လင်းနှင့် စုရှောင်လန်သည် ပျော်ရွှင်စွာဖြင့်ပင် အော့နျိုအားစီးကာ ကြာပွတ်နှင့်ဆော်လျက် အဝါရောင်ကြယ်ထံ ရှေ့ဆက်လာခဲ့ကြသည်။

အန်လင်းမှာ စိတ်ကျေနပ်နေသောကြောင့် ဇာမဏီရိုးတစ်ချောင်းအား အော့နျိုထံ ပစ်ပေးလိုက်သည်။

"ဒီအရိုးယူထားလိုက်။ မင်းလျက်လို့ ရတာပေါ့။"

အန်လင်း ပြုံးကာပြောလိုက်သည်။

အော့နျို မျက်ရည်များ စီးကျလာသည်။

သောက်ကျိုးနည်း...... ငါကနွားပါကွ..... ခွေးမဟုတ်ဘူး........

သို့သော် အရိုးအား တိတ်တဆိတ် သိမ်းထားလိုက်သည်။

ထိုအရိုးသည် အဖိုးတန်သော လက်နက် သို့မဟုတ် ချပ်ဝတ်တစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော။

အော့နျိုမှာ အဝေးသို့ ဒုန်းစိုင်းပြေးနေသည်။

၎င်း၏အရှိန်မှာ လျင်မြန်လွန်းလှပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပျံသန်းနေသည်နှင့် ဆင်တူသည်။ ထိုသည်မှာ သားရဲတစ်ကောင်၏ အားသာချက်ပင်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သန်မာလွန်းသောကြောင့် ခံနိုင်ရည်စွမ်းမြင့်ကာ သက်လုံကောင်းကြသည်။

"မြန်လိုက်တာ။ ပြေးနေတာထက်တောင် မြန်သေးတယ်။"

စုရှောင်လန်သည် လက်နှစ်ဖက်အား ဆန့်တန်းကာ ရယ်မောလိုက်သည်။ သူမ၏ လှပသော ဆံနွယ်များမှာလည်း လေနှင့်အတူ မျောလွင့်နေလေသည်။

အန်လင်းသည် နွားချိုနှစ်ခုအား စတီယာတိုင် ကိုင်သလိုကိုင်ကာ ပြုံးလိုက်သည်။

"အမှန်ပဲ။ အော်ဒီရော၊ BMWရော နားထားလိုက်။ အော့နျိုကမှ တကယ်မိုက်တာ။"

အော့နျိုသည် အော်ဒီနှင့် BMWအား မကြားဖူးပါသော်လည်း အန်လင်းမှ ချီးကျူးနေခြင်းဖြစ်ကြောင်း နားလည်လိုက်သောကြောင့် ဘဝင်လေဟပ်ကာ ပို၍ပင် အရှိန်မြှင့်လိုက်သည်။

"ဝေါင်း......."

ကျယ်လောင်လှသော ဟိန်းဟောက်သံနှင့်အတူ အနီရောင် အလင်းတန်းတစ်ခုသည် အန်လင်းတို့ထံ ပြေးဝင်လာသောကြောင့် မြေပြင်တွင်ပင် အက်ကွဲရာများ ဖြစ်ပေါ်လာသည်။

ရုတ်ချည်းဆိုသလို ရွှေရောင်လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ အနီရောင် အလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။

ဝုန်း........

သွေးနီရောင် ကျားသစ်၏ ဦးခေါင်းထက်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ မြေပြင်ပေါ် ဘုန်းဘုန်းလဲသွားသည်။

အော့နျိုမှာ ကျားသစ်ကြီးအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ရှေ့ဆက်ပြေးလာခဲ့သည်။

ထိုသည်မှာ ကိုးကောင်မြောက် သွေးမိစ္ဆာသားရဲလည်း ဖြစ်သည်။ ပထမဆုံး တွေ့ခဲ့ရသည့် သွေးမိစ္ဆာသားရဲ သုံးကောင်မျှ မကြမ်းတမ်းပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် ရင်ဆိုင်ရန် မလွယ်ကူပေ။

မည်သို့ပင်ဆိုစေကာမူ အန်လင်းနှင့် စုရှောင်လန်တို့မှာ ၎င်းတို့အား ပူပေါင်းဖောက်နေသည့်နှယ် စိမ်ပြေနပြေသာ ရင်ဆိုင်နေသည်။

ဒီနှစ်ယောက်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရော ဟုတ်ရဲ့လား..... အဆင့်မြင့် ကျင့်ကြံသူတွေက ဟန်ဆောင်နေတာများလား........

သွေးစက်ကုန်းမြေတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ ရူးသွပ်သွားသောကြောင့်သာ မဟုတ်ပါက အန်လင်းတို့အား ဟင်းလင်းပြင်သို့အပြန်အဆင့်ဟု ထင်မှတ်မိမည်မှာ အသေအချာပင်။

အော့နျိုသည် အစစအရာရာ ဖြေရှင်းပေးနိုင်မည့်သူများ ရှိနေသောကြောင့် မည်သည်ကိုမှ စိတ်မပူပဲ အေးအေးဆေးဆေးပင် ပြေးလွှားနေသည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက် နေရာတစ်ခုသို့ ရောက်ရှိလာသည်။

ထိုနေရာတွင် အဝါရောင်ကြယ်နှင့် သွေးကြယ်စင်တို့ မျဉ်းဖြောင်းအတိုင်း တန်းနေလေသည်။

"အခု ရွေးချယ်စရာ သုံးခုရှိတယ်။ ပထမ တစ်ခုက ထွက်ပေါက်ရှိနေတဲ့ အဝါရောင်ကြယ်ဆီ တည့်တည့်သွားပြီး ဒီကထွက်ဖို့ပဲ။"

"ဒုတိယ တစ်ခုက သွေးကြယ်စင်ဘက်ကိုသွားပြီး ထွက်ပေါက်ရဲ့ ဆန့်ကျင်ဘက်မှာ ဘာတွေရှိနေလဲ ကြည့်ကြမယ်။ တတိယ တစ်ခုက အခွင့်အလမ်းတွေဘာတွေ ရှိနိုင်သေးတဲ့အတွက် ဟိုဟိုဒီဒီ လျှောက်ရှာကြမယ်။"

အန်လင်း စကားဆိုလိုက်သည်။

"မူး....... ပြန်သင့်ပြီထင်တယ်။ မင်းတို့လည်း အချီကြီး ရပြီးပြီမလား။"

အော့နျို အကြံပြုလိုက်သည်။ သူသည် ဖိအားပေးခံရကာ သွေးစက်ကုန်းမြေထဲ ရောက်လာရခြင်း ဖြစ်သောကြောင့် တစ်စက်ကလေးပင် ဆက်နေချင်စိတ် မရှိပေ။

အန်လင်းမှာ ၎င်းအားလျစ်လျူရှုကာ စုရှောင်လန်ကိုသာ ကြည့်လိုက်သည်။

အော့နျို : ".................."

ငါက စကားပြောဖို့တောင် အခွင့်အရေး မရှိတဲ့ ခိုင်းနွားကြီးပေါ့.......

စုရှောင်လန်မှာ ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေသည်။

သွေးကီရင်ကျောက်စိမ်းသည် အလွန်တန်ဖိုးရှိသော ရတနာ ဖြစ်သောကြောင့် ရှာတွေ့နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ သွေးစက်ကုန်းမြေသည် ကျယ်ဝန်းလှသဖြင့် သွေးကီရင်ကျောက်စိမ်းအား ရှာမတွေ့လျှင်ပင် ၎င်းတို့အနေဖြင့် အခြားသော ရတနာများစွာ တွေ့နိုင်သေးသည်။

ဤနေရာသည် ရတနာမြေ ဖြစ်သောကြောင့် မရေမတွက်နိုင်သော အခွင့်အရေးများ ရှိနေလိမ့်မည်ပင်။

ထို့အပြင် ရောက်ရှိနေသူများသည် ၎င်းတို့ကဲ့သို့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ထိုသည်မှာ ၎င်းတို့အတွက် အဆပေါင်းများစွာ အန္တရာယ် ကင်းစေသော အချက်တစ်ခုဟုလည်း ဆိုနိုင်သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ထွက်ခွာရန် ဆုံးဖြတ်ရမည်မှာ အနည်းငယ်မျှ မလွယ်ကူပေ။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရခြင်း မရှိပါက ၎င်းတို့သည် ပြိုင်ဘက်ကင်းနေသည် မဟုတ်လော။

သွေးစက်ကုန်းမြေသည် အန္တရာယ်များ ပြည့်နေပါသော်လည်း ထိုမျှလောက်ကို စွန့်စားသင့်ပေသည်။

ထိုကဲ့သို့ အန္တရာယ်များကြောင့်ပင် စုရှောင်လန်မှာ ချီတုံချတုံ ဖြစ်နေရခြင်း ဖြစ်သည်။

"နည်းနည်းပါးပါးလောက် ထပ်သွားကြည့်ရင် မကောင်းဘူးလား။"

စုရှောင်လန် တွေဝေစွာ ပြောလိုက်သည်။

"ကောင်းပြီလေ။"

အန်လင်း စိတ်လှုပ်ရှားစွာဖြင့် နွားချိုအား ဆွဲလိုက်သည်။

"ဖေ့သားကြီးအော့နျိုရေ..... ငါတို့ သွေးကြယ်စင်ဆီ သွားရအောင်။"

အော့နျို မျက်ရည်အဝဲသားဖြင့် ထွက်ပေါက်နှင့် ဆန့်ကျင်ဘက်ထံ စတင်ပြေးလွှားလိုက်သည်။

ငါတို့ဟုတ်လား.......

မဟုတ်ဘူးကွ......

တကယ်တော့ မင်းတို့နဲ့ငါ ဖြစ်နေတာ.......

အော့နျိုမှာ မကျေနပ်ချက်များနှင့်အတူ မြန်သထက်မြန်အောင် ပြေးနေမိသည်။

မကြာမီမှာပင် ညဉ့်ကောင်းကင်ယံမှာ စတင်မှေးမှိန်လာသည်။

ကောင်းကင်နှင့်မြေပြင်မှာ မည်းမှောင်လာသလို ကန့်လန့်ကာ ချလိုက်သည့်နှယ် ကြယ်စင်များ၏ အလင်းပင် ပျောက်ကွယ်လာလေသည်။

သန်းခေါင်ယံ အမှောင်ထုကြားတွင် မျက်ဝန်းများစွာ ထွက်ပေါ်လာသည်။

အန်လင်း၊ စုရှောင်လန်နှင့် အော့နျိုမှာ အမူအရာ ပြောင်းလဲသွားရသည်။

"သတိထားကြ..... ကောင်းကင်ဘုံရဲ့ စီရင်ချက် လာတော့မယ်။"

အန်လင်း လေးနက်စွာ အော်ဟစ်ကာ ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ယူလိုက်သည်။

သွေးစက်ကုန်းမြေတွင် ထူးခြားဖြစ်စဉ် သုံးခု ရှိသည်။

ကြယ်စင်များ၏ ဖိနှိပ်ခြင်း၊ ကောင်းကင်ဘုံ၏ စီရင်ချက်နှင့် ဘုန်းတော်ဂုဏ်တော် ကပြောင်းကပြန်တို့ပင် ဖြစ်သည်။

ကြယ်စင်များ၏ ဖိနှိပ်ခြင်းသည် ပျံသန်းသူများကိုသာ အပြစ်ပေးခြင်း ဖြစ်သောကြောင့် လွယ်လင့်တကူပင် ရှောင်ရှားနိုင်သည်။

သို့သော် ကောင်းကင်ဘုံ၏ စီရင်ချက်အား သေမင်းတမာန်၏ ကံကြမ္မာစက်ဝိုင်းဟုလည်း ခေါ်ဆိုကြသည်။

ကောင်းကင်ဘုံ၏ မျက်ဝန်းများ အာရုံစိုက်မိသော နေရာပေါ် ကျဆင်းလာမည်ပင်။

ထို့ကြောင့် ကြည့်တာနဲ့ သေပြီပဲဟု အရပ်စကားအရ ပြောကြသည်။

ထိုသည်မှာ ဗြောက်သောက်ဆန်လွန်းသော တိုက်ခိုက်မှု တစ်ခုလည်း ဖြစ်ပေသည်။

ကောင်းကင်ထက်ရှိ မျက်ဝန်းတစ်စုံသည် တစ်နေရာအား ကြည့်လိုက်ပြီးနောက် ကမ္ဘာပျက်ကပ်နှင့် ဆင်တူသည်များ ဖြစ်ပေါ်လာတော့သည်။

ထိုနေရာသည် အန်လင်းတို့နှင့် ကီလိုမီတာ ငါးရာခန့် ဝေးကွာပြီး မျက်စိတမှိတ်အတွင်း သွေးပင်လယ် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အဖျက်စွမ်းအင်များ ပေါက်ကွဲမှုကြောင့် ကောင်းကင်ထက်သို့ မီးခိုးလုံးများ တက်သွားသည်မှာ မိစ္ဆာတစ်ကောင်၏ အပြုံးလိုပင်။

ဝေးကွာလွန်းလှပါသော်လည်း အန်လင်းတို့မှာ ကြက်သီးမွှေးညှင်းများ ထသွားရသည်။

အန်လင်းနှင့် စုရှောင်လန်မှာ ကောင်းကင်ဘုံ၏ စီရင်ချက်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာပင် မျက်ဝန်းတစ်စုံမှာ ၎င်းတို့ရှိရာအရပ်သို့ ကြည့်ရှုလာသည်။

***

All Chapters