အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့နှင့်တွေ့ဆုံခြင်း
Vol. 57 Ch. 797
အော့နျိုမှာ အရှိန်မြှင့်လိုက်သောကြောင့် အနီရောင် ကျွန်းမျောကြီးနှင့် ပိုမိုနီးကပ်လာသည်။
အန်လင်းသည်လည်း အဆောက်အဦးများအား ရှင်းလင်းသဲကွဲစွာ မြင်တွေ့လာရသည်။ အဆောက်အဦးများအားလုံးသည် မြင့်မားလှပြီး အပေါ်ဆုံးတွင် သွေးနီရောင် အဝိုင်းခုံးကြီး ဖုံးအုပ်ထားသောကြောင့် မှိုပွင့်များနှင့် ဆင်တူလှသည်။
ကုန်းမြေအလယ်တွင်မူ တလက်လက် တောက်ပနေသော မှိုပွင့်ကြီး ရှိနေလေသည်။
အဆောက်အဦးများနှင့် ကုန်းမြေတို့၏ သွေးနီရောင် အလင်းသည် သဟဇာတဖြစ်စွာ ရောယှက်နေသောကြောင့် အဝေးမှကြည့်လျှင် သွေးကြယ်စင်ဟု ထင်မှတ်ရစေသည်။
"အန်လင်း........ ကြည့်လိုက်ဦး။ အဲ့မှာ သက်ရှိတွေ ရှိတယ်။"
စုရှောင်လန်မှာ ကျွန်းမျောကြီး၏ အောက်တွင်ရှိနေသော ပုံရိပ်ငါးခုအား လက်ညှိုးထိုးပြလိုက်သည်။
၎င်းတို့၏ အရှိန်အဝါသည် အားကောင်းလှကြောင်း အန်လင်း ခံစားလိုက်မိသည်။
အနည်းဆုံး အော့နျိုထက် သာလွန်သည်မှာ သေချာပေသည်။
သွေးကြယ်စင်အား စိတ်ဝင်စားသည်မှာ ၎င်းတို့တင်မကပဲ သန်မာသော သားရဲမျိုးနွယ်စုဝင်များလည်း ပါဝင်ပုံပင်။
ထိုပုံရိပ် ငါးခုသည်လည်း အန်လင်းတို့အား သတိထားမိကာ အော့နျိုထက်ပင် လျင်မြန်လှသော အရှိန်ဖြင့် ပြေးဝင်လာကြသည်။
အန်လင်းမှာ ယခုမှသာ ၎င်းတို့အား သေသေချာချာ မြင်ရတော့သည်။ ၎င်းတို့မှာ မဟူရာ အဆိပ်မြူများ ဝေ့ဝဲနေသော ဖားနက်တစ်ကောင်၊ ကြီးမားလွန်းလှသော ဖွတ်နဂါးတစ်ကောင်၊ ထမင်းလုံးနှင့်တူသော အလုံးကြီးတစ်ခု၊ မီးလျှံများ ဖြာထွက်နေသော လည်ပင်းရှည် ကျားတစ်ကောင်နှင့် အပြာရောင်ဆူးများ ပါဝင်သော ခွေးကြီးတစ်ကောင်တို့ ဖြစ်သည်။
"တစ်ကောင်မှလည်း စီးလို့မရဘူး။"
စုရှောင်လန် စိတ်ညစ်သွားရသည်။
အော့နျိုမှာလည်း နှလုံးသားများ တင်းကြပ်သွားရသည်။ ထို့နောက် ၎င်းသည် ထိုပုံရိပ်ငါးခုအား မြင်လိုက်ရသည်နှင့် အမူအရာ ပြောင်းလဲကာ တချိုးတည်း လစ်ပြေးတော့သည်။
အန်လင်းနှင့် စုရှောင်လန်သည်ပင် ကြောင်တောင်တောင် ဖြစ်သွားရလေသည်။
"မင်းဘာလုပ်နေတာလဲ။"
အန်လင်း စိတ်အလိုမကျစွာ ပြောလိုက်သည်။
"သူတို့က မဟာလင်းနို့ဧကရာဇ် လက်အောက် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ပဲ။ သားရဲမျိုးနွယ်စုတွေထဲမှာမှ အတော်ဆုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေချည်းပဲ။ သူတို့နဲ့ ထိပ်တိုက်တွေ့ရင် ဘာမှကောင်းမှာ မဟုတ်ဘူး။"
အော့နျို ပြေးလွှားနေရင်း အမောတကော ရှင်းပြလာသည်။
အန်လင်းမှာ အော့နျို၏ နွားချိုများအား အားဖြင့်ဆွဲထားလိုက်သောကြောင့် ကျွတ်ထွက်မတက်ပင် ဖြစ်သွားရသည်။
"မူး......."
အော့နျို နာနာကျင်ကျင် အော်ဟစ်ရင်း ချက်ချင်းရပ်တန့်သွားလေသည်။
"သူတို့တွေက အတော်ဆုံး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေဆိုတော့ ငါ့ထက်ရောတော်လား။"
အန်လင်း မေးမြန်းလိုက်သည်။
အော့နျို : "............."
ထွက်ပြေးမည့် အစီအစဉ် ကျရှုံးသွားသောကြောင့် အော့နျိုမှာ တုန်ရီစွာဖြင့် သားရဲငါးကောင်အား ကြည့်ရှုလိုက်မိသည်။ ၎င်းတို့မှာ ရက်စက်စွာပင် ပြုံနေသေးသည်။
မကြာမီပင် အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှာ အန်လင်းတို့ရှေ့ ရောက်ရှိလာသည်။
အပြာရောင် ဆူးများနှင့် ခွေးကြီးမှာ စူးရှရှ စကားဆိုလိုက်သည်။
"ဝုတ်....... မင်းတို့ ထွက်မပြေးတာ မှန်သွားတယ်။ မဟုတ်ရင် ဧကရာဇ်ရဲ့ အမျက်တော်ရှတာ ခံရမှာ။"
"အုံးအွမ်........ ငါတို့စမ်းသပ်တာကို ပူးပေါင်းပေးရင် အသက်ချမ်းသာပေးမှာပါကွ။"
မဟူရာ အဆိပ်မြူများ ဝေ့ဝဲနေသော ဖားနက်ကြီးမှာမူ အမူအရာ ရင့်သီးလွန်းလှသည်။
လည်ပင်ရှည် ခြင်္သေ့မှာ အန်လင်းနှင့် စုရှောင်လန်အား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်သွားရသည်။
"အိုး....... မင်းတို့နှစ်ကောင်က လူသားတွေလား။ ငါက မစ်နာတော ဒါမှမဟုတ် မနုဿမြင်း ဖြစ်မယ်ထင်နေတာ။"
"ဟားဟားဟား....... ကောင်းတာပေါ့။ စမ်းသပ်ချက် ပြီးသွားရင် ဒင်းတို့ကို စားပစ်မယ်။ ဒီထဲကိုတောင် ဝင်လာရဲတဲ့ လူသားတွေ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူသားမစားရတာ တော်တော်ကြာသွားပြီပဲ။"
အနက်ရောင် ဖွတ်နဂါးကြီးမှာ ပျော်ရွှင်စွာဖြင့် အတောင်များ ခတ်နေသည်။ သို့သော် ကောင်းကင်ပေါ် မတော်တဆ ပျံတက်သွားမည်ကို စိုးရိမ်သောကြောင့် ခပ်ကြမ်းကြမ်း မခတ်ရဲပေ။
ထိုအချိန်တွင် ထမင်းလုံးနှင့်တူသော မကောင်းဆိုးဝါးကြီးမှာ အရှေ့သို့ ရောက်ရှိလာသည်။
"အချိန်ဖြုန်းမနေနဲ့။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် အမှိုက်နှစ်ကောင်ပဲဟာကို။ တာဝန်ပြီးအောင် အရင်လုပ်ကြ။ ပြီးရင် မင်းတို့ဘာသာ လုပ်ချင်တာလုပ်။ ငါဘာမှ ဝင်မပြောဘူး။"
သားရဲလေးကောင်မှာ ချက်ချင်းပင် တည်ငြိမ်သွားပြီးနောက် အဆိပ်မြူဖားနှင့် အနက်ရောင် ဖွတ်နဂါးကြီးမှာ အရှေ့သို့ တက်လာကြသည်။ ၎င်းတို့နှစ်ဦးသာ တိုက်ခိုက်ကြမည်ဖြစ်ကြောင်း သိသာလှပေသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် လူသားနှစ်ဦးနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် နွားတစ်ကောင်အား အမှောက်သိပ်ရန် ၎င်းတို့နှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
အဆိပ်မြူဖား သတိပေးလိုက်သည်။
"အုံးအွမ်........ အဲ့နွားကို သတိထားဦး......"
ဖွတ်နဂါးကြီး ရက်စက်စွာ ပြုံးလိုက်လေသည်။
"ဟားဟား...... သူတို့က ကြောက်လွန်းလို့ ကြောင်တောင်ကြောင်နေပါပြီကွာ။ ငါတို့ကို တွေ့တာတောင် ထွက်မပြေးနိုင်တာပဲကြည့်လေ။"
"အုံးအွမ်....... လူသားနှစ်ယောက်ကို ဖမ်းပြီးရင် မင်းကိုလာကူညီမယ်။"
အဆိပ်မြူဖား စကားဆိုလာသည်။
"ဟေး...... မင်းတို့ စမ်းသပ်ချက်အကြောင်း ပြောနေကြတာမလား။ ဘာစမ်းသပ်ချက်လဲ။"
အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"သုံးစားမရတဲ့ အမှိုက်တွေက မေးခွန်းမေးခွင့် မရှိဘူး။ မင်းတို့က ငါ့အစာပဲ ဖြစ်သင့်တာ..... အုံးအွမ်။"
အဆိပ်မြူဖား အော်ဟစ်ကာ အန်လင်းနှင့် စုရှောင်လန်ထံ ခုန်အုပ်လာသည်။
အနက်ရောင် ဖွတ်နဂါးကြီးမှာလည်း အော့နျိုထံ ပြေးဝင်သွားသည်။
၎င်းတို့၏ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် လေထုသည်ပင် ကြမ်းတမ်းခက်ထန်သွားရသည်။ အန်လင်း ကြုံဖူးသမျှ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများထဲတွင် အသန်မာဆုံးပင်။
အဆိပ်မြူဖားသည် အန်လင်း၏ ခန္ဓာကိုယ်အား ရစ်ပတ်ရန် လျင်မြန်လှသော အရှိန်ဖြင့် လျှာကြီးကို ထုတ်လိုက်သည်။
အန်လင်း၏ မျက်ဝန်းများမှာ နှင်းဖြူရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် လေတောင်ပံများ ထွက်ပေါ်လာကာ မိစ္ဆာရှင်းဓား တဝိုက်တွင်လည်း အဖြူရောင် စွမ်းအင်လှိုင်းများ ဝေ့ဝဲဖြစ်ပေါ်လာသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ်.......
လေတောင်ပံ.......
လေစိတ်ဝိဉာဉ်........
ကျင့်စဉ်သုံးခုအား တပြိုင်တည်း ထုတ်ဖော်လိုက်သည်။
အဆိပ်မြူဖားသည် အရှိန်အဟုန် အပြည့်ဖြင့် ခုန်အုပ်လာနေပါသော်လည်း အန်လင်း ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
"အုံးအွမ်......"
၎င်း၏လျှာမှာ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ရွှပ်.........
သွေးများပြန့်ကြဲကာ ရှည်လျားလှသော လျှာကြီးလည်း ပြတ်ထွက်သွားလေသည်။
ထိုသည်သာမက ဖားကြီး၏ ခန္ဓာကိုယ် တဝိုက်တွင် ရှိနေသော မဟူရာ အဆိပ်မြူများမှာလည်း ရွှေရောင်အလင်း၏ ဖိအားကြောင့် ပျောက်ကွယ်သွားသည်။
ကမ္ဘာမြေပြင်ကိုပင် ကွဲအက်စေနိုင်လောက်အောင် အားပြင်းသော ရွှေရောင်လက်သီးတစ်လုံး ကျဆင်းလာလေသည်။
ဝုန်း.......
ဖားမှာ အတွင်းအင်္ဂါများ ပျက်စီးသွားရပြီးနောက် မြေပြင်ထဲ တစ်ကီလိုမီတာကျော် နစ်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် အော့နျိုထံ ပြေးဝင်လာနေသော အနက်ရောင် ဖွတ်နဂါးကြီးမှာလည်း အပြာရောင် ဓားပုံရိပ် နှစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံသွားရသည်။
ထို့နောက် ၎င်း၏နဂါးတောင်ပံနှစ်ခုမှာ ဖြတ်ခံလိုက်ရတော့သည်။
ဖွတ်နဂါးကြီးမှာ ဖွတ်ဘဝရောက်သွားပြီးနောက် ကျောက်စိမ်းဝတ်စုံနှင့် မိန်းမငယ်လေးအား ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်ရှုလိုက်မိသည်။ မီးတောက်မီးလျှံများ လောင်ကျွမ်းနေသော နဂါးစာကလေးဓားမှာ ၎င်း၏ခေါင်းပေါ် ဝေ့ဝဲနေလေသည်။
"ဝါး........."
သားရဲများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
စိတ်ကိုကြိုတင်ပြင်ဆင်ထားသော အော့နျိုသည်ပင် အံ့အားသင့်နေမိသည်။
အန်လင်းနှင့် စုရှောင်လန်သည် သောက်ကြမ်းကြီးများ ဖြစ်ကြပါသော်လည်း အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ သားရဲနှစ်ကောင်အား လွယ်လင့်တကူ ရင်ဆိုင်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"ဒီကောင်တွေက စိတ်...... စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ရော ဟုတ်ရဲ့လား။"
လည်ပင်းရှည် ခြင်္သေ့ကြီး ရေရွတ်လိုက်သည်။
"ကြောက်ဖို့ကောင်းလိုက်တာ။ ကောက်ညှင်းသခင်တောင် အဲ့လိုလုပ်နိုင်ပါ့မလား။"
အပြာရောင် ဆူးများနှင့် ခွေးကြီးမှာ ထမင်းလုံး မကောင်းဆိုးဝါးအားကြည့်ကာ ပြောလိုက်သည်။
၎င်းသည် မည်သည့်စကားမှ မဆိုပါသော်လည်း အန်လင်းအား စူးစိုက်ကြည့်ရှုနေသည်။
အန်လင်းမှာ သေလုဆဲဆဲ ဖြစ်နေသော ဖားအားကြည့်လိုက်သည်။
"မင်းမှန်တယ်။ သုံးစားမရတဲ့ အမှိုက်ကောင်တွေက မေးခွန်းမထုတ်သင့်ဘူး။ အခုရော ဘယ်လိုလဲ။ ငါ့မှာမေးခွင့်ရှိပြီလား။"
"ယီးလား။ ငါ့ကို မြန်မြန်သာ သတ်လိုက်တော့။ ငါမင်းကို စကားထပ်ပြောမိရင် ငါကမင်းရဲ့မြေးပဲ..... အုံးအွမ်......."
ဖားမှာ အလွန်ဒေါသထွက်နေသည်။
"မင်းကသတ္တိရှိသားပဲ။"
အန်လင်း မိစ္ဆာရှင်းဓားအား မြှောက်တင်လိုက်သည်။
"ဖိုးဖိုး......"
ဖားမှာ ချက်ချင်းပင် တုံ့ပြန်လာလေသည်။
အန်လင်း : ".........."
စုရှောင်လန် : "............."
သားရဲများအားလုံး : "............."
***