တိုက်ပွဲ မတိုင်မီ
Vol. 25 Ch. 338
မိုးကြိုးများ ရှင်းလင်းသွား ပြီးနောက် မိုဝူကျီက အပြာရောင် ဝတ်စုံအသစ် လဲဝတ်လိုက်ပြီး နေရာ၌ပင် မတ်မတ် ရပ်နေလိုက်သည်။ ရွိုက်ကောက ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချကာ မိုဝူကျီ၏ ပခုံးပေါ် ရောက်လာလေ၏။
မိုဝူကျီက လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့် လိုက်ကာ တစ်ယောက်မျှ ရှေ့ထွက် မလာသလို ထွက်လည်း ထွက်မသွား ကြသည်ကို တွေ့လိုက်ရပြီး သူတို့က မိုဝူကျီ ပြောမည့် အရာကို စောင့်ဆိုင်း နေသည်နှင့် တူပေသည်။
မိုဝူကျီက သူ့အား မှတ်မိသည့်သူ ရှိလား မသေချာ သော်လည်း ရှိနေလျှင်ပင် ဂရုမစိုက်ချေ။ ယခု သူက လိုက်ဖမ်း ခံနေရသည့် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူလေး မဟုတ်တော့ပေ။ သူက ကောင်းကင် နယ်ပယ်မှ စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ရောက်နေပြီ ဖြစ်၏။
အကယ်၍ သူတို့က သူ့အား သတ်လိုလျှင် လောက အင်မော်တယ် အဆင့် ခေါ်လာရန်သာ ရှိသည်။ သို့သော် လောက အင်မော်တယ် ကျင့်ကြံသူများမှာ များများစားစား မရှိချေ။
“တစ်ယောက်ယောက်ဆီ အာကာသ တည်နေရာပြ အလုံး ပါရင် ကျုပ်ကို ရောင်းနိုင်မလား... ”
မိုဝူကျီက ပျော့ပျော့ ပျောင်းပျောင်း မေးလိုက်သည်။
မိုဝူကျီက အာကာသ တည်နေရာပြ အလုံး ဝယ်ယူလိုသည်ကို ကြားသောအခါ ကျင့်ကြံသူ များစွာက ကိုယ်စီ အာကာသ တည်နေရာပြ အလုံး ကိုင်ဆောင်ရင်း ရှေ့ထွက်လာ ကြသည်။ ထိုကျင့်ကြံသူများ ကြားတွင် မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက ရှေ့ဆုံး ထွက်လာကာ မိုဝူကျီဆီ တိုက်ရိုက် လာပေးလေ၏
“စီနီယာ ... ကျုပ် အာကာသ တည်နေရာပြ အလုံးက နေရာတွေ အားလုံး မှတ်ထားတာ ပြည့်စုံတာကြောင့် စီနီယာအတွက် ပိုအဆင်ပြေမှာပါ ... ”
“မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ အာကာသ တည်နေရာပြ အလုံးအတွက် ဘယ်လောက်များ ပေးရမလဲ ... ”
မိုဝူကျီက ကျေးဇူးတင်လိုက်ရင်း ထိုတည်နေရာပြ အလုံးကို လက်ခံလိုက်သည်။
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက အမြန်အဆန် လက်ခါပြကာ …
“စီနီယာကို ကူညီနိုင်တာကိုက ကျုပ်အတွက် ဂုဏ်ယူစရာပါ ... ဘယ်လိုလုပ် အခကြေးငွေ လက်ခံရမှာလဲဗျာ ... ”
မိုဝူကျီက တစ်ဖက်လူ၏ ငြင်းပယ်မှုကို လက်ခံလိုက် လေသည်။ ဤကျင့်ကြံသူကို အခကြေးငွေ အတင်း ပေးချေခြင်းက သူ့ကို စိတ်ပျက်သွား စေနိုင်ကြောင်း သိ၏။
“မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ ဒါနဲ မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ ...”
မိုဝူကျီက တည်နေရာပြ အလုံးကို သိမ်းထားရင်း ခေါင်းညိတ်ပြ လိုက်သည်။
မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားက လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည် ။
“စီနီယာ ... ကျုပ်နာမည် ဝမ်ပိုရှီပါ ...”
“အဲဆို ညီလေးဝမ်ရဲ့ သိတတ်မှုကို လက်ခံလိုက် ပါ့မယ်။ ကံဆုံရင် ပြန်တွေ့ ကြတာပေါ့ ... ”
မိုဝူကျီက နောက်တစ်ခါ ကျေးဇူးတင်လိုက် ပြီးနောက် ရွိုက်ကောကို ခေါ်ကာ ပျံသန်းသွားပြီး တမဟုတ်ချင်း ပျောက်ကွယ် သွားလေ၏။
မိုဝူကျီက အတိတ်ကို ပြန်လည် တွေးတော မိနေသည်။ အကြောင်းရင်းက မည်သို့ ဖြစ်စေကာမူ ပြဿနာ အရင်းအမြစ်မှာ သူက လုံလုံလောက်လောက် အားမကောင်းခဲ့၍ ဖြစ်သည်။ ယခု သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်မှ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၁ ရောက်နေပြီ ဖြစ်ရာ သူ့ကို မှတ်မိလျှင်ပင် လူများက တိုက်ရဲ ကြတော့မည် မဟုတ်ပေ။ ဤသို့သော နေရာမျိုးတွင် အကြောင်းအရင်းကို ပြောနိုင်သည့် အရာမှာ စွမ်းအား အစစ်အမှန်သာ ဖြစ်၏။
မိုဝူကျီ ထွက်သွား ပြီးသည့်နောက်တွင် ကျန်ရှိနေသည့် ကျင့်ကြံသူများက အတူတကွ စုရုံးနေကြသည်။ ဝမ်ပိုရှီကို သိကြသော တချို့လူများက သူ့ကို မိုဝူကျီ ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူနှင့် ရင်းနှီးသွားသည့် အတွက် လောကခန်းမ၌ အကူအညီ ရလာနိုင်ကြောင်း ပြောကာ ဂုဏ်ပြု နေကြသည်။ တချို့က မြန်မြန် မပြုမူလိုက်သည့် အတွက် နောင်တရ နေကြပြီး ဝမ်ပိုရှီသာ အခွင့်ကောင်း ရသွားသည်ကို တွေးကာ တနုံ့နုံ့ ခံစားနေကြသည်။
ဝမ်ပိုရှီက မိုဝူကျီသည် သူ့ကို ပြန်လည် ကူညီဖို့ရာ မလိုအပ်ကြောင်းနှင့် လီရှို့ရန်ကို အလွယ်တကူ အနိုင်ယူနိုင် လိုက်သည့် ပါရမီရှင်နှင့် တွေ့ဆုံခွင့် ရသည်ကပင် လုံလောက်နေပြီ ဖြစ်ကြောင်း ပြန်လည် ပြောဆိုနေသည်။
“ဟား ဟား တာအို ရောင်းရင်းဝမ် ... ဆရာကြီးဝူရှန်းရဲ့ အမျက်ဒေါသနဲ့ တွေ့မှာကို မစိုးရိမ်ဘူးလား။ ဆရာကြီး ဝူရှန်းက အရင်တုန်းက မျိုးနွယ်စု တစ်ခုလုံး ကိုတောင် ဖျက်ဆီးပစ် ခဲ့တာနော် ... ”
တချို့လူများက သတိပေး စကားများ ဆိုကြသည်။
ဝမ်ပိုရှီက ရိုးရိုးတမ်းတမ်း ပြန်ဖြေလိုက်သည် ။
“ကျုပ်က အာကာသ တည်နေရာပြ အလုံးလေးပဲ ပေးလိုက်တာလေ။ ဆရာကြီး ဝူရှန်းက အဲဒီလို အသေးစိတ်ကို လိုက်ဂရုစိုက် နေမှာလား ... ”
ဝမ်ပိုရှီက ပြောလိုက် သောကြောင့် တခြားသူများက ထပ်မပြော ကြတော့ပေ။
“အဲဒီလူက တော်တော်လေး ရင်းနှီးနေသလိုပဲ ... ”
“ရင်းနှီးတာပေါ့ ... အားလုံးက လူသား အဆင့်ဇယား အဆင့်တစ် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သံမဏိတုတ် သုံးတာ သိကြတာပဲလေ ... ”
“မဟုတ်သေးဘူး။ အရင်တုန်းက မိုဝူကျီနဲ့ တူတယ်လို ခံစားမိတာ ... ”
“မင်းပြောတာက ယန်ယန်ဒေါင်ကို သတ်လို့ ယန်မျိုးနွယ်စုက အလိုရှိနေတဲ့ တစ်ယောက်လား ... သူ့ကို ခန်းမရှစ်ခု၊ ဂိုဏ်းကြီး ဆယ်ခုကျော်နဲ့ ဂိုဏ်းအသေး လေးတွေ တော်တော်များများ လိုက်ဖမ်းကြတဲ့ အဲဒီ မိုဝူကျီလား ... ”
“ဟုတ်တယ် သူပဲ ... သူက ဖြူဖျော့ဖျော့ မျက်နှာနဲ့ ပညာသင် ပုံစံ မဟုတ်တော့ဘဲ မုတ်ဆိတ်မွေးလေး ရှိလာရုံလေးပဲ ကွာတာ ... သူက မိုဝူကျီနဲ့ တူတယ်လို့ ခံစားမိတယ် ... ”
“ဟား ဟား စဉ်းစဉ်းစားစား တွေးကြစမ်းပါကွာ ... မိုဝူကျီက ဘယ်လောက် အားကောင်းကောင်း နှင်းခါး ပင်လယ်ထဲ နှစ်များစွာ နေပြီးတော့ အသက်ရှင်ရက် ထွက်လာနိုင်မယ် ထင်နေလား။ သူတင် မဟုတ်ဘူး။ စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ နှင်းခါး ပင်လယ်ထဲ ဝင်သွားရင်တောင် အသက်ရှင်မှာ မဟုတ်ဘူးကွ ... ”
မိုဝူကျီက မှတ်မိသည့် ကျင့်ကြံသူက တစ်ခုခု မှားယွင်း နေကြောင်း ခံစားမိ၍ ရေရွတ်လိုက်သည်။ တကယ်တမ်း သူက မိုဝူကျီကို ကိုယ်တိုင် မမြင်တွေ့ဖူး သော်ငြား သူက မှတ်တမ်းကို မြင်ဖူးလေသည်။ ယခု သူက ထိုမှတ်တမ်းမှာ မည်သို့ အဆုံးသတ် သွားကြောင်း မသိတော့ပေ။
မိုဝူကျီက အစစ်အမှန် ရေအဆင့် ကျင့်ကြံ သူလေးသာ ဖြစ်၏။ မိုဝူကျီတွင် အသာလွန်ဆုံး ရေခဲဝိညာဉ်ကြော ရှိနေလျှင်ပင် လောက အင်မော်တယ် အဆင့် မရောက်သေးဘဲ နှင်းခါး ပင်လယ်ထဲကို ဝင်သွားခြင်းက သေခြင်းတရားနှင့်သာ ကြုံတွေ့ရ လိမ့်မည်။ မိုဝူကျီက သေဆုံးသွားပြီ ဖြစ်သောကြောင့် ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူသူမှာ မိုဝူကျီ မဟုတ်နိုင်ချေ။
***
လောကခန်းမက ကျန်းမို နယ်မြေတွင် အရေးကြီးဆုံး နေရာ ဖြစ်လေသည်။ ဤနေရာက နယ်ခြား ကျင့်ကြံသူများကို ရင်ဆိုင်ကာကွယ် ထားပြီး မြောက်မြားစွာသော ကျင့်ကြံခြင်း အရင်းအမြစ်များမှာ အာကာသမှ တစ်ဆင့် လောကခန်းမကို ဖြတ်၍ ရောက်ရှိလာ ကြသည်။
လောကခန်းမတွင် ခန်းမသခင် ရှိသော်လည်း ဆုံးဖြတ်ချက် များကို အမှန်တကယ် ဆုံးဖြတ်ရသူမှာ ခန်းမသခင် မဟုတ်ချေ။ ထို့အစား ကြယ်တာရာ ဘုရင်တောင်နှင့် ကျန်းမိုနယ်မြေမှ ဂိုဏ်းကြီး ဆယ်ခုကျော် ဖြစ်လေသည်။
နှစ် ၃၀၀၀ တွင် တစ်ခါ ပြန်ပေါ်လာသော လခြမ်းကွေး အင်မော်တယ် နန်းတော်ကို ပြန်ပေါ်လာမည့် အကြောင်းကို သိပြီး ကြယ်တာရာ တိုက်ပွဲ၌ တိုက်ပွဲ တိမ်တိုက်များ ထူထပ်နေ လေသည်။ ကျန်းမိုနယ်မြေမှ ပါရမီရှင်များ အားလုံးနီးပါး နှင့်အတူ ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာသခင် အပါအဝင် ခန်းမဆယ်ခု သခင်များက လောကခန်းမ အစည်းအဝေး နေရာ လောက နန်းတော်သို့ ရောက်ရှိနေ ကြသည်။
ကျန်းမိုနယ်မြေတွင် စစ်တပ်ဆယ်ခု ရှိပြီး ထိုစစ်တပ်များမှာ ကြယ်တာရာ ဘုရင်တောင် အပိုင် ဖြစ်သော်လည်း ကြယ်တာရာ တိုက်ပွဲအတွင်း အင်အားစု ကြီးများက လောကနန်းတော်၌ အစည်းအဝေးကို တက်ရောက် ကြလေသည်။
ထို့အပြင် ထိုစစ်တပ် ဆယ်ခုအတွင်း အင်အားစုမှ ပါရမီရှင်များစွာ ရှိလေသည်။ ကြယ်တာရာ ဘုရင်တောင်ကဲ့သို့ အားကောင်းသည့် နေရာမျိုးပင် အရာအားလုံးကို ထိန်းချုပ် ထားနိုင်သည့် အာဏာမရှိပေ။
လောကနန်းတော် အတွင်း ကြယ်တာရာ သခင် ချီထုံက အာဏာအရှိဆုံး ဖြစ်ကာ လောက ခန်းမသခင် ကုန်းပေါင်က သူ့တစ်ဆင့် အောက်တွင် ထိုင်နေသည်။
အစည်းအဝေးကို နိဂုန်းချုပ် တော့မည် ဖြစ်ကာ လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာစဉ် စစ်တပ် ဆယ်ခုလုံးကို စေလွှတ်ပြီး နယ်ခြား ကျင့်ကြံသူများနှင့် သားရဲများကို ခြေတစ်လှမ်းမျှ ဝင်ခွင့်မပြုရန် ဖြစ်သည်။
လခြမ်းကွေး အင်မော်တယ် နန်းတော်က ကြီးကျယ်ပြီး ခမ်းနားသည့် အကြောင်း သိသင့်ပေသည်။ တာအိုဂိတ် ၉၉ ခုအပြင် နေရာတိုင်းတွင် ရတနာများစွာ ရှိပေ၏။
ကြယ်တာရာသခင် ချီထုံက လောကနန်းတော် အတွင်းမှ ကျင့်ကြံသူ အားလုံးကို ကြည့်ရင်း စိတ်အတွင်း၌ သက်ပြင်းချ လိုက်တော့သည်။ ဤနေရာတွင် ပါရမီရှင်များစွာ ထိုင်နေကြ သော်လည်း တိုက်ပွဲ စွမ်းဆောင်ရည်မှာ ထင်သလောက် မဟုတ်ကြပေ။ ခန်းမဆယ်ခု၊ ဂိုဏ်းကြီး ၁၉ ဂိုဏ်းနှင့် မျိုးနွယ်စုကြီး သုံးခုအပါအဝင် မည်သူကမျှ ကျန်းမိုနယ်မြေ အတွက် စွမ်းစွမ်းတမံ မတိုက်ခိုက် လိုကြပေ။
ယခု လခြမ်းကွေး အင်မော်တယ် နန်းတော် ပေါ်လာမည် ဆိုသောအခါ အားလုံး၏ စိတ်ထဲ၌ ထိုမှ မည်သို့ အကျိုးမြတ် များများ ရအောင် ယူရမည့် အကြောင်းကိုသာ တွေးနေကြ လေသည်။
“လခြမ်းကွေး အင်မော်တယ် နန်းတော်က ကျန်းမိုနယ်မြေက ဒီအာကာသထဲ ဆက်လက် တည်ရှိနေမလား ဆိုတာ ဆုံးဖြတ်ဖို့ အဓိက အချက်ပဲ။ အားလုံး ... ကျုပ်က ဒီနေရာမှာ ထိုင်နေတဲ့ တချို့သူတွေဆီမှာ လခြမ်းကွေး သော့ရှိမှန်း သိပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ လခြမ်းကွေး အင်မော်တယ် နန်းတော်က ရတနာတွေက ကျုပ်တို့ ကျန်းမိုနယ်မြေ အတွင်း ဖြစ်နေသရွေ့ ဂုဏ်ပြုပေးရမဲ့ ကိစ္စပါ ....
ကျုပ် မျှော်လင့်တာက ခင်ဗျားတို့မှာ လခြမ်းကွေးသော့ ပိုင်သည် ဖြစ်စေ၊ မပိုင်ဘူး ဖြစ်စေ အားလုံးက ကြယ်တာရာ တိုက်ပွဲကို ပါဝင်ဆင်နွဲ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ... ”
ချီထုံ အသံမှာ စိတ်ဓာတ် ကျနေသည့်ပုံ ပေါ်ကာ မသေချာ မရေရာမှု များလည်း ပါဝင်နေပေသည်။
“ကြယ်တာရာ သခင် ... ထျန်းချီ အိမ်တော်သခင် ယန်ဟွေ့မင် ရောက်ရှိလာ ပါတယ် ... ”
လောကနန်းတော်မှ တံခါးက ပွင့်လာပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူက တင်ပြလိုက်သည်။
“အိမ်တော်သခင် ယန်ကို ဝင်လာခိုင်းလိုက်ပါ ...”
ချီထုံက ခေါင်းညိတ်ပြရင်း ဖော်ဖော်ရွေရွေ ပြောလိုက်သည်။
ထျန်းချီ အိမ်တော်မှာ တိုက်ပွဲအကြို အစည်းအဝေးကို တက်ရောက်လေ့ မရှိကြသော်လည်း လောက နန်းတော်က သူတို့ကို ဖိတ်ကြားဆဲ ဖြစ်သည်။
ထျန်းချီ အိမ်တော်မှာ ကျန်းမိုနယ်မြေ၏ အင်အားစု တိုက်ပွဲများတွင် ပါဝင်လေ့ မရှိကြသော်လည်း ထျန်းချီ အိမ်တော်ကို မည်သူမျှ အထင်မသေး ရဲကြပေ။
ကျန်းမိုနယ်မြေ၏ သမိုင်း တစ်လျှောက်၌ အလှပဆုံးသော အလှပဂေးလေးများ အားလုံးနီးပါးမှာ ထျန်းချီ အိမ်တော်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤနေရာမှာ အမှန်ပင် အလှတရား ကောင်းကင်ဘုံ ဖြစ်ပေသည်။
ထျန်းချီ အိမ်တော်မှ အလှလေး အားလုံးက အင်အားစု ခေါင်းဆောင်များနှင့် လက်ထပ်လေ့ ရှိသည်။ ခန်းမသခင် များကြား နှစ်ယောက်မှာ ထျန်းချီ အိမ်တော်မှ တာအို လက်တွဲဖော် နှစ်ယောက် ရှိလေသည်။ ဂိုဏ်းအကြီးကြီးများ အတွက် သူတို့နှင့် ထျန်းချီအိမ်တော် ဆက်ဆံရေးမှာ ခွဲလို့ပင် မရပေ။
ထျန်းချီ အိမ်တော်က အင်အား လုပွဲများတွင် မပါဝင်သော်လည်း သူတို့မှာ အလွှမ်းမိုးမှု အရှိဆုံး အင်အားစု ဖြစ်ပေသည်။ ကြယ်တာရာ ဘုရင်တောင်မှ ကြယ်တာရာ သခင်ပင် ထျန်းချီ အိမ်တော်ကို ယဉ်ယဉ် ကျေးကျေး ဆက်ဆံရသည်။
ယန်ဟွေ့မင်က လောက နန်းတော်သို့ တပည့် နှစ်ယောက်ကို ခေါ်လာ၍ နန်းတော် အတွင်းမှ လူအားလုံးက ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
ယန်ဟွေ့မင် ကိုယ်တိုင်ကပင် အင်မတန် လှပသော အမျိုးသမီး ဖြစ်ကာ သူမဘေးနားမှ တပည့် နှစ်ယောက်မှာ မြို့တော်များကို ကိုင်လှုပ်နိုင်သည့် အလှတရားတို့ ပိုင်ဆိုင်ကြ လေသည်။
ဤညီလာခံသို့ တက်လာနိုင်၍ ဤနေရာရှိ အားလုံးမှာ မည်သူက ကျန်းမိုနယ်မြေ၏ ပါရမီရှင်များသာ မဟုတ်ပါလော။ သူတို့က အလှတရား အမျိုးမျိုးကို မြင်ဖူးကြ သော်လည်း ကျွမ်းရှီယွဲ့ကဲ့သို့ ပြိုင်ဘက်ကင်း အလှတရားကို မမြင်ဖူးကြပေ။
ထျန်းချီ အိမ်တော်တွင် အလှလေးများ ပေါများသည့် ဆိုခြင်းမှာ အပိုပြောခြင်း မဟုတ်ပေ။
“ထျန်းချီ အိမ်တော်ရဲ့ ယန်ဟွေ့မင်က ကြယ်တာရာ သခင်၊ ခန်းမသခင်များနဲ့ ဂိုဏ်းချုပ်များကို နှုတ်ဆက်ပါတယ်။ ထျန်းချီက ဒီညီလာခံကို နောက်ကျမှ ရောက်လာတဲ့ အတွက် အားလုံးဆီကနေ ခွင့်လွတ်မှုကို တောင်းခံချင်ပါတယ် ... ”
ယန်ဟွေ့မင်က လောက နန်းတော်မှ ပါရမီရှင်များကို ဦးညွှတ်ရင်း ပြောလိုက်သည်။ သူမ အသံမှာ အင်မတန် ချိုသာလှ ပေသည်။
ပါရမီရှင်များက လောကဝတ် ပြန်တုံ့ပြန်လိုက် ကြသော်လည်း ယန်ဟွေ့မင်နှင့် ဘာမျှ မပြောရဲကြပေ။ အားလုံးက ထျန်းချီ အိမ်တော်မှာ ဤညီလာခံ၌ ပါဝင်ရန် အရည်အချင်း ပြည့်မီကြောင်း သိထားကြပြီး အင်အားစုများကြား ဝင်မရှုပ်ကြပေ။ သူတို့ ရောက်ရှိလာမှုမှာ မတော်တဆ ကိစ္စတစ်ခုခုကြောင့် ဖြစ်နိုင်သလို လခြမ်းကွေး အင်မော်တယ် နန်းတော်ကြောင့် ရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
“အိမ်တော်သခင် ယန် ကျေးဇူးပြုပြီး ထိုင်ပါ ... ”
ချီထုံက ယန်ဟွေ့မင်ကို လက်ဟန်ပြရင်း ထိုင်ဖို့ရာ ဖော်ဖော်ရွေရွေ ပြောလိုက်သည်။
ယန်ဟွေ့မင်က သူမ နေရာသို့ လျှောက်လှမ်းလာပြီး ထိုင်ချလိုက်သည်။ ကျွမ်းရှီယွဲ့နှင့် ချီချင်တို့က သူမ နောက်မှာ နာခံစွာ ရပ်နေကြသည်။
“အိမ်တော် သခင်ယန် ... ကျုပ်တို့ညီလာခံက နိဂုန်းချုပ် သွားပြီးပြီ။ အိမ်တော် သခင်များ တစ်ခုခု ထပ်ပြောဖို့ရာများ ရှိဦးမလား ... ”
ယန်ဟွေ့မင် ထိုင်လိုက်သည်နှင့် ချီထုံက မေးလိုက်သည်။ သူက ထိုစကားကို ပြောလိုက်သည့် အခါ သူတို့၏ အကြံများကို တစ်စက်လေးမျှ ညွှန်းဆို မထားပေ။ သူက ယန်ဟွေ့မင်သည် ကြယ်တာရာ တိုက်ပွဲကြောင့် ရောက်လာခြင်း မဟုတ်မှန်း သေချာ သိနေသည်။
သူက ထျန်းချီ အိမ်တော်မှာ ကြယ်တာရာ တိုက်ပွဲအတွင်း ဝင်ပါသည်ကို တစ်ခါမျှ မမြင်ဖူး၍ ယန်ဟွေ့မင် အမြင်ကို အမှန်တော့ ဂရုမစိုက်ပေ။
ယန်ဟွေ့မင်က မြန်မြန် ပြောလိုက်သည် ။
“အားလုံးက ကျွန်မထက် အတွေ့အကြုံ များကြပါတယ်။ ကျွန်မတို့ ရောက်လာမှတော့ ကျမတို့ ထျန်းချီ အိမ်တော်က သဘောတူ ပြီးသားပါ ... ”
ထိုစကားက အားလုံး မျှော်လင့်ထားသည့် အတိုင်း ဖြစ်ကာ ယန်ဟွေ့မင်က ခေါင်းစဉ် ပြောင်းကာ ပြောလိုက်သည် ။
“ကျွန်မက တကယ်တော့ ကြယ်တာရာ သခင်ကို ထူးချွန်လှတဲ့ တပည့် လက်ခံထား နိုင်တဲ့အတွက် ဂုဏ်ပြုချင်လို့ပါ ... ”
“ဘာကြောင့်များ ပြောရတာလဲ ...”
ချီထုံက နားမလည်စွာ မေးလိုက်သည်။ ညီလာခံ စတင်ပြီးနောက် ညီလာခံတွင် ပါဝင်ခွင့်ရှိသည့် ပါရမီရှင် အနည်းငယ်မှလွဲ၍ ကိစ္စသေးသေး မွှားမွှားလေးကို မတင်ပြကြပေ။
ထို့ကြောင့် လိန်ဟုန်ကျီက မြေကမ္ဘာ အဆင့်ဇယား အဆင့် ၁ ဖြစ်သွားသည့် အကြောင်းမှာ ချီထုံသာမက ဤနေရာရှိ အားလုံးက မသိကြသေးပေ။
ယန်ဟွေ့မင်က ပြုံးကာ ပြောလိုက်သည် ။
“ရှင့်တပည့် လိန်ဟုန်ကျီက မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၁ ဖြစ်နေပြီလေ ... သူက မကြာခင် ကောင်းကင်ဘုံ စမ်းသပ်ချက် ခံယူပြီးတော့ ကောင်းကင် နယ်ပယ်ထဲ တက်လှမ်းတော့မယ် ထင်တယ် ... ”
မြေကမ္ဘာ အဆင့်ဇယားရဲ့ အဆင့် ၁ လား ....
ယန်ဟွေ့မင်၏ စကားများကို ကြားသောအခါ လောကနန်းတော်ရှိ အားလုံးမှာ တုန်လှုပ်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။