အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့အားတိုက်ခိုက်ခြင်း
Vol. 57 Ch. 798
အဆိပ်မြူဖား၏ အော်ဟစ်သံမှာ အားလုံးကို အံ့အားသင့်သွားစေသည်။
"နတ်အဆိပ်ဖား...... မင်း......."
ထမင်းလုံး မကောင်းဆိုးဝါးမှာ ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်လာရသည်။
အဆိပ်မြူဖားမှာ ထိုသည်ကို ဂရုပင် မစိုက်ပဲ လျစ်လျူရှုထားလေသည်။
"ငါက ရိုးသားကြိုးစား ဖိုးဖားလေးပါ။ ငါ့ဆီမှာ ကြင်နာပြီး အားနည်းတဲ့ အမေအိုကြီးတစ်ယောက်ရှိတယ်။ ငါအမေ့ကို ဘယ်လိုမှ မထားခဲ့နိုင်ဘူး။ ငါသေလို့ မရသေးဘူး...... အုံးအွမ်။"
အန်လင်း : ".........."
ထိုစကားကြောင့် အခြားသော အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့မှ သားရဲလေးကောင်လုံး စိတ်တိုသွားကြသည်။
"သူရဲဘောကြောင်တဲ့ကောင်....... မင်းက သောက်သုံးမကျတဲ့ဖားပဲ။"
"ယီးတဲ့မှ.......ဒီလိုကောင်မျိုးက အံ့ဖွယ်စောင့်ရှောက်သူအဖွဲ့ကို ဘယ်လိုရောက်လာတာလဲ။"
"အဲ့အမှိုက်ကောင်ကို သတ်ပစ်ကွာ။"
"ငါလည်း သဘောတူတယ်။ သုံးစားလို့မှ မရတာ။ ရှင်းထုတ်ပစ်လိုက်တော့။"
အပြာရောင် ဆူးများနှင့် ခွေးကြီးထံမှ ပြင်းထန်လှသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။
"ကယ်ပါဦး ဖိုးဖိုး...... အုံးအွမ်....."
အဆိပ်မြူဖားမှာ ချက်ချင်းပင် အန်လင်းအား အကူအညီ တောင်းလာသည်။
အန်လင်း : "................"
သားရဲများ : "............."
ဒီလောက် ကြောက်ချီးပါနေတဲ့ဖားက အညံ့ခံရမယ့်အစား အသေပဲခံမယ့် သားရဲမျိုးနွယ်စုကနေ ဆင်းသက်လာတာရော ဟုတ်ရဲ့လား.......
"ဝေါင်း....... နတ်အဆိပ်ဖား...... မင်းကငါတို့ကို အရှက်ခွဲနေတာပဲ။ မင်းကိုငါကိုယ်တိုင် သတ်ပစ်မယ်။"
ဖွတ်နဂါး သို့မဟုတ် ဖွတ်ကြီးမှာ ကျယ်လောင်စွာ ဟိန်းဟောက်လျက် နယ်ပယ်အား ထုတ်ဖော်လိုက်သောကြောင့် အနက်ရောင် စွမ်းအင်လုံးများ ပေါက်ကွဲထွက်ပေါ်လာသည်။
သို့သော် စုရှောင်လန်၏ နဂါးစာကလေးဓားမှာ ပိုမိုလျင်မြန်နေလေသည်။
မြင့်မြတ်သော အဖြူရောင်မီးတောက်များသည် စုရှောင်လန်၏ ခန္ဓာကိုယ်အား ကာကွယ်ပေးထားကာ မီတာပေါင်း ရာနှင့်ချီသော အစစ်အမှန် နဂါးလျှပ်စီးဓားပုံရိပ်လည်း ဖြစ်ပေါ်လာပြီးနောက် ဖွတ်ကြီးထံ ရောက်ရှိသွားသည်။
ဝုန်း........
ဖွတ်မည်းကြီး၏ ဦးခေါင်းမှာ ကြေမွသွားလေပြီ။
မျက်စိတမှိတ်အတွင်းမှာပင် အံ့ဖွယ်စောင့်ရှောက်သူ သားရဲတစ်ကောင်ဖြစ်သော ဖွတ်မှာ ဖွတ်ဖွတ်ညက်ညက်ကြေကာ တဖွတ်ဖွတ်မြည်အောင် သေဆုံးသွားသည်။
စုရှောင်လန်သည် ၎င်း၏သိုလှောင်လက်စွပ်အား တင့်တယ်လှပစွာ ရယူလိုက်ပြီးနောက် အခြားသော အံ့ဖွယ်စောင့်ရှောက်သူ သားရဲများကိုပါ စူးစိုက်ကြည့်ရှုလိုက်သည်။
ခွေးကြီးမှာ အလွန်အမင်း ဒေါသထွက်သွားကာ အန်လင်းထံ ပြေးဝင်လာတော့သည်။
"ငါသေရမယ် ဆိုရင်တောင် မင်းတို့ကိုပါ ငရဲအပါခေါ်သွားမယ်။"
"စိတ်လျှော့ဦး။ တာဝန်ကို မမေ့နဲ့။"
ထမင်းလုံး မကောင်းဆိုးဝါးမှာ ခွေးကြီးအား တားထားလိုက်သည်။
ထိုအချိန်မှာပင် ရွှေရောင်စွမ်းအင်လှိုင်းတစ်ခုမှာ အန်လင်းထံ ရောက်ရှိလာလေသည်။
လည်ပင်းရှည် ခြင်္သေ့သည် စိတ်မထိန်းနိုင်တော့ပဲ ရွှေရောင်မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် မီတာရာနှင့်ချီသော ပတ်ဝန်းကျင်ကိုပါ လောင်ကျွမ်းသွားစေသည်။ ရွှေမီးလျှံများ ပါဝင်နေသော ရွှေရောင်လျှပ်စီးလုံးများသည်လည်း အန်လင်းထံ ပျံဝဲလာတော့သည်။
ထိုသည်မှာ ၎င်း၏အားအကောင်းဆုံးတိုက်ကွက် မီးလျှံလျှပ်စီးခြင်္သေ့ကြီး ဖြစ်သည်။
ရွှေရောင်လျှပ်စီးလုံး တစ်ခုချင်းစီသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင်အား သတ်ပစ်ရန် လုံလောက်သည်။ ယခုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် ယှဉ်နိုင်လောက်သည်။
"ဝေါင်း....... လူ့အမှိုက်ရော၊ သစ္စာဖောက်ပါ အားလုံးသေရမယ်။"
ခြင်္သေ့ကြီးသည် ထိုသို့ဟိန်းဟောက်လိုက်ပြီးနောက် လျှပ်စီးလုံးများနှင့်အတူ အန်လင်းထံ ခုန်အုပ်လာသည်။ ၎င်းသည် အသေခံ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ထင်ရှားလှသည်။
"လစ်စမ်းပါ။"
အန်လင်း လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။
ရွှေရောင်လျှပ်စီးလုံးမှာ ရုတ်တရက် ငြိမ်သက်သွားပြီးနောက် ခြင်္သေ့ကြီးဘက်သို့ ပြန်လှည့်သွားလေသည်။
ခြင်္သေ့ကြီးမှာ အလွန်ထိတ်လန့်ကြောက်ရွံ့ကာ မည်သို့မည်ပုံ ဖြစ်သွားသည်ကိုလည်း နားမလည်တော့ပေ။
ဝုန်း..... ဝုန်း...... ဝုန်း.......
ရွှေရောင်လျှပ်စီးလုံးများမှာ ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်နှင့် ထိတွေ့ကာ ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် ကီလိုမီတာ များစွာတိုင် ရောက်ရှိသွားသည့်အပြင် ဆိုးရွားလှသော အဖျက်စွမ်းအင်များမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖျက်စီးပစ်လိုက်သည်။ ညဉ့်ကောင်းကင်ယံမှာလည်း ရွှေရောင်နေတစ်စင်း ကျဆင်းလာသည့်နှယ် တောက်ပနေတော့သည်။
အားလုံးမှာလည်း စွမ်းအင်လှိုင်းဂယက်များကြောင့် လွင့်ပါထွက်ကုန်သည်။
လျှပ်စီးများ ပျောက်ကွယ်သွားပြီးနောက် ပါးစပ်အဟောင်းသားနှင့် မီးသွေးအလောင်း ဖြစ်နေသော လည်ပင်းရှည် ခြင်္သေ့အား တွေ့လိုက်ကြရသည်။ ၎င်းသည် မြေပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျနေဟန်ရှိကာ ခန္ဓာကိုယ်မှ ညှော်နံ့များပင် ထွက်နေသေးသည်။
"ဘာ..... ဘာတွေဖြစ်သွားတာလဲ။"
အော့နျို မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားသည်။
အန်လင်း၏ ခြေထောက်နားတွင် ရှိနေသော အဆိပ်မြူဖားမှာ လည်ပင်းရှည် ခြင်္သေ့အလောင်းအား အချိန်ကြာမြင့်စွာ ငေးကြောင်ကြည့်နေမိသည်။
"ကြမ်း..... ကြမ်းလိုက်တာ။"
အန်လင်း : "..........."
"ကောက်....... ကောက်ညှင်းသခင်..... ဒါအဲ့လူသားရဲ့ လက်ချက်လား။"
အပြာရောင် ဆူးများနှင့် ခွေးကြီးမှာလည်း ချီးထွက်ကျမတက် ကြောက်ရွံ့နေလေပြီ။
လည်ပင်းရှည် ခြင်္သေ့ကြီးသည် မျက်စိတမှိတ်အတွင်း သေဆုံးသွားရသည့်အပြင် ကိုယ့်အတတ်ကိုယ်စူးသလို ကိုယ့်တိုက်ခိုက်မှုနှင့်ကိုယ် သေသွားရသောကြောင့် ခွေးကြီးမှာ ကြက်သီးများထကာ နှလုံးသားထဲတွင်လည်း ကြောက်စိတ်များ ခိုအောင်းသွားရသည်။
ကောက်ညှင်းသခင်၏ အမူအရာမှာလည်း လေးနက်ခက်ထန်သွားသည်။
"ဒီလူသားနှစ်ယောက်က ငါတို့ထင်ထားတာထက် အများကြီး ပိုသန်မာတယ်။ ကျင့်ကြံရေးအဆင့်ကြောင့် အရူးလုပ်ခံရလို့ မဖြစ်ဘူး။ ပြန်ဆုတ်ကြမယ်။"
ထိုအချိန်မှာပင် ကျောက်စိမ်းဝတ်စုံနှင့် မိန်းမငယ်မှာ ၎င်းတို့ရှေ့သို့ ရောက်ရှိလာလေသည်။
"ငါတို့သိချင်တဲ့ သတင်းအချက်အလက်ကို မကြားရမချင်း ထွက်သွားလို့ရမယ် မထင်နဲ့။"
စုရှောင်လန် ပြုံးကာပြောလိုက်သည်။
သူမသည် နဂါးစာကလေးဓားနှင့်အတူ ဝံ့ကြွားစွာ ရပ်နေပြီး ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဓားစိတ်ဆန္ဒများ ဖြာထွက်နေသည်။ သူမသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် သားရဲနှစ်ကောင်၏ ရှေ့တွင်ရှိနေပါသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့မနေပေ။
"ယီးပဲ...... ငါတို့ကို စောက်ထင်လာသေးနေတာ။ အဲ့ကောင်မကို သတ်ပစ်မယ်။"
ခွေးကြီး ပေါက်ကွဲကာ စုရှောင်လန်အား ခုန်အုပ်လာသည်။
ကောက်ညှင်းသခင်သည်လည်း ခွေးကြီးအား မတားသည့်အပြင် ၎င်းနှင့်အတူ စုရှောင်လန်အား တိုက်ခိုက်လိုက်သည်။
ဆုတ်ခွာထွက်ပြေးရန် မဖြစ်နိုင်တော့သဖြင့် ရှင်သန်လွတ်မြောက်ရန်အတွက် ရန်သူအား တိုက်ခိုက်ရမည်သာ ဖြစ်သည်။ ထိုမိန်းမငယ်လေးအား ဖမ်းစီးအနိုင်ယူနိုင်ခဲ့ပါက တိုက်ပွဲအခြေအနေမှာ တစ်မျိုးတဖုံ ပြောင်းလဲသွားနိုင်ပေသည်။
"ဝိဉာဉ်သတ်ဆူး....."
ခွေးကြီးပေါ်မှ အပြာရောင်ဆူးများမှာ ဓားပျံများအလား စုရှောင်လန်ထံ ပျံဝဲလာသည်။
ထိုဆူးများတွင် ဝိဉာဉ်များစွာ၏ အော်ဟစ်သံများ ပါဝင်နေသည့်အပြင် အေးစက်သော အရှိန်အဝါများကြောင့် လေထုကိုပင် အေးခဲစေသည်။
စုရှောင်လန်၏ ခြေဖဝါးအောက်တွင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာပြီးနောက် ဆူးများအားလုံး ရှောင်ရှားကာ ခွေးကြီးထံ သွားလိုက်သည်။
မြန်လိုက်တာ.......
ခွေးကြီးသည်ပင် ကြောင်ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲ့အတွေ့အကြုံ ရင့်သန်သူ ဖြစ်သောကြောင့် စုရှောင်လန်၏ ရုတ်တရက် လှုပ်ရှားမှုအား အနည်းငယ်ပင် ထိတ်လန့်မသွားပေ။
ခွေးကြီးသည် ထက်ရှလှသော လက်သည်းများဖြင့် လေထုအား ဆွဲဖြဲပစ်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် စိတ်ဝိဉာဉ်လက်နက်များကိုပင် ပေါက်ကွဲသွားစေနိုင်လောက်သည်။
လျင်မြန်လွန်းလှသော တိုက်ခိုက်မှုကြောင့် စုရှောင်လန်သည်ပင် ရှောင်ချိန်မရလိုက်ပေ။
စုရှောင်လန်၏ လက်ဝါးပေါ်တွင် ရွှေရောင်အမှတ်အသားတစ်ခု တောက်ပလာသည်။
ထိုသည်မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် အမွေအနှစ်အဖြစ် ရရှိခဲ့သော ကာကွယ်ရေး နဂါးသင်္ကေတပင်။
ရွှေနဂါးခေါင်း ပုံရိပ်ကြီးသည် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံသွားကာ စိတ်ဝိဉာဉ်လက်နက်များအား ပေါက်ကွဲသွားစေနိုင်သော ခွေးလက်သည်းသည်ပင် တိုးမပေါက်နိုင်ပဲ စူးရှရှ ခြစ်သံများသာ ထွက်ပေါ်လာသည်။
ခွေးကြီးမှာ ကိုယ့်လက်သည်းကိုယ်ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေရလေသည်။
ငါ့ရဲ့ အကောင်းဆုံး တိုက်ခိုက်မှုကို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် လူသားတစ်ယောက်က အေးအေးဆေးဆေး ခုခံလိုက်တာလား.........
ထိုအချိန်တွင် စုရှောင်လန်၏ နဂါးစာကလေးဓားမှာ ကျဆင်းလာသည်။
ခွေးကြီးမှာ နှစ်ပိုင်းပြတ်သွားပြီးနောက် မြင့်မြတ်မီးတောက်များ၏ လောင်ကျွမ်းမှုဖြင့် အံ့ဖွယ်စောင့်ရှောက်သူ သားရဲနောက်တစ်ကောင်မှာ ချက်ပြီးသား ဖြစ်သွားပြန်သည်။
တစ်ချိန်တည်းမှာပင် များပြားလှသော အဖြူရောင် ဦးမှင်မွှေးများမှာလည်း စုရှောင်လန်ထံ ရောက်ရှိလာတော့သည်။
***